Home ဆောင်းပါး အန္တရာယ်ကြားမှာ တရားမျှတမှုကို ရှာဖွေနေရတဲ့ ရှေ့နေအမျိုးသမီးတွေ

အန္တရာယ်ကြားမှာ တရားမျှတမှုကို ရှာဖွေနေရတဲ့ ရှေ့နေအမျိုးသမီးတွေ

လျှန်ကီခမ်း။ ။

စားပွဲခုံတစ်လုံးပေါ်မှာ အသက် ၃၀ အရွယ် အသားခပ်ညိုညို၊ ခန္ဓာကိုယ်ခပ်ပြည့်ပြည့်နဲ့ ရင်ဖုံးအင်္ကျီအဖြူကို သေသပ်စွာ ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက်ဟာ ဘောပင်လေးကိုင်ပြီး စဉ်းစားလိုက် ချ‌ရေးလိုက်နဲ့ အလုပ်ရှုပ်နေပါတယ်။

သူကတော့ ဒေါ်နုနုအေး (အမည်လွှဲ) ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးပုဒ်မနဲ့ တရားစွဲခံရတဲ့ ပြည်သူတွေကို လိုက်လံ ကူညီပေးနေတဲ့ ရှေ့နေတစ်ဦးပဲဖြစ်ပါတယ်။

သူက အာဏာမသိမ်းခင်ကတည်းက ရှေ့နေအလုပ်ဖြင့် အသက်မွေးဝမ်း‌ကျောင်းပြုရင်း တစ်ဖက်မှာလည်း ငွေရေး ကြေး ရေး အခက်အခဲရှိတဲ့ အမှုသည်တွေအတွက် အခမဲ့ရှေ့နေလိုက်ပေးတာ ကူညီပေးတာတွေ လုပ်ခဲ့တာပါ။

၂၀၁၆ ခုနှစ်မှာလည်း ဝါသနာတူရာ သူငယ်ချင်း ရှေ့နေ ၁၀ဦးနဲ့ ပူးပေါင်းပြီး သူနေထိုင်ရာရှမ်းပြည်နယ်မှာ ဥပဒေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ မျှဝေတာ၊ အခမဲ့ရှေ့နေ လိုက်ပေးတာတွေ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီအချိန်က ဆင်းရဲနွမ်းပါးတဲ့ တရားခံတွေ ၊ ကလေး သူငယ်တွေ ၊ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးအမှုတွေကို လိုက်ပါ ကူညီဆောင်ရွက်ခဲ့ပါတယ် ။

အာဏာမသိမ်းခင်မှာ ဒေါ်နုနုအေးတို့ ရှေ့နေ့အဖွဲ့ဟာ အမှုပေါင်း ၈၀ အထိ ကူညီနိုင်ခဲ့ပါတယ်။

၂၀၂၁ မှာတော့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်သူလူထုတွေ လမ်းပေါ်ထွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် ခဲ့ကြပါတယ်။ ဆန္ဒထုတ်ဖော်တာတွေ သုံးလလောက်ကြာလာတဲ့အချိန်မှာ စစ်တပ်က အကြမ်းဖက်ဖြိုခွင်းမှုတွေ၊ ရိုက်နှက် ဖမ်းဆီးထောင်ချတာတွေ ပြုလုပ်ခဲ့တယ်။

ပြည်သူနဲ့ တစ်သားတည်းရပ်တည်ခဲ့တဲ့ ဒေါ်နုနုအေးတို့လည်း အဲ့ဒီအချိန်က ‘ရုံးမတက်နဲ့ ရုန်းထွက်’ ဆိုတဲ့ ကြွေးကြော်သံနဲ့ အတူ အမှုအတွက် “ ရုံးချိန်းပဲ လိုက်တယ် ။ ကျမတို့ ရုံးမတက်ကြဘူး” လို့ ဆိုပါတယ်။

