Home ဆောင်းပါး ထိုင်းနိုင်ငံရဲ့လိင်တူလက်ထပ်ထိမ်းမြားခွင့်ဥပဒေက မြန်မာနိုင်ငံသား LGBT တွေအတွက်အလှမ်းဝေးနေသေး

ထိုင်းနိုင်ငံရဲ့လိင်တူလက်ထပ်ထိမ်းမြားခွင့်ဥပဒေက မြန်မာနိုင်ငံသား LGBT တွေအတွက်အလှမ်းဝေးနေသေး

ဒေဝီ

မြန်မာနိုင်ငံရဲ့အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံမှာ လိင်စိတ်ခံယူမှုစုံလင်ကွဲပြားသူ (LGBTIQ+) တွေရဲ့ သမိုင်းဝင် အောင်ပွဲတစ်ခုက ဇန်နဝါရီ ၂၃ ရက်နေ့မှာ စတင်အသက်ဝင်လာခဲ့ပါတယ်။

Equal marriage (သာတူညီမျှသော လက်ထပ်ထိမ်းမြားခြင်း) လို့ခေါ်တဲ့ လိင်တူလက်ထပ်ထိမ်းမြားခွင့် ဥပဒေအသက်ဝင်တဲ့ အဲဒီနေ့မှာ နှစ်ကာလရှည်ကြာ အတူတကွနေထိုင်ကြတဲ့ LGBT စုံတွဲတွေအပါအဝင် စုံတွဲတစ်ထောင်ကျော် ထိုင်းနိုင်ငံမှာထိမ်းမြားလက်ထပ်ခဲ့ကြပါတယ်။

ဒီဥပဒေအသက်ဝင်တာက LGBT တွေအတွက် ကောင်းကျိုးတွေ အများကြီးရှိသလို LGBT တွေကို လူသားတွေအဖြစ်ပြည့် ပြည့်ဝဝအသိအမှတ်ပြုခံရတာဖြစ်တယ်လို့ Human Rights Defender ( လူ့အခွင့်အရေးကာကွယ်သူ) တစ်ဦးဖြစ်တဲ့ August Mon ကပြောပါတယ်။

“လက်ထပ်ခြင်းကြောင့် ရနိုင်တဲ့အခွင့်အရေးတွေ အကျိုးကျေးဇူးတွေအများကြီး ရှိတယ်ပေါ့။ တရားဝင် လက်ထပ်ခွင့်မရဘူးဆိုရင် အခွင့်အရေးတွေ အများကြီးဆုံးရှုံးတာမျိုးရှိတယ်။ လိင်တူလက်ထပ်ခြင်းက LGBT တွေအတွက် တကယ့်မဟာ အခွင့်အရေးဖြစ်တယ်။ တကယ်ကို ဘဝနဲ့ ရင်းပြီးအရေးကြီးတဲ့ အရာဖြစ်တယ်” လို့ သူကပြောပါတယ်။

ခေတ်ကာလအခြေအနေအရ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ လိင်တူချစ်မြတ်နိုးသူဖြစ်စေ လက်မထပ်ဘဲ အတူနေ ထိုင်လို့ရတဲ့ ကာလမှာ ဥပဒေအရ လက်ထပ်ထိမ်းမြားခြင်းက အရေးကြီးလားဆိုတာ စဉ်းစားစရာပါ။

 ဒါနဲ့ပတ်သက်ပြီး အမျိုးသား၊ အမျိုးသမီး၊ မည့်သည့်လိင်ဖြစ်ဖြစ် လက်ထပ်တာ၊ ကွာရှင်းတာ၊ အတူနေထိုင်တာက လူတစ်ဦး တယောက်ချင်းစီရဲ့ ရွေးချယ်မှုဖြစ်နေပြီး လူတစ်ဦးနဲ့ တစ်ဦးချစ်ခင်နှစ်သက်ပြီး လက်တွဲတဲ့အခါ  လက်ထပ်ထိမ်းမြားမှုက ချစ်သူနှစ်ဦးအတွက်  အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်သလို တရားဝင်လက်ထပ်ထိမ်းမြားမှုက  ကတိကဝတ် တစ်ခု သာမကဘဲ လူမှုရေးနဲ့ တရားဥပဒေအခွင့်အရေးတွေ တန်းတူညီတူရရှိဖို့ ဖြစ်တယ်လို့ August Mon က သူ့အမြင်ပြောပါတယ်။

