စစ်တပ်မီးရှို့ခံရတဲ့ထောက်ရှာပင်ရွာက အကူအညီမဲ့နေသေးတဲ့ အမျိုးသမီးတွေဆီ ခရီးတခေါက်

 ခရီးသွားဆောင်းပါး

မူအေးမူ

​ပြီးခဲ့တဲ့ ဩဂုတ်လ တတိယပတ်တုန်းက သွားခဲ့ရတဲ့ ခရီးစဉ်တခုဟာ မြေပြင်သတင်းထောက် တယောက်ဖြစ်တဲ့ ကျမအတွက်တော့ ဘယ်တော့မှ မေ့လို့မရနိုင်တဲ့ ခရီးတခု ဖြစ်ခဲ့ပါတယ်။

​ခရီးလမ်းက သိပ်မဝေးလှပေမဲ့ လမ်းတလျှောက် ရင်တထိတ်ထိတ်နဲ့ သွားခဲ့ရတာပါ။ ၃ နာရီလောက် ကြာတဲ့ ခရီးလမ်းရဲ့ ပူပြင်းလှတဲ့ နေရောင်အောက်မှာ ကတ္တရာလမ်းတလှည့်၊ မြေသားလမ်းတလှည့်နဲ့ ဖြတ်သန်းခဲ့ရပါတယ်။ လမ်းခရီး ကြမ်းတမ်းတာထက် ပိုပြီး စိုးရိမ်စရာကောင်းတာကတော့ လမ်းတလျှောက်လုံးမှာ ရှိနေတဲ့ မိုင်းအန္တရာယ်ပါပဲ။

​တကယ်တော့ ဓာတ်ပုံသတင်းသမားဖြစ်တဲ့ အမျိုးသားရဲ့ အလုပ်အင်တာဗျူးကိစ္စတခုကြောင့်သွားမယ့် ဒီခရီးကို ကျမက လိုက်ကြည့်ချင်ရုံတင်ပါ။ အမျိုးသားက စစ်တပ်က အိမ်တွေမီးရှို့သွားတဲ့အကြောင်း ပြောပြပေမဲ့ ကျမက ကလေးတဖက်နဲ့ဆိုတော့ ဘာလုပ်နိုင်မှာလဲဆိုပြီး သတင်းယူဖို့တောင် ဘာမှ မပြင်ဆင်ထားခဲ့မိပါဘူး။

ပေါက်မြို့နယ်၊ ထောက်ရှာပင်ရွာ၊ စစ်ကြောင်းမီးရှို့ခံရခြင်း၊ မီးရှို့ခံရသည့် အပျက်အစီးအပိုင်းအစများ
ဓာတ်ပုံခရစ်ဒစ်  – တင်စိုး(အညာမြေ)

ဒါပေမဲ့ သွားကြည့်ချင်တဲ့စိတ်ကြောင့် အမျိုးသားနဲ့အတူ ကလေးကိုပါခေါ်ပြီး လိုက်သွားခဲ့တာပါ။  ခရီးထွက်လာပြီးတော့မှ ရင်ဘတ်ထဲမှာ ကလေးကို တင်းတင်းကျပ်ကျပ် ပိုက်ထားရင်း “မတော်တဆ မိုင်းပေါက်ကွဲသွားခဲ့ရင် ကျမတို့ မိသားစု ၃ ယောက် ဘာဖြစ်သွားမလဲ” ဆိုတဲ့ အတွေးနဲ့ လမ်းတလျှောက်လုံး စိတ်ဖိစီးနေခဲ့ရပါတယ်။

​ကျမတို့သွားတဲ့ လမ်းဘေးတလျှောက်မှာ ရှော့မိုင်းတွေ ထောင်ထားတာပါ။ ဒီမိုင်းတွေဟာ မတော်တဆ ဆိုင်ကယ်ဘီးနဲ့တက်နင်းမိတဲ့ ကျောက်ခဲလွင့်စဉ်ပြီး ထိမှန်တာပဲဖြစ်ဖြစ်၊ မိုးရွာနေချိန် မိုင်းထဲ လျှပ်စစ်စီး တာကနေပဲဖြစ်ဖြစ် ပေါက်ကွဲသွားနိုင်ပါတယ်။ ဒီမိုင်းတွေကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်နိုင်အောင် ပြင်ဆင်ထားတာဖြစ်ပါတယ်။

ကျမတို့နေထိုင်နဲ့ နယ်မြေရော၊ အခုသွားတဲ့ခရီးကပါ စစ်မြေပြင်နဲ့ နီးတဲ့အတွက် မိုင်းအန္တရာယ်၊ လက်နက်ကြီးအန္တရာယ်နဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်တွေကိုလည်း စိုးရိမ်နေခဲ့ရပါတယ်။

၃ နာရီလောက် ဆိုင်ကယ်စီးပြီးချိန်မှာတော့ ရွာအဝင်မှာ မထင်မရှား ရေးထွင်းထားတဲ့ “ထောက်ရှာပင် ကျေးရွာမှ ကြိုဆိုပါသည်” ဆိုတဲ့ ဆိုင်းဘုတ်လေးနဲ့အတူ မီးခိုးအရောင် လွင့်နေဆဲဖြစ်တဲ့ နေအိမ် အပျက်အစီးတွေကို အဝေးကနေ လှမ်းမြင်လိုက်ရပါတယ်။

ဒီတော့မှ “တော်ပါသေးရဲ့၊ ခရီးတော့ ရောက်ပြီ” ဆိုပြီး သက်ပြင်းချလိုက်ရပါတယ်။

ပေါက်မြို့နယ်၊ ထောက်ရှာပင်ရွာမှ အမျိုးသားတစ်ဦး ထင်းခုတ်နေပုံ
ဓာတ်ပုံခရစ်ဒစ်  – တင်စိုး(အညာမြေ)

​အိမ်ခြေ ၃၀၀ ခန့်ရှိပြီး လူဦးရေ ၅၀၀ ကျော် နေထိုင်ကြတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ထောက်ရှာပင် ကျေးရွာမှာ တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်ဟာ လူနေအိမ်တွေကို မီးရှို့သွားခဲ့တယ်ဆိုတဲ့ သတင်းကြောင့် သတင်းသမားတွေဖြစ်တဲ့ ကျမတို့ဟာ ဒီခရီးကို သွားဖို့ ဖြစ်လာရတာပါ။

