Home ဆောင်းပါး ကျွန်တော့်ဘဝရဲ့ သူရဲကောင်း

ကျွန်တော့်ဘဝရဲ့ သူရဲကောင်း

လက်သွေး။ ။
အမေများနေ့ရောက်တိုင်း လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ သူငယ်ချင်း မိတ်ဆွေတွေက သူတို့မိခင်တွေပုံကို တင်ကြ တယ်။ အမေ့ကျေးဇူးဂုဏ်ရည်ကို ဖွဲ့သီကြတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ တစ်ခါမှ ပုံမတင်ခဲ့သလို အမေ့အကြောင်း လည်း ဖေ့ဘွတ်ခ်ပေါ်တင် ကျေးဇူးဂုဏ်ကို အမွှန်းတင်ဖို့ ဘယ်တော့မှမလုပ်ခဲ့ဘူး။

ဘာလို့လည်းဆိုတော့ အမေများနေ့ရောက်မှသာ ဖေ့ဘွတ်ခ်ပေါ် ခါတော်မီတင်ပြီး ချီးမွန်းဂုဏ်တင်ရသလို ခံစားရလို့ပါ။ ဒီလိုပြောလို့လည်း ပုံတင်တဲ့သူတွေကို စော်ကားလိုခြင်း အလျှင်းမရှိပါဘူး။ လူတစ်ကိုယ် စိတ်တစ်မျိုးပဲကိုး။ တင်တဲ့သူ တိုင်းလည်း ခါတော်မီမဟုတ်ဘူးလို့ ယုံကြည်ပါတယ်။

ကျွန်တော့်အတွက်ကတော့ အမေများနေ့မှမဟုတ်၊ အမြဲတမ်း အမေ့ဂုဏ်ကျေးဇူးကို အောက်မေ့နေမိတာပဲ။ ကျွန်တော့် အမေဟာလည်း အခြားသူတော်တော်များများရဲ့ အမေတွေလိုပါပဲ ။ သားသမီးအတွက် ကိုယ့်ဘဝကို အနစ်နာခံပေးဆပ်ဖို့ ဝန်မလေးသလို တစ်ဘဝလုံးစာကိုလည်း သားသမီးတွေအတွက်သာ နေထိုင်ရှင်သန်ခဲ့သူပါ။

ကျွန်တော် လေးတန်းအရွယ်ကတည်းက အဖေနဲ့အမေ ကွာရှင်းပြတ်ဆဲပြီးနောက် အမေက အိမ်ထောင်ဦးစီး ဖြစ်လာခဲ့ တယ် ။ အဖေထားထားခဲ့တဲ့ အိမ်တစ်လုံးပေါ်မှာ သားသမီးသုံးဦးရယ်နဲ့ အမေရဲ့ ဘဝခရီးကြမ်း အစပြုခဲ့ရတယ်။

ငယ်စဉ်ကတည်းက ချမ်းချမ်းသာသာနေလာရပြီး အိမ်ထောင်ပြုတော့လည်း အိမ်ထောင်ရှင်မအဖြစ်နဲ့ အိမ်ထောင့်တာဝန် ထမ်းဆောင်လာခဲ့တဲ့ အမေ့အတွက် ဘယ်လောက်တောင် စိမ်ခေါ်မှုတွေ ကြီးနေမယ်ဆိုတာ နားလည်တတ်တဲ့ အရွယ် ရောက်လို့ ပြန်စဉ်းစားမိတိုင်း စိတ်မကောင်းဖြစ်ရမြဲ။

တစ်ဖက်မှာ အမေတို့ ဘိုးဘွားစဉ်ဆက်ယုံကြည်ခဲ့သလို လင်ကိုဘုရား သားကိုသခင်ဆိုတဲ့ ရှေးရိုးစွဲအမြင်တွေသာ လွှမ်းမိုး နေတဲ့အခါ လင်သားတစ်ယောက်ဆုံးရူံးလိုက်ရတဲ့ ဝမ်းနည်းနာကျင်မှု ၊ တစ်ဖက်မှာလည်း သားသမီးတွေအတွက် ဆက် လက် ရုန်းကန်ရမယ်ဆိုတဲ့ အသိတရားကြား အမေဘယ်လောက်ဗျာများနေလိမ့်မလဲ မတွေးရဲဘူး။

