Home ဆောင်းပါး အိမ်ပြန်ချိန် လုံခြုံချင်တဲ့ ရန်ကုန်က မိန်းကလေးတွေ

အိမ်ပြန်ချိန် လုံခြုံချင်တဲ့ ရန်ကုန်က မိန်းကလေးတွေ

Safe City campaign launch (Photo: ActionAid Myanmar)

သွေး (စစ်ကိုင်း)။               ။

“အရင်က ညပိုင်း ၉ နာရီ၊ ၁၀ နာရီအထိ… သူငယ်ချင်းတွေနဲ့ ချိန်းပြီး စားကြသောက်ကြတာပေါ့။ အခုကျတော့… ည ၈ နာ ရီတောင် မထိုးသေးဘူး…၊ အိမ်ပြန်ဖို့ ပြင်ရပြီ။ ရန်ကုန်က လုံခြုံမှုမှ မရှိတော့တာကိုး… အစ်မရဲ့။ တခုခု ဖြစ်သွားရင်… ကိုယ် ပဲခံရမှာ…”

“ကျမသမီးလေးက အခုမှ (၁၀)တန်းပဲ ရှိသေးတယ်။ ကျူရှင်သွားတာ ပြန်မလာ… ပြန်မလာနဲ့ ရင်တွေ ပူလိုက်ရတာ။ အသည်းအသန်စုံစမ်းရ…၊ လူပျောက်တိုင်ရနဲ့…၊ နောက်မှရည်းစားနဲ့ တနေရာရောက်သွားတာ သိရတယ်။ အသက် မပြည့် သေးတော့ ကျမတော့ တရားစွဲရမှာပဲ”

“ညီမတို့အလုပ်က ည(၉)နာရီကျမှဆင်းတယ်။ ပြန်ရတာက တောင်ဥက္ကလာပအထိဆိုတော့… အရမ်းသတိထားရတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ညီမသူငယ်ချင်းတယောက် ဆွဲကြိုးဖြတ်လုတာ ခံလိုက်ရတယ်ကြားတော့ လန့်သွားတယ်။ ဆိုင်ကယ် မစီးရလို့ ပြောပြီး ဘာလို့ စီးခွင့်ပေးထားတာလဲဆိုတာ စဉ်းစားမရဘူး”

အထက်မှာ ပြောခဲ့တာတွေက ကုမ္ပဏီဝန်ထမ်းအမျိုးသမီးတဦး၊ မိခင်တဦးနဲ့ (၂၄)နာရီဖွင့်တဲ့ စတိုးဆိုင်မှာ အလုပ်လုပ်ရတဲ့ အမျိုးသမီးတဦးတို့ရဲ့ ရင်ဖွင့်သံတွေပါ။ ရန်ကုန်မြို့မှာ နေထိုင်ကြတဲ့ အမျိုးသမီးတွေအကြား သူတို့ရဲ့ အိမ်ပြန်ချိန်တွေ မလုံ ခြုံမှာကို စိုးရိမ်နေကြပါတယ်။

ခေတ်အနေအထားအရ အမျိုးသမီးတွေဟာလည်း အမျိုးသားတွေလို အပြင်ထွက် အလုပ်လုပ်ရပါတယ်။ ယောက်ျားလေး တွေနဲ့ ပတ်သက်လာရင် များသောအားဖြင့် မိဘတွေကလည်း စိတ်ချကြပါတယ်။ မိန်းကလေးတွေနဲ့ ပတ်သက်လာရင် မိဘ တွေက နဂိုကမှ စိုးရိမ်တတ်တဲ့အထဲ ဖြစ်ပေါ်ဖြစ်ပျက်လာနေတဲ့ အခြေအနေတွေက မိဘတွေကို ပိုပြီး စိုးရိမ်စရာဖြစ်လာ စေပါတယ်။

