Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဇူလိုင်လ ၂၄ ရက်မှ ၂၉ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။

ကျားခင်စိန်တို့အဖွဲ့ စစ်တပ်ကင်းပုန်းနဲ့ တွေ့ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကိုးပင်ရွာအခြေကနေ စစ်တပ်စခန်းကို T.G.R Wormen Drone Force ကျားခင်စိန်အဖွဲ့မှ သွားရောက်ပစ်ခတ်ခဲ့သလို အနီးမှာကင်းပုန်းဝပ်နေတဲ့စစ်တပ်နဲ့ ဇူလိုင်လ ၂၃ ရက်က အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်။

ကျားခင်စိန်တို့ဟာ စစ်သားတွေတပ်စွဲထားတဲ့ကျောက်ရစ်စခန်းကို ၈ ကြိမ်မြောက်သွားရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး သူတို့ တွေက ကျောက်ရစ်စခန်းအနီးမှာရှိတဲ့ ကိုပင်ရွာမှာကင်းပုန်းဝပ်နေကြတာဖြစ်တယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုမှာ T.G.R People Defense Force၊ T.G.R Women Drone Force၊ ကျောက်ဆည်ခရိုင် တပ်ရင်း (၂)၊ စစ်ကိုင်းခရိုင်တပ်ရင်း (၂) တပ်ခွဲ (၃)၊ စစ်ကိုင်းခရိုင်တပ်ရင်း (၆)တပ် ခွဲ(၃)၊ အညာမြေ (ကျောက်ပန်းတောင်း)၊ မြောင်မြို့နယ်ပကဖအင်အားစုနဲ့ နယ်မြေခံအဖွဲ့အစည်းမဟာမိတ်ညီနောင်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်။

Source – မြေလတ်အသံ

တမူးက သားအမိသုံးဦးကို ပျူစောထီးအဖွဲ့က အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ တမူးမြို့၊ စန္ဒကူး (၁-ခ) ရပ်ကွက်မှာ နေထိုင်တဲ့သားအမိ သုံးဦးကို ဇူလိုင် ၂၅ ရက်ည ၈ နာရီကျော်မှာ ပျူ စောထီးအဖွဲ့က သေနတ်နဲ့ပစ်သတ်သွားပါတယ်။

သေဆုံးသူမှာ မောင်ပြည့်လျှန် ၁၆ နှစ်(သား)၊ မငြိမ်းငြိမ်း၂၁ နှစ်(သမီး)၊ ဒေါ်အေး ၄၈ နှစ် (အမေ) တို့ဖြစ်ပြီး သူတို့ကို ပန်းချီ ချမ်းမြင့် ဦးဆောင်တဲ့ပျူစောထီးအဖွဲ့က နေအိမ်ထဲမှာ ပစ်သတ်ခဲ့တာဖြစ်တယ်။

ဒီသားအမိ ၃ ဦးဟာ ဒေသကာကွယ်ရေး(PDF)တွေကို ထောက်ပို့လုပ်နေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ သတ်သွားတာလို့ ဒေသ ခံတွေက ပြောပါတယ်။ ပျူစောထီးအဖွဲ့တွေဟာ မေးမြန်းစရာရှိတယ်လို့ဆိုကာ အသတ်ခံရသူတွေရဲ့ နေအိမ်ကိုရောက် လာကြသူတွေဖြစ်တယ်။

Source – မြေလတ်အသံ

ဘတ်စ်ကားပေါ်မှာ အမျိုးသမီးတချို့ လိင်အမြတ်ထုတ်ခံရမှုများပြားလာ

ရန်ကုန်မြို့ထဲ ပြေးဆွဲနေတဲ့ YBS ဘတ်စ်ကားတွေပေါ်မှာ အမျိုးသမီးငယ်တွေကို ပစ်မှတ်ထားပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ အရင်ကထက်ပိုပြီးပြုလုပ်လာတယ်လို့ သိရပါတယ်။