အမေဟာ လင်သားဆုံးရူံးမှုဒဏ်ကို ကြာရှည် မပူဆွေးနိုင်အားဘူး။ သားသမီးတွေ စားရေးသောက်ရေးအတွက် အလုပ် အမြန်ရှာရတော့တယ်။ အရင်က အဖေ့လုပ်စာနဲ့ တစ်အိမ်လုံး စားရေးသောက်တာ မပူရပေမယ့် ၊ အခုတော့ ဒီတာဝန်တွေ ကို အမေ့မှာ ပခုံးလွှဲယူရင်း အိမ်ထောင့်ဝန်ကို မနိုင်မနင်းထမ်းရတော့တယ်။

တစ်ဖက်မှာလည်း ကျွန်တော့်အထက်က အမနဲ့ ကျွန်တော့်ကို ကျောင်းပညာသင်ဖို့လည်း မပျက်ကွက်စေခဲ့ရအောင် အမေ က ရုန်းကန်ခဲ့ရတာ။ ထမင်းဆိုင်မှာ အလုပ်ဝင်ကူ ၊ အမျိုးတွေအိမ်တွေမှာ အကူအညီတောင်း ၊ စက်ရုံတွေမှာ ရရာအလုပ် ဝင်လုပ်နဲ့ တစ်သက်လုံးတစ်ခါမှ အောက်မကျို့ဘဲ နေလာခဲ့တဲ့ အမေ ဘယ်လောက်တောင်သိမ်ငယ်ခဲ့ရလိမ့်မလဲ ။

အဲ့ဒီအချိန်မှာ အမေ့အသက်ဟာ ၃၀ ကျော်လောက်ပဲရှိသေးတယ်။ အမေဟာ တာဝန်တွေကို ရှောင်လွှဲဖို့ ကိုယ်သက်သာဖို့ နောက်အိမ်ထောင်ထူထောင်တဲ့လမ်းကိုလည်း ရွေးနိုင်တဲ့အခြေအနေပါ။ ဒါပေမယ့် သူ့သားသမီးတွေကို ပထွေးနဲ့ မနေစေ ချင်ဘူး ။ သားသမီးတွေ ပထွေးမျက်နှာ ကြည့်နေရမှာကိုလည်း သူက မနှစ်မြို့ဘူး ။ သူ့ခွန်အားနဲ့ပဲ သားသမီးတွေကို ရုန်းကန် မြေတောင်မြှောက်ပေးမယ်ဆိုတဲ့ ယုံကြည်ချက်ကိုပဲ ဆုပ်ကိုင်ခဲ့တယ်။

မိသားစု စားဝတ်နေရေးအတွက် အိမ်ထောင်ဦးစီးအဖြစ် ရုန်းကန်ခဲ့သလို အဖေမရှိတဲ့ သားသမီးတွေ စာရိတ္တမပျက်စီး အောင်လည်း အကောင်းဆုံး ထိန်းကျောင်းခဲ့တယ်။ ၁၀ တန်းမအောင်ခဲ့တဲ့ အမေဟာ သားသမီးတွေ လေလွင့် မပျက်စီး အောင် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ပညာရေးကို ဦးစားပေးခဲ့တယ်။ ဘာသာတရားအဆုံးအမကို ငယ်စဉ်ကတည်းက ရိုက်သွင်းထားတယ်။ အမေပြောတဲ့ အမြဲတမ်းလက်သုံးစကားက “ ပိုက်ဆံမချမ်းသာပေမယ့် စာရိတ္တ မပျက်ဆီးအောင်နေ လူဟာတန်ဖိုးအလိုလိုရှိတယ်” ဆိုတဲ့ စကားပဲ ။