​ထောက်ရှာပင်ရွာ ဒေသခံတွေဟာ အဓိကအားဖြင့် မြေပဲစိုက်ပျိုးတာ၊ မြေပဲဆီထုတ်လုပ်ရောင်းတာ၊ ထန်းလျက်ချက်တာ စတဲ့ လုပ်ငန်းနဲ့  အသက်မွေးကြပါတယ်။ ခုလို မိုးကုန်ခါနီးအချိန်ဆိုရင် ဒေသခံ အမျိုးသမီးတွေက မြေပဲနှုတ်၊ မြေပဲချွေတာတွေကို အငှားလိုက်ပြီး ဝင်ငွေရှာကြရပါတယ်။

​စစ်ကောင်စီစစ်ကြောင်းဟာ ထောက်ရှာပင်ရွာမှာ ဇူလိုင်လ ၃ ရက်ကနေ ၁၇ ရက်နေ့အထိ ၁၄ ရက်ကြာ ဝင်ရောက်တပ်စွဲခဲ့ပြီး ပြန်ထွက်သွားတဲ့အချိန်မှာ ရွာကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

​ကျမတို့မိသားစုဟာ လမ်းခရီးမှာ နေ့လည်စာစားဖို့ ဆိုင်တဆိုင်မှာ ဝင်နားခဲ့ပါသေးတယ်။ ဆိုင်ထဲမှာ ပုံမှန်အတိုင်း လူတွေရှိနေပေမဲ့ ကျမကတော့ စိတ်ထဲမှာခံစားရတာက  လေယာဉ်များ လာမလားဆိုပြီး ကြောက်နေမိတာပါ။ စစ်တပ်က တိုက်ပွဲမဖြစ်တဲ့နေရာက ပြည်သူ့နေအိမ်တွေ၊ ဆိုင်တွေအပါအဝင် ဆေးရုံ၊ ဆေးခန်းနဲ့ စာသင်ကျောင်းတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေတော့ ဆိုင်မှာထိုင်နေရင်းနဲ့လည်း စိတ်မလုံခြုံပါဘူး။ ဒါကြောင့် ဆိုင်မှာ ခဏပဲထိုင်ပြီး မြန်မြန်သွားရအောင်လို့ အမျိုးသားကို ပြောရပါ သေးတယ်။

​ဒါပေမဲ့ ဆိုင်ရှင်နဲ့ ဆိုင်ထဲကလူတွေကတော့ အေးဆေးပါပဲ၊ စိုးရိမ်စိတ်ရှိပုံတောင် မပေါ်ကြပါဘူး။ အန္တရာယ်နဲ့ သူတို့နဲ့က မသက်ဆိုင်သလိုလို၊  ကြောက်ရွံ့မှုတွေနဲ့ နေသားကျလွန်းနေတာကို တွေ့ရ ပါတယ်။

ပေါက်မြို့နယ်၊ ထောက်ရှာပင်ရွာ၊ စစ်ကြောင်းမီးရှို့ခံရခြင်း၊ မီးရှို့ခံရခြင်းကြောင့် ပျက်စီးပြီး မီးကျွမ်းသွားသည့် စက်ဘီး
ဓာတ်ပုံခရစ်ဒစ်  – တင်စိုး(အညာမြေ)

​ရွာထဲကို ဆက်ဝင်ကြည့်တဲ့အခါ ရင်ထဲ ဆို့နင့်သွားရပါတယ်။ ပြာနံ့လှိုင်နေတဲ့ မြေပြင်ကြားထဲ ဆိုင်ကယ်ပေါ်ကနေ လှမ်းမြင်ရတဲ့ မြင်ကွင်းက လွန်စွာ စိတ်မကောင်းဖွယ်ပါပဲ။

​မီးလောင်ကျန်ခဲ့တဲ့ အိုးခြမ်းပဲ့တွေကို ပြန်ကောက်နေကြသူတွေ၊ အုတ်ခဲတွေကို ပုံ၊ သွပ်စတွေကို ပြန်စုနေကြတဲ့ အဘိုးနဲ့ အဘွားနှစ်ဦးဟာ ကျမတို့ကို ဝမ်းနည်းတဲ့မျက်နှာလေးတွေနဲ့ ငေးမော ကြည့်နေ ကြပါတယ်။ ဆက်သွားတဲ့ လမ်းတစ်လျှောက်မှာလည်း မီးရှို့ခံထားရတဲ့ နေအိမ်ပေါင်း များစွာကို မြင်တွေ့ရပါတယ်။ ဒီလို မြင်ကွင်းကို မြင်လိုက်ရချိန်မှာတော့ အတော်လေး အံ့အားသင့် တုန်လှုပ်ခဲ့ရ ပါတယ်။ ခရီးမထွက်ခင်က ထင်ထားတာထက်ကို ပိုကြီးမားတဲ့ ဆုံးရှုံးမှုတွေကို မြင်ခဲ့ရ တာပါ။ ဒီလိုမျိုး နေအိမ်တွေ ပျက်စီးပြိုလဲပြီး ဖွာလှန်ကျဲနေတဲ့ မြင်ကွင်းကို ဘဝမှာ ပထမဦးဆုံးအကြိမ် မြင်ဖူးတာ လည်း ဖြစ်ပါတယ်။

ကျမတို့ဟာ အမျိုးသားနဲ့ သိကျွမ်းခင်မင်တဲ့ ရွာလူကြီး ကိုမုန်တိုင်းတို့ အိမ်မှာပဲ တည်းခိုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရပ်ကျေး သူက ဒီရွာမှာ လူကြီးလည်း ဖြစ်တော့ သိချင်တာတွေကို တိုက်ရိုက်မေးလို့ရသလို ရွာအခြေအနေ ကိုလည်း သေချာလိုက်ပြပေးနိုင်လို့ပါ။

