Home ဆောင်းပါး ခက်ခဲကြမ်းတမ်းမှုတွေကြား မိသားစုအတွက်အရှုံးမပေးတဲ့ အမျိုးသမီး

ခက်ခဲကြမ်းတမ်းမှုတွေကြား မိသားစုအတွက်အရှုံးမပေးတဲ့ အမျိုးသမီး

သန့်ရှင်းထွန်း

နေကြဲကြဲပူနေတဲ့ နေ့လယ်ဘက်မှာ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးဟာ တစ်အိမ်ဝင် တစ်အိမ်ထွက်၊ တစ်ရွာဝင်တစ်ရွာထွက် သွားလာနေပါတယ်။ ပူပြင်းတဲ့ရာသီဥတုမှာ ‌ဆောင်းစရာထီးတစ်လက်မပါဘဲ အသင့် ကိုင်လာတဲ့ အဖြူရောင်မြေဆီအိတ်ငယ်ကို ခေါင်းပေါ်တင်ပြီး နေရဲ့ အပူဒဏ်ကိုကာထားပါတယ်။

အဲဒီအမျိုးသမီးဟာ တစ်ရက်ကို လူနေအိမ် ငါးဆယ်လောက်ထိ တစ်အိမ်ဝင်တစ်အိမ်ထွက် လုပ်တတ်သလို လမ်း မလျှောက်နိုင်ဘဲ နားရတဲ့ရက်တွေလည်း ရှိတယ်လို့ ဆိုပါတယ်။

“ကျမအသက်ရှိသရွေ့ အထမ်းထမ်းမယ်။ မကောင်းမှုဒုစရိုက်က လွှဲလို့ရှိရင်”လို့သူက ခပ်ပြတ်ပြတ် ပြောပါတယ်။

သူကတော့လက်ရှိ ရခိုင်ပြည်၊ မြေပုံမြို့နယ်ထဲက စစ်ဘေးရှောင်စခန်းတစ်ခုမှာ စစ်ဘေးရှောင်နေတဲ့ဒေါ်သန်း ကြည်ဖြစ်ပြီး သက်ကြီးရွယ်အိုမိဘနှစ်ဦးနှင့် သားသမီးသုံးဦးကို အလှူခံကျွေးမွေးနေသူဖြစ်ပါတယ်။

ဒေါ်သန်းကြည်ဟာ အရင်က သံတွဲမြို့နယ်၊ ဂျိတ္တောကျေးရွာမှာ ကိုယ်ပိုင်အိမ်နဲ့ နေထိုင်ခဲ့သူဖြစ်ပြီး အာရက္ခတပ်တော် (AA) က သံတွဲမြို့နယ်ကို ထိုးစစ်ဆင်တိုက်ခိုက်တဲ့အချိန် ၂၀၂၄ ခုနှစ် ဇူလိုင် လဆန်းပိုင်းက အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရသူဖြစ်ပါတယ်။

အာရက္ခတပ်တော်(AA)က သံတွဲမြို့နယ်ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လကစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပေ မယ့် ဒေါ်သန်းကြည်ဟာ မျက်မမြင်ဖခင်ကြောင့် နေအိမ်ကို မစွန့်ခွာဘဲတောင့်ခံခဲ့ပေမယ့် တိုက်ပွဲတွေ ပြင်းထန်ပြီး လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင်လဆန်းပိုင်းမှာ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတာလို့ ပြောပါတယ်။

“အိမ်ကထွက်ခွာတဲ့အချိန် လမ်းပေါ်မှာ သေနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းတွေကို အများကြီး မြင်တွေ့ခဲ့ ရတယ်။ ကျမက မကြောက်ပေမယ့် မျက်စိမမြင်တဲ့ အဖေက ကြောက်နေခဲ့တယ်။ ဒါပေမယ့် အေအေတပ်ဖွဲ့ဝင် တွေက ဘေးလွတ်ရာကို ပြောင်းရွေ့ပေးခဲ့ကြတယ်”လို့ ပြန်ပြောပြပါတယ်။

တိုက်ပွဲတွေကြောင့် အဆင်မပြေမှုတွေနဲ့ စစ်ဘေးရှောင်နေချိန် မိသားစုစားဝတ်နေရေး အဆင်ပြေဖို့ ဒေါ်သန်း ကြည်ဟာ အနီးအနားရွာတွေ သွားပြီး အလှူခံထွက်ရတယ်လို့ ပြောပါတယ်။