ဇူလိုင် ၂၀ ရက်က လှိုင်သာယာဘက်ကို ပြေးဆွဲနေတဲ့ YBS ၇၉ ပေါ်မှာ မနက် ရုံးသွားချိန်အတွင်း လိင်ပိုင်းဆိုင်ရာ အမြတ် ထုတ်မှုနဲ့ ကိုယ်တွေ့ကြုံတွေ့ခဲ့ရတယ်လို့  ခရီးသည်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ရန်ကုန်မှာ ဘတ်စ်ကားစီးတဲ့အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ အမြတ်ထုတ်မှုတွေဟာ ခေတ် အ ဆက်ဆက်ရှိခဲ့တာဖြစ်ပြီး ကျူးလွန်သူတွေကို ထိရောက်တဲ့အရေးယူမှုလည်း မရှိခဲ့ပါဘူး။

Source – DVB

အကြမ်းဖက်နှိမ်နှင်းရေးသင်တန်းမှ အမျိုးသမီးစစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ထွက်ပြေး

နေပြည်တော်၊ မိုးဆွေရွာအခြေစိုက်အမှတ် ၂ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက၂)မှာ ဖွင့်ထားတဲ့ စစ်တပ် အကြမ်းဖက်နှိမ်နင်းရေးနှင့်အထူးတပ်ဖွဲ့(အမျိုးသမီး)သင်တန်းမှ အမျိုးသမီးစစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ထွက်ပြေးနေ တယ်လို့ သိရပါတယ်။

အမျိုးသမီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နေပြည်တော်၊ သိုက်ချောင်းရှိ အမှတ် ၂ တပ်မတော်ဆေးရုံကြီး(ကုတင် ၁၀၀၀) မှာ ဆေးစစ်ဖို့သွားရင်း ဇူလိုင် ၂၃ ရက်က ထွက်ပြေးသွားတာဖြစ်တယ်။

သင်တန်းကြီးကြပ်သူတွေခန့်မှန်းတာက စစ်သားတွေဟာ အရက်သေစာ၊ မူးယစ်ဆေးတွေသုံးစွဲပြီး သင်တန်းသူတွေကို အမျိုးမျိုးသောလေ့ကျင့်ရေးတွေမှာ ပြင်းပြင်းထန်ထန်နှိပ်စက်တာနဲ့ လိင်ပိုင်းဆိုင်ရာထိပါးတာတွေကိုလည်း အုပ်စုဖွဲ့လုပ် ဆောင်တာတွေရှိနေလို့ အခုလိုထွက်ပြေးသွားတာဖြစ်နိုင်ပါတယ်။

Source – မြေလတ်အသံ

လက်နက်ကြီးကျလု့ိ ကိုယ်ဝန်ဆောင်အပါအဝင် အမျိုးသမီး ၃ ဦးဒဏ်ရာပြင်းထန်

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့ ပိန်းချစ်အုပ်စု၊ ဝမ်ကုန်းရွာကို ဇူလိုင် ၂၄ ရက်က တိုက်ပွဲမရှိဘဲ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အပါအဝင် အမျိုးသမီး ၃ ဦးဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။

ခမရ (၅၃၀)တပ်က ပစ်လိုက်တဲ့လက်နက်ကြီးက ဝမ်ကုန်းရွာထဲ ကျရောက်ပေါက်ကွဲတာကြောင့် ခြံအလုပ်လုပ်နေတဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

နောက်တစ်ကြိမ်ထပ်ပစ်တော့ အသက် ရှစ်ဆယ်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၃၅ အရွယ် ကိုယ်ဝန်ဆောင်အမျိုး သမီးတစ်ဦး၊ အသက် သုံးဆယ်ဝန်းကျင် အမျိုးသမီးနဲ့ အမျိုးသားတစ်ဦး စုစုပေါင်းမိသားစုဝင်လေးဦးဒဏ်ရာရခဲ့တယ်။

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်ထိ ကယားပြည်နယ်မှာ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေး ရတဲ့ဒုက္ခသည်နှစ်သိန်းသုံးသောင်းကျော်ရှိပြီလို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က ထုတ်ပြန်ထားပါတယ်။

