“မီးခိုးမြူတွေကြားက ဝမ်းရေး (သို့မဟုတ်) ကယန်းဒေသရဲ့ တောင်ယာ မီးရှို့ပွဲ”

🔳 ဓာတ်ပုံအက်ဆေး

ဓာတ်ပုံ – တင်စိုး (အညာမြေ)

ကရင်နီ (ကယား) ပြည်နယ်၊ ဖယ်ခုံမြို့နယ်ထဲက ဆီးဘူးဒေသ၊ သာယုရွာမှာတော့ နှစ်စဉ်ကျင်းပနေကျ တောင်ယာမီးရှို့ပွဲကို ပြီးခဲ့တဲ့ မတ် ၂၀ က ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီနေ့ တရက်တည်းမှာတင် တောင်ယာ ဧက ၂၀၀ နီးပါးကို မီးရှို့ခဲ့ကြတာပါ။

တကယ်တော့ ဒီတောင်ယာတွေကို ၂လလောက်ကြိုတင်ပြီး (ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက) ခုတ်ထွင် ရှင်းလင်းထားကြတာပါ။ မတ်လထဲရောက်ပြီဆိုရင်တော့ ရွာလုံးကျွတ်ပါဝင်တဲ့ ပွဲတော်တခုလို သတ်မှတ်ရက်မှာ စုပေါင်းပြီး မီးရှို့လေ့ရှိကြပါတယ်။

တောင်ယာတွေကို တချို့က တဦးတည်း၊ မိသားစုအလိုက် စသဖြင့်ပိုင်ဆိုင်ကြတယ်၊ တချို့က မျိုးနွယ် စုအလိုက်၊ တချို့က ကျေးရွာအလိုက် ဘုံပိုင်စိုက်ခင်းတွေ ဖြစ်ကြပါတယ်။ ဒီတောင်ယာတွေပေါ်မှာ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးကြတာဖြစ်လို့ နှစ်စဉ် ရွှေ့ပြောင်းမီးရှို့ကြရပါတယ်။

အရင်တုန်းကတော့ ကယန်းရိုးရာဓလေ့အရ တောင်ယာတခုကို ရှို့ပြီးရင် ၉ နှစ်ကနေ ၁၁ နှစ်လောက် အထိ အနားပေးပြီးမှ ပြန်စိုက်ကြတာပါ။ ဒါပေမဲ့ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ဒေသတွင်းမှာ စစ်ဘေးရှောင်ဦးရေ မြင့်တက်လာတဲ့အခါ စားနပ်ရိက္ခာဖူလုံဖို့အတွက် တောင်ယာတွေကို ပိုတိုးချဲ့လာ ကြရပါတယ်။ အခုဆိုရင် တောင်ယာမြေကို အရင်လို အကြာကြီး အနားမပေးနိုင်တော့ဘဲ ၇နှစ်လောက်နဲ့ ၁ကြိမ် ပြန်စိုက်နေကြ ရပြီလို့ သိရပါတယ်။

ဒီနှစ်မှာတော့ တောင်ယာခုတ်တဲ့အချိန်နဲ့ ခုတ်ပြီးတဲ့အချိန်တွေမှာ မိုးခဏခဏရွာခဲ့လို့ သစ်ပင်တွေက သိပ်မခြောက်ဘဲ မီးရှို့ကာလဟာ အရင်နှစ်တွေထက် ပိုကြာခဲ့ပါတယ်။ ဒေသခံတွေကတော့ တောင်တခု လုံး ပြာကျအောင် လောင်မှသာ စပါးနဲ့ တခြားသီးနှံတွေ အထွက်တိုးမယ်လို့ ယုံကြည်ကြပါတယ်။

သာယုရွာက စပြီးရှို့ပြီဆိုရင်တော့ တခြားကျေးရွာတွေမှာလည်း တရွာပြီးတရွာ ဆက်တိုက်ဆိုသလို မီးရှို့ပွဲတွေ ကျင်းပကြမှာပါ။ မီးရှို့ပြီးသွားရင်တော့ စပါး၊ ငရုတ်နဲ့ ပြောင်းကို အဓိကထားစိုက်ကြသလို ဖရုံသီး၊ သခွားသီးနဲ့ နေကြာတွေကိုလည်း ရောပြီး စိုက်ကြပါတယ်။