လိင်တူလက်ထပ်ထိမ်းမြားမှု ဥပဒေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ဇွန်လကထိုင်းအထက်လွှတ်တော်မှာ အတည်ပြုခဲ့ပြီးနောက် လိင်တူ လက်ထပ်ထိမ်းမြားမှုကို လက်ခံတဲ့ နိုင်ငံတွေအနက် အရှေ့တောင်အာရှမှာ ထိုင်းနိုင်ငံက ပထမဆုံး ဖြစ်လာခဲ့ပြီး အာရှမှာ တော့ ထိုင်ဝမ်နဲ့ နီပေါနိုင်ငံပြီးရင် တတိယ‌မြောက်နိုင်ငံ ဖြစ်လာပါတယ်။

ထိုင်ဝမ်ကတော့ လိင်တူလက်ထပ်ထိမ်းမြားမှုကို ၂၀၁၉ ခုနှစ်မှာစတင်ခွင့်ပြုပေးခဲ့ပြီး နီပေါကတော့ ၂၀၂၃ ခုနှစ်တွင်ခွင့်ပြုခဲ့ပါတယ်။

ထိမ်းမြားလက်ထပ်ရာမှာ အမျိုးသားနဲ့အမျိုးသမီး၊ ခင်ပွန်းနဲ့ ဇနီးသာဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေကို ပယ်ဖျက်ပေး ခဲ့ပြီး လိင်တူဇနီး‌မောင်နှံတွေအတွက် ကလေးမွေးစားခွင့်နဲ့ အမွေဆက်ခံပိုင်ခွင့် စတဲ့ ဥပဒေကြောင်းအရ အခွင့်အရေးတွေကို ရရှိမှာဖြစ်ကြောင်း August Mon ကသူ့အမြင်ကိုပြောပါတယ်။

တရားဝင်လို့ဆိုရာမှာအမွေဆက်ခံခွင့်၊ ကျန်းမာရေးစောင့်ရှောက်ခွင့်၊ မိသားစုထူထောင်ခွင့်၊ ကျန်းမာရေးအာမခံနဲ့တခြား သော ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ ဆုံးဖြတ်ပိုင်ခွင့်နဲ့ တရားဥပဒေဆိုင်ရာ အခွင့်အရေးတွေက တရားဝင်လက်ထပ်မှသာ ရရှိနိုင်တာတွေဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

လက်ထပ်စာချုပ်ဟာ ချစ်သူနှစ်ဦးကြား တစ်ဦးကို တစ်ဦးချုပ်နှောင်မှုဆိုတာထက်   ကျန်းမာရေး၊ အရေးပေါ်ကိစ္စတွေကအစ သက်ရောက်မှုရှိနိုင်ပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး ချစ်သူဖြစ်လို့ လက်ထပ်ထိမ်းမြားတာက ပြဿနာတစ်ခုမဟုတ်ပေ မယ့် လိင်တူချစ်သူတွေက လက်ထပ်မှုမရှိရင် ဥပဒေအရရော အရေးပေါ်အခြေအနေအရပါ   ထိခိုက်မှုတွေများတယ်လို့ LGBT အဖြစ်ခံယူထားသူ March က ဆိုပါတယ်။

လိင်တူချစ်သူချင်း လက်မထပ်ဘဲ နှစ်ကာလရှည်ကြာနေထိုင်ပြီး ပတ်ဝန်းကျင်ကလည်း လိင်တူချစ်သူ အဖြစ် အသိအမှတ်ပြု ထားပေမယ့် တစ်ဦးမှာ အရေးပေါ်ကျန်းမာရေးအခြေအနေကိစ္စကြုံတဲ့အခါ ကျန်တစ်ဦးက ပါဝင်ဆုံးဖြတ်ချက်ချပိုင်ခွင့် မရှိတာက ကြီးမားတဲ့ပြဿနာတစ်ခုလို့ သူကဆက်ပြောပါတယ်။