Source – RFA

နွေဦးတော်လှန်ရေး ၂ နှစ်တာကာလထဲ အမျိုးသမီး ၁၅ ဦးအပါအဝင် ပြည်သူ ၁၁၅ ဦးသေဒဏ်ချမှတ်ခံထားရ

စစ်အာဏာသိမ်းထားတဲ့ ၂ နှစ်တာကာလအတွင်း အာဏာသိမ်းမှုကိုဆန့်ကျင်လို့ အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ အမျိုးသမီး ၁၅ ဦးအပါအဝင် ပြည်သူ ၁၁၅ ဦးသေဒဏ်ချမှတ်ခံထားရတာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

သေဒဏ်အမိန့်ချခံရသူတွေဟာ အသက် ၁၉ နှစ်မှ ၅၀ အရွယ်ကြားရှိသူတွေဖြစ်ပြီး ဒီထဲမှာအမျိုးသားအရေအတွက်က အယောက် ၁၀၀ နဲ့အများဆုံးဖြစ်ကာ အမျိုးသမီးကတော့ ၁၅ ဦးသေဒဏ်အမိန့်ချမှတ်ခံထားရတာဖြစ်တယ်။

ဒီထဲကအယောက် ၉၀ ဝန်းကျင်ဟာ ရန်ကုန်မြို့က အင်းစိန်အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ဒုတိယ အများ စုကတော့ မန္တလေးအကျဉ်းထောင်ထဲမှာဖြစ်ပါတယ်။

စစ်တပ်ရဲ့လက်တွေ့‌သေဒဏ်ကျင့်သုံးမှုကြောင့် အမိန့်ချမှတ်ခံထားရသူတွေရဲ့မိသားစုဝင်တွေက စိုးရိမ်မှုမြင့်တက်နေပြီး နိုင်ငံတကာကလည်း ဒီလိုလုပ်ရပ်အပေါ် အပြင်းအထန်ကန့်ကွက်ပြစ်တင်ထားပါတယ်။

Source – BBC

အမျိုးသမီးတွေရဲ့အလုပ်အကိုင်ရရှိမှုက အမျိုးသားတွေထက် နှစ်ဆလျော့နည်းကြောင်း ILO ထုတ်ပြန်

ကိုဗစ်နဲ့ အာဏာသိမ်းမှုကြောင့် အမျိုးသမီးအလုပ်သမားတွေရဲ့အလုပ်အကိုင်ရရှိမှုက အမျိုးသားတွေထက် နှစ်ဆလျော့ နည်းနေတယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO)က ထုတ်ပြန်ထားပါတယ်။

လူမှုစီးပွား မတည်ငြိမ်လို့ မြန်မာနိုင်ငံရဲ့အလုပ်သမားဈေးကွက်ဟာ အခက်အခက်စိန်ခေါ်မှုတွေဆက်ကြုံတွေ့နေရတာဖြစ် တယ်။ မြန်မာနိုင်ငံရဲ့အလုပ်သမားဈေးကွက်ဟာ တချို့ကဏ္ဍတွေမှာ အနည်းငယ်တိုးတက်လာပေမယ့် အလုပ်အကိုင် ဖန်တီးမှုဟာ များပြာလာတဲ့လူဦးရေကို အမီလိုက်နိုင်ခြင်းမရှိတာကြောင့် ၂၀၂၂ ခုနှစ်မှာ အလုပ်လုပ်နိုင်တဲ့လူဦးရေရဲ့ ၅၄. ၅ ရာခိုင်နှုန်းပဲ အလုပ်အကိုင်ရပါတော့တယ်။ ဒါဟာ ၂၀၁၇ ခုနှစ်နဲ့ယှဉ်ရင် ၈.၂ ရာခိုင်နှုန်းကျဆင်းသွားတာဖြစ်တယ်။