တောင်ယာစိုက်ပျိုးတာဟာ မီးရှို့ပြီးမှရတဲ့ ပြာကိုပဲ အခြေခံတာဖြစ်လို့ ဓာတ်မြေဩဇာထည့်စရာ မလိုဘဲ တောင်သူတွေအတွက် စိုက်ပျိုးရေးကုန်ကျစရိတ် သက်သာစေပါတယ်။ ဒါပေမဲ့ တောင်ယာ တရာသီ ၃လကျော်ကြာအောင် ပင်ပင်ပန်းပန်း လုပ်ကိုင်ပေမဲ့လည်း ၁ဧကကို စပါး ၃ အိတ်ကနေ ၅ အိတ်လောက် ပဲ ထွက်တယ်လို့ တောင်ယာလုပ်ကိုင်ကြသူတွေက တူညီစွာ ထွက်ဆိုကြပါတယ်။

တောင်ယာလုပ်ငန်းကို ဆယ်စုနှစ်ချီ လုပ်ကိုင်လာသူတဦးက “တောင်ယာလုပ်တာက ပင်ပန်းတယ်၊ သာမန်မြေပြန့်မဟုတ်တဲ့အတွက် တောင်ဆင်းတောင်တက်တာနဲ့တင် မောတယ်၊ လုပ်နေကျလူတောင် မလွယ်ဘူး၊ တခါတလေ တောင်ပေါ်က လှိမ့်ကျတာမျိုးရှိတယ်၊ ဒီလောက်ပင်ပန်းတဲ့ တောင်ယာအလုပ် ကို ရွေးချယ်စရာမရှိလို့၊ အလုပ်မရှိလို့ လုပ်ကြတာပါ၊ တခြားဝင်ငွေရမယ့်အလုပ်ရှိရင် ဒီအလုပ်ကို မလုပ်ကြပါဘူး၊ အခုက စပါးစိုက်ပျိုးမယ့်နေရာက တောင်တွေ ဖြစ်နေတာကြောင့်ပါ”လို့ သူတို့ရဲ့ အခက်အခဲကို ရှင်းပြပါတယ်။

ဝမ်းရေးအတွက် ရုန်းကန်ရင်း နှစ်စဉ် ဒီလိုတောင်ယာမီးရှို့ချိန်တွေမှာ ကယန်းဒေသတခုလုံး မီးခိုးတွေ ဖုံးလွှမ်းတတ်ပေမယ့် တိုင်းတာတဲ့ နည်းပညာနဲ့ သတိပေးမယ့် အစီအမံတွေ၊ ပညာရှင်တွေမရှိတာ ကြောင့် လေထုညစ်ညမ်းမှုနဲ့ပတ်သက်တဲ့ သက်ရောက်မှုကိုလည်း ဒေသခံတွေအဖို့ တိတိ ကျကျ မသိကြဘူးလို့ ဆိုပါတယ်။

ကရင်နီဒေသနဲ့ အနီးဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းဒေသတွေဟာလည်း တောင်ယာစိုက်ပျိုးရေး စနစ်ကို လုပ်ကိုင်နေတဲ့ ဒေသတွေဖြစ်ပြီး တောင်ယာမီးရှို့မှု၊ တောမီးနဲ့ လေထုညစ်ညမ်းမှုကို နှစ်စဉ် ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