“ကျနော်တို့ ဘဝမှာ ကိုယ့်ရဲ့ Emergency (အရေးပေါ် ) ကိစ္စဖြစ်ရင် ခေါ်ဆို၊ဆုံးဖြတ်ချက်ချနိုင်မယ့်လူနာမည်မှာ ကိုယ့်ချစ်သူ ဖြစ်တဲ့ လိင်တူချစ်သူနာမည်ကို ထည့်ခွင့်မရတာဟာ ကြီးလေးတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်”လို့March ကပြောပါတယ်။

ဒါ့အပြင် လိင်တူချစ်သူတွေ နှစ်ပေါင်းများစွာ အတူနေထိုင်ပြီး၊ စီးပွားဆောင်တာ အတူတူလုပ်ကိုင်ကြပေမယ့် ဥပဒေအရ တရားဝင်ပေါင်းသင်းတာမဟုတ်တဲ့အတွက် အမွေဆက်ခံတာ၊ ပိုင်ဆိုင်မှုခွဲဝေရာတွေမှာလည်း အခက်အခဲရှိနိုင်တာကြောင့် လက်ထပ်ထိမ်းမြားခြင်းက အရေးမကြီးဘူးလို့ ယူဆစရာရှိပေမယ့် ဥပဒေကိစ္စ၊ ကျန်းမာရေးကိစ္စတွေမှာတော့ အလွန်အရေး ကြီးတယ်လို့ သူကဆိုပါတယ်။

လက်ရှိမှာ ထိုင်းနိုင်ငံက လိင်တူလက်ထပ်ခွင့်ပြုတာကလည်း သူ့နိုင်ငံသားကို ဥပဒေအရ အပြည့်အဝ ကာကွယ်နိုင်ပေမယ့် တခြားနိုင်ငံသားတွေအတွက် ဘယ်လောက်ထိ ကာကွယ်ပေးနိုင်မလဲဆိုတာတော့မသိဘူးလို့ပြောပါတယ်။

“လက်ထပ်စာချုပ်လုပ်ထားရင်တောင် ဘယ်လောက်ထိ အကျုံးဝင်လဲဆိုတာမသိရသေးဘူး။ ကျနော့်အထင်တော့ အခြား နိုင်ငံသားလိင်တူချစ်သူ လက်ထပ်မှုကိုတော့ သူတို့ဥပဒေအရ ကာကွယ်မှုပေးမယ် မထင်ဘူး”လို့ March ကဆိုပါတယ်။

LGBT အခွင့်အရေးတွေ အားကောင်းတဲ့ ထိုင်းနိုင်ငံမှာ အခုလိုဥပဒေအတည်ဖြစ်တာက LGBT အသိုင်းအဝိုင်းအတွက် အောင်ပွဲတစ်ခု ဖြစ်သလို၊ ကောင်းကျိုးတွေလည်း အများကြီးရှိတယ်လို့ လိင်စိတ်ခံယူမှုစုံလင်ကွဲပြားသူတွေကဆိုပါတယ်။

ဒီလို ဥပဒေအတည်ဖြစ်တာက  LGBT နဲ့ ထောက်ခံအားပေးသူတွေရဲ့ ကြိုးစားမှု အသိအပွင့်ဖြစ်ပြီး၊ ဒီလိုဥပဒေအတည်ဖြစ်ဖို့အတွက် လူအများနားလည်လက်ခံဖို့ အသိအမြင်တွေ၊ စည်းရုံးလှုံဆော်မှုတွေ၊ နှစ်ပေါင်းများစွာ လုပ်ဆောင်ပြီးမှ လွှတ်တော်ထိရောက်အောင်လုပ်ဆောင်ရတဲ့အတွက် လွယ်လွယ်ကူကူ ဖြစ်လာတာတော့ မဟုတ်ဘူးလို့ Content Writer တစ်ဦး ဖြစ်ပြီး LGBT အခွင့်အရေးအားပေးသူ Leo ကလည်းဆိုပါတယ်။

