Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဒီဇင်ဘာ ၂၅ ရက်နေ့ ၃၁ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI ကစု စည်းဖော်ပြလိုက်ပါတယ်

  • နတ်သံကွင်းတိုက်ပွဲမှာ အမျိုးသမီးနဲ့ကလေးငယ်တွေအပါအဝင် အရပ်သားရှစ်ဦးသေဆုံး

ပဲခူးတိုင်းကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့အနီးတစ်ဝိုက်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း အမျိုးသမီးနဲ့ကလေးငယ်တွေ အပါအဝင် အရပ်သားရှစ်ဦးသေဆုံးခဲ့တယ်လို့ စစ်ဘေးဒုက္ခသည်အရေးကူညီပေးသူတွေကပြောပါတယ်။

ဒီဇင်ဘာ(၂၆)ရက်နဲ့(၂၇)ရက်နေ့တွေမှာ အသက်(၄)နှစ်ကနေ(၁၃)နှစ်အရွယ်ကလေးလေးဦး၊  အသက်(၄၀)အရွယ် အမျိုးသား တစ်ဦး၊ ပဲနွယ်ကုန်းမြို့သဲကောရွာကရဟန်းတစ်ပါး၊ ကျောက်တံခါးမြို့နယ် လက်ပံကုန်းရွာက အသက်(၃၀)ကျော်အရွယ် အမျိုးသားတစ်ဦး၊ ပျဉ်းမပင်ရွာကအသက်(၂၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့တယ်လို့သိရပါတယ်။

နတ်သံကွင်းမြို့က သေဆုံးသူတွေကတော့ တိုက်ပွဲလွတ်ရာကို ရှောင်တိမ်းရင်း စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက် ကြီး ကျည် ထိမှန်သေဆုံးတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

Source – RFA

  • လေကြောင်းဖြင့်တိုက်ခိုက်၍ နမ္မတူမြို့က ကျောင်းဆရာမ သေဆုံးဟု TNLA ထုတ်ပြန်

စစ်ကောင်စီတပ်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ကို ဒီဇင်ဘာ(၂၉)ရက်နေ့က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ အတွက် တအာင်းအမျိုးသားပညာရေးကော်မတီ (TNEC )ကျောင်းမှ အသက်(၂၀)အရွယ် ကျောင်းဆရာမတစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့   တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်တော် (TNLA)က ထုတ်ပြန်ပါတယ်။

ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ မန်လီကျေးရွာဘုန်းကြီးကျောင်းအတွင်းကျရောက်ပေါက်ကွဲခဲ့တာပါ။ ကျောင်းရှိသံဃာ တွေကတော့ စစ်ရှောင်နေကြတဲ့အတွက် ထိခိုက်မှုမရှိခဲ့ကြဘူးလို့ သိရပါတယ်။

ဒါ့အပြင် နမ္မတူမြို့တံတားအနီးကို ထပ်မံဗုံးကြဲခဲ့တဲ့အတွက် တံတားအနီးရှိဒေသခံလေးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒီဇင်ဘာလ(၂၅)ရက်နေ့မှ ဒီဇင်ဘာလ(၂၉)ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်မှုတို့ကြောင့်  နမ္မတူမြို့နယ်ဒေသခံ သုံးဦးသေဆုံးခဲ့ပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရရှိကာ ဗလီကျောင်း၊ ဘာသာရေး အဆောက်အဦး လူနေအိမ်၁၀လုံး ထိခိုက်မီးလောင်ပျက်စီးခဲ့တယ်လို့ TNLA ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Source – Mizzima

  • မန္တလေးတွင် အမျိုးသမီးဒုရဲအုပ် ပစ်သတ်ခံရ

မန္တလေးမြို့မှာ ဒီဇင်ဘာလ(၂၉)ရက်နေ့ ညနေပိုင်းက စစ်ကောင်စီလက်အောက်ခံ အမျိုးသမီးဒုရဲအုပ်တစ်ဦး သေနတ်ဖြင့် ပစ် သတ်ခံလိုက်ရတယ်လို့သိရပါတယ်။

ရုံးအဆင်းရဲစခန်းထဲက ထွက်အလာကို သေနတ်သမားတွေစောင့်ပစ်သွားတာဖြစ်ပြီး လည်ပင်းကျည်ဖောက်ထွက်ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