“ဒီမှာက အလုပ်မရှိဘူး။ အလှူခံပြီးတော့ စားရတယ်။ ရတဲ့ငွေကို မျှတပြီးတော့စားတယ်။ အဖေအတွက် ဆေး ဝယ်၊ အမေအတွက် ဆေးဝယ်တယ်”လို့ သူက ပြောပြပါတယ်။

အလှူခံတဲ့အခါ ရလာတဲ့ငွေတွေကို အိမ်ဈေးဖိုးသုံးသလို ဆန်ကိုတော့ စုဆောင်းထားပြီး အလှူခံလို့မရတဲ့နေ့တွေ မှာ စုထားတဲ့ဆန်ကို ချက်ပြီး အဖြူထည်စားရတယ်လို့ ဆိုပါတယ်။

သူတို့စစ်ဘေးရှောင်စဉ်ကာလက တစ်ရက်ကို အလှူခံလို့ ငွေကျပ်နှစ်သောင်း၊ သုံးသောင်းနဲ့ ဆန်အိတ် တဝက် လောက်ရပေမယ့် အခုနောက်ပိုင်း စစ်ဘေးရှောင်တွေ များလာသလို အလှူခံတဲ့သူတွေလည်း များလာတာကြောင့် သိပ်အဆင်မပြေတော့ဘူးလို့ လက်ရှိအကြပ်အတည်းကို ပြောပြပါတယ်။

“စစ်ဘေးရှောင်တွေများလာပြီး အလှူခံသူတွေများလာတော့ လှူတဲ့သူတွေကလည်း မျှတပြီးတော့ လှူနေရတယ်လေ”လို့ ဒေါ်သန်းကြည်က ပြောပါတယ်။

စစ်ဘေးမရှောင်ခင်က ဒေါ်သန်းကြည်တို့ မိသားစုမှာ မိဘနှစ်ယောက်၊ ခင်ပွန်းသည်၊ သားသုံးယောက်၊ သမီးတစ်ယောက် စုစုပေါင်း ၇ ယောက်ရှိခဲ့ပြီး စားဝတ်နေရေး၊ ကျန်းမာရေး၊ သားသမီးပညာရေးအတွက် ခင်ပွန်းနှင့်အတူ ကျရာတာဝန်ယူပြီး လုပ်ကိုင်စားသောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ကံအကြောင်းမလှတဲ့ ဒေါ်သန်းကြည်တို့ မိသားစုဟာစစ်ဘေးကြောင့် နေအိမ်ကထွက်ခွာချိန်မှာ ခင်ပွန်းသည်နှင့် သားကြီးတို့ဟာ သူတို့နှင့်တကွဲတပြားစီဖြစ်ပြီး တိုက်ပွဲအတွင်းမှာ ပျောက်ခြင်းမလှပျောက်သွားခဲ့တယ်လို့ဆိုပါတယ်။

“တိုက်ပွဲဖြစ်လို့ ဗုံးတွေကြဲနေချိန်မှာ လင်နဲ့သားကြီးက တစ်တွဲဖြစ်သွားတယ်။ ဘယ်ကိုရောက်သွားမှန်းမသိ ပျောက်သွားတယ်။ ဒီနေ့ထိပျောက်နေတယ်။ သေဆုံးသွားတာလား၊ ဘယ်ရောက်သွားတာလဲ မပြောတတ်တော့ ဘူး”လို့ မျက်လုံးအိမ်ထဲက ထွက်လာတဲ့ မျက်ရည်ကိုထိန်းပြီးတော့ ပြောပြပါတယ်။

ခင်ဗွန်းဖြစ်သူနဲ့ သားကြီးလည်း ပျောက်နေတာကြောင့် ကျန်ခဲ့တဲ့ ဒုတိယသား၊ ၁၀ ကျော်သက် အရွယ်သားတစ် ဦး၊ သမီးတစ်ဦးနှင့် သက်ကြီးမိဘနှစ်ပါး ရဲ့ တာဝန်ဝတ္တရားတွေကို ဒေါ်သန်းကြည် တစ်ယောက်တည်း ရုန်းကန် လှုပ်ရှားခဲ့ ရပါတယ်။ အခုလို ခင်ပွန်းမရှိချိန် အိမ်ထောင်ဦးစီး တစ်ယောက်အဖြစ် အစစအရာရာ တာဝန်ယူထားရတဲ့ ဒေါ်သန်းကြည်ရဲ့ ဒုတိယမြောက်သားဟာ အာရက္ခတပ်တော် (AA) ထဲကို တာဝန်ထမ်းဆောင်ဖို့ ထွက်သွားခဲ့တယ်လို့ ပြောပါတယ်။