​ဖြစ်စဉ်အသေးစိတ်ကို မေးကြည့်တဲ့အခါ ရွာလူကြီးက  “မီးရှို့ခံရတာက အိမ်ခြေ ၇၀ ကျော်တယ်၊ လက်နက်ကြီးနဲ့ လေယာဉ်ကြဲတာပါ ထည့်တွက်ရင် ၉၀ နီးပါးလောက် ရှိမယ်” လို့ ပြောပြပါတယ်။

ပေါက်မြို့နယ်၊ ထောက်ရှာပင်ရွာ၊ စစ်ကြောင်းမီးရှို့ခံရခြင်း၊ မီးရှို့ခံရခြင်းကြောင့် ပျက်စီးသွားသည့် မော်တာဆိုင်ကယ်
ဓာတ်ပုံခရစ်ဒစ်  – တင်စိုး(အညာမြေ)

စစ်တပ်စစ်ကြောင်းဝင်လာချိန်မှာ အဝတ်တထည်ကိုယ်တခုနဲ့ တောထဲကို   ခြေလျင် အသက်လု ထွက်ပြေးခဲ့ရတဲ့ အကြောင်းကို ထောက်ရှာပင်ရွာသား ဦးမိုးနိုင်က ခုလို ပြောပြပါတယ်။

“တော်လှန်ရေးတပ်ဖွဲ့တွေက ရှောင်ဖို့တော့ ပြောထားတယ်၊ ကျနော်တို့က စစ်တပ်က မဝင်လောက်ဘူး ထင်ပြီး အေးဆေးနေလိုက်တာ၊ တိုက်ပွဲကလည်း နီးလာပြီလေ၊ စစ်တပ်က ရွာထဲစဝင်လာပြီဆိုမှ တောထဲ ပြေးပုန်းကြရတာပါ၊ ကျနော့်အမျိုးသမီးက လမ်းလည်း သိပ်မလျှောက်နိုင်တော့ စောင့်ရသေး တယ်၊ တောထဲမှာ ၁ ရက်လောက် ကြာတယ်၊  ချက်ပြုတ်စရာမရှိတာနဲ့ အနီးအနားရွာမှာ သွားရှောင် နေလိုက်ရတာ”

​ဦးမိုးနိုင်တို့ လင်မယားဟာ အသက် ၅၀ ကျော်နေပြီဖြစ်ပြီး တသက်စာ စုဆောင်းမိသမျှ အကုန်မီးထဲ ပါသွားပြီလို့ မျက်ရည်ဝဲရင်း ပြောပြပါတယ်။ စစ်ကြောင်းဟာ မူလက ကိုင်းတောမရွာကို ဝင်ဖို့ကြိုးစား ပေမဲ့ မဝင်နိုင်တာကြောင့် သူတို့ နေထိုင်ရာ ထောက်ရှာပင်ရွာဘက်ကို ဝင်ရောက်တပ်စွဲခဲ့တာလို့လည်း ဒေသခံတွေဆီက သိရပါတယ်။

​ဒီလိုနဲ့ ရွာထဲက အခြေအနေတွေကို ပိုမိုသိရှိနိုင်ဖို့ ညနေစောင်းမှာ ရပ်ကျေး တာဝန်ရှိသူနဲ့အတူ လှည့်လည်ကြည့်ရှု စကားပြောခဲ့ကြပါတယ်။

ပေါက်မြို့နယ်၊ ထောက်ရှာပင်ရွာက အမျိုးသမီးတစ်ဦး
ဓာတ်ပုံခရစ်ဒစ်  – တင်စိုး(အညာမြေ)

​သူတို့ ပထမဆုံး လိုက်ပြတဲ့အိမ်က အသက် ၆၀ ကျော်၊ ၇၀နီးပါး သက်ကြီးရွယ်အို ဇနီးမောင်နှံရဲ့ အိမ်ပါ။ စစ်ကောင်စီ တပ်သားတွေ တပ်စွဲခဲ့တဲ့ အိမ်လည်း ဖြစ်ပါတယ်။ ခြံဝင်းထဲ ဝင်လိုက်တာနဲ့ အိမ်ပတ်ပတ်လည်မှာ စစ်ကောင်စီတပ်က တူးဆွထားတဲ့ မြေကျင်းတွေကို တွေ့ရပြီး၊ အိမ်ဘေးနားမှာ မီးလောင်ထားတဲ့ ဆိုင်ကယ်နဲ့ စက်ဘီးလေးတွေ ရှိနေပါတယ်။ အိမ်တခုလုံး ပြာကျနေတာမို့ မေးခွန်းအများကြီး မမေးဖြစ်ခဲ့ပေမဲ့ အမေအိုရဲ့ တသုတ်သုတ် ကျနေတဲ့ မျက်ရည်တွေကို ကြည့်ရင်း သူတို့ရဲ့ နာကျင်မှုကို ကောင်းကောင်း နားလည်နိုင်ခဲ့ပါတယ်။

သူတို့ဟာ စစ်ကောင်စီတပ်သားတွေ နာရီပိုင်းအတွင်း မီးတင်ရှို့ခဲ့တဲ့ ဒီအိမ်ကို ဆောင်နိုင်ဖို့အတွက် ၁၅ နှစ်တာ စုဆောင်းခဲ့ကြရတာဖြစ်ပါတယ်။

၁၅နှစ်တာ စုဆောင်းပြီး ဆောက်ခဲ့ကြတဲ့ ဒီအိမ်ကို စစ်ကောင်စီတပ်သားတွေက နာရီပိုင်းအတွင်း မီးတင်ရှို့တာ ခံထားရတာကို မြင်လိုက်ရတဲ့ မြင်ကွင်းက ပြောမပြတတ်အောင်နာကျင်ရတယ်လို့ အိမ်ရှင် အမျိုးသမီးကြီးက ပြောပါတယ်။

​” ဆောက်ပြီး ၃ နှစ်ပဲ နေရသေးတယ်၊ အဒေါ်တို့က အသက်ကြီး ပြီလေ၊ ဘယ်လို ပြန်ရှာရမလဲ၊ သူတို့က လူက မွေးတာရော ဟုတ်ရဲ့လားလို့ ပါးစပ်ကနေ ထွက်မိတယ်၊ ပင်ပန်းရလေလေ၊ ဆင်းရဲရလေလေ၊ ပိုမုန်းလေလေ၊ မကျေနပ်လေလေပဲ” လို့ သူက မျက်ရည်စက်တွေနဲ့ ရင်ဖွင့်ပါတယ်။