အဲ့ဒီအချိန် တရားစီရင်ရေးဖက်မှာလည်း စစ်ကောင်စီကနေ အာဏာမသိမ်းခင်ကတည်းက စစ်ဆေးတာတွေ မလုပ်နိုင် တော့တဲ့ အမှုတွေ၊ တစ်နှစ် နှစ်နှစ်ထိ ကြန့်ကြာနေတဲ့အမှုတွေ၊ သက်သေမလာနိုင်တော့တဲ့ အမှုတွေ၊ ဆက်မစစ်ဆေးနိုင် တဲ့ အမှုတွေ အကုန်လုံးကို ရုတ်သိမ်းရမယ်လို့ ညွန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။

တစ်ဖက်မှာလည်း အေးချမ်းစွာ ဆန္ဒထုတ်ဖော်ကြတဲ့ ပြည်သူတွေကို စစ်တပ်က မတရားဖမ်းဆီးထောင်ချတာ၊ တရားစွဲ တာ၊ ရိုက်နှက်တာတွေ ပြုလုပ်လာတဲ့အတွက် ထိုသူတွေအတွက် ကူညီဆောင်ရွက်ပေးဖို့ ဒေါ်နုနုအေးတို့ ရှေ့နေတွေဟာ တရားရုံးတွေကို ပြန်လည်တက်ရောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

“ တရားမျှတမှု ရစေချင်တယ် ။ ဒီပြစ်ဒဏ်ကနေ ငြိမ်းချမ်းကင်းလွတ်စေချင်တယ်။ ကျမတို့ ရုံးကိုသွားချင်တဲ့ဆန္ဒ လုံးဝမရှိ ခဲ့ဘူး” လို့ သူက ပြောပါတယ်။

ယခင်က ဆင်းရဲနွမ်းပါးသူ၊ ကလေးသူငယ်၊ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးအမှုတွေ ကူညီပေးခဲ့တဲ့ ဒေါ်နုနုအေးတို့ ရှေ့နေအဖွဲ့ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးချုပ်နှောင်ခံရတဲ့ လူငယ်တွေကိုပါ အရဲ စွန့်ပြီး အခမဲ့ရှေ့နေအဖြစ် လိုက်ပါကူညီဆောင်ရွက်ပေးပါတော့တယ်။

နိုင်ငံရေးအမှုတွေကို ရှေ့နေလိုက် ကူညီဆောင်ရွက်တာဟာ ယခင်က အာဏာမသိမ်းခင်က ကူညီပေးခဲ့တဲ့ အမှုပေါင်း ၈၀ ကျော်နဲ့ လုံးဝမတူဘဲ ခွဲပြားခြားနားတယ်လို့ ဒေါ်နုနုအေးက ဆိုပါတယ်။

ယခင် အာဏာမသိမ်းခင်တုန်းက အမှုလိုက်ရစဉ်မှာ သက်ဆိုင်ရာဌာနတွေ၊ ရဲတွေဟာ စတင်ဖမ်းဆီးတဲ့နေ့ကတည်းက ရှေ့နေငှားခွင့်ပေးတာ၊ ၊ အမှုသည်တွေရဲ့မိဘနဲ့ တွေ့ခွင့်ပေးတာ၊ မိသားစုဝင်ဖက်ကလည်း ရှေ့နေကို ဆက်သွယ်လာပြီး ရှေ့နေက အချုပ်ထဲမှာ အမှုသည်တွေနဲ့ မျက်နှာချင်းဆိုင် လွတ်လပ်စွာတွေ့ဆုံခွင့်ပေးတာ စတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီဆောင်ရွက်ကြပါတယ်။

ဒါ့အပြင် အမှုစစ်တဲ့အချိန်မှာ ကြန့်ကြာမှုနည်းအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘယ်ရက်၊ ဘယ်နေ့၊ ဘယ်အချိန်မှာ ဘယ် အမှုကို စစ်မယ်၊ ဘယ်အမှုတွေကို အပြီးစစ်မယ် မစစ်ဘူးဆိုတာကို အစည်းအဝေး ထိုင်ကြပြီး “ကျမတို့ မှုခင်းကြိုတင် စီမံ ခွန့်ခွဲတဲ့ ကြိုတင်အစီစဉ်ဆွဲတာတွေ ပြုလုပ်ကြတယ်” လို့ ဒေါ်နုနုအေးက ပြောပြပါတယ်။