သူကိုယ်တိုင်လည်း အဲ့ဒီအတိုင်း ကျင့်ကြံနေထိုင်တယ်။ ဘာသာတရားအဆုံးအမအရ သူများအသတ်သတ်ဖို့လည်း အင်မတန် ကြောက်တယ်။ ဈေးထဲမှာ ငါးဝယ်ပြီဆိုရင် အရှင်လေးတွေပါလာရင် ဘယ်နှစ်ကောင်ဖြစ်ဖြစ် ပြန်လွှတ်တတ် တယ်။ အစစအရာရာ ရှားပါးနေတဲ့အချိန် သူမစားရနေပါစေ ၊ အမေဟာ ဘယ်တော့မှ သူများအသတ်မသတ်ခဲ့ဘူး ။

မရိုးသားတဲ့ အကျင့်တွေကိုလည်း သားသမီးတွေ မတတ်စေရဘူး။ မှတ်မှတ်ထင်ထင် ကြုံခဲ့ဖူးတယ်။ တစ်ခါ အမေဈေး သွားလို့ အဖော်လိုက်ရတဲ့အခါ ကုန်စုံဆိုင်မှာ ဈေးဝယ်တယ်။ ကျသင့်ငွေကို အမေက ပိုက်ဆံအတိအကျပေးပေမယ့် ဆိုင်ရှင်က အမေ့ကို မှားပြီးတော့ ပိုက်ဆံအများကြီးပြန်အမ်းတယ်။ အဲ့ဒီအချိန်က အိမ်စီးပွားရေးလည်း အဆင်မပြေ၊ ငွေတစ်ရာ နှစ်ရာ ကအစ အထောက်အကူပြုနိုင်တဲ့ကာလ ။

ကျွန်တော်ကတော့ ကလေးအတွေးနဲ့ ပိုက်ဆံပိုရတာ ဝမ်းသာစိတ်ဝင်ခဲ့မိတာ အမှတ်ရတယ်။ အမေဘယ်လို ဆုံးဖြတ်ပါ သလဲ။ အမေဟာ မဆိုင်းမတွဘဲ ပိုတဲ့ပိုက်ဆံတွေကို ချက်ချင်းပြန်ပေးခဲ့ပါတယ်။ ကျွန်တော့်အတွက် ငယ်စဉ်ကာလမှာ အချောင်လိုချင်တဲ့စိတ် ၊ မရိုးမသားစိတ်တွေဟာ အမြစ်မတွယ်ခဲ့ရဘူး။ ကိုယ့်အားကိုယ်ကိုးပြီး ရိုးသားကြိုးစားရမယ်ဆိုတာ ကို အမေက သွန်သင်ဆုံးမပြခဲ့တယ်။

ဒါပေမယ့်လည်း ကျွန်တော်ဟာ တစ်ဖက်မှာ ဆိုးသွမ်းတာတွေ ရှိနေခဲ့တယ်။ မိဘတွေ အိမ်ထောင်ကွဲမှုဒဏ်အဖြစ် သိမ် ငယ်မှု၊ မပြည့်စုံမှုတွေကြောင့် အရာရာကို အလိုမကျဖြစ်လာခဲ့တယ်။ ကျောင်းစာကို စိတ်မဝင်စားဘူး ။ ကျောင်းပြေး တယ်။ ရန်ဖြစ်တတ်လာတယ်။

မှတ်မှတ်ရရ ၁၀ တန်းမှာဆို ကျောင်းခေါ်ချိန်မပြည့်တဲ့အတွက် စာမေးပွဲ မဖြေရမယ့်အထိ ကြုံခဲ့ရတယ်။ အမေဟာ တော် တော် စိတ်မကောင်းဖြစ်သွားတယ်။ သားသမီးတွေကို ပညာတတ်ဖြစ်စေချင်တာကိုး။ ကျောင်းကိုလိုက်လာပြီး ဆရာမတွေ ကို တောင်းပန်တယ်။ ဆရာမတွေကလည်း သူတို့တတ်နိုင်ဘက်က စာမေးပွဲဖြေခွင့်ရဖို့ ကူညီခဲ့တယ်။