ပေါက်မြို့နယ်၊ ထောက်ရှာပင်ရွာ၊ စစ်ကြောင်းမီးရှို့ခံရခြင်း၊ မီးရှို့ခံရသည့် အပျက်အစီးအပိုင်းအစမျာ
ဓာတ်ပုံခရစ်ဒစ်  – တင်စိုး(အညာမြေ)

​နေအိမ်မီးလောင်သွားပေမဲ့ ယက်ကန်းစင်လေး မလောင်သွားတာကိုပဲ ကျေနပ်နေရှာပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီအမေအိုအတွက် ဝင်ငွေဆိုတာ စောင်အကြမ်းတွေ၊ လုံချည်တွေကို ယက်လုပ်ပြီးမှ ရတာမို့ ပါ။ သူယက်ထားတဲ့ စောင်တွေအကုန် မီးထဲပါသွားပေမဲ့ ယက်ကန်းစင်လေး ပါမသွားတာကိုပဲ ကံကောင်းတယ်လို့ ပြောနေရှာပါတယ်။

​ယက်ကန်းစင်ပေါ်မှာတော့ စစ်ကောင်စီတပ်သားတွေ ခုတ်ပိုင်းထားရစ်ခဲ့တဲ့ စောင်အသစ်လေးတထည်ရဲ့ အပိုင်းအစတွေကို ကောက်တင်ထားတာ တွေ့ရပါတယ်။ အမေအိုရဲ့ ယက်ကန်းလက်ရာက တော်တော် ကို ကောင်းပါတယ်။ စောင်အသားလေးတွေက ညီညာနေတာမို့ ကျမတောင် “လက်ရာ ကောင်းတယ် နော် မေကြီး” လို့ ချီးကျူးလိုက်မိသေးတယ်။

သူကတော့ “​လူတယောက် ခြုံလို့မရပေမဲ့ အပ်ချည်နဲ့ ပြန်ဆက်လိုက်ရင်တော့ ဆောင်းရာသီ အအေးဒဏ်ကို နည်းနည်း ကာကွယ်နိုင်မယ်ထင်တယ်”လို့ ပြောပါတယ်။

​သူတို့ဇနီးမောင်နှံဟာ  စစ်ကြောင်းထိုးလာတော့ ဘေးရွာတွေမှာ စစ်ရှောင်ရင်း ပခုက္ကူမြို့ထိ ရောက်သွားခဲ့တာပါ။ အိမ်မီးလောင်သွားမှန်း သိတဲ့အချိန်မှာတော့ ပခုက္ကူမြို့က ဆွေမျိုးသားချင်းအိမ်မှာ သွားရောက် စစ်ရှောင်နေခဲ့ရတယ်လို့ ပြောပါတယ်။

အမေအိုရဲ့ အမျိုးသားဖြစ်သူကလည်း ယာယီတဲလေး ပြန်ဆောက်ဖို့ ဝါးခြမ်းတွေ ခုတ်ရင်း

“စစ်ရှောင်ရင်း အိမ်မီးလောင်သွားပြီလို့ ကြားတော့ မိန်းမက အရမ်းငိုတာပဲ၊ ဦးလေးကတော့ ယောက်ျားလေးလည်း ဖြစ်၊ သူများနဲ့ နေရတာဆိုတော့ မျက်ရည်လေး ကျရုံပဲ၊ အားပါးတရ မငိုခဲ့ရဘူး” လို့ ပြောပြပါတယ်။

အဆိုးဆုံးဘဝအတွေ့အကြုံကြားမှာ ဝမ်းနည်းကြေကွဲစရာတွေ ရင်ဆိုင်နေရပေမယ့် ယောက်ျားဆိုတာ မငိုရဘူး ဆိုတဲ့ ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ချက်တွေကြောင့် သူ့ခံစားချက်ကို မြိုသိပ်ခဲ့ရတဲ့ အမျိုးသား တဦးရဲ့  စိတ်ဖိစီးမှုနဲ့ သောကတွေကို မြင်တွေ့ခဲ့ရပါတယ်။  

ကျမအမျိုးသားက အမေအိုကို အင်တာဗျူးလုပ်ပြီး တခြားအိမ်ကို သွားတော့မယ် ဆိုတော့ အမေကြီး က အငိုမျက်လုံး၊ အပြုံးမျက်နှာနဲ့  “ကျေးဇူးတင်ပါတယ်” လို့ နွေးနွေးထွေးထွေး ပြောပြတယ်။ အသက် ၇​ဝ အရွယ်အရေပြားတွေ တွန့်လိပ်ပြီး အသက်အရွယ် ကြီးရင့်နေပြီဖြစ်တဲ့ သူတို့ ၂ဦးကို ကြည့်ရင်း ရင်ထဲမှာ ဟာတာတာ ဖြစ်ရပါတယ်။ အားပေးစကား ပြောချင်ပေမဲ့လည်း နှုတ်က ထွက်မလာခဲ့ပါဘူး။

​နောက်တအိမ်ကို ရောက်တဲ့အခါမှာတော့ အဲဒီအိမ်က သွပ်တွေကို သန့်ရှင်းရေးလုပ်ပြီး မီးလောင်လို့ ကျန်ခဲ့တဲ့ နံရံပေါ် မှီပြီး စီထားတာ တွေ့ရပါတယ်။ အိမ်က ၂လုံးရှိတာမှာ ၂ထပ်တိုက်က အကုန် လောင်သွားပြီး၊ တလုံးမှာ မီးဖိုချောင် အိမ်တခြမ်း ကျန်ခဲ့လို့ မီးဖိုလေး ပြန်ပြင်ပြီး နေကြတာကို တွေ့ရပါတယ်။ အိမ်ဘေးမှာလည်း မီးလောင်ရာမှာ ကျန်ခဲ့တဲ့ ရေပုံးလေးတွေကို ပြန်သုံးနေကြတာ တွေ့ရပါတယ်။