အချုပ်သားကိုလည်း တစ်ပတ်ကိုတစ်ခါ ရုံးထုတ်ဖြစ်တယ်လို့ သူက ဆက်ဆိုပါတယ်။

ဒါပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ တရားစီရင်ရေး ၊လုပ်ထုံးလုပ်နည်းတွေအားလုံး ကမောက်ကမတွေ ဖြစ်ကုန်ပါတော့တယ်။

နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးခံရတဲ့ မည်သူ့ကိုမဆို ဖမ်းဆီးပြီးတာနဲ့ စစ်ကြောရေးကိုတန်းပို့တာ၊ အမှုသည်တွေကို ဘယ် နေရာမှာ ထားမှန်းမသိရတာ၊ ရှေ့နေတွေကို တွေ့ဆုံလိုက်ပါခွင့်မပေးတာ၊ မှုခင်းကြိုတင်စီမံခန့်ခွဲတာတွေလည်း မရှိတော့ ပါဘူး။

“ ကျမ အမှုသည်တစ်ဦးဆိုရင် (၅၀၅)နဲ့ ဖမ်းတယ်။ တောင်ကြီးက သူ့အိမ်မှာ အဖမ်းခံရတာ။ ဘယ်နေရာမှာရှိလ့ို ရှိမှန်း မသိဘူး။ မိသားစုတွေကိုမေးပြန်လည်းမသိရဘူး။ တောင်ကြီးမှာရှိတဲ့အိမ်မှာဖမ်းတော့လိုက်စုံစမ်းတယ်။ တောင်ကြီး‌ထောင် မှာရှိတယ်ဆိုလို့ သွားကြည့်တယ်မရှိဘူး။ နေ့တိုင်းလိုလို ရဲစခန်းမှာသွားမေးမှ တောင်လေးလုံးမှာ ရှိတယ်ဆိုတာသိရတာ” လို့ ဒေါ်နုနုအေးက သူရဲ့အတွေ့အကြုံကို ပြောပြပါတယ်။

တောင်လေးလုံးကို အမှုစစ်ဖို့ တောင်ကြီးမြို့ကနေ ဆိုင်ကယ်နဲ့ တစ်နာရီ‌ကျော်ကျော်လောက် မောင်းရပါတယ်။ အဝင် မှာလည်း စစ်တပ်က လက်နက်အပြည့်အစုံ ဝတ်ဆင်ထားပြီး ပစ္စည်းတွေပေးမသယ်သလို လာသမျှ ရှေ့နေတွေ အကုန် လုံးကို အဝင်ဝမှာ စာရင်းမှတ်ထားပေးရပါတယ်။ ဖုန်းတွေ၊ ပစ္စည်းတွေကိုလည်း အဝင်ဝမှာ ထားခဲ့ပြီးမှ လမ်း လျှောက်ဝင် ရတာပါ။

အမှုစစ်တဲ့နေရာဟာလည်း ရုံးလိုမျိုးသီးခြားလုပ်ပေးထားတာမျိုးမဟုတ်ဘဲ အားကစားခန်းမ၊ မင်္ဂလာဆောင်ခန်းမလို ၁၃ပေ သာသာ အခန်းလေးဖွဲ့စည်းထားပြီး ပျဉ်ဖြင့်တည်ဆောက်ထားတဲ့ ခပ်နွမ်းနွမ်းအဆောက်အအုံဖြစ်ပါတယ်။

