Home ဆောင်းပါး တိုးတိတ်လာသော ရခိုင်ပြည်က အမျိုးသမီးအရေးလှုပ်ရှားမှုအသံများ

တိုးတိတ်လာသော ရခိုင်ပြည်က အမျိုးသမီးအရေးလှုပ်ရှားမှုအသံများ

သန့်ရှင်းထွန်း။ ။

ပြီးခဲ့တဲ့နှစ်တွေက မတ်လ ၈ ရက်တိုင်း ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့အတွက် ရခိုင်ပြည်နယ်မှာရှိတဲ့ အမျိုးသမီးအဖွဲ့ အစည်းတွေဟာ အဲဒီနေ့မှာလုပ်မယ့် ကမ်ပိန်းတွေ၊ လှုပ်ရှားမှုတွေအတွက် ကြိုတင်ပြင်ဆင်တာတွေကို ဖေဖော်ဝါရီလကုန်ပိုင်း တည်းက မြင်တွေ့နေရပြီဖြစ်ပါတယ်။

အဲဒီနိုင်ငံတကာအမျိုးသမီးနေ့မှာဆိုရင် ရခိုင်ပြည်ထဲက အမျိုးသမီးအဖွဲ့အစည်းတချို့ဟာ ” ကျူးလွန်သူတွေကို အပြစ်ဒဏ်ပေး ရေး” စတဲ့ဆောင်ပုဒ်စာတမ်းတွေကို အင်္ကျီတွေမှာ တံဆိပ်ရိုက်ပြီး ကမ်ပိန်းတွေပြုလုပ်တာ၊ ဗီနိုင်းနှင့် ပိုစတာ စတာတွေကိုင်ပြီး ချီတက်တဲ့ လှုပ်ရှားမှုအမျိုးမျိုးကို ဆောင်ရွက်တာတွေ ပြုလုပ်လေ့ရှိကြပါတယ်။

ဒီနှစ် မတ်လ ၈ရက်မှာ ကျရောက်မယ့် နိုင်ငံတကာအမျိုးသမီးနေ့မှာတော့ လတ်တလောအထိ လုပ်နေကျ လှုပ်ရှားမှုတွေဟာ မရှိသလောက်နည်းပါးနေပြီးတော့ အမျိုးသမီးအဖွဲ့အစည်းကို ဦးဆောင်နေသူတွေဟာလည်း လုံခြုံရေးစိုးရိမ်နေရတဲ့ အခြေ အနေ ကို ရင်ဆိုင်နေကြရတယ်လို့ ရခိုင်အခြေစိုက်အမျိုးသမီးအဖွဲ့အစည်းက တာဝန်ရှိသူတချို့က ပြောပါတယ်။

အခုလို ရခိုင်မှာအမျိုးသမီးအဖွဲ့အစည်းတွေရဲ့လှုပ်ရှားမှု သိသိသာသာ လျော့နည်းလာတာဟာ တရားဥပဒေစိုးမိုးမှုမရှိတဲ့ အစိုးရ လက်အောက်မှာ ဖြစ်နေတဲ့အတွက်လို့ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဌဒေါ်ညိုအေးက ပြောပါတယ်။

တရားဥပဒေစိုးမိုးမှုမရှိတဲ့ အစိုးရလက်အောက်မှာ အမျိုးသမီးအဖွဲ့အစည်းတွေဟာ အလှူရှင်အဖွဲ့အစည်းတွေ ဆက်သွယ်မှုနည်းပါး လာတာ၊ အတူလက်တွဲလုပ်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ရခိုင်ပြည်ကိုစွန့်ခွာသွားတာ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှား ခွင့်မရတာတွေဟာ အဓိကစိန်ခေါ်မှုတွေ ဖြစ်နေတယ်လို့ သူကဆက်ပြောပါတယ်။

“ အစိုးရပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကြောင့် အလှူရှင်(donor) ထွက်ခွာတာလည်း စိန်ခေါ်မှုထဲမှာပါတယ်။” လို့  ဒေါ် ညိုအေးက ပြောပါတယ်။

အခုလို ရခိုင်မှာ အမျိုးသမီးအဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုလျော့ကျလာတဲ့အတွက် အမျိုးသမီးတွေအပေါ်မှာ ဆိုးဝါးတဲ့အကျိုး သက်ရောက်မှုတွေရှိနေပြီး အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ တရားရေးအရ ဆောင်ရွက်ရမယ့်အမှုတွေတောင် အချိန်မမီလို့ ရင်မဆိုင် လိုက်ရတဲ့ အမှုတွေတောင်ရှိလာတယ်လို့ သူက ဆက်ပြောပါတယ်။