ပစ်သတ်ခံရသည့်ဒုရဲအုပ်ဟာ ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ အလုပ်သင်အရာရှိ ဒုရဲအုပ်မေသဥ္ဇာ၀င်းပြည့်(ခ)ဂျက်မ ဖြစ်ပြီး  ယာဥ်ထိန်းရဲဒုတပ်ကြပ်မှရဲတပ်ဖွဲ့သို့အသွင်ပြောင်းလာပြီးနောက် ဒုရဲအုပ်အဆင့်ဖြင့် တာဝန်ထမ်းဆောင်နေတာဖြစ်ပါ တယ်။

Source – Mizzima

  • စစ်အာဏာရှင်ကို တိုက်ခိုက်နေသည့် ချင်းအမျိုးသမီးဇာတ်လမ်းရုပ်ရှင်ဝင်ငွေ တော်လှန်ရေးအတွက်လှူဒါန်း

စစ်အာဏာရှင်အား လက်နက်စွဲကိုင်တိုက်ခိုက်တဲ့ ချင်းအမျိုးသမီးတစ်ဦးအကြောင်း အခြေခံရိုက်ကူးထားတဲ့  “RAM RIAN( My Duty)”ရုပ်ရှင်ဇာတ်လမ်းတိုပြသမှုကရရှိတဲ့     အလှူငွေတွေထဲက သိန်း(၉၀)ကိုတော်လှန်ရေးတပ်ဖွဲ့တွေထံလှူဒါန်းခဲ့တယ်လို့      ရုပ်ရှင်ဖန်တီးသူ ဒါရိုက်တာဆလိုင်းတီလ်းဘွေလိန်း ကပြောပါတယ်။

ဒီရုပ်ရှင်ကိုပြီးခဲ့သည့်ဇူလိုင်လက ရိုက်ကူးခဲ့တာဖြစ်ပြီးနိုင်ငံအချို့ကိုပြသကာ တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေနေတာ ဖြစ် ပါတယ်။

ရရှိထားတဲ့ရန်ပုံငွေထဲမှ ကျပ်သိန်း၉၀ကို ချင်းကာကွယ်ရေးတပ်-ဟားခါး (CDF-Hakha)ကို ကျပ်သိန်း ၅၀၊ ချင်းအမျိုးသား တပ်ဦး (CNA)ထံသို့ ကျပ်သိန်း ၄၀ ပေးလှူခဲ့တယ်လို့သိရပါတယ်။

ဒီရုပ်ရှင်ဟာ ချင်းတိုင်းရင်းသူအမျိုးသမီးတဦးအမေရိကန်နိုင်ငံမှာ ကျောင်းတက်ပြီးသူရဲ့နေရပ်ထန်တလန်မြို့သို့ ပြန်လာ ချိန်မှာ တမြို့လုံးပြာကျသွားတာကို မြင်တွေ့ခဲ့ရပြီးနောက်စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကို လက်မခံနိုင်တဲ့အတွက် တော် လှန်ရေးတပ်ဖွဲ့တွေထံဝင်ရောက်ပြီး တိုက်ပွဲဝင်ပုံကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။

Source – Mizzima

  • အီနိုင်းတွင် အမျိုးသမီး ၁ ဦး မိုင်းနင်းမိပြီး ခြေထောက် ပြင်းထန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုး-နမ္မတူလမ်းမပေါ်ရှိအီနိုင်းရွာမှာ ဒီဇင်ဘာ(၂၉)ရက်နေ့က အမျိုးသမီးတစ်ဦးမိုင်းနင်းမိကာ                     ခြေထောက်ဒဏ်ရာရခဲ့ပါတယ်။ မိုင်းနင်းမိတဲ့ အမျိုးသမီးက ခြေထောက်တဖက် ကျိုးကြေသွားတာကို မှတ်တမ်း ဗွီဒီယိုဖိုင်မှာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့ နေ့လယ်ကလည်း မူဆယ်မြို့၊ သိန်းသန်းချီ ကားဝင်းဘက်က မြို့ရှောင်လန်းဘက်မှာ အမျိုးသား တဦး နွားခြံကို အလည်သွားရာက မိုင်းနင်းမိပြီး ခြေထောက် တဖက် ပြတ်သွားခဲ့ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း စစ်ရေးတင်းမာနေပြီး အများပြည်သူ သွားလာနေတဲ့နေရာတွေ ဖြစ်ပေမဲ့ မြေမြှုပ်မိုင်းတွေ မကြာ ခဏ နင်းမိတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