ရန်ကုန်ဟာ လူဦးရေများပြားတဲ့ မြို့ကြီးတမြို့ဖြစ်သလို တဖက်ကလည်း ရွှေ့ပြောင်းနေထိုင်သူတွေ အမြောက်အများ ရှိနေ တဲ့မြို့ပါ။ FDA ဝန်ထမ်း “မရွှေရည်ဝင်း” တယောက် လှည်းတန်းကနေ သူမနေထိုင်တဲ့ ဒဂုံမြို့နယ်ကို ပြန်ဖို့ တက္ကစီငှားရင်း တက္ကစီမောင်းသူရဲ့ သတ်ဖြတ်မှုခံခဲ့ရတဲ့ဖြစ်စဉ်ဟာ အထင်ရှားဆုံး ဥပမာသာဓက ဖြစ်နေပါတယ်။ ညပိုင်း(၇)နာရီကျော် ကျော်ပဲ ရှိသေးတာမို့ မိုးချုပ်တယ်လို့ ပြောလို့မရသေးတဲ့အချိန်ပါ။ အဓမ္မပြုကျင့် အသတ်ခံခဲ့ရတဲ့အတွက် ထိတ်လန့်မှုတွေ ဖြစ်ခဲ့ရသလို ပြစ်မှုကျူးလွန်ခဲ့တဲ့ မျိုးဇော်ဦး (ခေါ်) ဆီဒိုးနားကို သေဒဏ်ချမှတ်ခဲ့ပါတယ်။

တက္ကစီမောင်းသူက ခရီးသည်ကို မယုံကြည်၊ ခရီးသည်ကလည်း တက္ကစီမောင်းသူကို မယုံကြည်မှုတွေ ဖြစ်ပေါ်လာခဲ့သလို မိန်းကလေးတွေအနေနဲ့ တယောက်တည်း တက္ကဆီငှားစီးဖို့ မသင့်ဘူးဆိုတဲ့ ပြောဆိုမှုတွေပါ ထွက်ပေါ်လာစေခဲ့ပါတယ်။ ဒါ ပေမယ့် ယေဘုယျကျကျ စဉ်းစားကြည့်ရင် အကြောင်းတခုခုရှိရင်…၊ အလုပ်ရှိရင်…၊ အလျင်အမြန်လိုရင် တက္ကစီငှားစီးရမှာ ဖြစ်လို့ “လုံခြုံမှုစိတ်ချမှု” ရှိရှိ စီးနင်းနိုင်ဖို့ပဲ အရေးကြီးပါတယ်။

“မမြရွှေဝါ” ဟာ ခရီးသွားကုမ္ပဏီတခုမှာ စာရင်းကိုင်အဖြစ် လုပ်ကိုင်နေသူပါ။ မိတ်ဆွေ၊ သူငယ်ချင်း ပေါများသူမို့ အား လပ်တဲ့ညဘက်အချိန်တွေမှာ စားသောက်ဆိုင်တခုကို ထိုင်ပြီး စကားစမြည်ပြော၊ တခါတလေ… အလုပ်ကိစ္စတွေ တိုင်ပင် ဆွေးနွေးကြတယ်ပေါ့။ ဒါက အရင့်အရင် ကာလတွေတုန်းက အခြေအနေတွေပါ။ ဒါပေမယ့် … အခုခေတ်အနေအထားမှာ တော့ ညဘက်ဓားထောက် လုယက်မှုကနေ အဓမ္မပြကျင့်မှုအထိ ဖြစ်ပွားနေတာတွေ ကြားသိနေရတဲ့အတွက်ကြောင့် ည ဘက်မှာ အပြင်ထွက်ရတာ လံုံခြုံပါရဲ့လားလို့ တွေးနေရပြီလို့ သူမက ဆိုပါတယ်။

“ဓားထောက်ပြီး လုတယ်ဆိုတာ… သတင်းတွေထဲမှာပဲ ဖတ်ဖူးကြားဖူးခဲ့တာ။ ပြီးခဲ့တဲ့လက ညီမတို့ သူငယ်ချင်းတယောက် ဓားထောက် အလုခံလိုက်ရတယ်ဆိုတော့… တအားလန့်သွားတယ်။ ဘတ်စကားမှတ်တိုင်ကနေ အိမ်ကိုပြန်တဲ့ အချိန်လေး မှာပဲ ဖြစ်သွားတာ။ ဓားနဲ့(၂)ချက် အထိုးခံလိုက်ရတယ်။ ပိုက်ဆံအိတ်နဲ့ဖုန်းကို လုသွားတာ… အသက်အန္တရာယ် မဖြစ်တာ တောင် ကံကောင်းလို့ ပြောရမယ်။ ညီမမိဘတွေဆို ညပိုင်းအိမ်ပြန်ချိန်တွေဆို ဖုန်းတွေဆက်ဆက်ပြီး နေ့တိုင်း မေးမေးနေ ရပြီ…”

