Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

မတ်လ ၂၁ ရက်ကနေ ၂၈  ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI ကစုစည်းဖော်ပြလိုက်ပါတယ်

အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူ ၁၀၀၀ ကျော်ရှိလာ၊ ဒဏ်ရာရသူ ၂၄၀၀ ရှိ

မန္တလေးတစ်ခုတည်းတွင် သေဆုံးသူ ၇၀၀ နီးပါးရှိ

မတ်လ ၂၈ရက် မွန်းလွဲပိုင်းက ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်း ငလျင်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တာကြောင့် နေပြည်တော်အပါအဝင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ် တောင်ပိုင်းမှာ သေဆုံးသူ များခဲ့ပြီး လူနေအိမ်တွေ၊ လမ်းတံတား အဆောက်အအုံတွေ၊ စေတီပုထိုးနဲ့ ဘာသာရေးအဆောက်အုံတွေ အများအပြား ထိခိုက် ပျက်စီးသွားခဲ့ပါတယ်။

အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၁,၀၀၂  ယောက် အထိရှိလာပြီးဒဏ်ရာရသူပေါင်း ၂,၃၇၆ ယောက်ကာ မန္တလေးတိုင်းတစ်ခုတည်းမှာပဲသေဆုံးသူ ၆၉၄ ဦး၊ဒဏ်ရာရသူ ၁၆၇၀ ဦးရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပျောက်ဆုံးနေသူ ၆၈ ဦးရှိတယ်လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်နေဆဲဖြစ်တာကြောင့်ထိခိုက်သေဆုံးမှုပိုတိုးလာဖွယ်ရှိတယ်လို့သိရပါတယ်။

 နောက်ဆက်တွဲငလျင်များလှုပ်ခတ်နိုင်ပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့တဲ့အဆောက်အဦများ ပြိုကျနိုင်တဲ့အတွက်မန္တလေးမြို့ဒေသခံတွေမှာ ကျုံးဘေးလမ်းအပါဝင် လမ်းမများ၊ ကွင်းပြင်များတွင် နေထိုင်လျက်ရှိပြီးလျှပ်စစ်မီး၊ ဖုန်းနှင့် အင်တာနက်လိုင်းများပြတ်တောက်မှုကြောင့် စားရေးသောက်ရေးခက်ခဲနေတယ်လို့မန္တလေးဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

  ငလျင်ဒဏ်သင့်မြို့နယ်တွေမှာလည်း လမ်းများပြတ်တောက်နေခြင်း၊ အားလုံးသဘာဝဘေးဒဏ်ခံရခြင်းကြောင့် ပြည်သူအချင်းချင်း အစားအစာအကူအညီပေးရန် အခက်ခဲတွေ့နေသလို၊ပိတ်မိသူတွေကို အမြန်ဆုံးကယ်ဆယ်ဖို့လိုနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ 

အိိန္ဒိယနိုင်ငံ၊မဏိပူရပြည်နယ်မှာ ၉ နှစ်အရွယ် ချင်းစစ်ဘေးရှောင်မိန်းကလေးငယ် တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရ

 အိန္ဒိယနိုင်ငံ၊မဏိပူရပြည်နယ်၊ ချိုရချန်ပူမြို့၊ တီးတိန်မြို့နယ် ဆဲဇန်ရွာကအသက် ၉ နှစ်အရွယ် ချင်းစစ်ဘေးရှောင်မိန်း ကလေးငယ် တဦးအဓမ္မပြုကျင့်သတ်ဖြတ်ခံရတယ်လို့  အိန္ဒိယအရှေ့မြောက်မီဒီယာတွေမှာဖော်ပြထားပါတယ်။

သေဆုံးသူဟာ တီးတိန်မြို့နယ် ဆဲဇန်ရွာကနေ မိခင်၊ အစ်ကို ၊ မောင်လေး တို့နဲ့ အတူ မဏိပူရပြည်နယ် Lamka မြို့မှာ စစ် ဘေးဒုက္ခသည်အဖြစ် နေထိုင်သူတွေ ဖြစ်ပြီး Way Mark Academy ကျောင်းမှာ ဒုတိယတန်းတက်ရောက်နေသူ ဖြစ်ပါ တယ်။