အဲ့ဒါက တစ်ကျောင်းလုံးကို ကျွန်တော်တို့ သူငယ်ချင်းအဖွဲ့က မြက်တွေ ချုံတွေရှင်းရတာပဲ။ ရှင်းပြီးတဲ့အခါမှာတော့ စာမေး ပွဲဖြေဖို့ လိုအပ်တဲ့ ကျောင်းခေါ်ချိန်တွေကို ဆရာမတွေကဖြည့်ပေးခဲ့ပါတယ်။ အမေဟာ ကျွန်တော့်ကို ဒီတိုင်းမထားဘူး ။ အဒေါ်တစ်ယောက်အိမ်ကိုပို့ပြီး စာသင် စာကျက်စေတယ်။ ထပ်ပြီး စာမေးပွဲနီးတော့ ကျူရှင်တက်တဲ့ ကျွန်တော့်သူ ငယ်ချင်းဆီမှာ သူ့အမေကိုပြောပြီး နားမလည်တာတွေ မေးဖို့ စာကျက်ဖို့ ကြိုးစားပေးခဲ့တယ်။

ကျွန်တော်လည်း စာမေးပွဲနီးခါမှ အမေစိတ်မကောင်းဖြစ်တာကို တွေ့ရပြီး စာမေးပွဲအောင်ဖို့ ကြိုးစားခဲ့တယ်။ အမေရဲ့ ပဲ့ပြင်မှု ကြိုးစားမှုရလဒ်အဖြစ် အဲ့ဒီနှစ်က ကျွန်တော် ၁၀တန်းကို နှစ်ချင်းပေါက် အောင်မြင်ခဲ့ပါတယ်။ ခုချိန်ပြန်တွေးကြည့် မိတော့ ကျွန်တော်တို့ခေတ်ပညာရေးဟာ ဘယ်လောက်ဆိုးရွားတယ် ဆိုတာထားဦးတော့ ၊ ၁၀ တန်းမအောင်ရင် အလုပ် တစ်ခုရဖို့မလွယ်လှဘူး။

ဒီလိုဆိုတဲ့အတွက် အတန်းပညာ မတက်သူတွေဟာ အသုံးမဝင်သူတွေလို့ ဆိုလိုတာမဟုတ်ပါဘူး။ အတန်းပညာ မအောင်ပေမယ့် ဘဝပညာတွေနဲ့ အောင်မြင်ကြီးပွားနေသူတွေက ထုနဲ့ဒေးပါပဲ။ ဒါပေမယ့် ကျွန်တော့်လို နောက်ခံဘာမ မရှိ၊ ငွေကြေးအရင်းအနှီးမရှိတဲ့ ဘဝအခြေအနေမှာ ဒီလက်မှတ်တစ်ခုကြောင့် အတော်အတန် သက်သာခဲ့ရတာကို ပြောချင်တာပါ။

အတန်းပညာက လက်တွေ့ဘဝတွေမှာ အသုံးချရလောက်အောင် ဘာမှတတ်မလာဘူးဆိုပေမယ့် အဲ့ဒီအတန်းပညာ လက်မှတ်တစ်ခုနဲ့ အခြားလမ်းတွေများစွာပွင့်သွားခဲ့ရတာကတော့ အမှန်တရားပါပဲ။ အဲ့ဒီ ၁၀ တန်းတုန်းက အဖြစ်အပျက် ကို ပြန်တွေးမိတိုင်း အမေ့ကို ကျေးဇူးတင်ရတယ်။ သူဆုံးမပဲ့ပြင်ခဲ့လို့ ကျွန်တော့်ဘ၀ ပင်ပန်းခက်ခဲရမယ့် အရာတစ်ချို့ကို ရှောင်လွှဲနိုင်ခဲ့ရတာပါ။