Source – DVB

  • မြန်မာလူငယ်များအတွက် ပညာသင်ဆုပေးရန် ကနေဒါအစိုးရထံ အလှမယ်ဟန်လေး တောင်းဆို

လာမယ့် ၂၀၂၄ ခုနှစ်တွင်း မြန်မာပြည်တွင်းနဲ့ နယ်စပ်ဒေသက လူငယ်တွေအတွက် ပညာရေးအခွင့်အလမ်းရရှိအောင် ကနေဒါ အစိုးရအနေနဲ့ ပညာသင်ဆုတွေပေးနိုင်ဖို့ တင်ပြတောင်းဆိုထားတယ်လို့ Miss Grand Myanmar 2020 အလှမယ် ဟန်လေးက  ပြောပါတယ်။ 

Miss Grand Myanmar 2020 အလှမယ်ဟန်လေးဟာ ကနေဒါနိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့်နဲ့ စရောက်ကတည်းက Cross Country Canada Fundraising ပွဲတွေမှာ ပါဝင် ကူညီပေးနေတာပါ။

ဟန်လေးဟာ ကနေဒါမှာ  ရန်ပုံငွေရှာပွဲတွေအပြင် NUG အစိုးရ  ၊ ကနေဒါ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေနဲ့ ကနေဒါအစိုးရက မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ဘယ်လိုပေးနိုင်မလဲ ဆွေးနွေးကြတဲ့ အစည်း အဝေးတွေ တက်ရောက်ဖြစ်တယ်လို့ ဆိုပါတယ်။

Source – DVB

  • နေပြည်တော်တွင်နှစ်ပိုင်းပြတ်အမျိုးသမီးရုပ်အလောင်းတွေ့ပြီးနောက်ခင်ပွန်းသည်ဗိုလ်မှူးကြီးကိုဖမ်းဆီး

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ ဒီဇင်ဘာ(၂၆)ရက်နေ့မနက်ပိုင်းက  ခန္ဓာကိုယ်နှစ်ပိုင်းပြတ်နေတဲ့ အမျိုးသမီးတစ်ဦး  ရုပ်အ လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ခင်ပွန်းဖြစ်သူ စစ်ဘက်ဆိုင်ရာဆရာဝန် ဗိုလ်မှူးကြီးဇေယျာလင်းကို ဖမ်းဆီးထားတယ်လို့ သတင်းရရှိပါတယ်။

သေဆုံးသူအမျိုးသမီးဟာ နေပြည်တော်ရှိ အင်တာနက်နည်းပညာကုမ္မဏီတစ်ခုမှ မန်နေဂျာဖြစ်ပြီး သူရဲ့ရုပ်အလောင်းကို နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ဝဏ္ဏဒီပရပ်ကွက်၊ ပုဗ္ဗသီရိမြို့သစ်ပတ်လမ်းနဲ့ ပိတောက်လမ်းထောင့်က ရှာတွေ့ရှိခဲ့တာ ဖြစ်ပါ တယ်။

ဗိုလ်မှူးကြီးဇေယျာလင်းဟာ နေပြည်တော် သိုက်ချောင်းလမ်းဆုံအနီးရှိ အမှတ်(၂) တပ်မတော်သားဖွာမီးယပ်နဲ့ ကလေး ဆေးရုံ (ကုတင်၃၀၀)မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ဘက်ဆိုင်ရာ ဆရာဝန်တစ်ဦးဖြစ်တယ်လို့သိရပါတယ်။

Source – Myanmar Now

  • စစ်ကောင်စီလက်နက်ကြီးကြောင့် မတ္တရာနယ် အမျိုးသမီးတစ်ဦး သေဆုံး

မန္တလေးတိုင်း၊မတ္တရာမြို့နယ်မှာ စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့်အသက်(၄၀)အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။

ဒီဇင်ဘာ(၂၄)ရက်နေ့က မတ္တရာမြို့နယ်အနောက်ခြမ်းသုံးဆယ်ပေးကျေးရွာကနေ ရွှေဘောင်ကျေးရွာဘက်သို့ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးအကြောင်းမဲ့ ပစ်ခတ်ခဲ့ပါတယ်။

ဒီလိုပစ်ခတ်ခဲ့တဲ့အတွက်သနပ်ကုန်းကျေးရွာမှာ ဝက်စာကျွေးနေတဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြော ပါတယ်။

Source – People’s Spring

Author:

Related Articles