နောက်ပြီး အမျိုးသမီးအဖွဲ့အစည်းတွေရဲ့ လုံခြုံမှုကင်းမဲ့လာတာ၊ လမ်းသွားလမ်းလာကအစ ဂရုစိုက်နေရတာတွေ ကြုံလာရ တယ်လို့ ပြောပါတယ်။

အခုလို အမျိုးသမီးအရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ လှုပ်ရှားမှုလျော့ကျလာတဲ့အတွက် လူငယ်အမျိုးသမီးတွေရဲ့ ခွန်အား ဟာလည်း လျော့ကျလာပြီး တစ်ခုခုဖြစ်ရင် အားကိုးစရာမရှိသလို ဖြစ်လာတယ်လို့ စစ်တွေမြို့က အသက် ၂၃ နှစ်အရွယ် မဇာချေက ပြောပါတယ်။

“ အမျိုးသမီးအဖွဲ့တွေ တက်တက်ကြွကြွ လှုပ်ရှားနေတာတွေ့ရင် ညီမတို့အားရတယ်။ ကျေနပ်တယ်။ အမျိုးသမီးထုရဲ့အင်အားက မလွယ်ဘူးဆိုပြီး ၊ ခုနောက်ပိုင်းက လှုပ်ရှားမှုတွေကလည်းမရှိတော့ ပြန်ပြီး အားမလိုအားမရဖြစ်လာတယ်။”လို့ သူကပြောပါတယ်။

လက်ရှိ ရခိုင်ပြည်နယ် ၊စစ်တွေမြို့မှာ ခိုးဆိုးလုယက်မှုတွေဟာ များပြားလာနေပြီး သူတို့တွေဟာ အမျိုးသမီးတွေအပေါ် ဦးတည် တိုက်ခိုက်တာတွေ ရှိလာတယ်လို့ မဇာချေက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက် ည ၈ နာရီခန့်က စစ်တွေမြို့၊ ကန်တော်ကြီးအဝင်လမ်းမှာ ချိန်းတွေ့နေတဲ့ သမီးရည်းစားနှစ်ဦးကို အမည်မသိ အမျိုးသားသုံးဦးက လူငယ်အမျိုးသားကို ဓားနဲ့ထိုးပြီး ဖုန်းကိုလုယက်တာ၊ အမျိုးသမီးငယ်ကို ပြန်ပေးဆွဲခေါ် ဆောင်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ပြန်ပြေးဆွဲသွားတဲ့ အမျိုးသမီးငယ်ကိုတော့ နောက်တစ်နေ့မှာ ပြန်လွှတ်ပေးခဲ့တယ် လို့ ဒေသတွင်းသတင်းတွေမှာ ရေးသားဖော်ပြခဲ့ပါတယ်။

အလားတူပဲ စစ်တွေမြို့တွင်းမှာ သွားလာနေတဲ့ အမျိုးသမီးငယ်တွေဆီက ပိုက်ဆံအိတ်လုယက်တာ၊ ဖုန်းလုယက်တာတွေကို မကြာခဏ ကြုံတွေ့နေရတယ်လို့ မဇာချေက ပြောပါတယ်။

“ ပြသနာဖြစ်လာရင် ညီမတို့ကို ဝိုင်းဝန်းကူညီပေးဖို့ အမျိုးသမီးအဖွဲ့အစည်းတွေလိုအပ်ပါတယ်။”လို့ သူက ဆက်ပြောပါတယ်။

နိုင်ငံရေးတည်ငြိမ်နေခဲ့တဲ့အချိန်က အမျိုးသမီးအဖွဲ့တွေရဲ့လှုပ်ရှားမှုတွေ၊ ကမ်ပိန်းတွေ၊ ဆွေးနွေးပွဲတွေ တော်တော်များများ လုပ် တာတွေ့ရပေမယ့် အခုချိန်မှာတော့ အမျိုးသမီးအဖွဲ့တွေရဲ့အသံတွေက အရမ်းကိုတိတ်ဆိတ်သွားတယ်လို့ မောင်တောမြို့က အမျိုး သားတစ်ဦးက ပြောပါတယ်။

“ ကိုဗစ်တုန်းကလည်း အမျိုးသမီးအဖွဲ့တွေ လှုပ်လှုပ်ရှားရှားတွေ့တယ်။ အမျိုးသမီးအရေးနဲ့ ပတ်သက်ရင်လည်း ကြေညာချက် ထုတ်တာကအစပေါ့နော်။ အားရဖို့ကောင်းတယ်။ အခုအချိန်မှာတော့ အမျိုးသမီးလှုပ်ရှားရေးနေ့တွေမှာတောင် ကြေညာချက် ထုတ်တာမတွေ့ရဘူး။”လို့ သူက ပြောပါတယ်။