မိန်းကလေးငယ်ကို မတ်လ ၂၀ ရက်နေ့ ညနေ ၆:၃၀ မှာ နောက်ဆုံး တွေ့ရှိခဲ့ရပြီး နေအိမ် ပြန်ရောက်ခြင်း မရှိတဲ့အတွက် မိ သားစုက ဒေသခံတာဝန်ရှိသူများထံ တိုင်ကြားပြီး ရှာဖွေခဲ့ရာ ည ၁၁ နာရီခွဲမှာ လည်ပင်းဒဏ်ရာနဲ့ သွေးစွန်းထင်နေတဲ့ အလောင်းကို သူတို့နေထိုင်ရာ Relief Camp Compound တနေရာမှာ တွေ့ရှိခဲ့ပြီး အဓမ္မပြုကျင့်သတ်ဖြတ်ခံရတာလို့ယူ ဆရတဲ့အတွက်  အလောင်းကို ခရိုင်ဆေးရုံမှာ ပို့ဆောင်စစ်ဆေးနေတယ်လို့ အိန္ဒိယမီဒီယာများကရေးသားပါတယ်။

လက်ရှိမှာ သံသယ ရှိသူ ၁၅ ဦးကို ဒေသရဲတပ်ဖွဲ့က ဖမ်းဆီးကာတရားခံဖြစ်နိုင်ခြေ အရှိဆုံး တစ်ဦးကို ရဲတပ်ဖွဲ့မှ ဆက်လက် စစ်ဆေးနေပြီး တရားခံကို ဖမ်းဆီးပြီး ထိုက်တန်တဲ့ ပြစ်ဒဏ်ပေးနိုင်တဲ့ အထိ ဆက်လက် ဆောင်ရွက်သွားမယ်လို့ Zomi Council ဥက္ကဌ Pu Vumsuan Naulak က ဖယောင်းတိုင်ထွန်း ဆုတောင်းပွဲ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

Source – Chin World

 ဂန့်ဂေါ နှမ်းခါးရွာဆေးခန်းကို စစ်အုပ်စုဗုံးကြဲလို့ ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်အပါအဝင် ၁၂ ဦး သေဆုံး၊

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာ ဆေးပေးခန်းကို စစ်အုပ်စုက မတ်လ ၂၂ ရက်မှာ စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်ခဲ့တာကြောင့် ပြည်သူတွေကို ဆေးဝါးကုသပေးနေတဲ့ ဆရာဝန်၊ ဇနီးဖြစ်သူကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ကလေးငယ် အပါအဝင် ၁၂ ဦး သေဆုံးကာ ခြောက်ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဗုံးကြဲခံရချိန် ဆေးခန်းအတွင်းဆေးကုသပေးနေတဲ့ ဆရာဝန် သေဆုံးသလို ဆရာဝန်ရဲ့ ဇနီးဖြစ်သူ ကိုယ်ဝန်သည်နဲ့ ကလေး တစ်ဦး၊ ဆေးကုသမှုခံယူနေတဲ့ လူနာမိသားစုဝင်သုံးဦး၊ လူနာ မြေးအဘွား နှစ်ဦးနဲ့ ဆေးခန်းမှာကူညီလုပ်ကိုင်ပေးသူနှစ်ဦး၊ စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

နှမ်းခါးကျေးရွာဟာ အိမ်ခြေထောင်ချီရှိတဲ့ ကျေးရွာကြီး ဖြစ်ပြီး ဂန့်ဂေါနယ် မြောက်ပိုင်း၊ မကွေး- ကလေး ကားလမ်းမ ကြီး ဘေးမှာ တည်ရှိပါတယ်။ စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုက နှမ်းခါးရွာကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးလို့ ရွာရဲ့ သုံးပုံ နှစ်ပုံကျော်လောက် မီးလောင်ပြာကျခဲ့သလို စစ်အုပ်စုက အကြိမ်ကြိမ် လေကြောင်းတိုက်ခိုက်တာ၊ ကျေးရွာ အတွင်း စီးနင်း ဝင်မွှေ၊ လူသတ်၊ လုယက်၊ မီးရှို့တာတွေကြောင့် နှမ်းခါးကျေးရွာသူ၊ ကျေးရွာသား ၆၀ ခန့် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