“ဒေါ်ချစ်ချစ်အောင်” ကတော့ အသက်(၁၆)နှစ်အရွယ် မိန်းမပျိုလေးရဲ့မိခင်ပါ။ ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားပြီးတဲ့နောက် သမီးလေးကို ဖခင်လိုတမျိုး၊ မိခင်လိုတသွယ် ချစ်ခြင်းမေတ္တာတွေ ပုံအောပြီး ဂရုစိုက်ခဲ့ရတာပါ။ သာကေတမြို့နယ်ထဲက အထက်တန်းကျောင်းတကျောင်းမှာ ကျောင်းထားခဲ့ပါတယ်။ သမီးလေးရဲ့ အမည်ကိုတော့ မပြောပါရစေနဲ့လို့လည်း သူမက သောကတပွေ့တပိုက်နဲ့ ဆိုရှာပါတယ်။

ဒဿမတန်းအထိ ရောက်လာနေပြီဖြစ်တဲ့ သမီးလေးဟာ သူမဘဝရဲ့ မျှော်လင့်ချက်လည်းဖြစ်၊ အားထားရာလည်း ဖြစ်ပါ တယ်။ အနေအထိုင် ရိုးရိုးအေးအေးသမီးလေးမို့ သမီးလေးမှာ ချစ်သူရည်းစားရှိနေလိမ့်မယ်လို့ မထင်ခဲ့သလို သမီးဖြစ်သူ ကလည်း ဒီလိုကိစ္စတွေအတွက် စိုးရိမ်စရာ အပြုအမူတွေ မတွေ့ခဲ့ရပါဘူး။

ဒါပေမယ့်… တရက်မှာတော့ ဒေါ်ချစ်ချစ်အောင်ရဲ့ရင်ထဲ မီးတောက်ခဲ့ရပါတော့တယ်။ ကျူရှင်သွားတက်တဲ့ သမီးလေး အချိန်တန် အိမ်ပြန် မလာလို့ပါ။ ဒေါ်ချစ်ချစ်အောင်ဟာ ရဲစခန်းသွားပြီး လူပျောက်တိုင်၊ အမှုဖွင့်၊ နီးစပ်ရာ ဟိုဟိုဒီဒီ လှမ်း မေး… နောက်ဆုံး ဗေဒင်ဆရာဆီသွားမေးနဲ့ အလုပ်ရှုပ်ခဲ့ရပါတယ်။

နောက်မှ သမီးဖြစ်သူဟာ ရည်စားဖြစ်သူနဲ့ ပါသွားပြီး တောင်ဒဂုံဘက်က တည်းခိုခန်းတခုမှာ ပေါင်းသင်းခဲ့တာလို့ သိရပါ တယ်။

“ကျမ… ကောင်လေးကို မိဘချင်း ကိုယ်ချင်းစာပါတယ်။ ဒါပေမယ့် သမီးလေးက ပန်းကောင်းအညွန့်ကျိုး ဖြစ်ရပြီ။ စခန်းမှာ အမှုဖွင့်ထားတယ်။ ကလေးတွေရဲ့ဘဝမှာ အရေးအကြီးဆုံးဖြစ်တဲ့ အခုလို (၁၀) တန်းမှာ… ဒီလို ဖြစ်ရလို့ ပိုရင်နာတာ။ ရပ် ကွက်ထဲမှာလည်း ကျမတို့သားအမိ… လူအများရဲ့ မေးငေါ့တာခံရတာပေါ့လေ။ ဟိုဘက်ကလည်း အလုပ်အကိုင် ကောင်း ကောင်း မရှိသူ၊ သမီးထက်လည်း အသက်(၁၀)နှစ်ကျော်ကြီးတယ်” လို့ ပြောပါတယ်။

တချို့မိန်းကလေးတွေဟာ လူမှုကွန်ယက်ပေါ်မှာ တွေ့ဆုံရာကနေ ရင်းနှီး၊ အပြင်မှာ ချိန်းတွေ့ပြီး ရည်းစားဖြစ်သွားကြ တာပါ။ ကိုယ့်ကျင့်တရားကောင်းမွန်တဲ့ ယောက်ျားလေးတွေ ရှိပေမယ့် အပျော်ကြံသူတွေ၊ ကျောရရုံကြံသူတွေနဲ့ တွေ့တဲ့ အခါ ဘဝနဲ့ရင်းပြီး နစ်နာကြရသူတွေက မိန်းကလေးတွေပဲ ဖြစ်ပါတယ်။ ကံကောင်းတာက ဒေါ်ချစ်ချစ်အောင်ရဲ့ သမီး လေးမှာ ကိုယ်ဝန်ရှိမသွားတာပါပဲ။