ဒီလိုကျဆင်းသွားတဲ့နေရာမှာ အမျိုးသမီးတွေရဲ့အလုပ်လုပ်နိုင်တဲ့လူဦးရေနဲ့ အလုပ်အကိုင်ရရှိမှုအချိုးဟာ အမျိုးသားတွေ ရဲ့ နှစ်ဆကျဆင်းသွားတာကြောင့် အမျိုးသမီးတွေအပေါ်သက်ရောက်မှု ပိုကြီးလာတာဖြစ်တယ်။

မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်ရရှိမှုအခြေအနေတွေဟာ မခိုင်မာမှု၊ စိန်ခေါ်မှုတွေဆက်ရှိနေပါတယ်။ ဒါကြောင့် အလုပ် သမားများစွာဟာလည်း မရေရာနဲ့ အနာဂတ်တွေကို ရင်ဆိုင်နေရပါတယ်။

Source – DVB

စိုက်ပျိုးရေးသိပ္ပံမှ အမျိုးသမီးဝန်ထမ်းလေးဦးအပါအဝင် ၇ ဦးဖမ်းဆီးခံရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းအုပ်ဆရာမကြီး အပါအဝင် စုစုပေါင်း ၇ ဦးကို လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ကျောင်းအုပ်ဆရာမကြီးနဲ့ သူရဲ့ခင်ပွန်းနှင့် ၁၂ နှစ်အရွယ်သား၊ ဒုကျောင်းအုပ်ဆရာ၊ ကထိက ဆရာ မတစ်ဦးနဲ့ တခြားလက်ထောက်ဆရာမနှစ်ဦးတို့ကို ဇူလိုင် ၂၀ ရက်က ဖမ်းဆီးခဲ့တာပါ။

တိုက်ပွဲဖြစ်လာရင် ပြည်သူတွေ ထိခိုက်နိုင်လို့ စစ်တပ်ရဲ့အမှတ် (၁၀၄) ခြေလျင်တပ်ရင်းနဲ့နီးတဲ့စိုက်ပျိုးရေးသိပ္ပံကျောင်းကို ဖွင့်လှစ်ဖို့ အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် မလိုက်နာလို့ ဖမ်းထားတာဖြစ်တယ်။

ဒါပေမဲ့ ၁၂ နှစ်သားအပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ ဘေးကင်းလုံခြုံစွာရှိနေကြတာဖြစ်တယ်။ လောင်းလုံနယ် ထဲကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူတွေကို လူသား ဒိုင်းအဖြစ်ဖမ်းဆီးနေတာပါ။

Source – RFA

မီးရထားဝန်ထမ်းနဲ့ဇနီး သေဒဏ်အပြင် ထောင် ၇ နှစ် ချမှတ်ခံရ

အကြမ်းမဖက်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု(CDM)လုပ်ထားတဲ့မီးရထားဝန်ထမ်းနဲ့ သူ့ရဲ့ဇနီးကို စစ်တပ်က သေဒဏ် အပြင်ထောင်ဒဏ် ၇ နှစ်စီပါ ထပ်မံချမှတ်ခဲ့ပါတယ်။

မီးရထားဝန်ထမ်းဖြစ်တဲ့ ဦးကောင်းထက်(ခ) ဖိုးစီနဲ့ ဇနီးဖြစ်သူ ဒေါ်ချမ်းမြေ့သူ(ခ) ဂျူးဂျူးကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့ ညပိုင်းမှာ စစ်တပ်က လာရောက်ဖမ်းဆီးသွားပြီး စစ်ကြောရေးမှာ လနဲ့ချီကြာညှင်းပန်းနှိပ်စက်ခဲ့တာဖြစ်တယ်။

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၀ ရက်မှာတော့ သူတို့ဇနီးမောင်နှံကို ပုဒ်မ ၅၀(ဈ)၅၄ အရ သေဒဏ်ကျခံစေပြီး ပုဒ်မ ၅၁(ဂ)အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သလို ပြစ်ဒဏ်တွေကို တပြိုင်တည်းကျခံစေရမယ်လို့လည်း စီရင်ချက်ချလိုက် တာပါ။ 