အဲဒီအိမ်က အသက်လတ်ပိုင်း အမျိုးသမီးတဦးက လိုက်ပို့ပေးတဲ့ ဒေသခံအမျိုးသားကို  “အိမ်မှာ စုဆောင်းထားတဲ့ ထန်းလျက် ပိဿာ ၂၀၀ နဲ့ မြေပဲတွေရော အကုန်ပါသွားပြီ၊ ကလေးတွေအတွက် ဝယ်ပေးထားတဲ့ စက်ဘီး ၄ စီးလည်း ပါသွားပြီ၊ ဘယ်လိုလုပ်ရတော့မလဲ” လို့ တိုင်တည်သလို ပြောပြနေပါတယ်။

ပေါက်မြို့နယ်၊ ထောက်ရှာပင်ရွာ၊ စစ်ကြောင်းမီးရှို့ခံရခြင်း၊ မီးရှို့ခံရသည့် အပျက်အစီးအပိုင်းအစများ
ဓာတ်ပုံခရစ်ဒစ်  – တင်စိုး(အညာမြေ)

​လက်ရှိမှာ ပေါက်မြို့နယ်၊ ထောက်ရှာပင်ရွာအပါအဝင် အနီးအနားရွာတွေရဲ့ ဒေသတွင်း ပေါက်ဈေးအရ ထန်းလျက် ၁ ပိဿာကို ၄,၀၀၀ ကျပ်နဲ့ မြေပဲ ၁ တင်းကို ၆၀,၀၀၀ ကျပ် ရှိတာမို့ ပျက်စီးသွားတဲ့ ဆုံးရှုံးမှုဟာ နည်းပါးလှတာ မဟုတ်ပါဘူး။

​စုဆောင်းထားသမျှ ကုန်ဆုံးသွားတဲ့အခါ နေထိုင်စရာ အိမ်မရှိတော့တာမို့ အခြားသူရဲ့အိမ်မှာ ကပ်နေကြရပြီး အလှူရှင်တွေ စားနပ်ရိက္ခာ လာရောက်ထောက်ပံ့မှာကိုပဲ မျှော်လင့်နေကြရပါတယ်။

​ထောက်ရှာပင် မီးဘေးသင့်ဒေသခံတွေအတွက် ပခုက္ကူမြို့နယ်က လူမှုကူညီရေးအဖွဲ့တစ်ခုက ဆန်အချို့ ဝေမျှပေးတာရှိပေမဲ့ လူဦးရေများတာကြောင့် မလောက်ငပါဘူး။ စစ်တပ်မီးရှို့ခံရတာ အခုဆိုရင် ၂လနီးပါး ကြာမြင့်လာပြီဖြစ်ပေမယ့် ကူညီထောက်ပံ့တဲ့ အဖွဲ့အစည်းလည်း မရှိသေးဘူးလို့ ဒေသခံတွေက ပြောပြပါတယ်။

စစ်ကောင်စီစစ်ကြောင်းမှာ ပါဝင်တဲ့ စစ်သာတွေဟာ အမျိုးသမီးတဦးအပါအဝင် ထောက်ရှာပင် ရွာသား ၄ဦးကို သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ကို ရွာလူကြီးက ထပ်ရှင်းပြချိန်မှာ ကျမအတွက် ခြောက်ခြား ဖွယ်ဖြစ်ခဲ့ရတယ်။

​ရွာလူကြီးက ” သတ်ပြီး အိမ်ဝင်းတွေထဲ မြှုပ်ထားခဲ့တာ၊ စစ်ကြောင်းထွက်သွားမှ ကျနော်တို့ ရှင်းလင်း ရေး ပြန်လုပ်ခဲ့ရတာ၊ အလောင်းတွေ ရုပ်ပျက်ဆင်းပျက် ပုပ်ပွ ကုန်ပြီ၊ သတ်ခံရတဲ့သူတွေရဲ့ လက်တွေ မှာလည်း ကြိုးတွေ တုပ်ထားလျက်သားပဲ” လို့  ဖြစ်စဉ်တွေကို ရှင်းပြပါတယ်။

​စစ်ကောင်စီတပ် သတ်သွားတဲ့ ဒေသခံတွေထဲမှာ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦး ပါဝင်ပြီး အဲဒီ အထဲမှာ ညီအစ်ကို ၂ယောက်လည်း ပါဝင်ပါတယ်။ သူတို့အဖေ ဆုံးပြီးမကြာခင် စစ်ကြောင်း ဝင်လာ တော့ ထွက်ပြေးစဉ် တောထဲမှာ စစ်တပ်နဲ့တိုးပြီး အဖမ်းခံခဲ့ရတာပါ။ တယောက်ကိုဆိုရင် စအိုကို ဓားနဲ့ထိုးပြီး ရက်ရက်စက်စက် သတ်သွားတာလို့ ကိုမုန်တိုင်းက ပြောပြပါတယ်။

​အဲဒီအဖြစ်အပျက်ကို ကျမကိုယ်တိုင် မမြင်ရပေမဲ့ မြင်ယောင်မိရုံနဲ့တင် ရင်ထဲ ထိတ်ခနဲ ဖြစ်ခဲ့ရပါတယ်။ ပိုဆိုးတာက အဲဒီ ညီအစ်ကို ၂ယောက်လုံး ဆုံးပါးသွားပေမဲ့ မိခင်ဖြစ်သူ ကျန်ခဲ့တာပါ။

​ အဖြစ်အပျက်က ပူပူနွေးနွေးဖြစ်နေသေးတာမို့ ကြားရတာ စိတ်မကောင်းပေမဲ့ သူ စိတ်အဆင်ပြေမှာကို စိုးရိမ်စိတ်နဲ့ သေဆုံးသွားတဲ့ အမျိုးသားရဲ့ မိခင်နဲ့ ကျမ သွားမတွေ့ဖြစ်ခဲ့ပါဘူး။ သားနှစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ မအေတယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာကို ဘယ်သူတွေက ဘယ်လို ဖေးမကုစားနိုင်မလဲ ဆိုတာ ကျမ မတွေးနိုင်အောင်ဖြစ်ရပါတယ်။ နောက်တခုက အဲဒီအချိန်တုန်းက ကျမ ဒီဆောင်းပါးကို ရေးဖြစ်မယ်လို့ မတွေးမိခဲ့တာလည်း ပါတာပေါ့။

