Home ဆောင်းပါး အသံလွှင့်လုပ်ငန်းက ပထမအမျိုးသမီးများ

အသံလွှင့်လုပ်ငန်းက ပထမအမျိုးသမီးများ

လူထုစိန်ဝင်း။ ။

(မြန်မာ့အမျိုးသမီးသမဂ္ဂ၊ ချိုးလင်းပြာအမျိုးသမီးမဂ္ဂဇင်း၊ အမှတ် ၄/ ၂၀၀၇ ခုနှစ်၊ မေလ။ Volume (43) May, 2007 မှ ပြန်လည်ဖော်ပြသည်)

လူသားတဦးရဲ့ လေလှိုင်းထဲက စကားပြောသံကို ကမ္ဘာသူကမ္ဘာသားတွေ ပထမဆုံးကြားလိုက်ရတာက ၁၉၂၁ ခုနှစ် ဂျွန်လ ၁၅ ရက်နေ့ဖြစ်ပါတယ်။ အဲဒီနေ့မှာ သြစတြေးလျနိုင်ငံသူ အော်ပရာအဆိုတော်ဒိန်းနယ်လီမဲလ်ဘာ (Dame Nellie Melba) ရဲ့အသံကို ဥရောပတတိုက်လုံးကြားရအောင် လွှင့်ပေးခဲ့ပါတယ်။

အဲဒီနောက် ၂ နှစ်ကြာပြီးမှ ဘီဘီစီရဲ့ ပုံမှန်အသံလွှင့်အစီအစဉ် စတင်ခဲ့တာပါ။ အမျိုးသမီးသောတရှင်များအတွက် အစီအစဉ် ကိုတော့ ၁၉၂၃ ခုနှစ်ကျမှ စပြီးလွှင့်ပါတယ်။

ပထမဆုံး အမျိုးသမီးအသံလွှင့်သမားက Sheila Borrett ဖြစ်ပြီး ၁၉၃၃ ဂျူလိုင် ၂၈ ရက်နေ့မှာ စတင်အသံလွှင့်ပါတယ်။ သူ့ကို တနှစ်ပေါင် ၅၀၀ နဲ့ အစမ်းသဘောခန့်ထားခဲ့တာပါ။ သူပထမဆုံး အသံလွှင့်ခဲ့တာက လန်ဒန်ဟိုတယ်ကြီးရဲ့ အော်ခက်စတြာတီးဝိုင်း ဂီတသံကို နားဆင်ကြရတော့မယ် ဖြစ်ပါတယ်လို့ ကြေငြာပေးခြင်းဖြစ်ပါတယ်။ စကားပြောချိန် ၂ မိနစ်ကို အထစ်အငေါ့ အမှားအယွင်း မရှိ ပြောနိုင်ခဲ့ပါတယ်။

အမျိုးသမီးတယောက် အသံလွှင့်သမားအဖြစ် လုပ်တဲ့သတင်းဟာ နောက်တနေ့သတင်းစာတွေမှာ သတင်းထူးကြီးတခုအဖြစ် ရေးသား ဖော်ပြကြပါတယ်။ ဝေဖန်ရေးသမားများကလည်း အထစ်အငေါ့မရှိ ပြောနိုင်ခဲ့တာကို ချီးကျူးကြပါတယ်။

အထူးသဖြင့် နိုင်ငံခြားအမည်တွေကို မှန်မှန်ကန်ကန် ရွတ်ဆိုပြောကြားနိုင်တာကို ထုတ်ဖော်ချီးကျူးဖြစ်ကြပါတယ်။ သြဂုတ် ၂၁ ရက်နေ့ကျတော့ “၆နာရီသတင်း” အစီအစဉ်ကို ပထမဆုံး စဖတ်ကြားရပါတယ်။ ဒါပေမယ့် နောက် ၂ လကြာတော့ သူအလုပ်ပြုတ် သွားပါတယ်။ ဘီဘီစီက အမျိုးသမီးတယောက်ကို အမြဲတမ်း ဝန်ထမ်းတယောက်အဖြစ် မခန့်ချင်တဲ့သဘောပါ။ အဲဒီလိုတော့ အတိ အလင်း မပြောပါဘူး။ ဒါပေမယ့် ယောက်ျားတွေရဲ့ အလုပ်ကို မိန်းမဝင်လုမှာ စိုးရိမ်ကြောင့်ကြတဲ့စိတ် အဲဒီအချိန်မှာ နေရာတိုင်းမှာ ရှိကြ ပါတယ်။