Source – Mandalay Free_Press

အမျိုးသမီးနဲ့ကလေးတွေ စစ်ကောင်စီရဲ့ရက်စက်ကြမ်းကြုတ်မှုဒဏ်ခါးစည်းခံနေရကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလလေးနှစ်ကျော်လာတာနဲ့အမျှ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုဒဏ်ကို အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ ခါးစည်းခံနေရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ် ကြီး ဦးကျော်မိုးထွန်းကအမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ မတ် ၁၀ ရက်နေ့ ကနေ ၂၁ ရက်နေ့အထိ ကျင်းပတဲ့ (၆၉) ကြိမ်မြောက် အမျိုးသမီးရေးရာကော်မရှင်ဆိုင်ရာ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက နိုင်ငံတစ်ဝှမ်းက အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သား တွေအပေါ် စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့အပြင် စစ်ကောင်စီတပ် ထိန်းချုပ်နယ်မြေတွေမှာ အွန်လိုင်းလိမ်လည်မှုနဲ့ အတင်းအကျပ်စစ်သားစုဆောင်မှုတွေကြောင့် အမျိုးသမီးနဲ့ မိန်းကလေး ငယ်တွေဟာ လူကုန်ကူးမှုနဲ့ တခြားခြိမ်းခြောက်မှုတွေကို ကြုံတွေ့ရတဲ့အန္တရာယ် မြင့်မားနေတယ်လို့လည်း ဦးကျော်မိုးထွန်း ကပြောပါတယ်။

မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအကူအညီ အရေးပေါ် လိုအပ်နေသူ သန်း နှစ်ဆယ်ခန့်မှာ ၁၀ ဒသမ ၄ သန်းက အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ ဖြစ်သလို ပဋိပက္ခတွေနဲ့ ဆက်စပ်ပြီး နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ ကျန်းမာရေး ပြဿနာတွေ အတွက်လည်း အာရုံစိုက်မှုနဲ့ ရန်ပုံငွေ တန်းတူညီမျှရရှိဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

Source – RFA

ကျောက်ဆည်ခရိုင် တပ်ရင်း(၃) မှ CDM ဆေးမှူးရဲမ ရိုက်နှက်ခံရမှုကို    MOD စစ်ဆေးနေဟုဆို

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန(MOD) ကွပ်ကဲမှုအောက်ရှိ ကျောက်ဆည်ခရိုင် တပ်ရင်း (၃)မှ CDM သူနာပြု ရဲမေမယဉ်မွန်အောင်ရဲ့ တပ်ရင်းမှ နှုတ်ထွက်ခွင့်တောင်းမှုကို အကြောင်းပြုကာ တပ်ရင်းမှူးက ရိုက်နှက် ခဲ့တယ်လို့ Shield Women Organization အဖွဲ့က ပြောပါတယ်

ဆေးမှူး ရဲမေမယဉ်မွန်အောင် က မိသားစုနှင့်အတူ တော်လှန်ရေးဆက်လုပ်ကာ တပ်ရင်းမှနှုတ်ထွက်ခွင့်ပြုရန် တပ်ရင်းကို သုံးကြိမ်စာတင်ထားသော်လည်း အကြောင်းမပြန်တာကြောင့် စစ်ရေးချုပ်ရုံးသို့ထွက်စာတင်ခဲ့ပါတယ်။ စစ်ရေးချုပ်ရုံးကို နှုတ်ထွက်စာတင်တာကြောင့် မယဉ်မွန်အောင်ကို ထိန်းသိမ်းထားရန်ဝန်ကြီးဌာနမှ နှုတ်မိန့်ပေးတယ်လို့ ဆိုကာမတ်လ ၁၇ ရက်ညမှာ၎င်းတာဝန်ကျရာနေရာမှ တပ်ရင်းသို့အင်အားသုံးခေါ်ဆိုခဲ့ပြီးနောက် မတ်လ ၁၈ ရက်နေ့မှာ တန်းစီကွင်း၌ကြိမ် ဒဏ်ပေးကာ ခြောက်ပေါက်အချုပ်မှာ သုံးရက်ထည့်ခဲ့တာပဲဖြစ်ပါတယ်။

 အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် နစ်နာသူ မယဉ်မွန်အောင်ကို လုံခြုံရေး၊ စိတ်ကျန်းမာရေးဝန်ဆောင်မှုနဲ လူမှုရေး အထောက်အပံ့များပေးရန်၊ ပါဝင်ပတ်သက်သူတွေကို စုံစမ်းကာဥပဒေအရအရေးယူပေးရန် Shield Women Organization အဖွဲ့က မတ်လ ၂၆ ရက်နေ့မှာ တောင်းဆိုထားပါတယ်။

 မယဉ်မွန်အောင်မှာ မိုးမိတ် ပြည်သူ့ဆေးရုံကနေ ၂၀၂၁ ခုနှစ် အာဏာသိမ်းကတည်းက CDM ပြုလုပ်ထားတဲ့ သူနာပြုဆရာမ တစ်ဦးဖြစ်ပြီး၊ ၂၀၂၂ ခုနှစ်မှစတင်ကာ မိုးမိတ်ခရိုင် အမှတ်(၁) စစ်ဒေသတပ်ရင်းအမှတ် (၅၁၅)တွင် ဆေးမှူးအဖြစ်တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

ယင်းဖြစ်စဉ်ကို ကာကွယ်ရေးဝန်ကြီးဌာန (MOD) စစ်ရေးချုပ်ရုံးမှ စစ်ဆေးနေတယ်လို့ MOD ဒုတိယအတွင်းဝန် ဦးမောင် မောင်ဆွေက ပြောကြားပေမယ့်အသေးစိတ်ကို ပြောခြင်းမရှိပေ။

 Source – Mizzima

အင်ဖာထောင်မှ အမျိုးသမီးနှင့်ကလေးငယ်အပါအဝင် အအကျဉ်းသား ၂၀ ကျော်အား စစ်ကောင်စီထံလွှဲ ပြောင်းပေး

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ အင်ဖာမြို့ရှိ အင်ဖာအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ အမျိုးသမီးနဲ့ ကလေးငယ်၂၇ ဦးကို မတ်လ ၂၂ ရက်နေ့မှာ အိန္ဒိယအစိုးရက စစ်ကောင်စီထံသို့ လွှဲပြောင်းပေးခဲ့တယ်လို့ India For Myanmar တည် ထောင် သူ ကိုဆလိုင်းဒိုခါရ်က ပြောပါတယ်။

ယင်းအကျဉ်းသားများမှာ အာဏာသိမ်းမှု ၂၀၂၁ ခုနှစ် မတိုင်ခင်တည်းက အိန္ဒိယနိုင်ငံအတွင်း ဖမ်းဆီးခံထားရသူများဖြစ်ပြီး အိန္ဒိယအစိုးရအနေဖြင့် မြန်မာနိုင်ငံသားအကျဉ်းသားများအား သုံးကြိမ်တိုင်တိုင် လွှဲပေးခဲ့ခြင်းဖြစ်ကာ ယခု တတိယအကြိမ် မှာ အမျိုးသမီး ၂၀ ဦးနဲ့ ကလေးငယ် ၇ ဦး တို့ပါဝင်တာဖြစ်ပါတယ်။

လွှဲပြောင်းပေးခံရသူတွေမှာ အမျိုးသမီးတွေပါဝင်နေတဲ့အတွက်  စစ်ကောင်စီတပ်အနေဖြင့် စစ်မှုထမ်းအဖြစ် ခေါ်ယူအသုံး ပြုမှာကို စိုးရိမ်နေတယ်လို့ ကိုဆလိုင်းဒိုခါရ်ကပြောပါတယ်။