​ရှင်းပြပြီးတာနဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ရာဇဝတ်မှုတွေကို ဖော်ထုတ်ဖို့အတွက် ကိုမုန်တိုင်းနဲ့ ကျမတို့ မိသားစု မဆိုင်းမတွ ဆိုင်ကယ်စက်နှိုးပြီး ထွက်ခွာခဲ့ကြပါတယ်။ အလောင်းတွေ မြှုပ်ထားတဲ့နေရာကို ကိုမုန်တိုင်းက သွားပြတာပါ။

​သွားရင်းနဲ့ လမ်းထဲက နေရာတခုမှာ ဆိုင်ကယ်ရပ်လိုက်ပြီး ကိုမုန်တိုင်းက ကျမကို ပြောပါတယ်။

“အစ်မက ဒီမှာပဲ နေခဲ့ရင် ကောင်းမယ်၊ ကလေးလည်း ပါနေတော့ တစ္ဆေပါနေမှာ စိုးလို့ပါ” တဲ့။

​ညနေ မှောင်ရီပျိုးစ ဖြစ်နေတာကြောင့် ကလေးလည်း ပါလာတာမို့ လမ်းဘေး ခြံထောင့်လေးမှာပဲ ကျမ ကျန်ခဲ့လိုက်ပါတယ်။ အလောင်းတွေ မြှုပ်ခဲ့တယ်ဆိုတဲ့ နေရာအထိ ကျမ မလိုက်နိုင်ခဲ့ပါဘူး။

​အဲဒီအချိန်မှာ ကျမနဲ့အတူ ကလေးပဲရှိတာမို့ ကလေးလေး တခုခုဖြစ်သွားမလားဆိုတဲ့ စိုးရိမ်စိတ် ဝင်လာမိပါတယ်။ အယူမသည်းတတ်ပေမဲ့လည်း အသတ်ခံထားရတဲ့ ရွာထဲမှာ ကြောက်ရွံ့နေတဲ့စိတ်က ရင်သွေးလေးကို ထိခိုက်စေမလားဆိုတဲ့ အတွေးနဲ့ ကျန်ခဲ့တာပါ။

​အမျိုးသားနဲ့ ကိုမုန်တိုင်းတို့ကတော့ ဓာတ်မီးထွန်းပြီး ခြံဝင်းနောက်ဘက်ကို သွားတာ ကျမ လမ်းပေါ် ကနေ ကောင်းကောင်း မြင်ရပါတယ်။ သူတို့ စကားပြောရင်း ပြန်ထွက်လာကြပေမဲ့ အသံက တိုးတိုးလေးမို့ ဘာပြောကြမှန်း ကျမ မသိရပါဘူး။

​အမျိုးသားနဲ့ ကိုမုန်တိုင်းတို့ ပြန်ရောက်တော့ ကျမလည်း မြန်မာ့အယူအဆအတိုင်း ဩဇာရွက်လေး ခူးခိုင်းပြီး ကလေးအင်္ကျီအိတ်ကပ်ထဲ ထည့်လိုက်ပါတယ်။ ပြီးမှ ကလေးကို ပိုက်ပြီး ဆိုင်ကယ်စီးကာ တည်းတဲ့အိမ်ကို ပြန်ခဲ့ကြပါတယ်။

​ကိုမုန်တိုင်းနဲ့ ကျမအမျိုးသား ပြောပြချက်အရဆို ဩဇာရွက်ကို ဆောင်ထားရင် ညအချိန် အပြင်သွားတဲ့ အခါ ကလေးနဲ့အတူ သရဲတစ္ဆေ ပါမလာတော့ဘူးတဲ့။ ဒါကတော့ မြန်မာ့ ကျေးလက်ဒေသတွေမှာ ယနေ့တိုင်ရှိနေသေးတဲ့ မိရိုးဖလာယုံကြည်မှုအရ ရဲဆေးတင်တဲ့ဓလေ့လို့ ဆိုရမှာပါ။

​အိမ်ပြန်ရောက်တော့ အမျိုးသားကို စပ်စုပြီး မေးကြည့်ပါတယ်။ “ခုနက သွားကြည့်တော့ ဘာမြင်ခဲ့လဲ” ဆိုတော့ သူက အဲဒီမှာ ရိုက်ပြစရာ ဘာမှမရှိတော့ဘူးလို့ ပြောပါတယ်။ ရှင်းလင်းရေး လုပ်တဲ့အချိန်မှာ စစ်တပ်က မြှုပ်ထားခဲ့တဲ့ ရွာသားအလောင်းတွေကို ပြန်ဖော်ပြီး မီးပြန်ရှို့ပေးခဲ့ကြတာဖြစ်ပြီး မြေကျင်းကို ပြန်ဖို့ထားတာပဲ မြင်ရတော့ ဓာတ်ပုံမရိုက်ခဲ့တော့ဘူးလို့ အမျိုးသားက ပြောပြပါတယ်။

​နောက်တနေ့မှာလည်း ဒေသခံတွေရဲ့ ဒုက္ခပင်လယ်ဝေနေရတဲ့ အခြေအနေတွေကို ဆက်လက် လေ့လာ ခဲ့ပါတယ်။ စစ်ကောင်စီတပ်တွေဟာ အိမ်တွေကို မီးရှို့ရုံတင်မကဘဲ အဝတ်အစားနဲ့ အစားအသောက် တွေကိုပါ ဖျက်ဆီးခဲ့ကြပါတယ်။ နေအိမ်ထဲမှာရှိတဲ့ အဝတ်သေတ္တာတွေကိုတောင် ယူပြီး သဲတွေထည့် ကာ ဘန်ကာအဖြစ် အသုံးပြုခဲ့ကြတာပါ။

​”ရွာကို ပြန်လာတော့ အဝတ်အစား ပစ္စည်းတွေ ပရမ်းပတာ ဖြစ်နေတာပဲ၊ အဝတ်သေတ္တာတွေကို သဲတွေထည့်ပြီး ဘန်ကာဆောက်ထားတော့ ဘာမှ သုံးလို့မရတော့ဘူး” လို့ ဒေသခံတဦးက ဆိုပါတယ်။

