Home ဆောင်းပါး အကျဉ်းထောင်ရိပ်မခိုချင်၊ တရားမျှတမှုသာ လိုချင်သူ အသက်(၇၈)နှစ်အရွယ်ဖွားအေး

အကျဉ်းထောင်ရိပ်မခိုချင်၊ တရားမျှတမှုသာ လိုချင်သူ အသက်(၇၈)နှစ်အရွယ်ဖွားအေး

ဓာတ်ပုံ: လင်းခိုင်

နန်းဆိုင်နွမ်။             ။

“ အမေကြီးရဲ့ ယာမြေမှာ ခြံစည်းရိုးကာလို့ တရားစွဲဆိုခံထားတာပါ။ သူတို့ကို အမေကြီးက ယာမြေမပေးလို့ဆိုပြီး အခုလို တရားစွဲတာပါ”  လို့ အသက်(၇၈)နှစ်အရွယ်  ဒေါ်အေးက ငိုကြွေးကာ ပြောပြနေသည်။

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု အောင်သပြေကျေးရွာအနီး တည်ဆောက် လျက်ရှိသည့် တနေ့လျှင် တန် (၅၀၀၀)ကျ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းအား ကန့်ကွက် ဆန္ဒထုတ်ဖော်မှုကြောင့် ငြိမ်းစုစီ ဥပဒေပုဒ်မ (၁၉)၊ လမ်းတံတား ဥပဒေပုဒ်မ (၂၂) တို့ဖြင့် ရွာသူရွာသားများ အမှု ဖွင့်ခံထားကြရသည်။

ထိုရွာသူရွာသားများထဲတွင် အသက်(၇၈)နှစ်အရွယ် ဒေါ်အေးတယောက်လည်း ပါဝင်နေသည်။

အသက် (၇၈)နှစ်ကျော် အမေအိုသည် ဘုန်းကြီးကျောင်းကို သွားရမည့်အရွယ်မှာ ဘုန်းကြီးကျောင်းတွင် ဘုရား တရားကိစ္စ သွားမလုပ်နိုင်ရှာဘဲ တရားရင်ဆိုင်နေရသူတယောက်ဖြစ်နေလေသည်။

ရဲအင်အားအလုံးအရင်းဖြင့် ရဲကားများ ရွာကိုရောက်ရှိလာပြီး ဘိလပ်မြေစက်ရုံစီမံကိန်း ကန့်ကွက်သူများထဲမှ ဦး ဆောင်သူ ရွာသားဦးရွှေအုန်းကို ဖမ်းဆီးသည့်အချိန် ဒေသခံများက  တားဆီးခဲ့ကြသည့်မြင်ကွင်းကိုတော့ အမေအို က အမြဲတမ်းမြင်ယောင်လျက်ရှိသည်။

“ ဦးရွှေအုန်းကို  ရဲတွေလာဖမ်းတော့ အမေကြီးတို့ရွာက လူတွေက ဝိုင်းဆွဲကြလုကြတာပေါ့။ မတရားဖမ်းတာကိုး။ အဲဒီမှာ ငိုတဲ့သူက ငိုကြတယ်။ အဲဒီကနေ စပြီးတော့ ပြဿနာတွေ ဖြစ်တော့တာပဲ” ဟု ဒေါ်အေးက ဖြစ်စဉ်ကို ပြန် ပြောပြသည်။

ထိုနေ့တွင် အသက်(၇၀)ကျော် အမေကြီးဒေါ်အေးတယောက် မူးမေ့လဲကျကာ ဆေးရုံသို့ ပို့ခဲ့ရသည်။

“ အဲဒီနေ့က အမေကြီးမူးမေ့သွားလို့ ဆေးရုံ(၃)ရက်တောင် တက်လိုက်ရတယ်။ ရဲမေအစောင့်နဲ့ ဆေးရုံတက်ခဲ့ရ တာပေါ့။   ရဲတွေမြင်ရင် အလိုလိုကြောက်နေတယ်။ အဲဒီနေ့ အဖြစ်အပျက်ကတော့ အမေကြီး တသက်မှာ တခါမှ မကြုံဖူးဘူး” ဟု ဝမ်းနည်းစွာဖြင့် ပြောပြနေသည်။