 “သူတို့က (LGBT အသိုင်းအဝိုင်း) ကအသံတွေကျယ်ကျယ်လောင်လောင်ထွက်ခဲ့သလို အသံတွေနားထောင်အောင်လည်း ကြိုးစားခဲ့ရတာ၊ ကျနော်တို့တွေလည်း ဒီထက်ပို ကျယ်ကျယ်လောင်လောင် ထွက်သင့်သလို နားထောင်နိုင်အောင်လည်း  ကြိုးစားရမယ်” လို့ သူကဆိုပါတယ်။

လူ့အခွင့်အရေး ကြေငြာစာတမ်းမှာလည်း အသက်ပြည့်တဲ့ ယောက်ျား၊ မိန်းမတိုင်းက လူမျိုး၊ နိုင်ငံသားဖြစ်မှု (သို့မဟုတ်) ကိုးကွယ်သည့် ဘာသာအားဖြင့်အကန့်အသတ်မရှိ လက်ထပ်ထိမ်းမြားခွင့်ရှိတယ်လို့ ဖော်ပြထားတဲ့အတွက် ဒီလိုဥပဒေ သတ်မှတ်လိုက်တာက လူ့အခွင့်ရေးကြေငြာစာတမ်းကို လေးစားလိုက်နာရာရောက်တယ်လို့ အသက် ၃၀ ဝန်းကျင် Flim Maker (ရုပ်ရှင်ရိုက်ကူးသူ) တစ်ဦးဖြစ်တဲ့ Candal ကပြောပါတယ်။

ဒါ့အပြင် လူမှုအသိုင်းအဝိုင်းက LGBT တွေအပေါ် တန်ဖိုးထားမှု၊ လက်ခံမှုကိုမြှင့်တင်ပေးရာ ရောက်သလို ခွဲခြားဆက်ဆံမှုနဲ့ တန်ဖိုးချထားတာတွေကို လျှော့ချနိုင်ပြီး LGBT တွေကြုံတွေ့နေရတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ပြသာနာတွေကိုလည်း လျော့ ကျစေတဲ့အတွက် ကောင်းတဲ့လက္ခဏာပဲလို့ သူကဆက်ပြောပါတယ်။

“အရေးကြီးဆုံးကတော့ LGBTIQ+တွေ လက်ထပ်ခွင့်မရှိရင် ကျန်းမာရေးအရဆုံးဖြတ်ရမဲ့အရာတွေ၊ ဆုံးဖြတ်လို့မရနိုင်တဲ့ အတွက် အသက်ဆုံးရှုံးခဲ့ရတဲ့ LGBTIQ+ အတွဲတွေ အများကြီးရှိတယ်။ ဒါကြောင့် Medical Decision-Making ( ဆေးဘက် ဆိုင်ရာ ဆုံးဖြတ်ချက်ချခြင်း ) အပေါ် လိုအပ်လို့ လက်ထပ်ချင်ကြတာလည်းဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

ဒါပေမယ့်လက်ထပ်ထိမ်းမြားမှုကို ထိုင်းနိုင်ငံသားချင်းဖြစ်စေ၊ ထိုင်းနိုင်ငံသားတစ်ဦးနဲ့ လက်ထပ်မယ့်တခြားနိုင်ငံသားတစ် ဦးဖြစ်စေ၊ တရားဝင်လက်ထပ်နိုင်ပေမယ့် နိုင်ငံရေးအခြေအနေအရ ထိုင်းနိုင်ငံမှာနေထိုင်နေရတဲ့ မြန်မာနိုင်ငံသားတွေကတော့  အခက်အခဲတချို့ ရှိနိုင်သေးတယ်လို့ ဆိုကြပါတယ်။

တရားဝင်လက်ထပ်ခွင့်ပြုခဲ့ပေမယ့် ဥပဒေလုပ်ထုံးလုပ်နည်းအရ လက်ထပ်မယ့်သူတွေဟာ အိမ်ထောင်မရှိလွတ်လပ်သူ ဖြစ် ကြောင်း အထောက်အထားစာရွက်စာတမ်းတွေ၊ တရားရုံးနဲ့ သံရုံးဆိုင်ရာ ထောက်ခံချက်တွေ လိုအပ်တာကြောင့် မြန်မာနိုင်ငံ အခြေအနေနဲ့ဆို မလွယ်ကူနိုင်သေးဘူးလို့ August Mon ကလည်း ဆိုပါတယ်။