​ကျမတို့ ရောက်သွားတဲ့အချိန်မှာ မီးလောင်ထားတဲ့ အိမ်နေရာမှာ ကျန်ခဲ့တဲ့ အုတ်နံရံလေးတဖက်ကို မှီပြီး မိုးကာအမိုး၊ မိုးကာအကာအောက်မှာ စာရေးနေတဲ့ မူလတန်းအရွယ် သမီးငယ်လေးတယောက် ဖြူစင်တဲ့ အပြုံးလေးနဲ့ ကျမတို့ကို ပြုံးပြနေတာကို တွေ့လိုက်ရတယ်။

​နေအိမ်မီးရှို့ခံရလို့ မိုးကာတဲလေးတွေထိုးပြီး ဝါးဖျာလေးတချပ်ကို မြေကြီးပေါ်ခင်းပြီး ဝမ်းနည်း ဆင်းရဲစွာ နေရပေမဲ့ ကျမတို့ကို မြင်ရင် အဲဒီရွာခံ အမျိုးသမီးကြီးတွေက “လာပါဦး၊ ရေနွေးထိုင် သောက်ပါဦး” နဲ့ နွေးနွေးထွေးထွေး ကြိုဆိုကြပါတယ်။

အိမ်မီးလောင်တော့ အိမ်ဘေးက သစ်ပင်တွေလည်း ခြောက်ကပ်နေတာမို့ အရိပ်ပင် မရှိဘဲ ဒီမိုးကာတဲ ထဲမှာ နေကြရတာ ဘယ်လောက်တောင် ပူအိုက်ကြမလဲလို့ တွေးမိရင်း စိတ်မကောင်းဖြစ်ရပါတယ်။

​နေစရာ၊ စားစရာ မရှိတဲ့အပြင် ဝတ်စရာပါ မရှိတော့တဲ့ အဲဒီရွာသူရွာသားတွေဟာ အဝတ်ရှိသူက မျှဝေ ဝတ်ဆင်ကြပြီး အိမ်ကျန်သူတွေက အိမ်မီးလောင်သွားသူတွေကို လက်ခံစောင့်ရှောက် ပေးထားကြ တာလည်း တွေ့ရပါတယ်။

​စုတ်နွမ်းနေတဲ့ အဝတ်တစ်စုံနဲ့ မီးလောင်ကျန်ခဲ့တဲ့ အိမ်တိုင်ကို ကိုင်ပြီး မျက်ရည်ကျနေတဲ့ ရွာခံ အမျိုးသမီးတဦးက “မီးလောင်တဲ့အထဲ အကုန်ပါသွားတယ်၊ ဘာမှမကျန်တော့ဘူး၊ အဝတ်အစားတောင် သူများဆီ တောင်းဝတ်ရတဲ့ဘဝပါ၊ တွေးလေလေ ဝမ်းနည်းမိလေပဲ” လို့ ပြောပါတယ်။

​အမျိုးသမီးတွေအတွက်တော့ အမျိုးသမီးသုံး လစဉ်သုံးပစ္စည်းတွေနဲ့ အတွင်းခံအဝတ်အစားတွေပါ မရှိတော့တာမို့ ပိုပြီး ခက်ခဲတဲ့ ပြဿနာတွေကို ရင်ဆိုင်နေကြရပါတယ်။

​”အတွင်းခံဆိုတာ ၂ ထည်ပဲ ရှိတော့တာ၊ လစဉ်သုံးပစ္စည်းဆိုရင်တောင် မဝယ်နိုင်တဲ့ အနေအထားပါ” လို့ ဒေသခံအမျိုးသမီးတဦးက ပြောပြပါတယ်။

​စစ်ကြောင်းက ရွာထဲကို ခဏပဲဝင်ပြီး ထွက်သွားလိမ့်မယ်ထင်လို့ အဝတ်အနည်းငယ်ပဲ ယူပြေးခဲ့တာလို့ သူက ပြောပြပါတယ်။ သူ့ရဲ့ မီးလောင်ပြာကျနေတဲ့ အိမ်ထဲမှာတော့ သံတိုသံစတွေနဲ့ မီးလောင်ရာ ပါသွားတဲ့ အပ်ချုပ်စက် ၄ လုံးရဲ့ အစိတ်အပိုင်းတွေကို တွေ့ရပါတယ်။ ဒေါ်ခိုင်ဟာ အပ်ချုပ်စက်နဲ့ ဝမ်းစာဖြေရှင်းခဲ့ရသူဖြစ်ပေမဲ့ အခုတော့ သူမြတ်နိုးတဲ့ အပ်ချုပ်စက်တွေက သံတိုသံစအဖြစ် ပြောင်းလဲ သွားခဲ့ရပါပြီ။

​စားဖို့အတွက် ဆန်တောင် ဝယ်စရာငွေကြေး မရှိတာကြောင့် အမျိုးသမီး လစဉ်သုံးပစ္စည်း ဝယ်ဖို့ ကလည်း ပိုပြီးအခက်အခဲ ဖြစ်နေကြရတာပါ။ ဒါ့အပြင် နေအိမ်တွေ မီးရှို့ခံရပြီးတဲ့နောက်ပိုင်း ရွာထဲမှာ ဈေးဆိုင်လည်း မရှိတော့တာကြောင့် ဆိုင်ကယ်နဲ့ နာရီဝက်လောက်စီးမှရောက်တဲ့ အခြားရွာတရွာကို သွားရောက် ဈေးဝယ်ကြရပါတယ်။ အမျိုးသမီး လစဉ်သုံးပစ္စည်း ၁ထုတ်ကို ၄,၀၀၀ ကျပ်အထိ ပေးဝယ်နေကြရတယ်လို့ ဆိုပါတယ်။

​ဝင်ငွေမရှိတဲ့အဆုံး ဒေသခံအချို့ဟာ မီးလောင်ပြာကျသွားတဲ့အထဲက ဆိုင်ကယ်ဟောင်း၊ စက်ဘီး ဟောင်းနဲ့ သံတိုသံစတွေကို စုဆောင်းရောင်းချကာ ဆန်နဲ့ အဝတ်အစားတွေ ပြန်လည်ဝယ်ယူနေကြရ ပါတယ်။

