Home ဆောင်းပါး ဒေသခံတောင်သူအမျိုးသမီးကြီးတွေကို အလုပ်နဲ့ ဝင်ငွေဖန်တီးပေးတဲ့မစိမ်းနုလွင်

ဒေသခံတောင်သူအမျိုးသမီးကြီးတွေကို အလုပ်နဲ့ ဝင်ငွေဖန်တီးပေးတဲ့မစိမ်းနုလွင်

ရှင်ငြိမ်း

မော်လူးဒေသရဲ့ဆောင်းနံနက်ခင်းဟာ သာမာန်ထက်ပိုလို့အေးမြနေပါတယ်။ အေးစိမ့်တဲ့ဒဏ်ကိုကာကွယ်ဖို့ နေပူစာ လှုံနေ ကြတဲ့ အမျိုးသမီးတစ်စုရဲ့လက်ထဲမှာလည်း ဝါးနှီးတွေကိုင်ကာ တစ်စုံတစ်ခုကိုရက်လုပ်နေဟန်ရှိပါတယ်။

သူတို့ရက်လုပ်နေတဲ့ခြံဝင်းထဲ ဖြူဖြူသွယ်သွယ်နဲ့ အသက် ၃၀ အရွယ် အမျိုးသမီးလေးတစ်ဦးဝင်လာတာမြင်လိုက်တော့ အားလုံးရဲ့မျက်နှာတွေဟာ ဝင်းလက်သွားသလို မျှော်လင့်ချက်ကြီးတဲ့မျက်လုံးအစုံနဲ့ ကြိုဆိုလိုက်ပါတယ်။

အပြုံးချိုချိုလေးနဲ့ ဝင်လာတဲ့မစိမ်းနုလွင်လို့ခေါ်တဲ့ ဒီအမျိုးသမီးလေးရောက်ရင်ပဲ ရွာထဲက အမျိုးသမီးကြီးတွေဟာသူတို့ ရက်လုပ်ထားတဲ့ဝါးပစ္စည်းလေးကို ကိုင်ကာ နေအိမ်တွေကနေ အလျိုအလျိုနဲ့ ဝမ်းသာအားရထွက်လာကြပါတယ်။

သူတို့ယူလာတဲ့ဝါးပစ္စည်းလေးတွေရဲ့တန်ဖိုးကို မစိမ်းနုလွင်က ငွေရှင်းပေးပြီးတဲ့နောက်မှာတော့ ပြုံးပျော်ကာ နေအိမ်ကိုပြန် သွားတဲ့မြင်ကွင်းဟာ မြင်ရသူအဖို့ စိတ်ကြည်နှုးစရာပါပဲ။

ဒေသခံအမျိုးသမီးကြီးများ၏ ဝါးလက်မှုပစ္စည်းများ 

အသက် ၃၁ နှစ်အရွယ်ရှိတဲ့မစိမ်းနုလွင်ဟာ မိုးရာသီကလွှဲလို့ ကျန်တဲ့ရာသီတွေမှာ အလုပ်မရှိကြတဲ့ဒေသခံတောင်သူ အမျိုး သမီးကြီးတွေကို ဝါးလက်မှုပညာနဲ့ ဝင်ငွေရအောင် ဖန်တီးရောင်းပေးနေသူဖြစ်ပါတယ်။

“ သူတို့အလုပ်မရှိတဲ့အချိန်မှာ သူတို့တတ်တဲ့ပညာနဲ့ ဝင်ငွေရစေဖို့ ရည်ရွယ်တယ်။ အစစအရာရာခက်ခဲနေတဲ့ကာလမှာ မီးဖို ချောင်စရိတ်ရတော့ အိမ်ရှင်မတွေပျော်တာပေါ့။ ဒီအမျိုးသမီးကြီးတွေရဲ့ပျော်ရွင်မှုကလည်း ကျမရဲ့ပီတိပါပဲ။”လို့ မစိမ်းနုလွင် က ပြောပါတယ်။

မစိမ်းနုလွင်ဟာ လူမူကွန်ရက်စာမျက်နှာ(Facebook)မှာ “April ဒေသထွက်ကုန်ရောင်းဝယ်ရေး”အမည်နဲ့ Page တစ်ခု ထောင် ထားပြီး ဒီအမျိုးသမီးကြီးတွေရဲ့ဝါးလက်မှုထုတ်ကုန်တွေကို ရောင်းချကာ ဝင်ငွေဖန်တီးပေးနေတာဖြစ်တယ်။