အိန္ဒိယအစိုးရအနေဖြင့် စစ်ကောင်စီအား အကျဉ်းသားလွဲပြောင်းပေးမှုမှာ ပထမအကြိမ်တွင် ၂၇ ဦး၊ ဒုတိယအကြိမ်တွင် အမျိုးသား ၃၀ ကျော်နဲ့ ယခု တတိယအကြိမ်တွင် ၂၇ ဦးအားလွဲပေးခဲ့ပြီး ယခုအချိန်ထိ အင်ဖာအကျဉ်းထောင်မှာ ထိန်းသိမ်း ခံထားရတဲ့ မြန်မာနိုင်ငံသား ၁၄၇ ဦး ရှိနေသေးတယ်လို့သိရပါတယ်။

Source –  သံလွင်ခက်

လိင်ပိုင်းဆိုင်ရာနှင့် ဂျဲန်ဒါအကြမ်းဖက်မှုများကိုတုံ့ပြန်ရန် NUGနဲ့ တော်လှန်ရေးအဖွဲ့များကို တိုက်တွန်း

 မြန်မာနိုင်ငံတွင် ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှု၊ ပဋိပက္ခနှင့်ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ထိရောက် စွာတုံ့ပြန်ရန် အမျိုသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုများကို အမျိုးသမီးနဲ့ LGBTQIA+ အရေးဆောင်ရွက်နေသည့် အဖွဲ့ပေါင်း ၄၀ က အကြံပြုတိုက်တွန်းထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဒေသန္တရအစိုးရတွေအနေဖြင့် ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု၊ ပဋိပက္ခနှင့်ဆက်နွယ်တဲ့လိင် ပိုင်းဆိုင်ရာအကြမ်းဖက်မှု ဖြစ်စဉ်တွေကို မှတ်တမ်းတင်ကာ သက်သေအထောက်အထားတွေကို ထိန်းသိမ်းထားရန်၊ တာဝန် ခံမှုရှိစေရေး၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆောင်ကြဉ်းနိုင်ရေးအတွက် တိုင်ကြားရေးယန္တရားတစ်ခု ဖန်တီးရန် ပူးတွဲစောင့်ကြည့်၊ ဆန်းစစ်၊ ဆင်ခြင်၊ သင်ယူသည့်လုပ်ငန်းစဉ်များကို ပူးပေါင်းလုပ်ဆောင်ရန် တိုက်တွန်းထားပါတယ်။။

အဆိုပါ NUGဝန်ကြီးဌာနများနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် အမျိုးသမီးများ၊ လျစ်လျူရှုခံထား ရသူများကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှု၊ ခေါင်းပုံဖြတ်အမြတ်ထုတ်မှု၊ အကြမ်းဖက်မှုတို့မှ အကာအကွယ်ပေးရေး မူဝါဒအကောင်အထည်ဖော်မှုအား သေချာထိရောက်စေရေး ပူးပေါင်းဆောင်ရွက်ကြရန်လည်း အကြံပြုထားပါတယ်။

Source – Mizzima

တောင်ငူမှာ ၉ တန်းကျောင်းသူကို အိမ်နီးချင်းအမျိုးသား ၃ ဦးက အုပ်စုဖွဲ့ အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာမှာ အသက် ၁၆နှစ်အရွယ်၉ တန်းကျောင်းသူမှာ နေအိမ်တွင်းတစ်ဦးတည်း အိပ်ပျော်နေစဥ် အုပ်စုဖွဲ့အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခံရတယ်လို့ သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေထံကသိရပါတယ်။

ယင်းကျောင်းသူလေးရဲ့ မိဘနှစ်ပါးတောထဲအလုပ်လုပ်ဖို့သွားစဉ် ကျူးလွန်ခံရခြင်းဖြစ်ပြီး မိခင်နေအိမ်သို့ ပြန်လည်ရောက်ရှိ ချိန် သမီးဖြစ်သူမှာ လည်ပင်းပြတ်လုနီးပါး ပြတ်ရှဒဏ်ရာ၊ ရင်ဘတ်နဲ့ နှာခေါင်းမှာ ထိုးကြိတ်ဒဏ်ရာတွေနဲ့ သေဆုံးနေခဲ့တာ ကို တွေ့ရှိခဲ့တဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲအဖွဲ့တွေထံအကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။

