Home ဆောင်းပါး ချစ်သူတွေ ရန်သူမဖြစ်ရလေအောင်…

ချစ်သူတွေ ရန်သူမဖြစ်ရလေအောင်…

image_update_img

Credit: http://www.itv.com/news/central/2016-05-10/services-struggle-to-cope-as-domestic-violence-hits-five-year-high/

ပိုးဝါ။         ။

“ညီမလေးကို သူလိုက်နှောက်ယှက်နေတယ်ပြောလို့ ကျွန်တော်နဲ့ အချေအတင် စကားများခဲ့ပါသေး တယ်။ သူကနောက်မလုပ်တော့ဘူးလို့ ပြောပါတယ်၊ ဒါပေမယ့် ညီမလေးသေဆုံးပြီးချိန်မှာတော့ သူဟာ ညီမ လေးကို သူ့ကိုပြန်မချစ်ရင် သတ်ပစ်မယ်၊ သူ့ကိုယ်သူလည်း သတ်သေမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ ညီမ လေးရဲ့ သူငယ်ချင်းဖြစ်သူက ပြောပါတယ်” ဟု အသတ်ခံခဲ့ရသည့် မော်ဒယ်အေးချမ်းမြတ်မိုး၏ အစ်ကိုဖြစ်သူ အာကာဝဏ္ဏက တရားရုံးတွင် ထွက်ဆိုခဲ့သည်။

မော်ဒယ်အေးချမ်းမြတ်မိုးသည် ၂၀၁၄ ခုနှစ်အတွင်းက သူ့ကို ကြိုက်နှစ်သက်နေသူ (သို့မဟုတ်) သမီး ရည်းစားပြဿနာရှိသူ အံ့ဖြိုးပိုင်၏ ဓါးဖြင့်ထိုးသတ်ခြင်းကို ခံခဲ့ရသည်။

ယင်းကဲ့သို့ သမီးရည်းစားပြဿနာများကြောင့် ယောကျ်ားလေးက မိန်းကလေးအား အကြမ်းဖက် သတ် ဖြတ်သည့်အမှုများ ပိုမိုများပြားလာနေသည်။

၂၀၁၂ ခုနှစ်တွင် ချစ်သူဆရာဝန်မလေးအား သူ၏ရည်းစားဖြစ်သူမှ ဓါတ်ဆီလောင်းမီးရှို့သတ်ဖြတ်မှု တစ်ခု ဖြစ်ပွါးခဲ့ပြီး ထိုအချိန်မှ အစပြုကာ ပြတ်စဲသွားသည့်ချစ်သူအား အကြမ်းဖက်သည့်နည်းလမ်းဖြင့် လိုက်လံ ဖြေရှင်းသည့် ဖြစ်ရပ်များသည် ပိုမိုများပြားလာခဲ့သည် ။

လတ်တလောတွင် အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် မိသားစုဝင်များ၏ စကားဝိုင်းတွင် ချစ်သူ ရည်းစားဆက်ဆံရေး ပြတ်စဲပါက အမျိုးသမီးများအား အမျိုးသားများက အကြမ်းဖက်သည့်နည်းလမ်းများဖြင့် လိုက်ဖြေရှင်းသည့် အကြောင်းအရာသည် လူပြောအများဆုံးသော အကြောင်းအရာတစ်ခုဖြစ်လာနေသည်။ ထိုသူတို့၏ စကားသံများထဲတွင် ကြောက်ရွှံမူများ၊ စိုးရိမ်သောကများနှင့် မလုံခြုံမူများ လွှမ်းမိုးလျက်ရှိသည်။

၂၀၁၂ ခုနှစ်မှစပြီး ပြတ်စဲသွားသည့် ချစ်သူရည်းစားများအား လိုက်လံနှောက်ယှက်ခြင်း၊ ခြိမ်းခြောက် ခြင်း၊ ကာအိန္ဒြေပျက်အောင် ပြုမူခြင်းများသည် ၂၀၁၆ ခုနှစ်တွင် မှုခင်း (၁၀) ခုထက်မနည်း ဖြစ်ပွားခဲ့ပြီး ထိုသို့ ပြုမူခြင်းသည် ပြတ်စဲမှုများအတွက် ဖြေရှင်းသည့် နည်းလမ်းတစ်ခုသဖွယ် ဖြစ်လာသည် ။