“ထောက်ခံစာတွေကို သံရုံးနဲ့ ဆက်စပ်ပြီးလုပ်ရမှာ ဖြစ်တဲ့အတွက်  အခုလိုအနေအထားမှာ ဒီလိုအဆင့်တွေလုပ်ဖို့ ခက်ခဲမယ် လို့တော့မြင်ပါတယ်” လို့ သူကဆက်ပြောပါတယ်။

ထိုင်းနိုင်ငံက LGBT တွေနဲ့ ပတ်သက်ပြီး လက်ခံနိုင်မှုအားကောင်းပေမယ့် လိင်တူလက်ထပ်ခွင့်ကို ဥပဒေနဲ့ အတည်သတ်မှတ် ဖို့အတွက်တော့ ဆယ်စုနှစ်တစ်ခုကျော် တိုက်ပွဲဝင်ခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း LGBT အသိုင်းအဝိုင်းက ဒီလိုဥပဒေနဲ့ လက်ထပ်ခွင့်ရဖို့ မျှော်လင့်မိပေမယ့် LGBT တွေရဲ့ အခွင့်အရေးအပြည့်အဝရရှိပြီး လက်ထပ်ထိမ်းမြားနိုင်တဲ့ အထိဖြစ်ဖို့ ကတော့ အချိန်တော်တော်ယူရဦးမယ်လို့ သုံးသပ်ကြပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ် ဝန်းကျင်ကာလကတည်းက LGBT ဆိုင်ရာအခွင့်အရေးတွေ လှုပ်ရှားမှုတွေအားကောင်းပြီး လူထု ကြားမှာ အသိအမြင်အချို့ပွင့်လင်းလာခဲ့ပေမယ့် စစ်အာဏာသိမ်းရန် ကြိုးပမ်းပြီးနောက်ပိုင်းမှာ ပြန်လည်ယုတ်လျော့လာခဲ့ ရပါတယ်။

အရင်ကတည်းက အခုထိ LGBT တွေကို ခွဲခြားဖိနှိပ်တာတွေအပြင်၊ မှောင်ရိပ်ခိုမှုလို ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇ ( ဓမ္မတာနှင့် ဆန့်ကျင်သောပြစ်မှု) တွေလို ပုဒ်မတွေနဲ့ ဖိနှိပ်နေဆဲဖြစ်နေတာကြောင့် ဒီပုဒ်မတွေကို ပယ်ဖျက်ဖို့၊ ခွဲခြားဆက်ဆံမှုတွေ လျော့ ကျဖို့ ကြိုးစားနေရဆဲဖြစ်တယ်လို့ August Mon ကပြောပါတယ်။

“အခုသုံးလေးနှစ်အတွင်းမှာပဲ နိုင်ငံထဲမှာ  လူတွေရဲ့ တွေးခေါ်နိုင်မှုတွေ ပြန်ပြီးလျော့ကျသွားတယ်၊ နေ့တဓူဝ စိတ်ညစ်စရာ ကိစ္စတွေကြုံရတယ်၊ ဖိနှိပ်မှုတွေကြုံရတယ်။ အဲဒီဟာတွေကို တွန်းလှန်နိုင်ဖို့ ကြိုးစားရတာဖြစ်တဲ့အတွက် အရင်ကလုပ်ခဲ့တဲ အသိပညာပေးမှုတွေ အားလျော့သွားတယ်လို့ယူဆတယ်။ ဒါကြောင့်မလို့ LGBT တွေရဲ့ ဖြစ်တည်မှုကို လက်ခံနိုင်ဖို့ကျနော်တို့ ဆက် ကြိုးစားရဦးမယ်”လို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာလည်း မြန်မာနိုင်ငံကLGBT တွေအနေနဲ့ လူသားတစ်ဦးရပိုင်ခွင့်၊ အခွင့်အရေးတွေဆုံးရှုံးနေသလို၊ လူမှုရေးအရ လည်းအခွင့်အရေးတွေဆုံးရှုံးနေပါတယ်။ ခွဲခြားဆက်ဆံခံရမှု ၊ သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကတော့ နေ့စဉ် ကြုံတွေ့နေရဆဲဖြစ်တယ်လို့ Candal ကလည်းပြောပါတယ်။

