သန့်ရှင်းထွန်း
“ကျမသားကို သတ်ခဲ့တဲ့ တရားခံကိုကျမလိုချင်ပါတယ်။ ဒီအမှုပေါ်ပေါက်အောင် ကျမလုပ်ချင်တယ်။ အဲဒီကောင်က ယောကျ်ားမရွေး၊ မိန်းမမရွေး မုဒိမ်းကျင့်သတ်ခဲ့တာကို ဒီအတိုင်းလွတ်ပေးလိုက်ရင် အာရက္ခတပ်တော်လည်း တော်တော်နာမည်ဆိုးသွားမယ်”လို့ အသက် ၁၀ နှစ် အရွယ်သားတစ်ဦး ဆုံးရှုံးခဲ့ရတဲ့ မိခင်ဒေါ်စန္ဒာဝင်းက ပြတ် ပြတ်သားသား ပြောပါတယ်။
ဘယ်အစိုးရတက်တက် ငွေများတရားနိုင်တဲ့ တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုးမှုမရှိတော့တဲ့ မြန်မာနိုင်ငံထဲက ရခိုင်ပြည်နယ်မှာ ဒေါ်စန္ဒာဝင်းဟာသူ့သားသေဆုံးမှုအတွက် တရားမျှတမှုရဖို့ ကြိုးစားနေသူဖြစ်ပါတယ်။
ဒါပေမယ့် သူ့သားသေဆုံးခဲ့တာ အခုဆိုရင် ခုနှစ်လကျော်ကြာလာပြီဖြစ်ပေမယ့် သူမျှော်လင့်ထားခဲ့တဲ့ တရားမျှတ မှုဟာ တဖြည်းဖြည်း အသံတိတ်လာခဲ့တယ်လို့ ဆိုပါတယ်။
ဒေါ်စန္ဒာဝင်းရဲ့ သားဖြစ်သူဟာ လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့က မောင်တောမြို့ လေးမိုင်ရပ်ကွက် နေအိမ်ကနေ ပျောက်ဆုံးသွားခဲ့ပြီး နောက်တနေ့ ဩဂုတ် ၂၉ ရက်နေ့မှာ သူတို့နေထိုင်တဲ့အိမ်နှင့် သုံးအိမ်မြောက် အိမ်တစ်လုံးမှာ အဝတ်ဗလာ၊ ခန္ဓာကိုယ်မှာဒဏ်ရာဒဏ်ချက်များစွာနဲ့ သေဆုံးနေတာကိုတွေ့ရှိခဲ့တာပါ။
အလောင်းတွေ့ရှိခဲ့တဲ့ နေအိမ်မှာကလူနေထိုင်ခြင်းမရှိသလို အနီးပတ်ဝန်းကျင်က အိမ်တွေမှာလည်း လူနေထိုင် ခြင်းမရှိဘဲ အကုန်လုံး စစ်ဘေးရှောင်နေကြတဲ့ အချိန်ဖြစ်ပါတယ်။ ဒါပေမယ့် အခင်းဖြစ်တဲ့နေရာက ဖုန်းတစ်လုံးကို မိဘတွေရရှိခဲ့ပြီးတော့ အဲဒီဖုန်းထဲက အချက်အလက်နဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ ပြစ်မှုကျူးလွန်သူကိုသိရှိ ခဲ့တာလို့ ဖခင်ဖြစ်သူက ပြောပါတယ်။
ဖုန်းထဲမှာပါတဲ့ အချက်အလက်တွေနှင့် မှတ်တမ်းတွေအရ အခင်းဖြစ်တဲ့နေရာမှာ ကျန်ခဲ့တဲ့ ဖုန်းပိုင်ရှင်ဟာ အာရက္ခတပ်တော်(AA)က မိုင်းဆရာတစ်ဦးရဲ့ ဖုန်းဖြစ်ပြီးတော့ အဲဒီမိုင်းဆရာဟာ စခန်းမှထွက်ပြေးတိမ်းရှောင် နေသူဖြစ်တယ်လို့ မိဘတွေက အာရက္ခတပ်တော်(AA)က တာဝန်ရှိသူတွေကို တိုင်တန်းထားတဲ့ တိုင်တန်းစာမှာ ရေးသားထားပါတယ်။

“ကလေးသေဆုံးနေတဲ့ အနေအထားက အဓမ္မပြုကျင့်ခံထားရတဲ့ အနေအထားဖြစ်နေတယ်။ မှောက်ခုံအနေ အထားနဲ့ မြေကြီးကိုထောက်ထားတဲ့ လက်နှစ်ဖက်က တင်းတင်းကျစ်ကျစ် ဆုတ်ထားတယ်။ စအိုဝကလည်း မုဒိမ်းကျင့်ခံထားရတဲ့ အနေအထားဖြစ်နေတယ်”လို့ ဖခင်က ပြောပါတယ်။
သေဆုံးသွားတဲ့ သားဖြစ်သူရဲ့ ရုပ်အလောင်းကို ဆေးစစ်ချက်တွေ ပြုလုပ်ခဲ့ချင်ပေမယ့် အဲဒီအချိန်ဟာ ဒေါ်စန္ဒာဝင်းတို့ နေထိုင်တဲ့ မောင်တောမြို့မှာ အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တိုအကြား တိုက်ပွဲတွေပြင်း ထန်နေတဲ့ အချိန်ဖြစ်ပြီး တရားဥပဒေစိုးမိုးမှုမရှိသလို ဆေးမှုခင်းဆိုင်ရာကိစ္စရပ်တွေလည်း အကုန်လုံးဖရိုဖရဲ ဖြစ်နေတဲ့အချိန် ဖြစ်နေခဲ့ပါတယ်။
ခေတ်ကာလအနေအထားအရ တရားဥပဒေစိုးမိုးမှုမရှိသေးတဲ့ အချိန်မှာ သားဖြစ်သူ အဓမ္မပြုကျင့်ခံရပြီး အသက်ပါသေဆုံးခဲ့ရတဲ့ နစ်နာမှုအတွက် မိဘတွေဘက်ကတော့ တိုက်ပွဲတွေအေးချမ်းသွားချိန်မှာ တရားမျှတမှုနဲ့ အမှုမှန် ပေါ်ပေါက်ဖို့အတွက်လိုလားနေကြတယ်လို့ ပြောပါတယ်။