ချစ်သူရည်းစားအဆင့်မှာတင် အကြမ်းဖက်ခြင်းနှင့် ပတ်သက်ပြီး အသက် (၂၇)နှစ်အရွယ် အမျိုးသား တစ်ဦးက “ကိုယ့်ရှိတဲ့အချိန်မှာ အပြည့်ပေးဆပ်ထားတာကို အဲဒီလိုလုပ်တော့  အရှုံးမပေးချင်ပဲ ဒေါသကို ချစ်သူ အပေါ်ပုံချလိုက်ကြတယ်။ ကျွန်တော်တို့ ယောကျာ်းလေးတွေလည်း မိန်းကလေးတွေလို ပုံအောပြီး ချစ်တတ်ပါ တယ်ဗျာ။ ဒါပေမဲ့ လိုက်သတ်တာတွေ ဘာတွေကတော့ သူကျင်လည်လာတဲ့ ပတ်ဝန်းကျင်နဲ့လည်း ဆိုင်သေး တယ်” ဟုသုံးသပ်သည်။

ထိုသို့ ပြတ်စဲသွားသည့် ချစ်သူအမျိုးသမီးအား လိုက်လံနှောက်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ကာအိန္ဒြေ ပျက်အောင် လုပ်ဆောင်ခြင်းနှင့် အကြမ်းဖက်ခြင်းများသည့် လူခြေတိတ်သည့်နေရာများတွင်သာမက လူသူ အသွားအလာများသည့် ဈေးဝယ်စင်တာကြီးများတွင်ပါ ဖြစ်ပွားလျက်ရှိသည် ။

ပြီးခဲ့သည့်လအနည်းငယ်က ရန်ကုန်မြို့၏ ဈေးဝယ်စင်တာကြီးများဖြစ်သည့် တော်ဝင်စင်တာ၊ ဒဂုံစင် တာနှင့် ရန်ကင်းစင်တာတို့တွင်ပင် ပြတ်စဲသွားသည့် ချစ်သူမိန်းကလေးအား အမျိုးသားမှ ဓါးဖြင့် အချက်ပေါင်း များစွာ ထိုးသတ်သည့် မှုခင်းများဖြစ်ပွားခဲ့သည်။

“ဈေးဝယ်စင်တာလို လူများတဲ့နေရာတွေမှာတောင် လိုက်သတ်တာတွေဖြစ်နေတော့ ရည်းစားထားရမှာ ကိုတောင် ကြောက်လာတယ်။ သမီးတို့အတွက် လုံခြုံမှု မရှိဘူးလို့လည်း ခံစားရတယ်” ဟု ရန်ကုန်မြို့တွင်နေ ထိုင်သည့် အသက် (၂၅) နှစ်အရွယ်မိန်းကလေးတစ်ဦးက ပြောသည် ။

(Photo Illustration by Ian Waldie/Getty Images)

ထိုသို့ ပြတ်စဲသွားသည့် ချစ်သူရည်းစားအား လိုက်လံသတ်ဖြတ်သည့် ဗီဒီယိုဖိုင်များ၊ ဓါတ်ပုံများနှင့် သတင်းများသည် လူမှုကွန်ယက် စာမျက်နှာများပေါ်တွင် ပျံ့နှံ့လာပါက အကြမ်းဖက်ခံရသည့် အမျိုးသမီးများကို အကာအကွယ်ပေးခြင်းထက် ပြစ်တင်ရှုတ်ချမှုများသာ ပိုမိုပြုလုပ်ကြပြီး အကျင့်စာရိတ္တ ပျက်ပြားနေသူများ သဖွယ် ဆက်ဆံခြင်းလည်း ခံကြရသည် ။

ထိုအကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက်တွင် အမျိုးသမီးသီးသန့်ကိုယ်လုံသင်တန်းများ ဖွင့်လှစ်လာကြ ပြီး အဆိုပါသင်တန်းများသို့ အသက် (၁၈)နှစ်မှ အသက်(၃၀)ကြား အမျိုးသမီးများ တက်ရောက်မှု ပိုမိုများပြား သည်ဟု စုံစမ်းသိရှိရသည် ။