ဘီဘီစီမှာ ပထမဆုံး အမျိုးသမီးဌာနမှူး ဖြစ်လာသူကတော့ Hilda Mathesou (1888-1950) ဖြစ်ပါတယ်။ ဟောပြောဆွေးနွေးခန်းကဏ္ဍ ညွှန်ကြားရေးမှူးအဖြစ် ၁၉၂၆ ခုနှစ်မှာ ခန့်အပ်ခံရတာပါ။ ၁၉၃၁ ခုနှစ်ကျတော့ သူတင်ပြတဲ့ ပြင်ဆင် ချက်တွေကို ယောက်ျားတွေချည်းပါတဲ့ အုပ်ချုပ်ရေးအဖွဲ့က လက်မခံဘဲ ပယ်ချခဲ့တာကြောင့် ဟီလ်ဒါ နှုတ်ထွက်သွားပါတယ်။

အမျိုးသမီးထဲက ပရိုဂျူဆာအဖြစ် ပထမဆုံးခန့်ထားခံရတာက Mary Someville (1897- 1963) ဖြစ်ပါတယ်။ ၁၉၂၅ ခုနှစ် တက္ကသိုလ်က ပြီးတာနဲ့ အသံလွှင့်လောကထဲ တန်းပြီးဝင်လာခဲ့တာာပါ။ ပညာရေး အသံလွှင့်ချက်တွေ ထုတ်လုပ်ရာမှာ အလွန်သြဇာကြီး ပါတယ်။ ပရိုဂျူဆာကနေပြီးတော့ ပညာရေးကဏ္ဍညွှန်ကြားရေးမှူးဖြစ်သွားပါတယ်။ ၁၉၅၀ ခုနှစ်လောက်ကျတော့ ဟောပြောဆွေးနွေး ခန်းကဏ္ဍကြီးကြပ်သူအဖြစ် ခန့်ထားခြင်းခံရပါတယ်။ အသံလွှင့်လုပ်ငန်းရဲ့ ပထမဦးဆုံးအမျိုးသမီး စစ်သတင်းထောက်ဖြစ်ခဲ့သူက Audrey Russell (1907-1989) ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလ ဘီဘီစီရဲ့ သတင်းဌာနမှာ လုပ်ခဲ့တာပါ။ အသံသြဇာနဲ့ ပြည့်ဝတာ ကြောင့် ဘီဘီစီရဲ့ နန်းတွင်းသတင်းကြေငြာသူလည်း လုပ်ခဲ့ပါတယ်။ ဆဌမ ဂျော့ဘုရင်ရဲ့ ဈာပနအခမ်းအနား အသံလွှင့်တာ အဲဒီအချိန်က အယ်လိဇဘက်မင်းသမီး၊ မာဂရက်မင်းသမီး၊ ချားလ်မင်းသားနဲ့ အဲန်းမင်းသမီးစသူတို့ရဲ့ လက်ထပ်မင်္ဂလာအခမ်းအနားများ အကြောင်း အသံလွှင့်တာစတဲ့ တာဝန်တွေကို ယူခဲ့ရပါတယ်။