လက်ရှိအချိန်ဟာလည်း မောင်တောမြို့ကို အာရက္ခ တပ်တော်(AA)က အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်တာ ကြောင့် သားဖြစ်သူရဲ့ တရားမျှတမှုကို ဖော်ထုတ်ပေးဖို့ အချိန်ကျနေပြီလို့ ဒေါ်စန္ဒာဝင်းက ဆိုပါတယ်။
အာရက္ခတပ်တော်(AA)ရဲ့ ထိန်းချုပ်မှုအောက်မှာသူတို့လို တရားမျှတမှုရရှိဖို့အတွက် စောင့်ဆိုင်းနေကြတဲ့ တခြား သူတွေလည်း ရှိနေပါသေးတယ်။
အဲဒီလိုသေဆုံးသွားသူတွေအတွက် တရားမျှတမှုရရှိဖို့ စောင့်ဆိုင်းနေသူတွေထဲ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၅ ရက်က စစ်တွေမြို့ မေယုလမ်းမပေါ်က ဈေးဆိုင်ခန်းတခုမှာ နေ့ခင်းကြောင်တောင် ဓားထိုးအသတ်ခံခဲ့ရတဲ့ မနွယ်သန္တာဝင်းရဲ့ ဖခင်လည်း အပါအဝင်ဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်တုန်းကလည်း ပြစ်မှုကျူးလွန်သူလို့ ယူဆရသူကို အာရက္ခ တပ်တော်(AA)က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဘာဆက်သွားတယ်ဆိုတာ အခုချိန်ထိ မသိရဘဲ အာရက္ခ တပ်တော်(AA)ကလည်း တစ်စုံတစ်ရာ ထုတ်ပြန် လာတာမရှိဘူးလို့ ဆိုပါတယ်။
အာရက္ခတပ်တော်(AA)အနေနဲ့ စစ်ကောင်စီကိုအပြစ်ပြတ်ချေမှုန်းနိုင်နေပေမယ့် တရားဥပဒေစိုးမိုးရေးနှင့် တရား စီရင်ရေးပိုင်းတွေမှာ လိုအပ်ချက်ရှိနေတာတွေ တွေ့နေရတယ်လို့ ရခိုင်ပြည်သူတွေက ထောက်ပြကြပါတယ်။
အထူးသဖြင့် လူသတ်မုဒိမ်းကျင့်တဲ့ ဖြစ်စဉ်တွေမှာ ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူတဲ့ အပိုင်းကို သေသေချာချာ ကိုင်တွယ်သင့်တယ်လို့ ဆိုကြပါတယ်။
“တရားတဲ့စစ်ကိုထောက်ခံရင် မတရားမှုကိုလည်းကန့်ကွက်ရမယ်။ မတရားမှုမှာ သူ့လူကိုယ့်လူမရှိစေရ” လို့ အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦးက မှတ်ချက်ပြုပါတယ်။
ဒေါ်စန္ဒာဝင်းရဲ့ အသက်မပြည့်သေးတဲ့သားငယ် အဓမ္မပြုကျင့်အသတ်ခံရတဲ့ဖြစ်စဉ်ဟာ ရခိုင်ပြည်မှာနေထိုင်ကြ တဲ့ အမျိုးသမီးငယ်၊ အမျိုးသားကလေးငယ်တွေရဲ့ လုံခြုံမှုကို ခြိမ်းခြောက်နေတယ်လို့ ရခိုင်ပြည်သူအများစုက သဘောထားမှတ်ချက်ပေးကြပါတယ်။
အခုဖြစ်စဉ်နှင့် ပတ်သက်လို့ အာရက္ခတပ်တော်(AA)ရဲ့ ဗဟိုထောက်လှမ်းရေးအဖွဲ့က စုံစမ်းဖော်ထုတ်မှုတွေပြု လုပ်နေဆဲဖြစ်တယ်လို့ တပ်တော်ရဲ့ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
ဒေါ်စန္ဒာဝင်းရဲ့ သားကို ပြစ်မှုကျူးလွန်ခဲ့တဲ့သူကို လွတ်ပေးလိုက်မယ်ဆိုရင် နောက်ထပ်လည်း အခုလိုဖြစ်စဉ်တွေ ကြုံတွေ့လာနိုင်တဲ့အတွက် သူ့သားကိုသတ်ခဲ့သလို နောက်လူတွေလည်း မခံစားရအောင် ပြစ်မှုကျူးလွန်သူကို ပုံစံ ပေးရမယ်လို့ ဒေါ်စန္ဒာဝင်းက အခုလိုတောင်းဆိုခဲ့ပါတယ်။
“ပြည်သူတွေကို နှိပ်စက်ခဲ့တဲ့ ပြစ်မှုကျူးလွန်သူကို အာရက္ခတပ်တော်(AA)က ဘယ်လိုပြစ်ဒဏ်ချမှတ်လဲ ဆိုတာ ကို သူတို့တွေမြင်အောင်၊ ကျမတို့ မိသားစုအသိုင်းအဝိုင်းတွေ မြင်အောင်အကုန်လုံးရှေ့မှာ အမိန့်ချပေးရပါမယ်” လို့ပြောပါတယ်။