အဆိုပါ သင်တန်းများတွင် အကြမ်းဖက်လာပါက ခုခံနိုင်ရန်အတွက်  မြန်မာလက်ဝှေ့ကို အခြေခံထား သည့် ကာကွယ်နည်း၊ အမျိုးသမီးများအား ကာကွယ်ရေးအတွက် ရေးဆွဲထားသည့် ဥပဒေများကို သိရှိစေရန် ရှင်းပြခြင်းနှင့် အမျိုးသမီးများ၏ ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများကိုပါ သင်ကြားပေးသည် ။

“ချစ်သူရည်းစား ပြတ်တယ်ဆိုရင်လည်း မိန်းကလေးတွေက အကျိုးအကြောင်း ဆီလျှော်အောင် ရှင်းပြ ပြီးမှ လမ်းခွဲသင့်ပါတယ်။ ရည်းစားနဲ့ ပြတ်တယ်ဆိုတာက အပြစ်မဟုတ်ပါဘူး။ ဒါပေမဲ့ တဘက်လူကိုတော့ သေချာအောင် ပြောပြဖို့ လိုအပ်ပါတယ်။ ဒါမှ ကိုယ့်ကို အကြမ်းဖက်တဲ့အန္တရာယ် မကြုံရမှာပါ” ဟု ကိုယ်လုံ သင်တန်းဖွင့်လှစ်ထားသည့် မစောယုကိုက ပြောသည် ။

ထို့ကြောင့် ချစ်သူရည်းစားဆက်ဆံရေးတစ်ခုအား ထူထောင်တော့မည်ဆိုပါက လွယ်လွယ်နှင့် မဆုံး ဖြတ်ရန်နှင့် မိမိမချစ်ခင်၊ မနှစ်သက်နိုင်သူနှင့် မတွဲသင့်ကြောင်း အမျိုးသမီးအများစုက အကြံပြုသည် ။

“မိန်းကလေးက ကိုယ်တကယ်မချစ်နိုင်ပဲ ယောက်ျားတယောက်ကို မတွဲစေချင်ဘူး။ နောက်ပြီး ယောက်ျားလေးတွေအနေနဲ့လည်း ကိုယ့်ညီမ၊ ကိုယ့်ဆွေမျိုးသားချင်းတွေလို ကိုယ်ချင်းစာပေးကြဖို့ ပြောချင် တယ်။ မိန်းကလေးတွေကို အထူးပြောချင်တာကတော့ ကိုယ့်ရည်းစားပဲဆိုပြီး အရမ်းမယုံကြပါနဲ့” ဟု စင်ကာပူ နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် အသက် (၂၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးကပြောသည် ။

ထိုသို့သော ပြဿနာများ မဖြစ်ပွားအောင် ချစ်သူရည်းစားဆက်ဆံရေးများတွင် တစ်ဦးနှင့် တစ်ဦးနား လည်မှုရှိရန် လိုအပ်ပြီး မိမိ၏ အားသာချက်၊ အားနည်းချက်များကို ပွင့်ပွင့်လင်းလင်းပြောထားသင့်သည် ဟု လည်း အမျိုးသမီးများက ဆိုပါသည် ။

“အဓိကကတော့ နားလည်မှုရှိဖို့လိုပါတယ်။ တယောက်ကိုတယောက် နားလည်မှုအပြည့်နဲ့ ရိုးသား ပွင့်လင်းစွာ လက်တွဲသွားမယ်ဆိုရင် အကောင်းဆုံးပါပဲ။ တစ်ယောက်အကြောင်းကို တစ်ယောက်သိနေတော့ ဒီလိုပြဿနာမျိုးတွေလည်း မဖြစ်နိုင်ပါဘူး” ဟု ချစ်သူနှင့် နားလည်မှုယူထားသည့်အကြောင်းကို အသက်(၂၃) နှစ် အရွယ်အမျိုးသမီးတစ်ဦးက ပြောသည် ။

သို့သော် အမျိုးသမီးများအား ချစ်သူရည်းစားဆက်ဆံရေး ပြတ်စဲသွားသည့်အခါမျိုးတွင် အကြမ်း ဖက်ခြင်းများနှင့် ခြိမ်းခြောက်ခြင်းများရှိနေခြင်းသည့် အမျိုးသမီးများအား ကာကွယ်ပေးသည့်ဥပဒေများ အသက် မဝင်ခြင်းကြောင့်ဖြစ်သည်ဟု အမျိုးသမီးရေးတက်ကြွလှုပ်ရှားသူများက သုံးသပ်သည် ။