ကျေးရွာတွင်နေထိုင်သူများသည် တောင်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသူများဖြစ်ကြသည်။

“အမေကြီးအသက်လည်း (၇၀)ကျော်နေပါပြီ။ တရားရင်ဆိုင်ရတော့ တော်တော်လေးကို စိတ်ညစ်တယ်။ ရဲတွေ၊ ရှေ့နေတွေနဲ့ တရားရုံးသွားရင် အလိုလို နှလုံးတွေခုန်၊ ရင်တွေတုန်ပြီး ကြောက်နေရပါတယ်” ဟု ဒေါ်အေးက ငို ယိုပြီး ပြောပြသည်။

အမေကြီးဒေါ်အေးတယောက် သြဂုတ်လ(၂)ရက်နေ့တွင် ကျန်းမာရေးမကောင်းသဖြင့် ကျပ်သိန်း(၅၀)ဖြင့် အာမခံ ရရှိခဲ့သည်။

သူမနှင့်အတူ ပုဒ်မ(၂၂)နှင့် တရားစွဲခံထားရသည့်  အမျိုးသမီး(၂)ဦးနှင့် အမျိုးသား(၁)ဦးမှာ အာမခံ လျှောက်ထား မှုကို ပယ်ချခံထားရပြီး မန္တလေး၊ အိုးဘိုထောင်သို့ ပို့ဆောင်ထားသည်။

ဓာတ်ပုံ: Nay Myo Linn/ fb

“အမေကြီးကို အာမခံပေးလို့ ဝမ်းမသာပါဘူး။ ကျန်နေတဲ့ တောင်သူ(၃)ယောက်ကိုပါ လွှတ်ပေးပါလို့ တောင်းဆို ချင်ပါတယ်” ဟု လမ်းတံတား ဥပဒေပုဒ်မ (၂၂)ဖြင့် အမှုဖွင့် ဖမ်းဆီးခံခဲ့ရသည့် အမေကြီးက ဝမ်းနည်းပူဆွေးစွာ ဆက်လက်ပြောသည်။

အမေကြီးဒေါ်အေးသည် ငွေကြေးမပြည့်စုံမှုကြောင့် အောင်သပြေကျေးရွာမှ ပုသိမ်ကြီးသို့ ရုံးချိန်းသွားပါက ခရီး စရိတ်၊ စားစရိတ်အတွက် ချေးငှားပြီး သွားလာနေရသလို ကြောက်လန့်စိုးရိမ်မှုများနှင့် အခက်အခဲများလည်း ရင် ဆိုင်ကြုံတွေ့နေရသည်။

“ အမေကြီးက အသက်ကြီးပြီလေ။ ရုံးချိန်းသွားရင် ဟိုလူဆီက ငွေတောင်း၊ ဒီလူဆီက ငွေတောင်းနဲ့ တရားရင်ဆိုင် နေရတာ။ တရားရုံးရောက်ရင်လည်း ရဲတွေ ရှေ့နေတွေကို အမြဲကြောက်နေရတယ်” ဟု ငိုပြီး ပြောပြနေသည်။

ဒေသခံများဘက်မှ အခမဲ့လိုက်ပါ ကူညီပေးနေသည့် တရားလွှတ်တော်ရှေ့နေဦးစည်သူက “ဒေါ်အေးကတော့ အာ မခံရသွားတယ်။ ကျန်တဲ့(၃)ဦးကတော့ အာမခံမရဘူး။ နောက်ရုံးချိန်းမှာလည်း ဥပဒေနဲ့အညီ အာမခံရရှိဖို့အတွက် ဆက်လက်လျှောက်ထားသွားမှာပါ” ဟု ပြောသည်။