အခုဆိုရင် သူတို့ရဲ့ထုတ်လုပ်နိုင်တဲ့အင်အားနဲ့ လှပသေသပ်လှတဲ့လက်ရာတွေကြောင့် အမျိုးသမီးကြီးတွေရဲ့ထုတ်ကုန်တွေ ဟာ မြန်မာပြည်အနှံကို ပို့ဆောင်ပေးနိုင်လို့ ဝင်ငွေတိုးလို့နေပါပြီ။

ဒီထဲက တောင်သူအမျိုးသမီးတစ်ဦးဖြစ်တဲ့အသက် ၇၁ နှစ်အရွယ်ဒေါ်ဝင်းမာက “ဒါနဲ့ဝင်ငွေရတယ်ဆိုတာမသိဘူး။ ခုလို ကိုယ့် အင်အားနဲ့ငွေရတော့ အများကြီးပျော်တယ်။ စားချင်တာလည်းစားနိုင်တယ်။ မြေးတွေလည်းမုန့်ဖိုးပေးနိုင်ပြီ။”လို့ ဝမ်းသာ အားရ ပြောပါတယ်။

အိမ်ထောင်ရှင်မတစ်ဦးဖြစ်တဲ့ဒေါ်မြင့်ဌေးကလည်း ဒီအလုပ်ကနေ မီးဖိုချောင်စရိတ်ရလို့ လွန်စွာမှပျော်ရွင်ရတယ်လို့ ဆိုပါ တယ်။

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ မော်လူးဒေသမှာ အလေ့ကျပေါက်နေတဲ့ ဝါးပင်တွေကတော့ သူတို့အတွက် သဘာဝကပေးတဲ့ လက်ဆောင်တစ်ခုဖြစ်တယ်။

ဒေသထွက်ဝါးနဲ့ အနုစိပ်ရက်လုပ်ရတဲ့ပလိုင်းတွေ၊ တောင်းစတဲ့အသုံးအဆောင်ပစ္စည်းတွေကို စပါးစိုက်တောင်သူအမျိုး သမီး ကြီးတွေက လှပသေသပ်စွာယက်လုပ်နိုင်ကြတဲ့ အံမခန်းလက်မှုပညာရှင်တွေပါ။

အခုလိုပလိုင်းတွေ၊ တောင်းတွေ ရက်တတ်တာကလည်း ဘိုးဘွားအစဉ်အဆက်ကတည်းက အမျိုးသမီးတိုင်းလက်ဆင့်ကမ်း လာခဲ့တဲ့လက်မှုပညာတစ်ခုဖြစ်လို့ အိမ်တိုင်းနီးပါးရက်လုပ်သုံးစွဲနေကြတာဖြစ်တယ်။

ဒါကိုအမြဲမြင်နေရတဲ့အသက် ၁၀ နှစ်အရွယ်ကလေးငယ်တောင် ပလိုင်းတစ်လုံးကို ကောင်းကောင်းရက်လုပ်နိုင်နေပြီဖြစ် တယ်။ မစိမ်းနုလွင်ရဲ့မိခင်ဆိုလည်း တောင်သူတစ်ယောက်ဖြစ်ပေမယ့် ကြိမ်ခေါင်းအုံးကို ပိုင်နိုင်စွာရက်လုပ်နိုင်တဲ့သူပါ။

ဒါပေမဲ့ သူတို့ယက်လုပ်တဲ့တောင်းတွေ၊ ပလိုင်းတွေကို စီးပွားဖြစ်ရောင်းချတာမရှိသလို လက်မှုပညာနဲ့ အသက်မွေးဝမ်း ကျောင်းပြုသူရယ်လို့လည်း သီးခြားမရှိပါဘူး။ အိမ်သုံးဖို့လောက်ပဲ သူတို့ရက်လုပ်ကြတာဖြစ်တယ်။

ဒေသခံအမျိုးသမီးကြီးတွေရဲ့ အဓိကအသက်မွေးဝမ်းကျောင်းလုပ်ငန်းကတော့ စပါးနဲ့မြေပဲစိုက်ပျိုးကြတဲ့တောင်သူတွေပါ။ မိုးရာသီကုန်ပြီဆိုရင် အလုပ်မရှိကြတော့တဲ့သူတို့တွေဟာ တောင်ပေါ်မှာဟင်းစားသွားရှာရင်ထည့်ဖို့အတွက် လှပတဲ့ပလိုင်း လေးတွေ ရက်လုပ်လေ့ရှိပါတယ်။