“ပညာရေးကပဲပြန်စရမယ်။ နောက်လူမှု့အသိုင်းအဝိုင်းမှာလည်း  ပညာပေးမှုတွေ အများကြီးပြန်လုပ်ရမယ်။ နောက် LGBTQ +နဲ့ လူနည်းစုတွေအပေါ် ဥပဒေနဲ့ အကာကွယ်ပေးရမယ်။ ဒါတွေတပြိုင်နက်ထဲလုပ်နိုင်မှသာဖြစ်လာမှာပါ”လို့ သူကပြော ပါတယ်။     

ဒါကလည်း အရင်ကတည်းက အခုထိ LGBT တွေဆိုရင် ရွံ့စရာ၊ နှိမ့်ချစရာအဖြစ် ပုံဖော်ပြီး အစဉ်အဆက် ခွဲခြားဆက်ဆံတာ၊ ဖိနှိပ်ခဲ့တာတွေကြောင့်သာဖြစ်ပြီး လူသားတစ်ဦးအနေနဲ့ ဥပဒေရော၊ အခွင့်အရေးတွေရောတန်းတူညီမျှရှိထားခဲ့မယ်ဆိုရင် ဒီလိုဥပဒေသီးခြားသတ်မှတ်ပြီး လုပ်ဆောင်စရာလိုမှာ မဟုတ်ဘူးလို့ LGBT အခွင့်အရေးလှုပ်ရှားသူတွေက ဆိုပါတယ်။

“ခွဲခြားဆက်ဆံမှုတွေပျောက်ဖို့ တော်တော်တော့ လုပ်ရဦးမယ်။ အဲဒီ သတင်းအောက်မှာ (လိင်တူလက်ထပ်ထိမ်း‌မြားမှု)ကို နှိမ့်ချပြော‌တာတွေအများကြီးပဲ”လို့ Leo ကလည်းဆိုပါတယ်။

LGBT တွေအပေါ်လူမှုရေးအရရော၊ ဥပဒေအရခွဲခြားဆက်ဆံမှုတွေအပြင် လွဲမှားတဲ့ ဘာသာရေးအယူအဆနဲ့ နှိမ့်ချပုံဖော် ခံရမှု‌တွေကို အာဏာရှင်တော်လှန်ရေးခရီးမှာ ပြောင်းလဲဖို့ကြိုးစားရမယ်။ အာဏာရှင်စနစ်အမြစ်ပြတ်ဖို့အပြင် အာဏာရှင် ကနေတဆင့် ပေါက်ပွားနေတဲ့ မကောင်းတဲ့အယူအဆတွေ၊ ခွဲခြားနှိမ့်ချ ဆက်ဆံမှုတွေ၊  ကျားမတန်းတူညီမျှမှုတွေ ရရဖို့ အယူအဆ အတွေးအမြင်တွေကိုပါ တပါတည်း တော်လှန်ရမယ်လို့ LGBT အသိုင်းအဝိုင်းက ထောက်ပြပြောဆိုကြပါတယ်။

 “စစ်အာဏာရှင်ကို တော်လှန်ရုံသာမက ပြည်သူတွေရဲ့ ခေါင်းထဲမှာစွဲနေတဲ့ လူတွေကို ထိခိုက်နစ်နာစေတဲ့အတွေး၊ အမြင် အယူအဆတွေကိုပါ တော်လှန်ပြီးတော့မှ ပြောင်းလဲမယ်ဆိုရင် တော်လှန်ရေးနဲ့ အတူတူလူတိုင်းရဲ့ လူမှုရေးအခွင့်အရေး တွေရလာမယ်”လို့ August Mon ကလည်းပြောခဲ့ပါတယ်။

Author:

Related Articles