“ကျမက တပ်ထဲ (AA) ဝင်ဖို့ လုံးဝမတားဘူး။ သူ့အဖေနဲ့ သူ့အစ်ကိုအတွက် သူ့မှာလည်း ခံစားချက်အများကြီး ရှိမှာ။ တပ်ထဲဝင်မယ်ပြောတော့ ကျမကလုံးဝမတားလိုက်ဘူး”လို့ဆိုပါတယ်။

ကိုယ့်ရွာ ကိုယ့်ဒေသမဟုတ်တာရယ်၊ လုပ်စရာအလုပ်မရှိတာရယ်၊ တိုက်ပွဲတွေကြောင့် စီးပွားရေးအဆင်မပြေ တာတွေကြောင့်  မိသားစုအတွက် တစ်အိမ်ဝင်တစ်အိမ်ထွက်၊ တစ်ရွာဝင်တစ်ရွာထွက် အလှူခံရပါတယ်။

“စစ်ဘေးရှောင်ကို ပြေးလာချိန်မှာ သားသမီးတွေအားလုံးရတဲ့နေရာမှာအိပ်ကြရတယ်။ ဘာမှလည်းမစားရ အဲဒီ အချိန်က အရမ်းဝမ်းနည်းခဲ့တယ်” မျက်ရည်ဝဲပြီးတော့ ပြန်ပြောင်းပြောပြပါတယ်။

ရခိုင်ပြည်မှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာပြီး စစ်ဘေးရှောင်တွေများလာတာနဲ့အတူ အလှူခံတဲ့သူတွေလည်းများ လာတာကြောင့် လက်ရှိမှာတော့ ဒေါ်သန်းကြည်လည်း အလှူခံထွက်ရတာ အရင်ကလို အဆင်မပြေတော့ဘဲ ရတဲ့ အလုပ်တစ်ခုလုပ်ဖို့ တွေးထားတယ်လို့ ပြောပါတယ်။

အသက် ၇၀ နီးပါးဖြစ်နေကြပြီဖြစ်တဲ့ ဒေါ်သန်းကြည်ရဲ့ မိဘနှစ်ပါးမှာ ဖခင်ဖြစ်သူဟာ မျက်မမြင်ဖြစ်သလို သွေး တိုး၊ ဆီးချိုရောဂါကြောင့် ဆေးကိုအဆက်မပြတ်သောက်နေရတဲ့ မိခင်အတွက် ဆေးဖိုးက တစ်လကို တစ်သိန်း လောက်ကုန်ကျစရိတ်ရှိနေတာကြောင့် ၆ တန်းအရွယ် အသက် ၁၃ နှစ်အရွယ် သားငယ်ကို သူတို့နေထိုင်တဲ့မြေပုံ မြို့က စားသောက်ဆိုင်တဆိုင်မှာ တစ်လကို တစ်သိန်းကျပ်နဲ့ အလုပ်လုပ်ခိုင်းထားတယ်လို့ ပြောပါတယ်။

အခုသားငယ်ရတဲ့ လစာငွေ၊ အလှူခံလို့ရတဲ့ငွေနဲ့ စားသောက်ရေးအပြင် မိဘနှစ်ဦးအတွက် ဆေးဖိုးဝါးခကိုဖြေ ရှင်းနေပြီး မလုံလောက်ရင် အလှူခံပြီးစုထားတဲ့ ဆန်တချို့ကို ရောင်းချပြီးတော့ ဖြေရှင်းနေတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်မှာ မြို့သိမ်းတိုက်ပွဲတွေဖြစ်ပြီး အစိုးရယန္တရားတွေ ဖရိုးဖရဲဖြစ်နေတာကြောင့် နိုင်ငံတကာရဲ့ အကူအညီ တွေဟာလည်း ပုံမှန်မရောက်နိုင်ဘဲ တခါတလေရပေမယ့် မရတာများတယ်လို့ ဒေါ်သန်းကြည်က ပြောပါတယ်။

“အဓိက အဖေနဲ့အမေ ဆေးဖိုးထောက်ပံ့ကြေးလိုချင်တယ်။ ကိုယ်ကတော့ အလှူခံစားရလည်း အဆင်ပြေတယ်” လို့ ဆိုပါတယ်။

ရခိုင်ပြည်မှာ စစ်ဘေးရှောင်တွေများပြီး အလှူခံတဲ့သူတွေ များလာပေမယ့် ဒေါ်သန်းကြည်ကတော့ မြေဆီအိတ်ခွံ အဖြူရောင်တစ်လုံးကိုင်ပြီး တစ်ရွာဝင်တစ်ရွာထွက် သွားရအုံးမှာပဲလို့ ဆိုပါတယ်။

Author:

Related Articles