ဒီအတွက်ကြောင့် မော်လူးဒေသ ဝါးပစ္စည်းလေးတွေ လူသိနည်းခဲ့သလို ဈေးကွက်ပေါ်လည်းရောက်မလာခဲ့ပါဘူး။ အဲ့ဒီ အချိန် က မစိမ်းနုလွင်လည်း ကျန်းမာရေးဌာနမှာ ကြီးကြပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့အချိန်ဖြစ်တယ်။

၂၀၂၁ ခုနှစ်၊ စစ်တပ်က အာဏာသိမ်းလိုက်တော့ ကျန်းမာရေးဝန်ထမ်းတွေက ပထမဆုံးအကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)လှုပ်ရှားမှုလုပ်ကြရာမှာ မစိမ်းနုလွင်လည်းပါဝင်ခဲ့ပါတယ်။

လုပ်သက် ငါးနှစ်ရှိတဲ့အချိန်မှာ CDM ဝင်လိုက်တော့ အလုပ်လက်မဲ့ဖြစ်သွားတဲ့အခါ မိဘတွေရဲ့တောင်ယာအလုပ်မှာလည်း ဝင်လုပ်ဖို့အားမသန်ဘဲ ဒေသထွက်ပစ္စည်းတွေကို အွန်လိုင်းကနေ ဈေးရောင်းဖို့သာဆန္ဒရှိနေခဲ့တာဖြစ်တယ်။

“ ကျမလည်း ဒီလက်မှုပညာကိုချစ်တယ်။ အလုပ်အကိုင်ရှားပါးတဲ့အချိန်မှာ သူတို့ကိုအလုပ်ရစေချင်တယ်။ အဓိကကတော့ ဒေသခံအမျိုးသမီးတွေကို ဝင်ငွေပိုရစေချင်တာ။”လို့ မစိမ်းနုလွင်က သူ့ရည်ရွယ်ချက်ကို ဖွင့်ဟပါတယ်။

ဒါနဲ့ရွာထဲလျှောက်ကြည့်ရင်း အမျိုးသမီးတွေ ပလိုင်းတွေရက်နေတာကိုတွေ့ရတာနဲ့ နမူနာပုံစံ ၁၀ မျိုး စမ်းလုပ်ခိုင်းခဲ့ရာမှ ဝါး လက်မှုပစ္စည်းတွေရောင်းဖို့ ဖြစ်လာခဲ့တယ်။

ကံကောင်းချင်တော့ သူတို့လက်ရာပစ္စည်းတွေဟာ တထိုင်ထဲရောင်းရတဲ့အပြင် အော်ဒါအများအပြားပါလက်ခံရရှိခဲ့တယ်။

“ဒီအမျိုးသမီးတွေရဲ့လက်ရာက အရမ်းလှပြီး အသေးစိတ်ကျတော့ လူတွေက ကြိုက်ကြတယ်။ ဘယ်လိုပုံစံတွေလုပ်ခိုင်း၊ ခိုင်း သူတို့လုပ်နိုင်ကြတယ်။ တကယ်တော်တဲ့အမျိုးသမီးကြီးတွေပါ။”လို့ သူက မှတ်ချက်ပြုပါတယ်။

ဒီအမျိုးသမီးတွေရက်လုပ်တဲ့ပစ္စည်းတွေက လှပလွန်းတာကြောင့် တခါတရံ မရောင်းချင်လောက်အောင် ဖြစ်ခဲ့ရတဲ့အထိပါပဲ။ ယခင်က တောင်သူအမျိုးသမီးကြီးတွေကို ပလိုင်း၊ ခြင်းရက်တာလောက်ပဲ ရက်လုပ်နိုင်တယ်လို့ မစိမ်းနုလွင်က ထင်မှတ်ခဲ့ တာဖြစ်တယ်။

ဒါကြောင့် သူတို့တွေ ဝါးလက်မှုပစ္စည်းကို ဘယ်လိုပုံစံမျိုးနဲ့ထုတ်လုပ်နိုင်သေးလဲလို့ စမ်းသပ်တဲ့အနေနဲ့ ဒီဇိုင်းပြလုပ်ခိုင်းတဲ့ အခါ မထင်မှတ်ထားလောက်အောင် အများအပြားထုတ်လုပ်နိုင်တာကို သိခဲ့ရတယ်လို့ မစိမ်းနုလွင်က ပြောပါတယ်။