အမေက ကျွန်တော့်ကို ၁၀ တန်းအောင်စေရုံသာမက ကျွန်တော့်ဘဝအတွက် ကြီးစွာ အထောက်အပံ့ဖြစ်လာမယ့် အရာ ကိုလည်း လမ်းညွှန်ခဲ့ပါတယ်။ အဲ့ဒါက စာပေကို ချစ်မြတ်နိုးတတ်အောင် လမ်းပြတာပါ။ အမေ အစိုးရဝန်ထမ်း အလုပ်ရ လာတော့ အဲ့ဒီရုံးရဲ့ စာကြည့်တိုက်ကနေ ကျွန်တော့်အတွက် စာအုပ်တွေ ရုံးပြန်လာတိုင်း ငှားလာတတ်တယ်။

ကျွန်တော်က တစ်နေကုန် ထိုင်ဖတ်၊ ဖတ်ပြီးတဲ့ စာအုပ်တွေကို အမေကပြန်ယူသွား၊ ပြန်ငှားလာနဲ့ စာပေချစ်စိတ်၊ စာအုပ်ဖတ်ချင်စိတ်နဲ့ စာပေကပေးတဲ့အသိတရားတွေက ကျွန်တော့်ဆီကို ငယ်ငယ်တည်းက စိမ့်ဝင်လာခဲ့တယ်။ အမေက စာအုပ်စာပေက လူတွေအတွက် အဆုံးအမလို့ သဘောပေါက်စွာနဲ့ ကျွန်တော့်ကို ပဲ့ပြင်ခဲ့တာပါ။

မှတ်မှတ်ရရ လူပျိုဖော်ဝင်စမှာ သားကို မပျက်စီးရအောင် စာအုပ်တစ်အုပ်ဖတ်စေခဲ့တယ်။ အဲ့ဒါက မြန်မာ့လွတ်လပ်ရေးမှာ ပါဝင်ကြိုးပမ်းခဲ့ပြီး စာကောင်းပေမွန်တွေများစွာ ရေးသား မှတ်ကျောက်တင်ထားနိုင်ခဲ့တဲ့ စာရေးဆရာကြီး ဦးသိန်းဖေမြင့် ကာလသားရောဂါ ဆိုးရွားပုံအကြောင်း ရေးထားတဲ့ “တက်ခေတ်နတ်ဆိုး” ဆိုတဲ့ စာအုပ်ပါ။

သာမာန်မိသားစုမှာ အဖေနဲ့သား ဆုံးမပဲ့ပြင်ရမယ့်ကိစ္စကို အမေက စာအုပ်စာပေနဲ့ ပဲ့ပြင်ခဲ့တာ အတော်ခေတ်မီတဲ့ အတွေး ပဲလို့ ကျွန်တော်သိတတ်တဲ့အခါ ပြန်တွေးမိတယ်။ အမေမျိုးစေ့ချခဲ့တဲ့အတွက် စာပေမှန်သမျှ ဖတ်ရှုချင် ၊ ဖန်တီးချင်စိတ် တွေကြောင့်ပဲ ကျွန်တော်က လက်ရှိအချိန် စာပေနဲ့ဆိုင်တဲ့ အသက်မွေးဝမ်းမှုကို ပြုနေနိုင်တာပါ။

အခုချိန်မှာတော့ ကျွန်တော်တို့မောင်နှမတွေဟာ အိမ်ထောင်ရက်သားကျလို့ တစ်အိုးတစ်အိမ်ထူထောင်နေကြပြီ။ အမေ ဟာလည်း သူ့ရဲ့ အစိုးရဝန်ထမ်းဘ၀ ကုန်ခါနီး ပင်စင်ယူရမယ့် အရွယ်ရောက်လာနေပါပြီ။ အမေဟာ ကျွန်တော်တို့ကို ကျွေးမွေးပြုစုဖို့ အလုပ်လုပ်ခဲ့ရတဲ့ ဒဏ်တွေကြောင့်လည်း ရောဂါမျိုးစုံ ဖိစီးနေခဲ့ပြီ။ ဇရာရဲ့ လက္ခဏာတွေလည်း တရေးရေး ပီပြင်လာနေပြီ။

