Home သတင်း ငလျင်ကြောင့် အိုးဘိုထောင်မှ အမျိုးသမီးနှစ်ဦးသေဆုံးသွားကြောင်း PPNM အတည်ပြု

ငလျင်ကြောင့် အိုးဘိုထောင်မှ အမျိုးသမီးနှစ်ဦးသေဆုံးသွားကြောင်း PPNM အတည်ပြု

သတင်းတို

မန္တလေးမြို့အိုးဘိုအကျဉ်းထောင်မှာ ငလျင်ကြောင့် အမျိုးသမီးအဆောင် (၁ ) နဲ့ (၂ ) ပြိုကျလို့ အနည်းဆုံး အမျိုးသမီးနှစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ဆယ်ဦးခန့် ရှိကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ဧပြီလ ၁ ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။

အမျိုးသမီးနှစ်ဦးအပြင် အမျိုးသားဆောင်အလုပ်ရုံလည်း ပြိုကျကာ အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ကျား၊ မအတည်ပြုဖို့ ခက်ခဲတဲ့ အခြားသောဂျန်ဒါတစ်ဦးလည်း သေဆုံးခဲ့ကာ စုစုပေါင်း လေးဦးသေဆုံးကြောင်း PPNM က အတည်ပြု ထုတ်ပြန် ထားတာဖြစ်ပါတယ်။

“သေဆုံးတဲ့အမျိုးသမီးတွေဟာ နိုင်ငံရေးအကျဉ်းသူလား။ ထောင်ဝန်ထမ်းလားဆိုတာတော့ ခွဲခြားအတည်မပြုနိုင်သေးဘူး” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါ တယ်။

အိုးဘိုအကျဉ်းထောင်ဟာ ဆွေးမြေ့နေပြီး ပြိုကျလုဆဲဆဲအနေအထားမှာ ပြင်းထန်တဲ့ငလျင်လှုပ်ခတ်မှုကြောင့် အဆောင်တွေ ကြားမှာ ကာရံထားတဲ့ အုတ်ရိုးတွေပြိုကျကာ အခုလိုသေဆုံးမှုဖြစ်ခဲ့တာပါ။ 

 “လက်ရှိမှာသတင်းအမှောင်ချခံထားရဖြစ်လို့ အကျဉ်းသားတွေ ဘယ်လောက်ထိခိုက်သွား တယ်ဆိုတာမသိရသေးဘူး။ နောက်ထပ်လည်း သေဆုံးသူတွေရှိပေမယ့် ကျနော်တို့ နာမည်နဲ့တကွ စုံစမ်းနေဆဲပါ”လို့ PPNMမှ ကိုသိုက်ထွန်းဦးကပြောပါ တယ်။

သေဆုံးခဲ့သူ (၈)ဦး ရဲ့အချက်အလက်အပါအဝင် သေဆုံးသူ စုစုပေါင်း (၁၂) ဦးအထိ ငလျင်ကြောင့် သေဆုံးကြောင်းကနဦး သိရှိထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှ တာဝန်ခံဇူးဇူးမေယွန်းကလည်း လက်ရှိအိုးဘိုအကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေ ပိတ်မိနေတာရှိနေတဲ့အတွက် သေဆုံးထိခိုက်မှုစာရင်းကို စုံစမ်းနေဆဲလို့ဆိုပါတယ်။ 

စစ်ကောင်စီက ငလျင်ကြောင့် သေဆုံးသူ ၂၀၅၆ ဦး၊ ဒဏ်ရာရရှိသူ ၃၉၀၀ ဦးနဲ့ ပျောက်ဆုံးနေသူ ၃၀၀ ကျော်ရှိတယ်လို့ ထုတ် ပြန်ထားပေမယ့် အိုးဘိုထောင်ရဲ့ အခြေအနေကိုတော့ ထုတ်ပြန်တာမတွေ့ရသေးပါဘူး။

အကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ သတင်းတွေအမှောင်ချထားမှုအပေါ်မှာ အကျဉ်းသားမိသားစုဝင်တွေကလည်း စိုးရိမ်မှုရှိနေ တာဖြစ်ပါတယ်။ 

“အိုးဘိုထောင်မှာ အောက်ခြေတိုင်တချို့ကတော်တော်ကို အခြေအနေဆိုးနေပြီ။ ကွဲအက်ပျက်စီးနေတာ။ ခုငလျင်လှုပ်တာ အကျဉ်းသားတွေ နေ့လယ်တန်းပိတ်ချိန် လှုပ်တာဆိုတော့ စိုးရိမ်စရာပဲ။ တိုက်ပိတ်ဆောင်ဆိုရင် အရမ်းအန္တရာယ်များတယ်” လို့ မကြာသေးမီက လွတ်ငြိမ်းနဲ့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးကဆိုပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် သူတို့ကိုဆန့်ကျင်တဲ့ ဆရာဝန်တွေ၊ ရှေ့နေတွေ၊ ကျောင်းသားကျောင်းသူတွေ၊ ဆရာ ဆရာမတွေ၊ ရဟန်းသံဃာတော်တွေနဲ့ NLD ပါတီဝင်တွေအပါအဝင် ထောင်နဲ့ ချီတဲ့ဒေသခံတွေကို ဖမ်းဆီးထိန်းသိမ်းထား တာဖြစ်ပါတယ်။

အိုးဘိုထောင်မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ သွေးကင်ဆာဝေဒနာရှင် ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၊ NLD နာယက ဦး ဝင်းထိန်၊ တိုင်းလျှပ်စစ်ဝန်ကြီး ဦးဇာနည်အောင်နဲ့ ဗစ်တိုးရီးယားအမှုရှေ့နေဒေါ်ရွက်နုအောင်၊ ဆိုင်းဆရာစိန်ဒူးဝါးစတဲ့ ထင် ရှားသူတွေလည်း ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

လက်ရှိမှာ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ ၇၈၈ ဦး အပါအဝင် အကျဉ်းသား စုစုပေါင်း ၄၄၁၆ ဦး ဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ထုတ်ပြန်ထားတဲ့စာရင်းအရ သိရပါတယ်။

Author:

Related Articles