အခုလိုဒေသထွက်တွေ အကုန်ရောင်းလိုက်ရတာက တောင်သူအမျိုးသမီးကြီးတွေအတွက် အထောက်အကူများစွာဖြစ်ခဲ့ပြီး ဝင်ငွေ ရသလို ယခုထိလည်း အလုပ်နဲ့ လက်နဲ့မပြတ်လုပ်ကိုင်နေကြရတာဖြစ်တယ်။

နောက်ပိုင်း အော်ဒါတွေမှာယူမှုများပြားလာတာကြောင့် CDM လုပ်ပြီး ခြောက်လအကြာမှာ လုပ်ငန်းတိုးချဲ့ဖို့အတွက် စစ်ကိုင်း- မြစ်ကြီးနားသွားတဲ့လမ်းမကြီးပေါ်မှာ ဒေသထွက်လက်မှုပစ္စည်းရောင်းတဲ့ဆိုင်လေးဖွင့်ဖြစ်ခဲ့ပါတယ်။

ဆိုင်မှာ သော့ချိတ်လို သေးငယ်တဲ့ပစ္စည်းတွေအပြင် အရိုးမှာ တိရိစ္ဆာန်ပုံစံမျိုးစုံနဲ့ပြုလုပ်ထားတဲ့လေးခွ၊ ဓါးစတာတွေအပြင် ပက်လက်ကုလားထိုင်လို့ အကြီးစားခုံတွေထိ အမျိုးအစားပေါင်း ၁၀၀ ကျော်ထုတ်လုပ်ရောင်းချနေတာဖြစ်တယ်။

ဒီဇိုင်းတွေကတော့ အွန်လိုင်းက ပုံတွေရှာပြီး ဒေသနဲ့ကိုက်ညီမယ့်ပုံစံ၊ အသုံးပြုလို့ရမယ့်ပုံသဏ္ဍန်ဖြစ်အောင်ဖန်တီးထုတ် လုပ် နေတာဖြစ်ပါတယ်။ ဒါတွေကိုတော့ မစိမ်းနုလွင်က အမြဲတမ်းအချိန်ပေးဆောင်ရွက်လေ့ရှိပါတယ်။

ပလိုင်းတွေကတော့ မြစ်ကြီးနား၊ ဗန်းမော်၊ လားရှိုး၊ မိုးကုတ်စတဲ့မြို့နယ်တွေ အမြောက်အများပုံမှန်မှာယူနေပြီး တခြား ဖျာတို့၊ ခမောက်တို့စတဲ့အသုံးအဆောင်ပစ္စည်းတွေကိုတော့ ရန်ကုန်မြို့အပါအဝင်မြန်မာပြည်အနှံပို့ဆောင်ပေးနေရတာပါ။

ဒါ့အပြင် ကျိုက်ထီးရိုးတို့၊ ရွှေစာရံလို ဘုရားပွဲတွေမှာလည်း ပြန်ရောင်းဖို့အတွက် ပစ္စည်းမျိုးစုံမှာယူတာမျိုးလည်းရှိသလို ရန် ကုန်က ချည်ထည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေကလည်း ပါကင်ထုတ်ပိုးဖို့အတွက် အမြဲမှာယူလေ့ရှိတယ်လို့ ဆိုပါတယ်။

ရောင်းတဲ့ပစ္စည်းရဲ့တန်ဖိုးကလည်း ၈၀၀ ကျပ်ကနေ တစ်သိန်းမပြည့်တဲ့ဈေးနဲ့ ရောင်းချပြီး ဈေးကလည်းသင့်တင့်တာကြောင့် အော်ဒါတခါပို့ရင် အနည်းဆုံးငွေကျပ် ၁၀ သိန်းဖိုးလောက်ပို့ရတယ်လို့ မစိမ်းနုလွင်က ပြောပါတယ်။

ယခင်က ဒေသထွက်ကုန်တွေကို အခုလိုရောင်းရမှန်းမသိပေမယ့် မစိမ်းနုလွင်တို့ ရောင်းအားကောင်းလာတော့ သူတို့ နည်းတူ ဒေသထွက်ကုန်ရောင်းလာသူတွေ အများအပြားရှိလာခဲ့ပါတယ်။

ဒီလိုရောင်းချသူတွေများပြားလာတာကြောင့် တောင်သူအမျိုးသမီးကြီးတွေမှာ အလုပ်အကိုင်အပြင် ဝင်ငွေပါတိုးလာခဲ့ပါတယ်။