“ ပြိုကျမှာတောင် ကြောက်ရတယ်” လို့ ဒေါ်နုနုအေးက ဆိုတယ်။

အမှုသည်တွေဟာ မိသားစုနဲ့တွေ့ခွင့်မရတာကြောင့် အမှုသည်နဲ့သွားတွေ့တဲ့ အချိန်တိုင်းမှာလည်း အမှုသည်အတွက် အစားအသောက်တွေ၊ ကျန်းမာရေးအခြေအနေတွေ အဆင်ပြေမပြေ စတာတွေကို မေးမြန်းပြီး ဆေး၊ အစားအသောက် လိုအပ်တာတွေရှိရင် မိသားစုတွေကို ပြောပြပြီး ပို့ပေးရတဲ့ဟာလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ကျမတို့က ကြားထဲက ဆက်သွယ်ပေးမယ့် အဆက်အသွယ်တစ်ခုလို ပုံစံမျိုးဖြစ်တယ်”လို့ ‌ဒေါ်နုနုအေးက ဆိုပါတယ်။

အမှုသည်နဲ့ စစ်ဆေးမေးမြန်းစကားပြောတဲ့အချိန်၊ အမှုစစ်တဲ့အချိန်တွေမှာလည်း စစ်ကောင်စီတပ်သားတွေဟာ လက်နက် အပြည့်အစုံနဲ့ အမှုသည်ရဲ့နောက်မှာ ရပ်နေပြီး “ ကျမတို့ဘာပြောတယ် အမှုသည်ဘာပြောတယ်ဆိုတာက အစ နား ထောင်တယ်။ အကုန်လိုက်မှတ်တယ်”လို့ ဒေါ်နုနုအေးက သူ့အတွေ့အကြုံကို ပြောပြပါတယ်။

ဒီလို မျက်စိဒေါက်ထောက် လိုက်ကြည့်၊ လိုက်နားထောင်နေတာတွေကြောင့် အမှုလိုက်တဲ့အခါမှာ အမှုသည်ဆီက အမှန် တရား ပြောထွက်ဖို့ ‌ကြောက်တာတွေ စိုးရိမ်တာတွေ ဖြစ်စေပါတယ်။

ဒါ့အပြင် အမှုသည်နဲ့စကားပြောရင်လည်း မလွတ်လပ်တာကြောင့် စိတ်ထဲ ကသိကအောင့်ဖြစ်ရပြီး “ ကျမအရမ်းစိတ်တို စေတယ်။ လုံးဝမမြင်ချင်ဘူး” လို့ ဒေါ်နုနုအေးက သူခံစားရတာကို ပြောပြတယ်။

ဒီလိုနိုင်ငံရေးအမှုတွေမှာ စစ်ဆေးရတာ တင်းကြပ်တာအပြင် အခြားအမှုတွေ စစ်ရတဲ့အခါမှာလည်း တရားမျှတမှုကို ရဖို့ ခက်ခဲနေပြီး ငွေများတရားနိုင်တဲ့ ပုံစံတွေ ဖြစ်လာတယ်လို့လည်း သူကဆိုပါတယ်။

လောလောလတ်လတ်မှာပဲ ဒေါ်နုနုအေး ကူညီပေးခဲ့တဲ့ အေးသာယာမြို့၊ လမ်းမပေါ်မှာရန်ဖြစ်ပြီး ဗိုက်ကိုဓားနဲ့အထိုးခံရတဲ့ အမှုဆိုရင် “ ထိုးတဲ့ကောင်က အာမခံရတဲ့အမှုနဲ့စွဲပြီး မဖမ်းဘဲလွတ်ထားတယ်။ ထိုးခံရတဲ့ကောင်ကျတော့ ချုပ်နှောင်ခံရ တယ်။ ရန်ဖြစ်မှု၊ လမ်းပေါ်မှာအော်ဆဲမှု၊ ပုဒ်မအမျိုးမျိုးနဲ့ အာမခံမရတဲ့အမှုနဲ့ စွဲတာမျိုးတွေ လုပ်ပစ်လိုက်တယ်” လို့ ပြောပြ ပါတယ်။

ဒါ့အပြင် “ ပိုက်ဆံဘယ်လောက်ပေးရင် ဘယ်ပုဒ်မတွေကို ဖြုတ်‌ပေးမယ်ဆိုပြီးတောင်းတော့ အမှုသည်လည်း ငါးသိန်းပေး လိုက်ရသေးတယ်” လို့ ဒေါ်နုနုအေးက ဆိုပါတယ်။