ကိုးတန်းကျောင်းသူ အဓမ္မပြုကျင့်အသတ်ခံရမှုနဲ့ပတ်သက်ပြီး အိမ်နီးချင်းတွေဖြစ်တဲ့ အသက် ၂၀ ကျော်အရွယ် စည်သူနိုင် (ခ)မှဲ့ကြီး ၊ သိန်းထိုက်အောင် (ခ) သားပု ဆိုသူ ၂ ဦးကို မတ် ၁၉ ရက် ညပိုင်းနဲ့ မတ်လ ၂၀ ရက်တွေမှာ ၎င်းတို့ရဲ့ နေအိမ်တွေ ကနေ ရဲကအသီးသီးဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

 ဖမ်းဆီးရမိသူတွေရဲ့ ထွက်ဆိုချက်အရ ကျူးလွန်သူ ၃ ဦးဖြစ်ကာ လက်ရှိမှာ ၂ ဦး ဖမ်းမိထားပြီး မှုခင်းဆေးစာအရ သေဆုံးသူ မိန်းကလေးမှာအုပ်စုဖွဲ့အဓမ္မပြုကျင့်ခံထားရကြောင်း စစ်ဆေးတွေ့ရှိထားသလို ဖမ်းဆီးခံထားရသူတွေကလည်းအဓမ္မပြု ကျင့်သတ်ဖြတ်ခဲ့တယ်လို့ ဝန်ခံထွက်ဆိုထားတာကြောင့် ကျန်တစ်ဦးကို ဖမ်းဆီးရမိရေးရဲတပ်ဖွဲ့က စုံစမ်းနေတယ်လို့ သိရပါ တယ်။

Source –  မြေလတ်အသံ

ကဗျာဆရာစောဝေရဲ့သမီးငယ် နိုင်ငံရေးအကျဉ်းသူဟောင်း မရွှန်းစိမ့်စိမ့် ကွယ်လွန်

နိုင်ငံရေးအကျဉ်းသားဟောင်း ကဗျာဆရာစောဝေရဲ့ သမီးငယ် နိုင်ငံရေးအကျဉ်းသူဟောင်း မရွှန်းစိမ့်စိမ့်က  မတ်လ ၂၃ ရက် နေ့မှာ အကျဉ်းထောင်အတွင်းကရရှိလာတဲ့ တီဗီရောဂါနဲ့  ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၃ နှစ်အရွယ် မရွှန်းစိမ့်စိမ့်က စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် မေလ ၁၃ ရက်က လှိုင်မြို့နယ် Royal Thukha ကွန်ဒိုမှာ နေထိုင်နေစဉ် စစ်ကောင်စီကဝင်ရောက်ဖမ်းဆီးခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေ အတွင်းစစ်သင်တန်းနဲ့ ဖောက်ခွဲရေးသင်တန်းတက်ရောက်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ ပုဒ်မ၅၀၅ (က) နဲ့ ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ မတရားဖမ်းဆီးမှုကိုခံခဲ့ရတဲ့ မရွှန်းစိမ့်စိမ့်ဟာ ၂၀၂၃ မေလ ၃ ရက်မှာ စစ်ကောင်စီလွတ်ငြိမ်းနဲ့ အင်းစိန်ထောင် ကနေ ပြန်လည်လွတ်မြောက်ခဲ့ပြီးနောက် ၂ နှစ်နီးပါးအကြာမှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ ဖမ်းဆီးခံရပြီး နောက် ပိုင်းညှဉ်းပန်းနှိပ်စက်ခံခဲ့ရတာနဲ့ အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတာကြောင့် ကျန်းမာ ရေးဆိုးဝါးလာတာလို့လည်း သိရပါတယ်။

Source – Burma VJ

 အမျိုးသမီးအလုပ်သမားတွေ လုံခြည်လှန်ပြီး ဓမ္မတာလာ၊ မလာစစ်ဆေးခံခဲ့ရတဲ့အပေါ် အရေးယူပေးစေလို