ပထမဆုံး အမျိုးသမီးမိုးလေဝသကြေညာသူက Jame Xyres ဖြစ်ပါတယ်။ ၁၉၆၀ ခုနှစ်ပိုင်းမှာ စတင်လုပ်ဆောင်ခဲ့ရတာပါ။ ပထမဆုံးအမျိုးသမီး “ဒီဂျေ” လုပ်သူက Ane Nightingale ဖြစ်ပါတယ်။ ၁၉၇၀ ခုနှစ်မှာ Radio 1 ကစတင်လုပ်ဆောင်ခဲ့ပါတယ်။ ပထမ လူမည်းအမျိုးသမီး ဒီဂျေက The Rankin’ Misssp ဖြစ်ပါတယ်။

ပထမဆုံး အမျိုးသမီးစီမံခန့်ခွဲမှု ဒါရိုက်တာ ဖြစ်လာသူက Cecilia Garrett ဖြစ်ပါတယ်။ ၁၉၇၉ ခုမှာ Hereward Radio ဆိုတဲ့ လွတ်လပ်တဲ့ အသံလွှင့်ဌာနရဲ့ MD ဖြစ်ခဲ့တာပါ။ Beverley Chubb က ၁၉၇၅ ခုမှာ ပထမဆုံး အမျိုးသမီးဂီတဌာန ညွန်ကြားရေးမှူး ဖြစ် လာပါတယ်။ ရေဒီယိုလောကမှာ အမျိုးသမီးတယောက် ဒီလောက်ကြီးမားတဲ့ရာထူးရတာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံမှာ ရုပ်မြင်သံကြားစပြီးရောက်လာတာ ၁၉၃၆ ခုဖြစ်ပါတယ်။ ဘီဘီစီ ပထမဆုံး အမျိုးသမီးတွေ အလုပ်ခန့်ဖို့ခေါ် တော့ ၂ နေရာအတွက် လျှောက်သူ (၁၂၂၂) ဦးရှိပါတယ်။ အဲဒီထဲက Elizabeth Cowell (၁၉၁၁ ဖွား) နဲ့ Blight Jasmine (၁၉၁၃ ဖွား) တို့ ရွေးချယ်ခန့်အပ်ခြင်းခံရပါတယ်။ ၂ ယောက်စလုံး အိမ်ထောင်မရှိသူတွေဖြစ်ပြီး ဆံပင်မနီကြပါဘူး။ ရုပ်မြင်သံကြားမှာ ဆံပင်နီနဲ့ ဆိုရင် ကြည့်မကောင်းပါဘူး။ သူတို့ ၂ ယောက်ရဲ့ လစာက ၁ နှစ် ၂၅ပေါင်ဖြစ်ပါတယ်။

အယ်လီဇဘက်က အရင်စပြီးလွှင့်ရပါတယ်။ ၁၉၃၆ ခုသြဂုတ်လ ၃၁ ရက်နေ့မှာ စပြီးလွှင့်ပါတယ်။ ဂျက်စမင်က အောက်တို ဘာမှာ စပြီး လွှင့်ပါတယ်။ ၁၉၃၉ ခုနှစ်ရောက်တော့ အယ်လိဇဘက်ဟာ ပရိုဂျူဆာအဖြစ် နာမည်ကြီးနေပါပြီ။ အစီအစဉ် ၁၅ ခုလောက် တာဝန်ယူထုတ်လုပ်တင်ဆက်သူဖြစ်နေပါပြီ။ ဂျက်စမင်ကတော့ “ဘာမထီမိန်းကလေး” ဆိုပြီး နာမည်ကြီးပါတယ်။ သက်စွန့်ဆံဖျားစွန့် စားရတဲ့ အစီအစဉ်များမှာ မကြောက်မရွံ့ ပါဝင်သရုပ်ဆောင်ပေးလေ့ရှိပါတယ်။