မီးခိုးငွေ့တွေဟာ လေကြောင်းလှိုင်းတွေနဲ့အတူ နယ်နိမိတ်တွေကို ကျော်လွှားပြီး အိမ်နီးချင်းဒေသတွေ၊ နိုင်ငံတွေကိုပါ သက်ရောက်စေနိုင်ပါတယ်။ ဒါကြောင့် ရိုးရာနဲ့ ဝမ်းရေးအတွက် ဆက်လက် လုပ်ကိုင် နေတဲ့ တောင်ယာမီးရှို့မှုတွေဟာ စိုက်ပျိုးရေးနည်းစနစ်တခုတင်မကဘဲ ပတ်ဝန်းကျင်နဲ့ လူထု ကျန်းမာ ရေးကို ချိတ်ဆက်နေတဲ့ ပြဿနာတခုအဖြစ် မြင်လာဖို့ လိုအပ်နေပါတယ်။ တဖက်မှာလည်း ဒီစနစ်ဟာ ဒေသခံအချို့အတွက် မဖြစ်မနေ ရွေးချယ်ရတဲ့ ဝမ်းရေးနည်းလမ်းတခုဖြစ်နေသေးတာကြောင့် အစားထိုးနိုင်မယ့် အဖြေတွေကို ရှာဖွေဖို့ အရေးတကြီး လိုအပ်နေပါတယ်။

တောင်ယာမီးမရှို့ခင် လိုအပ်တဲ့ ကိရိယာတန်ဆာပလာတွေကို ကြိုတင်ပြင်ဆင်နေကြတဲ့ ကယန်းလူငယ်
မီးတုတ်ကို ကိုင်ဆောင်ပြီး တောင်ယာမီးရှို့ဖို့ သွားနေတဲ့ ဒေသခံအမျိုးသားတဦး။
မီးတုတ်ကို ကိုင်ဆောင်ပြီး တောင်ယာမီးရှို့ဖို့ သွားနေတဲ့ ဒေသခံအမျိုးသားတဦး။
တောင်ယာမီးရှို့ပွဲ စတင်လိုက်တဲ့ ဒေသခံတောင်သူတဦး။
တောင်ယာမီးရှို့ပွဲ စတင်လိုက်တဲ့ ဒေသခံတောင်သူတဦး။
တောင်ယာခြံစည်းရိုးအနီးကနေ တောင်ယာမီးရှို့ပွဲကို ကြည့်ရှုနေတဲ့ ဒေသခံ အမျိုးသမီးတဦး။
တောင်ယာမီးလောင်စနစ်တကျ လောင်ကျွမ်းမှု ရှိ၊ မရှိ စောင့်ကြည့် အကဲခတ်နေကြတဲ့ ဒေသခံအမျိုးသားများ။
တောင်ယာမီးရှို့ပွဲကို မိခင်နဲ့အတူ ကြည့်ရှုနေကြတဲ့ ကယန်းကလေးငယ်တွေ။
တောင်ယာမီးရှို့ပွဲကို ကလေးငယ်နဲ့အတူ လာရောက်ကြည့်ရှုနေတဲ့ ကယန်းမိခင်တဦး။
တောင်ယာစိုက်ခင်းအနားမှာ ဆော့ကစားနေတဲ့ ဒေသခံကလေးငယ်။
တောင်ယာသုံးပစ္စည်းများသယ်ဆောင်ပြီး စိုက်ပျိုးရေးလုပ်ငန်းခွင်ကို သွားနေတဲ့ ဒေသခံများ။
တဝက်တပျက်မီးလောင်ကျွမ်းနေတဲ့ တောင်ယာ ကုန်းစောင်း မြင်ကွင်း။
ခုတ်ထွင်ရှင်းလင်းပြီးနောက် မီးရှို့ရန် အဆင်သင့်ဖြစ်နေသည့် တောင်ယာကုန်းစောင်း မြင်ကွင်း။
ကုန်းမြင့်တခုပေါ်မှနေ၍ တောင်ယာမီးလောင်ကျွမ်းမှုကို ဝိုင်းဝန်းကြည့်ရှုနေကြသော ရွာသားများ။
တောင်ယာကုန်းစောင်းကို မီးလောင်ကျွမ်းနေတဲ့ အနီးကပ်မြင်ကွင်း။
ကုန်းစောင်းတလျှောက် လွင့်တက်လာတဲ့ မီးခိုးတွေ။
မီးလောင်ကျွမ်းပြီး မီးခိုးမြူတွေဖုံးလွှမ်းနေတဲ့ တောင်ယာ ကုန်းစောင်း မြင်ကွင်း။