တစ်ချို့အမှုတွေဆိုရင် တစ်နှစ်နဲ့သာစွဲချက်တင်နိုင်ပေမယ့် ထောင်သုံးလေးနှစ်လောက်ကျအောင် တမင်ပုဒ်မတွေကို ပြောင်းပြီးတော့ စွဲချက်တင်လိုက်တာလည်း ရှိနေပါတယ်။

“ ရဲတွေကလည်း လဘ်လာဘ တောင်းတာလည်း ပိုဆိုးလာတယ်” လို့ သူက ဆိုတယ်။

တစ်ချို့ဆို ပုဒ်မတစ်ခု ဖြုတ်ပေးမယ်ဆိုပြီး ငွေကို သိန်း ၁၀ ဂဏန်းထိ တောင်းတာမျိုးတွေလည်း ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။ ဘယ်လောက်ထိ ဆိုးရွားလည်းဆိုရင် တရားခံက သူ့ကိုအမှုစွဲမယ့် အမှုတွဲစာရွက်စာတမ်းကြေး အတွက်ပါ ပေးရတဲ့အထိ အတော်ကို ဆိုးရွားတယ်လို့ ဒေါ်နုနုအေးက ပြောပါတယ်။

နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံရတဲ့သူတွေဆိုရင်လည်း မည်သူမဆို အမှုမှန်ပေါ်ပေါက်သည်ဖြစ်စေ မပေါ်ပေါက်သည်ဖြစ်စေ နိုင်ငံရေးပြစ်မှုနဲ့ အဖမ်းခံရတဲ့သူတွေ အကုန်လုံးကို ပြစ်ဒဏ်ကို ချကိုချရမယ်လို့ တရားသူကြီးတွေကို အမိန့်ပေးထားတာ တွေကိုလည်း ကြားသိနေရတယ်လို့ ဒေါ်နုနုအေးက ပြောပြပါတယ်။

ဒေါ်နုနုအေးဟာ အာဏာသိမ်းပြီးကတည်းက လက်ရှိအချိန်ထိ အခက်အခဲတွေ စိန်ခေါ်မှုတွေကြားထဲက နိုင်ငံရေးပုဒ်မနဲ့ တရားစွဲခံထိတဲ့ လူငယ်တွေကို အခမဲ့ရှေ့နေအဖြစ် လိုက်ပါကူညီဆောင်ရွက်လာတာမှာ ပြီးမြောက်သွားတဲ့အမှု ငါးမှုရှိပြီး လက်ရှိ တရားရင်ဆိုင်နေဆဲ အမှုတစ်ခုနဲ့ဆိုလျှင် ခြောက်မှုအထိ ရှိလာပြီးလည်း ဖြစ်ပါတယ်။

ဒီလို နိုင်ငံရေးပုဒ်မတွေကို လိုက်ပါကူညီနေရတာဟာ သူ့အတွက်တော့ မလွယ်ကူလှပါဘူး။

နိုင်ငံရေးပုဒ်မနဲ့ တရားရင်ဆိုင်ရပြီးမှ ပြန်လွတ်လာတဲ့ အမှုသည်တွေကိုလည်း နယ်မြေရဲစခန်းက ခေါ်ပြီးတော့ “ဘယ်သူက ကူညီတာလဲ၊ ဘယ်လိုတွေလုပ်ပေးတာလဲ”ဆိုတဲ့ အချက်အလက်တွေ ယူထားပြီး ခံဝန်ထိုးခိုင်းတာရှိပါတယ်။