အဆိုပါ လမ်းတံတားပုဒ်မ(၂၂)သည် ထောင်ဒဏ်(၃)နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ သို့တည်းမဟုတ် ဒဏ်(၂)ရပ် စလုံးဖြစ်စေ ကျခံနိုင်သည်ဟု ရှေ့နေဦးစည်သူက ပြောသည်။

စီမံကိန်းကို “မြင့်ရင်းနှီးမြုပ်နှံမှုကုမ္ပဏီ”က လုပ်ကိုင်နေခြင်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ လေထုညစ် ညမ်းမှုများ ဖြစ်ပေါ်နိုင်သဖြင့် ဒေသခံတို့က ကန့်ကွက်နေကြသည်ဟု အောင်သပြေကျေးရွာမှ  ဒေါ်ခင်နွဲ့ကြည်က ပြောသည်။

“ ကျမတို့ အဓိက ကြုံနေရတာကတော့ ရေအခက်အခဲပါပဲ။ လယ်ယာတွေ စိုက်ပျိုးဖို့ ရေခက်ခဲလာတာ(၃)နှစ်ရှိပြီ။ ပုဒ်မ(၁၉)  ပုဒ်မ(၂၂)နဲ့ တရားစွဲဆိုထားတဲ့သူတွေအားလုံးကိုလည်း ပြန်လွှတ်ဖို့ တောင်းဆိုချင်ပါတယ်” ဟု ဒေါ်ခင် နွဲ့ကြည်က ဆိုသည်။

ဘိလပ်မြေစက်ရုံတည်ဆောက်ရန် ဒေသခံများက သဘောမတူသဖြင့်  ရပ်ဆိုင်းထားသော်လည်း ကုမ္ပဏီ တည် ဆောက်မည့် တရုတ်လူမျိုးတွေများမှာ ဝင်ထွက်သွားလာနေဆဲဟု ဒေသခံများက ဆိုသည်။

“ ရွာကို ရဲတွေလာရင်လည်း ရဲအင်အား အများကြီးနဲ့လာတယ်။ မူးယစ်ဂိုဏ်းဖမ်းသလိုဖမ်းတယ်” ဟု ဦးရွှေအုန်းက ဆို သည်။

ဘိလပ်မြေစက်ရုံတည်ဆောက်ရန် ဒေသခံအများစုက သဘောမတူနိုင်သဖြင့် ကန့်ကွက်နေကြကြောင်း၊ ထိုဘိလပ် မြေစက်ရုံကြောင့် ကျေးရွာရှိ ဒေသခံအချင်းချင်း စိတ်ဝမ်းကွဲမှုများနှင့်လည်း ရင်ဆိုင်နေရသလို ကျေးရွာမှ အမျိုးသ မီးအများစုလည်း တရားရင်ဆိုင်နေရသည်ဟု အောင်သပြေကျေးရွာမှ ဦးရွှေအုန်းက ပြောသည်။

“ လမ်းချဲ့တာက ကုမ္ပဏီအတွက်ပါ။ ဒေသအတွက်မဟုတ်ပါဘူး။  ကျနော်တို့ကို သူပုန်ရွာလို့ သဘောထားတယ်။ ရဲတွေက ကျနော်တို့ရွာကို အချိန်ပြည့်စောင့်ကြည့်နေတာပါ” ဟု ဦးရွှေအုံးက  ရွာတွင်ဖြစ်ပျက်နေသည်များကို ပြောပြသည်။

လက်ရှိတည်ဆောက်နေသည့် ဘိလပ်မြေစက်ရုံကိစ္စနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိကြောင်း၊ ပြည်သူများ ကို ပွင့်လင်းမြင်သာစွာ ချပြသင့်ကြောင်းနှင့် ဖမ်းဆီးချုပ်နှောင်ခံရသည့် အမျိုးသမီး(၂)ဦးနှင့် အမျိုးသားတဦးကို လည်း ပြန်လွှတ်ပေးဖို့ လိုအပ်ကြောင်း ဦးရွှေအုန်းက ဆိုသည်။