“မခိုင်သဇင်ကျော်” ကတော့ ၂၄ နာရီ ဖွင့်တဲ့ Convenience စတိုးဆိုင်လေး တခုမှာ အလုပ်လုပ်ရပြီး များသောအားဖြင့် ည (၉)နာရီဝန်းကျင်မှာ သူမရဲ့ အလုပ်ချိန်ပြီးဆုံးပါတယ်။ သူ့အဆိုင်းနဲ့သူ အလုပ်လုပ်ရတာပါ။ သူမရဲ့ အိမ်ပြန်ချိန်ဟာ နောက် ကျတတ်စမြဲမို့ အရင်က ဒီလောက် မစိုးရိမ်ခဲ့ပေမယ့် လတ်တလော ကြားနေရတဲ့ သတင်းတွေကြောင့် သူမ စိတ်ပူမိတယ် လို့ ပြောပြပါတယ်။

“အစ်မရယ်၊ လမ်းမီးတိုင်တွေတော့ ရှိတာပေါ့။ ဒါပေမယ့် မှောင်တဲ့နေရာတွေမှာ မှောင်နေတယ်လေ။ အခုဆို သမီးရဲ့ အစ်မကို ဘတ်စကားမှတ်တိုင်မှာ လာစောင့်နေပေးပါလို့ ဖုန်းဆက်ပြောထားရတယ်။ လုတဲ့ယက်တဲ့ သတင်းတွေ၊ ဓားနဲ့ ထိုးတဲ့သတင်းတွေ၊ ဆွဲကြိုးဖြတ်၊ လက်ကိုင်ဖုန်းလုတဲ့ သတင်းတွေ ကြားနေရတော့ တခုခုဆို တရားခံကို ဖမ်းမိတာက နောက်မှ၊ လတ်တလော အရင်ခံရမှာက ညီမတို့လေ”

ရာဇဝတ်မှုတွေ လျော့ပါးရေးအတွက် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ရဲအင်အားတိုးချဲ့ပြီး လုပ်ဆောင်နေတယ်ဆိုပေ မယ့် မြို့လယ်ကောင်မှာပဲ ဆွဲကြိုးဖြတ်လုတာတွေ၊ လူမြင်ကွင်းမှာ အုပ်စုလိုက် ဓားနဲ့ထိုးတာတွေဖြစ်ပွားနေလို့ စားသတိ၊ သွားသတိ၊ လာသတိ ရှိနေကြရတာပါ။ မိန်းကလေးတွေအပေါ်သာမက ယောက်ျားလေးတွေကိုတောင် လက်ရဲဇက်ရဲ ကျူးလွန်မှု ရှိလာနေတာမို့… မိန်းကလေးတွေမှာ စိုးရိမ်စိတ်နဲ့ ပိုပြီးသတိကြီးကြီးနဲ့ သွားလာနေထိုင်နေရတာပါ။ ဒီကြားထဲ YBS ဘတ်စကားတွေပေါ်မှာ ခါးပိုက်နှိုက်ခံရတာမျိုး သတင်းတွေလည်း မကြာခဏ ကြားရဖတ်ရနဲ့ဆိုတော့ စိုးရိမ်စိတ် တွေက ပိုပိုများလာနေပါတယ်။

မကြာသေးခင်က ထုတ်ပြန်တဲ့ Plan International Myanmar ရဲ့ စစ်တမ်းတခုမှာဆို အမျိုးသမီးတွေအတွက် လုံခြုံမှု နည်းပါးလာနေတယ်လို့ စစ်တမ်းဖြေဆိုသူ (၈၅)ရာခိုင်နှုန်းက ဖြေကြားထားကြောင်း ဖော်ပြထားပါတယ်။ အထူးသဖြင့် တော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ခံစားနေရတယ်လို့လည်း ဆိုထားပါတယ်။

တကယ်တော့…  အမျိုးသမီးတွေရဲ့ ဘဝလုံခြုံမှုရှိမှသာ သူတို့ရဲ့ နေ့စဉ်ဝန်ဆောင်မှုနဲ့ ကုန်ထုတ်လုပ်မှုအလုပ်တွေကို တက်တက်ကြွကြွလုပ်ဆောင်နိုင်မှာပါ။ ဒါဟာ အမျိုးသမီးတဦးချင်းကနေ… အလုပ်ရှင်၊ အလုပ်ရုံကိုပါတိုးတက်စေတဲ့အပြင် တိုင်းပြည်ရဲ့ GDP လည်း တိုးတက်လာမှာ ဖြစ်ပါတယ်။ အဲဒီလို မဟုတ်ဘဲ စိုးထိတ်စိုးရွံ့နဲ့ လုပ်ဆောင်နေရတဲ့အခါ ဝန် ဆောင်မှုနဲ့ ထုတ်လုပ်မှုတွေ ကျဆင်းပြီး အမျိုးသမီးတဦးချင်းစီသာမက တိုင်းပြည်ရဲ့ GDP ကိုပါ ထိခိုက်စေနိုင်ပါတယ်။