ဒါကြောင့် အလုပ်လုပ်တဲ့အခါ သတိထားပြီး ဆောင်ရွက်နေရတယ်လို့ ဒေါ်နုနုအေးက ပြောပါတယ်။ လက်ရှိအချိန်ထိ CDM ဝင်ထားတဲ့ ရှေ့နေတွေ၊ နိုင်ငံရေးနဲ့ပတ်သက်တဲ့သူတွေကို စစ်တပ်က လိုက်လံဖမ်းဆီးနေတာကြောင့် မိမိရဲ့ သွား ရေး လာရေးလုံခြုံရေးနဲ့ မိသားစုလုံခြုံရေးကိုလည်း စိုးရိမ်နေရပါတယ်။

တောင်ကြီးမြို့ကနေ အမှုစစ်ဖို့ တောင်လေးလုံးကိုသွားတဲ့ ခရီးလမ်းမှာလည်း စစ်တပ်က လက်နက်အပြည့်အစုံနဲ့ ဘယ် သွားမှာလဲ၊ ဘယ်ကနေလာလဲဆိုကာ ဆိုင်ကယ်ပေါ်ကနေ ဆင်းခိုင်းပြီး စစ်ဆေးမြန်းတာတွေကြောင့် တစ်ခါတစ်လေ မမြင်ချင်၊ မသွားမလာချင်တော့တဲ့အထိ စိတ်ပျက်မိတယ်လို့ ဒေါ်နုနုအေးက ပြောပြပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလထဲမှာလည်း စစ်တပ်က ဝတ်စုံအပြည့်၊ လက်နက်အပြည့်နဲ့ မိသားစုလေးယောက်ရှိတဲ့ ဒေါ်နု‌နုအေး တို့နေအိမ်ကို ညအချိန်ရောက်လာပြီး “ ဒီအိမ်မှာ နိုင်ငံရေးနဲ့ ပက်သက်ပြီး လုပ်တာရှိလား” ဆိုပြီး မေးမြန်းတာတွေလည်း ကြုံခဲ့ရပါတယ်။

ဒေါ်နုနုအေးက ရှေ့နေပါလို့ ပြန်ဖြေတဲ့အခါ ‘ရှေ့နေကတ်ရှိလား ဘယ်ဌာနကလဲ’ စတဲ့ဟာ‌တွေကို ရစ်ပြီး စစ်ဆေးမေးမြန်း တာလည်း ကြုံခဲ့ရပါတယ်။

ဒေါ်နု‌နုအေးတို့ဟာ နွေဦးတော်လှန်ရေးမှာ CDM ဝင်ထားတဲ့ တခြားရှေ့နေတွေလို မဟုတ်ပေမယ့် တစ်ဖက် တစ်လမ်း ကနေ ပြည်သူတွေနဲ့အတူ ဘယ်နေရာကနေ ပါဝင်လို့ရလဲဆိုတာကို အမြဲစောင့်ကြည့်ဖြစ်ပြီး ရရာနေရာကနေ ပါဝင်ဖို့ အမြဲကြိုးစားနေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း တရားရေးဟာ ယခင်လုပ်ထုံးလုပ်နည်းနဲ့မလုပ်တာ၊ လဘ်စားတာတွေကြောင့် ရုံးကို မသွားချင်၊ မမြင်ချင်တော့လောက်အောင် မုန်းတီးနေခဲ့ပေမယ့် အခက်အခဲ၊ စိန်ခေါ်မှုတွေကြားထဲက အမှန်တရားဖက်ကို ရပ်တည် နေတဲ့ လူငယ်တွေနဲ့အတူ ဘယ်လိုအခက်အခဲ ရှိနေပါစေ အဆုံးထိ ကူညီသွားမယ်လို့ သူကဆုံးဖြတ်ထားပါတယ်။

ဒါကြောင့် “ အာဏာရှင်ကြီး ပြုတ်ကျတဲ့ထိတော့ ဆက်လုပ်နေဦးမှာပါ။ နောက်ထပ်တက်လာမယ့် အစိုးရလည်း ဒါမျိုးတွေ ရှိလာမယ်ဆိုရင်လည်း ထပ်ပြီး ဆက်လုပ်နေဦးမယ်” လို့ ဒေါ်နုနုအေးဆိုပါတော့တယ်။

Author:

Related Articles