ရခိုင်ပြည်မှာ အမျိုးသမီးသမီးအရေးလှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းတွေရဲ့ နောက်ထပ်စိန်ခေါ်မှုတစ်ခုကတော့ စစ်ကောင်စီက အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကိုပြင်ဆင်ပြဌာန်းလိုက်တာဖြစ်တယ်လို့ စစ်တွေအခြေစိုက် Woman Generation အဖွဲ့ က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ ကန့်သတ်မှုတွေများတဲ့ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ၊ အောက်တိုဘာလ ၂၈ ရက်နေ့မှာ ပြဌာန်းခဲ့ပါတယ်။

အသစ်ပြဌာန်းလိုက်တဲ့ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေမှာ နိုင်ငံရေးလုပ်ငန်းဆိုရင် သီးခြားတည်ဆဲ ဥပဒေတွေအတိုင်း လိုက်နာဆောင်ရွက်ရမှာဖြစ်သလို လူမှုရေးလုပ်ငန်းလုပ်တဲ့အဖွဲ့ဆိုရင်လည်း နိုင်ငံရေး၊ ဘာသာရေး စတာတွေနဲ့ မပတ်သက်ဖို့ တားမြစ်ထားပါတယ်။

အလားတူပဲ အသင်းအဖွဲ့ မှတ်ပုံတင်လက်မှတ်မရှိရင် ထောင်ဒဏ် သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ကျပ် ၁၀ သိန်း ဒါမှမဟုတ် မှတ်ပုံတင် သက်တမ်းကျော်လွန်သွားရင် ထောင်ဒဏ် နှစ်နှစ်ဖြစ်စေ၊ ဒါမှမဟုတ် ငွေဒဏ်ကျပ်ငါးသိန်းဆောင်ရမယ်လို့ ပြဌာန်းထားပါတယ်။

“ အဓိကတော့ လုံခြုံမှုမရှိတာပေါ့နော်။ လုံခြုံရေးအရတစ်ခုမှအဆင်မပြေဘူး။ အဖွဲ့အစည်းတွေကိုလည်း register တင်ခိုင်းတာ တွေရှိတယ်။”လို့ Woman Generation အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အရင် ဒီမိုကရေစီအစိုးရလက်ထက်က ပြဌာန်းခဲ့တဲ့ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေမှာတော့ အသင်းအဖွဲ့ ဖွဲ့ချင်သူတွေ အနေနဲ့ မိမိတို့ဆန္ဒအလျှောက် မှတ်ပုံတင်လိုကတင်နိုင်ပြီး မတင်ဘဲနဲ့လည်း ဖွဲ့စည်းလှုပ်ရှားနိုင်သလို နိုင်ငံရေး၊ လူမှုရေးလုပ်ငန်း တွေမှာ ပါဝင်လုပ်ကိုင်နိုင်တယ်လို့ တိတိလင်းလင်း ဖော်ပြထားခဲ့ပါတယ်။

အခုလို ကန့်သတ်မှုတွေက အမျိုးသမီးအရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေအတွက် လွတ်လွတ်လပ်လပ် လှုပ်ရှားလို့မရတာ ၊လူမှု ကွန်ရက် စာမျက်နှာတွေမှာ မဖော်ပြရဲတဲ့ အခက်အခဲတွေရှိလာတယ်လို့ Woman Generation အဖွဲ့က တာဝန်ရှိသူက ဆက်ပြော ပါတယ်။

အဖွဲ့အစည်းတွေကို ကန့်သတ်မှုတွေ တားဆီးမှုတွေရှိနေပေမယ့် မြေပြင်မှာတော့ လှုပ်ရှားမှုတချို့ရှိနေပြီး အွန်လိုင်းပေါ် မတင်ရဲ တဲ့အခါ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုတွေ၊ စိတ်ဝင်စားမှုတွေလည်း လျော့နည်းသွားတယ်လို့ သူကပြောပါတယ်။

လက်ရှိ ကြုံတွေ့နေရတဲ့ အကန့်အသတ်တွေနှင့် အတားအဆီးတွေကို ကျော်လွှားဖို့အတွက် အဖွဲ့တွေရဲ့လှုပ်ရှားမှုတွေမှာ လုံ လောက်တဲ့ အာမခံချက်တွေလိုအပ်နေပြီး အမျိုးသမီးအဖွဲ့အစည်းအချင်းချင်း တိုင်ပင်ညှိနှိုင်းဖို့လည်း အများကြီး လိုအပ်တယ်လို့ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက ပြောပါတယ်။

Woman Generation အဖွဲ့ရဲ့ တာဝန်ရှိသူကတော့ အခုလို အတားအဆီးတွေက နိုင်ငံရေးစနစ်နဲ့ တိုက်ရိုက်သက်ဆိုင်နေပြီး လုံလုံ ခြုံခြုံနဲ့ လှုပ်ရှားနိုင်ဖို့ နိုင်ငံရေးစနစ်အခြေနေကောင်းလာဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

Author:

Related Articles