ငယ်ငယ်က အားကိုးတစ်ကြီး ဖက်တွယ်ခဲ့ရတဲ့ အမေ့လက်မောင်းတွေက ဒီအချိန်မှာ ပျော့တွဲလာနေပြီ။ သွက်လက်စွာ လှုပ်ရှားတတ်တဲ့ အမေဟာ ခုချိန်မှာတော့ လူပ်ရှားမူတွေ နှေးကွေးလာတယ်။ ရောဂါဒဏ်ကြောင့် စိတ်သွားတိုင်း ကိုယ်မပါ တော့ဘူး။ ဒါပေမယ့် သားသမီးတွေအပေါ် ကောင်းစေချင်စိတ် ပူပန်စိတ်ကတော့ တရွေးသားမှ လျော့ကျမသွားဘူး။ တစ်ပတ်တစ်ခါ အမေ့အိမ်သွားတိုင်း ဆုံးမပဲ့ပြင်နေဆဲပဲ ။

ကျွန်တော်တို့လည်း အသက်အရွယ်ရလာ အလုပ်အကိုင်အတွေ့အကြုံတွေနဲ့ အမှားအမှန်နဲ့ အကောင်းအဆိုးတွေကြား လွန်းထိုး လှုပ်ရှားနေကြရပြီ။ လောကဓံတွေကြား ရှင်သန်နိုင်ဖို့ ရုန်းကန်ရတာတွေကြောင့်လည်း စိတ်တွေ ရုပ်တွေဟာ ရင့် သထက် ရင့်လာနေပြီ။

အမေကတော့ ကလေးလို သဘောထား အမြဲဆုံးမနေဆဲ။ တစ်ခါတလေ ခေတ်ပြောင်းလွဲမှုတွေနဲ့ ကျွန်တော်တို့ အမြင်တွေ လည်း ပြောင်းလဲလာတဲ့အခါ အမေ့ရဲ့အမြင် အဆုံးအမအချို့ဟာ ကျွန်တော့်အတွက် အဆီအငေါ် မတည့်တာတွေလည်း ဖြစ်လာတာပေါ့ ။

တခါတလေလည်း နားညည်းတယ်ဆိုပြီးလည်း အတွေးဝင်လာမိတယ်။ ဒါပေမယ့် ဘယ်လိုကွာဟမှုတွေ ရှိနေပါစေ ၊ အမေ့ဆုံးမစကားက ကျွန်တော်တို့အတွက် အားအင်ဖြစ်စေမယ့် တန်ဖိုးထားရမယ့် စကားတွေဖြစ်နေတာပဲ။ အမေရှိတယ် ဆိုတဲ့ အတွေးနဲ့တင် လုံခြုံမှုခံစားရတယ်။

ဒီလုံခြုံတယ်ဆိုတဲ့ ခံစားချက်ကို ကျွန်တော်တို့ ဘယ်အချိန်ထိ ဆက်ခံစားခွင့်ရှိမလဲ။ အမေမရှိရင်ဆိုတဲ့အတွေး မတွေး ရဲဘူး။ ဒါဟာ လောကသဘာဝဆိုပေမယ့် ရင်မဆိုင်ရဲဘူး။ လောကဓံတွေ ရင်ဆိုင်ရတိုင်း ကလေးလို တိုးဝှေ့ရမယ့်ရင်ခွင် ၊ စိတ်သက်သာရတဲ့ အမေ့ရိပ်မြုံကလေး မရှိတော့မှာ ကျွန်တော်ကြောက်နေမိတယ်။ လူတိုင်းကြုံရတဲ့ သဘာဝတရားဆိုပေ မယ့် အဲ့ဒီတရားကို ကျွန်တော်လွန်ဆန်ချင်နေမိပါတော့တယ်။

Related Articles