ထိုသို့ ချစ်သူရည်းစားအချင်းချင်း အကြမ်းဖက်ခြင်းများအား ရဲတပ်ဖွဲ့များထံ တိုင်ကြားသင့်ပြီး ရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း အရေးကြီးကိစ္စအဖြစ် ဖြေရှင်းပေးသင့်သည်ဟုဆိုသည် ။

ထို့ပြင် ချစ်သူရည်းစားအချင်းချင်း အကြမ်းဖက်မှုများအပါအဝင် အိမ်တွင်းအကြမ်းဖက်မှုများနှင့် သက်ငယ်မုဒိမ်းမှုများအတွက် ဆန့်ကျင်လှုံ့ဆော်ခြင်းများ၊ အကာအကွယ်ပေးခြင်းနှင့် အမျိုးသမီးများ ရသင့်ရ ထိုက်သည့် အခွင့်အရေးများ၊ ဥပဒေများအား အမျိုးသမီးများကို အသိပညာပေးခြင်းများ လုပ်ဆောင်သင့် ကြောင်း အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူများက ဆိုသည် ။

stock-photo-one-caucasian-couple-man-killing-woman-with-knife-in-silhouette-studio-isolated-on-white-background-123386416-768x542

သို့သော် အမျိုးသမီးများအား ကိုယ်ထိလက်ရောက်ကျူးလွန်ပါက တိုင်ကြားနိုင်သည့် ဥပဒေရှိပြီး ကျူးလွန်သူအား အနိမ့်ဆုံးထောင်ဒဏ် သုံးနှစ်ချနိုင်ကြောင်း အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူများက ပြော သည် ။

အစိုးရသစ်လက်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်သည့် ဥပဒေကြမ်းကို ရေး ဆွဲနေပြီး အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားမည်ဟု အမျိုးသမီးရေးလှုပ်ရှားသည့် လွှတ်တော်ကိုယ်စား လှယ်တစ်ဦးဖြစ်သူ ဖန်တီးအိမ်အဖွဲ့၏ ဒါရိုက်တာ ဒေါ်ရွှေရွှေစိန်လတ်ကပြောသည် ။

“ဒီလို ချစ်သူရည်းစားအဆင့်မှာတောင် အကြမ်းဖက်မှုတွေဖြစ်နေတာက အမျိုးသမီးတွေကို ကာ ကွယ်ပေးတဲ့ဥပဒေ မရှိလို့ပဲ။ ဒါကြောင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်သည့် ဥပဒေကြမ်းကို အမြန်ဆုံးပြီးစီးအောင် ရေးဆွဲနေပါတယ်” ဟုဒေါ်ရွှေရွှေစိန်လတ်က ပြောသည် ။

ထိုသို့ အကြမ်းဖက်မှုများ ကြုံတွေ့လာပါက ရာဇသတ်ကြီးပါ ဥပဒေများအရ တိုင်ကြားနိုင်ပြီး ရဲ အရေးပိုင်သည့် မှုခင်းများဖြစ်ပါက သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်နိုင်မည်ဖြစ်ကာ ရဲအရေးမပိုင်သည့် ပြစ်မှု ဖြစ်ပါက သက်ဆိုင်ရာတရားရုံးသို့ ဦးတိုက်လျှောက်ထားနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြော သည် ။

ထိုသို့ ကိုယ်ထိလက်ရောက်မှုများအတွက် တိုင်ကြားနိုင်သည့် ဥပဒေများရှိသော်လည်း လက်ရှိ အချိန်ထိ အသက်ဝင်မှု မရှိသေးသောကြောင့် ဖြေရှင်းပေးမှုနှင့် အရေးယူမှုများ လျော့ရဲလျက်ရှိသည်။

“ဒီလို ခေတ်ကြီးထဲမှာ သမီးမိန်းကလေးမွေးရမှာတောင် ကြောက်လာပြီ။ သမီးမိန်းကလေး မွေးမိ ရင်လည်း ငယ်ငယ်လေးကတည်းက ကိုယ်ခံပညာသင်ထားရမလိုဖြစ်နေပြီ” ဟု အသက်(၃၀)အရွယ် အိမ် ထောင်သည် အမျိုးသားတစ်ဦးက စိုးရိမ်စွာပြောသည်။

Related Articles