အမျိုးသမီးထဲက ရုပ်မြင်သံကြားပရိုဂျူဆာစလုပ်သူက Mary Adams (၁၈၉၈-၁၉၈၄) ဖြစ်ပါတယ်။ တက္ကသိုလ်ကထိက လုပ်နေရာက ဘီဘီစီရဲ့ သက်ကြီးပညာရေး၊ အစီအစဉ်မှာ ပါဝင်ရာကနေပြီး ကျောင်းကထွက်၊ အသံလွှင့်လုပ်ငန်းထဲရောက်သွားတာပါ။ ပညာရေးနဲ့ ကျန်းမာရေး အစီအစဉ်ပေါင်းများစွာကို တာဝန်ခံ ထုတ်လုပ်သူအဖြစ် နာမည်ရခဲ့၊ အောင်မြင်ခဲ့ပါတယ်။ အမျိုးသမီး သတင်း ကြေညာသူအဖြစ် စတင်လုပ်ကိုင်သူကတော့ Barbara Mandell ဖြစ်ပါတယ်။ ၁၉၅၅ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်နေ့မှာစပြီး သတင်း လွှင့်သူလုပ်ခဲ့တာပါ။ ITN ရုပ်မြင်သံကြားမှာ လုပ်တာပါ။ ဘီဘီစီကတော့ အဲဒီအချိန်ထိ အမျိုးသမီးတွေကို အမြဲတမ်းဝန်ထမ်းခန့်ရမှာ ဝန် လေးနေဆဲဖြစ်ပါတယ်။ အမျိုးသမီး သတင်းလွှင့်သူကို ၁၉၆၀ ခုနှစ်ကျမှ ဘီဘီစီက စသုံးပါတယ်။ အဲဒီ အမျိုးသမီးက Nan Wintou ပါ။ Moira Stewart ကတော့ ၁၉၈၁ ခုနှစ်မှာ ပထမဆုံးလူမည်းအမျိုးသမီး သတင်းလွှင့်သူဖြစ်ခဲ့ပါတယ်။ Stella Richman ကတော့ အမျိုး သမီးထဲက ပထမဆုံး အစီအစဉ်ညွန်ကြားရေးမှူးဖြစ်ခဲ့သူပါ။ ၁၉၇၀ ခုနှစ်မှာ အဲဒီရာထူးစပြီး ရခဲ့တာပါ။

ဘီဘီစီမှာ အမျိုးသမီးထဲက ပထမဆုံးဂါမာနာလို့ခေါ်တဲ့ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်သူကတော့ ၁၉၂၇ ခုနှစ်မှာ ခန့်အပ်ခြင်းခံရ တဲ့ Eikel Snowden ဖြစ်ပါတယ်။ လူမည်းထဲကတော့ ၁၉၈၁ ခုမှစပြီး ဖြစ်လာပါတယ်။ Jocelyn Barrow ဆိုတဲ့အမျိုးသမီးပါ။ သူဟာ အသံလွှင့်လုပ်ငန်းကျင့်ဝတ် စည်းကမ်းထိန်းသိမ်းရေးအတွက် ဖွဲ့စည်းထားတဲ့အဖွဲ့မှာ ဒုတိယဥက္ကဌရာထူးအထိ ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။ ဘီဘီစီမှာတော့ Plow Lady den ဟာ ၁၉၇၅ ခုနှစ်မှာ ဂါဗာနာဘုတ်အဖွဲ့ရဲ့ ဒုတိယဥက္ကဌအဖြစ် ခန့်အပ်ခြင်းခံရပါတယ်။ အဲဒီနောက်တော့ Independent Television Authority မှာ ဥက္ကဌရာထူးကိုရသွားခဲ့ပါတယ်။

“Kate Murphy ရေးတဲ့ “Women Firsts – The Livewire Boke of British n Achievers” စာအုပ်ထဲက ကောက်နုတ် မြန်မာပြန် ထားတာပါ။ (လူထုစိန်ဝင်း၏ ပထမအမျိုးသမီး လမ်းထွင်သူများ စာအုပ်မှ ကောက်နှုတ်တင်ပြပါသည်။)

Author:

Related Articles