​ စက်ဘီးအသစ်တစီးကို ၄ သိန်း၊ ၅ သိန်း ပေးဝယ်ရပေမဲ့ အခုချိန်မှာတော့  သံတိုသံစ ၁ ပိဿာကို ၂,၀၀၀ ကျပ်မျှသာ ဈေးရှိပြီး စက်ဘီးအပျက်တစီးကို မြန်မာငွေ ၅ သောင်းကျပ်သာရပါတော့တယ်။  စားဝတ်နေရေးအတွက် ပြန်ရောင်းလိုက်ရတဲ့ မီးလောင်ပျက်စီးထားတဲ့ စက်ဘီးတစီးဟာ ဆန်တအိတ် ဝယ်လို့မရတော့ပါဘူး။

​ကျမတို့ ဟာ ဒေသခံတွေနဲ့ မေးမြန်းသတင်းရယူပြီး တည်းခိုတဲ့အိမ်ကို ပြန်ရောက်လို့ နားနေစဉ်မှာပဲ ဂျက်ဖိုက်တာတစီး ရောက်ရှိလာပြီး အနီးအနားက ရွာတရွာကို ဗုံးကြဲတိုက်ခိုက်သွားပါတယ်။ “ဒုန်း” ဆိုတဲ့ အသံနဲ့အတူ ကလေးအတွက် စိုးရိမ်စိတ်ကြောင့် ရင်ခွင်ထဲ ပိုက်ပြီး ပုန်းခိုကျင်းဆီ အပြေးအလွှား သွားခဲ့ရပါတယ်။

​အဲဒီအချိန်မှာပဲ လူငယ်တဦးက “အစ်မ… အဲဒီကျင်းထဲ မဝင်နဲ့ဦး။ Suicide Drone မကွဲသေးတဲ့ ဗုံးသီး တွေ ရှိတယ်” လို့ အော်ဟစ်သတိပေးလိုက်တာမို့ ချက်ချင်း ပြန်ထွက်ခဲ့ရပါတယ်။

​အပြင်မှာတော့ ကလေးတွေနဲ့ လူကြီးတွေဟာ လေယာဉ် ဘယ်နေရာကို ရောက်သွားပြီလဲဆိုတာကို မကြောက်မရွံ့ ထွက်ကြည့်နေကြပါတယ်။ သူတို့ဟာ အဲဒီ ဘေးအန္တရာယ်နဲ့ ယဉ်ပါးနေကြပြီ ဖြစ်တာကို အံ့သြစွာ မြင်တွေ့ခဲ့ရပါတယ်။

​ပြန်စဉ်းစားကြည့်တော့ ကျမလည်း အရင်က သူတို့လိုပဲ ဗုံးကြဲတာတွေမြင်ရင် ကြောက်တဲ့စိတ် သိပ်မရှိ ခဲ့ပေမဲ့ ကိုယ်ဝန်ရှိပြီးနောက်ပိုင်းလေယာဥ်ဗုံးကျဲတာ လက်နက်ကြီးအသံကြားတာ ဒုန်းဒုန်းဒိုင်းဒိုင်း အသံကြားရင်ကို ရင်ထဲ ထိတ်ခနဲ ဖြစ်သွားတတ်ပါတယ်။ ကလေးရှိလာတော့ အသံတခုခုကြားရင် ကလေးကိုပွေ့ပြီး ဘယ်နားမှာနေရင် ဘေးကင်းမလဲဆိုတဲ့ စိတ်က အမြဲဖြစ်နေတာကို သတိထားမိ လာပါတယ်။

​ကျမလည်း “ဗုံးသီးကို ဘာလို့ ပုန်းခိုကျင်းထဲ ထည့်ထားတာလဲ” လို့ မေးလိုက်တော့မှ အဲဒီဗုံးသီးဟာ စစ်ကောင်စီတပ်က ပစ်ခတ်ထားတဲ့ မကွဲသေးတဲ့ ဗုံးသီးဖြစ်ပြီး ကလေးတွေ မကိုင်မိစေဖို့ ပုန်းခိုကျင်းထဲ ‌ယာယီသိမ်းဆည်းထားတာဖြစ်ကြောင်း သိလိုက်ရမှ ရင်ထဲ အနည်းငယ် အေးသွားရပါတယ်။

​ရွာထဲကနေ စစ်ကြောင်းထွက်သွားပြီးတဲ့နောက်မှာတော့ ထောက်ရှာပင်ရွာက ကလေးငယ်တွေ ပညာရေး မလစ်ဟင်းရအောင် မထင်မရှား သက်ကယ်မိုး ယာယီကျောင်းမှာ သတိကြီးစွာနဲ့ ပညာသင်ယူနေကြရပါတယ်။

တချိန်က ညနေခင်းရောက်ရင် လူငယ်တွေဟာ လူငယ်သဘာဝ ညနေမိုးချုပ်မှ အိမ်ပြန်လာကြသလို၊ လူကြီးတွေကလည်း လမ်းလျှောက်၊ အိမ်လည်တာမျိုးတွေ ရှိခဲ့ပါတယ်။ အခုတော့ နေဝင်တာနဲ့ မိမိအိမ်ဝင်းအပြင်ကိုတောင် ခြေဦးမလှည့်ကြတော့ပါဘူး။

​တချိန်က စည်ကားပြီး နေချင်ဖွယ်ကောင်းခဲ့တဲ့ ရွာလေးဟာ အခုဆိုရင် ခြောက်ကပ်တိတ်ဆိတ်နေသလို  ဒေသခံတွေဟာလည်း မျက်ရည်စက်တွေကြား ဘဝကို တဖန်ပြန်စတင်နေကြရတာကို မြင်တွေ့ခဲ့ရ ပါတယ်။

​ကျမတို့ မိသားစု ၃ယောက်ဟာ ထောက်ရှာပင်ရွာကနေ ပြန်လည်ထွက်ခွာလာခဲ့ပေမဲ့ အဲဒီရွာက မီးလောင်ပြင်တွေ၊ ဒေသခံတွေရဲ့ မျက်ရည်တွေနဲ့ ဒေသခံအမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ အငွေ့အသက် တွေဟာ ကျမရဲ့ ရင်ထဲမှာ ဒီနေ့ထိအောင် စွဲထင်ကျန်ရစ်နေဆဲ ဖြစ်ပါတယ်။