ခြံစည်းရိုးခတ်မှုကြောင့် ပုဒ်မ(၂၂)ဖြင့် တရားစွဲခံထားရသည့် အပြစ်မဲ့ အသက်ကြီး အမျိုးသမီးများ၏ဘဝကို စာနာ ရန် လိုအပ်ကြောင်း၊ သက်ကြီးအမျိုးသမီးများကို လက်နက်ဖြင့် ခြိမ်းခြောက်ပြုမူမှုများ ရပ်တန့်သင့်ကြောင်းနှင့် ထောင်ချခံထားသည့် အမျိုးသမီးများ၏ ကျန်းမာရေးကို ငဲ့ကွက်ကာ ပြန်လွှတ်ပေးရန်လည်း ဦးရွှေအုန်းက တိုက် တွန်းပြောဆိုလိုက်သည်။

ပုသိမ်ကြီး မြို့နယ် အောင်သပြေ ကျေးရွာ ကျောက်မီးသွေး စက်ရုံ ဆန္ဒပြပုံ – ဓာတ်ပုံ: soe Lwinoo’s Facebook

ထို့အတူ ငြိမ်းစုစီပုဒ်မဖြင့် တရားစွဲခံရသည့် ဒေါ်ရီရီအောင်က “ လမ်းတံတားဥပဒေတဲ့၊ အာမခံမရဘူး။ ခြံစည်းရိုးမှု က  လူသတ်မှုထက်တောင် ကြီးနေတယ်။ လူသတ်တဲ့သူတောင် အာမခံပေးနေတာပဲ။ ကိုယ့်ခြံစည်းရိုးကိုယ်ခတ် တာ အဖမ်းခံရပြီး အာမခံမရဘူးဆိုတော့ စဉ်းစားစရာပါ” ဟု  သူမ၏ခံစားချက်ကို ပြောသည်။

မန္တလေးတိုင်း အိုးဘိုထောင်ထဲတွင် ဖမ်းဆီးချုပ်ခံထားရသည့် အသက်(၆၀)ကျော် အမျိုးသမီး(၂)ဦးမှာလည်း ကျန်း မာရေးမကောင်းသဖြင့် အမြန်ပြန်လွှတ်ပေးရန် ဒေါ်ရီရီအောင်ကလည်း တောင်းဆိုလိုက်သည်။

“မတရားဖမ်းခံထားရတဲ့သူပြန်လွှတ်ပေးပါ။ ကျမတို့ကတော့ အမှန်တရားပေါ်လာဖို့ တရားဆက်ရင်ဆိုင်မယ်။ ကုမ္ပ ဏီအပြီးဖျက်သိမ်းဖို့ တိုက်ပွဲဝင်သွားမယ်” ဟု ဒေါ်ရီရီအောင်က ဆက်လက်ပြောဆိုသည်။

“ အမေကြီးတို့ အေးချမ်းစွာ မနေရဘူး။ ကောင်းကောင်းမွန်မွန်မနေရဘူး။ ဘာသာရေးလည်း ကောင်းကောင်း မလုပ်ရဘူး။ အမြဲတမ်းခြိမ်းခြောက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးကိုလည်း  ကျမတို့ ပြဿနာကို ပစ်မထားပါနဲ့လို့ပြောချင်ပါတယ်” ဟု  အမေကြီးဒေါ်အေးကလည်း ဝမ်းနည်းစွာဖြင့် ပြောဆိုလိုက်သည်။

အသက်အရွယ်ကြီးပြီး တရားရိပ်ခိုနားရမည့် ဒေါ်အေးတယောက် အကျဉ်းထောင်ရိပ် မခိုနားရစေရန် နေ့စဉ်နှင့် အမျှ ဆုတောင်းလျက်ရှိပြီး တရားရုံးသွားရန် တွန့်ဆုတ်လျက်နှင့် မပျက်မကွက်သွားလာနေပါသည်။

Related Articles