ဒါနဲ့ပတ်သက်လို့ လုံးဝကန့်ကွက်ရှုတ်ချကြောင်းနဲ့ အရေးယူတာတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစု – MLA က ဇူလိုင် ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Source – DVB

ဆိပ်ဖြူမှာ စစ်မပြေးနိုင်တဲ့အဖွားအိုနှစ်ဦးအပါအဝင် ဒေသခံ ၅ ဦးသတ်ဖြတ်ခံရ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်တပ်က နှစ်ပတ်အတွင်း အဖွားအိုနှစ်ဦးအပါအဝင် ဒေသခံ ၅ ဦးကို သတ်ဖြတ်ခဲ့ပါ တယ်။ စစ်သားတွေဟာ ဇူလိုင် ၁၀ ရက်ကစလို့ ဆိပ်ဖြူမြို့နယ်ထဲက ကျေးရွာတွေထဲဝင်ရောက်မီးရှို့နေတာဖြစ်တယ်။

ဇူလိုင် ၁၂ရက်တွင် ဂွေးတိုတဲတိုက်ရှိ ဒေသခံပြည်သူ သုံးဦးကို မီးရှို့သတ်ခဲ့သလို စစ်မပြေးနိုင်တဲ့အဖွားအို နှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့တာဖြစ်တယ်။ နေအိမ် ၂၅ လုံးကျော်ကိုလည်း မီးရှို့ခဲ့တယ်။

စစ်ကြောင်းထိုးလို့ ဆိပ်ဖြူ – ပခုက္ကူနယ်စပ်ရှိ ဆိပ်ဖြူမြို့နယ်ဘက်မှ တောင်ရွာမ၊မြောက်ရွာမ၊ရေယဉ်ချောင်၊ဇီးပင်ကြီး၊ သံပုရာပင်နဲ့ ဆားလောက်ကျေးရွာမှ ဒေသခံပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Source – People’s Spring

အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် အရပ်သား ၁၀၀ နီးပါး ဓားစာခံအဖြစ်ဖမ်းဆီးခံရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဆယ်ဇင်းကုန်းကျေးရွာက ဘုန်းကြီးကျောင်းဝင်းထဲမှာ သက်ကြီးရွယ်အို၊ အမျိုးသမီးနဲ့ ကလေးအများစုပါတဲ့အရပ်သား ၁၀၀ နီးပါးကို စစ်တပ်က ဇူလိုင် ၂၆ ရက်မှာ ဓားစာခံအဖြစ်ဖမ်းထားပါတယ်။

ရွာထဲကို စစ်ကြောင်းဝင်လာတော့ လူငယ်၊ လူလတ်ပိုင်းအရွယ်တွေက တိမ်းရှောင်လွတ်မြောက်သွားပေမယ့် မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးနဲ့ ကလေးငယ်တွေကို ဖမ်းဆီးသွားခဲ့တာဖြစ်တယ်။

မန္တလေးမှ တိုက်ပွဲပြင်းထန်နေတဲ့ကချင်ပြည်နယ်ဘက်သွားတဲ့ရိက္ခာ၊ လက်နက်တင်သင်္ဘောတွေလုံခြုံရေးအတွက် စစ်တပ် က ပစ်ခတ်ခံရမှာစိုးတာကြောင့် အခုလိုဖမ်းဆီးထားတာဖြစ်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ယူဆနေပါတယ်။

မဲစာရင်းမှားယွင်းမှုအကြောင်းပြ အာဏာသိမ်းထားတဲ့စစ်တပ်က လမ်းပေါ်ထွက် ဆန္ဒပြသူတွေကို ပစ်သတ်ရာမှ ဒေသ အများအပြားမှာ လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာရာ သပိတ်ကျင်းနယ်မှာလည်း ဒေသခံတော်လှန်ရေးသမားတို့ အခြေစိုက်လှုပ်ရှားနေတာဖြစ်တယ်။

Source – Myanmar Now

Author:

Related Articles