“မမြဝါရွှေ” က သူမရဲ့ဆန္ဒကို အခုလိုပြောပါတယ် – “ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လည်ပတ်နေတဲ့ ရန်ကုန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလုပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ နေထိုင်လုပ်ကိုင်နေတဲ့ ရန်ကုန်… ဒီရန်ကုန်ဟာ လုံခြုံဖို့၊ စိတ်ချလက်ချသွားလာနေထိုင်နိုင်ဖို့လိုပါတယ်။ ဒါမှ ဂုဏ်သိက္ခာ ရှိမှာလေ။ ပြီးတော့… မိန်းကလေးဖြစ်ဖြစ်၊ ယောက်ျားလေး ဖြစ်ဖြစ် ဘယ်အချိန် အိမ်ပြန်ပြန် ကိုယ့်ကိုအနှောင့်အယှက်ပေးမယ့်သူမရှိရင်… သွားလာနေထိုင်လုပ်ကိုင်ရတာ ဘယ် လောက် စိတ်ချမ်းသာရမလဲနော်”

“ဒေါ်ချစ်ချစ်အောင်” ကတော့ မိခင်တဦးရဲ့ မျှော်လင့်ချက်ကို အခုလို ပြောပြပါတယ် – “ကျမ သမီးလေးလို တခြား ဘယ် မိန်းကလေးမှ ထပ်မဖြစ်စေချင်ဘူး။ ဖေ့စ်ဘုတ်ဟာ အစစ်အမှန် မဟုတ်ဘူး… အယုံမလွယ်ကြပါနဲ့ လို့ အန်တီက သတိ ပေးချင်ပါတယ်။ အဲဒီလို ကျူးလွန်သူတွေ ကိုလည်း ထိထိရောက်ရောက် အရေးယူပေးစေချင်ပါတယ်”

“မခိုင်သဇင်ကျော်” ရဲ့ မျှော်လင့် ရင်ဖွင့်ချက်ကတော့ ဒီလိုပါ။

“တနေကုန် အရောင်းဆိုင်ခန်းထဲမှာ အပြုံးနဲ့ ဆီးကြိုလုပ်ကိုင်နေတယ်၊ ဝန်ဆောင်မှုတွေ ပေးနေရတယ်၊ ဒါပေမယ့် အိမ်ပြန် ချိန်ရောက်လာရင်… မိဘတွေက ရင်ပူရ၊ သမီးတို့လည်း ရင်မောရနဲ့ … ဒီလို အခြေအနေတွေကို ဖြတ်သန်းနေတာ ဘယ် လိုမှ မပျော်ရွင်နိုင်ပါဘူး အစ်မရယ်”

မိသားစု၊ အလုပ်အကိုင်၊ ဘဝရပ်တည်မှု မတူကြတဲ့ အထက်က ဖော်ပြခဲ့တဲ့ အမျိုးသမီးတွေရဲ့ စကားတွေထဲမှာ ဘ၀ အမောတွေ၊ စိုးရိမ်သောကတွေနဲ့ ပြည့်လျှံနေတာကို စာနာခံစားကြမိမှာပါ။ တကယ်တော့ အိမ်ပြန်ချိန် လုံခြုံချင်တဲ့ ရန် ကုန်က မိန်းကလေးတွေအတွက်သာမက ပြည်သူတရပ်လုံးအတွက် အရေးတကြီးနဲ့ လေးလေးနက်နက် လိုအပ်နေတာက တရားဥပဒေစိုးမိုးရေးပါ။

လက်ရှိပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ အသက်မဝင်…၊ အိပ်ပျော်…၊ ဖုန်တက်နေသရွေ့ မိန်းကလေးတွေရဲ့ စိုးရိမ်သောကနဲ့ အများ ပြည်သူတို့ရဲ့ လုံခြုံမှုဆိုတာဟာ မှုန်ရီေ၀ ဝိုးတဝါး ဖြစ်နေဦးမှာပါပဲ။ ဒါကြောင့် အစိုးရနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူများ အနေနဲ့ တရားဥပဒေစိုးမိုးရေး ပိုမိုတင်းကြပ်လုပ်ဆောင်ပေးဖို့ အချိန်တိုင်းလိုအပ်နေပြီဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရ ပါတယ်။      ။

Related Articles