လက်မှုပညာဆိုတာက စက်ကရိယာမပါဘဲလုပ်ရတဲ့လုပ်ငန်းတစ်ခုဖြစ်ပြီး လူရဲ့အင်အားကို စိုက်ထုတ်လုပ်ဆောင်ရတာကြောင့် လွယ်တဲ့အလုပ်တော့မဟုတ်ပါဘူး။

ဒီဝါးလက်မှုပညာဆိုလည်း အရိုင်းခုတ်လာတဲ့ဝါးတွေကို နှီးဖြစ်အောင်ထိ အသေးစိတ်ရက်ဖြာရတဲ့အလုပ်ကို  တစ်ရက် သို့ မဟုတ် နှစ်ရက်လောက်အထိ အချိန်ယူလုပ်ဆောင်ကြရလို့ အချိန်ကြာပါတယ်။

နှီးဖြစ်ပြီဆိုတော့မှ အမျိုးသမီးတွေက မှာယူတဲ့ပုံစံတွေကို သူတို့စိတ်ကူးနဲ့ရက်လုပ်ကြတာဖြစ်တယ်။ အခုလိုရက်လုပ်တဲ့အခါ အားစိုက်ကာ အသေးစိတ်လုပ်ဆောင်ရတာကြောင့် အများစုက အကြောတက်တာ၊ အထိုင်များလို့ ခါးနာတာစတဲ့ ဝေဒနာလည်း ခံစားရလို့ အသက်ကြီးပိုင်းတွေဆိုလုပ်ဖို့ အဆင်မပြေပါဘူး။

သို့ပေမဲ့ မော်လူးဒေသက အသက်ကြီးပိုင်းအမျိုးသမီးတွေကတော့ အခုလိုအလုပ်ရှိနေတာက သူတို့ရဲ့စိတ်ကို ကျန်းမာစေသလို အထီးကျန်မှုကိုလည်း ပြေပျောက်စေတာကြောင့် လုပ်ရတာပျော်တယ်လို့ ဆိုပါတယ်။

ဒီအမျိုးသမီးကြီးတွေ ဝါးရက်လုပ်ဖို့ ခင်ပွန်းသည် တောင်သူဦးကြီးတွေက တောထဲဝင်ပြီး ဝါးခုတ်ကူပေးတာရှိသလို အမျိုးသမီး တချို့ကတော့ ကိုယ်တိုင်သွားခုတ်ကြတာတွေလည်းရှိနေတာဖြစ်တယ်။

အစပိုင်းမှာ ဒီလက်မှုပညာကို အမျိုးသမီးတွေက လုပ်ကြပေမယ့် နောက်ပိုင်းရောင်းအားကောင်းလာတာနဲ့အတူ အမျိုးသားတွေပါ ဝင်ရောက်လုပ်ကိုင်လာတာကြောင့် နေ့စဉ်ဝင်ငွေတိုးနေပါတယ်။

မော်လူးဒေသက တောင်သူတွေဟာ ပလတ်စတစ်အစားထိုး ဝါးထုတ်ကုန်ပစ္စည်းတွေကို ကိုယ်တိုင်ရက်လုပ်သုံးစွဲတာကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီးသားလည်းရောက်ပါတယ်။

ဒါ့အပြင် မစိမ်းနုလွင်ဟာ ရွာထဲက အမျိုးသမီးတွေကို အလုပ်အကိုင်ပေးချင်တာကြောင့် ရှေ့ဆက်ပြီးတော့လည်း ဒီဇိုင်း အသစ် အဆန်းတွေထုတ်နိုင်ဖို့ လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။

ဒီအလုပ်က မစိမ်းနုလွင်အတွက် အမြတ်ငွေသိပ်မကျန်ပေမယ့် အချိန်အားလပ်နေတဲ့တောင်သူအမျိုးသမီးကြီးတွေကို အလုပ် အကိုင်တွေပေးနိုင်လို့ ဝမ်းသာရတဲ့အကြောင်းကို အခုလိုဖွင့်ဟပြောဆိုနေပါတယ်။

“ အဓိကက သူတို့ကို အလုပ်ပေးနိုင်ပြီး နေ့တိုင်းဝင်ငွေရကြတယ်။ အဆင်ပြေသွားတယ်ဆိုရင် ကျမကျေနပ်ပီတိဖြစ်ရပါ တယ်။ ဒေသရဲ့ထွက်ကုန်တွေကို ထုတ်လုပ်ခွင့်ရတာကိုပဲ ကျေးဇူးတင်နေတာပါ။”

Author:

Related Articles