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝန်းထဲက စင်္ကြာမင်းတိုင်းရင်းဆေးထုတ်လုပ်ရေးစက်ရုံမှာ အမျိုးသမီး အလုပ်သမားအားလုံးကို တစ်ဦးချင်း ထဘီလှန်ပြီး ရာသီလာ၊မလာ စစ်ဆေးခံခဲ့ရတဲ့အပေါ် သက်ဆိုင်ရာတာဝန်ရှိသူတွေထိ ထိရောက်ရောက် အရေးယူပေးစေလိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

 အဆိုပါစက်ရုံရဲ့ အိမ်သာတွေထဲမှာ အမှိုက်ပုံးမထားရှိဘဲ အမျိုးသမီးများ ရာသီလာပါက အသုံးပြုပြီးတဲ့ အမျိုးသမီးလစဉ် သုံးပစ္စည်းတွေကို ပလပ်စတစ်အိတ်နဲ့ ထုပ်ကာ မိမိတို့အိမ်ကို ပြန်သယ်ရန်သတ်မှတ်ထားပြီး လူသစ် ကောင်မလေးမှာ သိရှိ ခြင်းမရှိဘဲ အမှိုက်ပစ်မိရာကအမျိုးသမီးအလုပ်သမားအားလုံးကို ထဘီလှန်ပြီး စစ်ဆေးခဲ့ပါတယ်။ အဲဒီလိုစစ်ဆေးရာမှာ ရာသီလာနေတဲ့ အလုပ်သမား ၃ ဦးတွေ့ရှိခဲ့လို့ စကားလုံးကြမ်းကြမ်းတမ်းတမ်း ပြောဆိုကာ အတင်းအကျပ် ဝန်ခံခိုင်းခဲ့တာ ဖြစ်ပါတယ်။

အဆိုပါစက်ရုံမှာ အမျိုးသမီးအလုပ်သမား ၄၀ ကျော်ရှိတာဖြစ်ပြီး အလုပ်သမားအားလုံးကို တစ်ဦးချင်းစီလုံခြည်လှန်ပြီး အတွင်းခံမှာ ရာသီလာမလာကို လိုက်လံစစ်ဆေးခဲ့တာဖြစ်သလို စစ်ဆေးသူဟာ အမျိုးသမီးဖြစ်ပေမဲ့လည်း CCTV တပ်ဆင် ထားတဲ့နေရာမှာစစ်ဆေးခံခဲ့ရတာဖြစ်တာကြောင့် အဲဒီလိုစစ်ဆေးတဲ့အပေါ် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အရေးယူ ပေးစေလိုတယ်လို့ ဆိုပါတယ်။

အဲဒီစက်ရုံမှာ HR လည်းမရှိဘဲ ဆေးရောင်းတဲ့ Page admin သာရှိပြီး စက်ရုံမှူး အမျိုးသမီးကသာ စီမံခန့်ခွဲတာဖြစ်သလို အလုပ်သမားတွေကို အချိန်ပိုခေါ်ယူရာမှာလည်း အစိုးရရုံးပိတ်ရက်မှာခေါ်ယူတိုင်း အချိန်ပိုကြေးနှစ်ဆမရဘဲ ပုံမှန်အတိုင်း ပေးချေတာ အလုပ်ချိန်ကိုလည်း နံနက် ၈ နာရီကနေ ညနေ ၅ နာရီနဲ့ ၆နာရီတွေအထိလုပ်ပေးရတာဖြစ်တယ်လို့ သိရပါတယ်။

ယင်းစက်ရုံမှာ စင်္ကြာမင်းတိုင်းရင်းဆေးထုတ်လုပ်တာဖြစ်သလို ဆေးကုခန်းလည်းထားရှိထားပြီး စင်္ကြာမင်းကျီးပေါင်းဆေး၊ အားတိုးဆေး၊ အကြောဆေးစတဲ့ တိုင်းရင်းဆေးတွေကိုထုတ်လုပ်တာလည်းဖြစ်ပါတယ်။

Source-Myanmar Labour News

Author:

Related Articles