အင်တာဗျုး
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတွင်းလျှပ်စစ်မီးရရှိမှုဟာ တဖြေးဖြေးလျော့ကျလာရာကနေ ခုချိန်မှာတော့ လွန်စွာဆိုးဝါးတဲ့ အခြေအနေတခုကို ရောက်ရှိလာပါတယ်။
မြို့ပြတွေမှာ ပြီးခဲ့တဲ့နှစ်တွေက အလှည့်ကျစနစ်နဲ့ မီးပေးဝေမှုဟာ တစ်နေ့ကို ၁၂ နာရီရခဲ့ပေမယ့် လက်ရှိမှာတော့ တစ်နေ့ကို ၈ နာရီသာ လျှပ်စစ်မီးရရှိတော့တာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၅ ရက်နေ့မှစလို့ မြို့နယ်အားလုံးကို အုပ်စုခွဲပြီး တစ်ရက်ကို ၄ နာရီ နှစ်ကြိမ် လျှပ်စစ်မီးပေးပြီး ၁၆ နာရီမီးပြတ်မှာ ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ မြို့နယ်လျှပ်စစ်ရုံးတွေက ကြေညာထားပါတယ်။
အခုလို လျှပ်စစ်မီးပေးဝေမှု လျော့နည်းလာရတာဟာ သုံးစွဲမှုများပြားလာတာ၊ ထုတ်လုပ်မှုကျဆင်းတာနဲ့ တာဝါ တိုင်တွေ ဖျက်ဆီးခံရတာတွေကြောင့်လို့ စစ်ကောင်စီက အကြောင်းပြချက်ပေးထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နေပြည်တော်မှာ ပြုလုပ်တဲ့အစည်းအဝေးတစ်ခုမှာ ၂၀၂၅ မှာ လျှပ်စစ်ဓာတ်အား လုံလောက် စွာရရှိဖို့ ဆောင်ရွက်နေတယ်လို့ ပြောထားပေမယ့် ယခင်က မီးထိန်ထိန်လင်းခဲ့တဲ့ နေပြည်တော်မှာလည်း အလှည့် ကျစနစ်နဲ့ သုံးနေရတာပါ။
အခုလို မိနစ်ပိုင်းလောက်လာလိုက်၊ ပြတ်လိုက်နဲ့ ခန့်မှန်းမရအောင် ပြတ်ချင်တိုင်း ပြတ်နေတဲ့ လျှပ်စစ်မီးကြောင့် ပြည်သူတွေ ဘယ်လိုအခြေအနေတွေနဲ့ကြုံနေရလဲ၊ ဘယ်လိုဖြေရှင်းနေထိုင်နေကြလဲ ဆိုတာတွေကို HI က ဆက် သွယ်မေးမြန်းထားပါတယ်။
![](https://hiburma.net/wp-content/uploads/2025/02/အသံ-1-819x1024.png)
ကိုဒီးဒီး
(ဆေးကုမ္ပဏီဝန်ထမ်း၊ မင်္ဂလာဒုံမြို့နယ်)
အခုမီးကတစ်ရက်ကို ရှစ်နာရီလာပါတယ်။ ဒါပေမဲ့ မနက် ၉ နာရီပျက်ရင် ညနေ ၅ နာရီမှလာတယ်။ ည ၉ နာရီ ပြန်ပျက်တယ်ဆိုတော့ ရှစ်နာရီတော့ရတယ်ပေါ့။ သူတို့က အုပ်စုခွဲပေးတဲ့ အတိုင်းလာပါတယ်။ အရင်က တစ် ရက်လုံးမှ ရှစ်နာရီပဲ ပျက်တာ။ ခုက ပြောင်းပြန် ဖြစ်သွားတာပေါ့။ အတိအကျမီးမရပါဘူး။ လာချင်တဲ့ အချိန် လာတာပဲ။
တခါတလေ မီးလာတဲ့အချိန်က လူအိပ်ချိန်၊ နောက်အလုပ်သွားနေတဲ့ အချိန်တွေဆိုတော့ ဘာလုပ်လို့ ရမှာလဲ။ အလုပ်လုပ်လို့ မရတော့ဘူး။ မနက် ၁ နာရီမှ လာတဲ့နေ့ဆို ဘာလုပ်လို့ ရတော့မှာလဲ။ အလုပ်ကနေ အိမ်ပြန် နောက်ကျတဲ့အခါ မီးပျက်နေရင် ဘာမှချက်ပြုတ်စားသောက်လို့ မရဘူးလေ။ အဲဒီအချိန်မှ ထမင်းဆိုင်တခေါက် ထွက်ဖို့ကလည်း အဆင်မပြေဘူး။ ခေါက်ဆွဲခြောက်ရှိလည်း မီးမလာတော့ ပြုတ်စားလို့မရ ကြက်ဥလည်း ပြုတ် လို့ မရနဲ့။ အများအားဖြင့် မီးမလာတော့ ထမင်းမစားရတာများတယ်။ အခုနောက်ပိုင်းတော့ သိပ်အငတ်မခံတော့ ဘူး။ ဌက်ပျောသီးလေး၊ပေါင်မုန့်လေး ဆောင်ထားရတယ်။
မီးကမမှန်ပေမယ့် မီတာခ တိုးကောက်တော့ လစာနဲ့ မလောက်တော့ဘူး။ အလုပ်တွေကလည်း အရင်လို့ ရောင်း မကောင်းတော့ လစာလည်းမတိုးတော့ဘူး။ တလ တလရတဲ့ လခက မီတာခနဲ့ အိမ်ဖိုးပေးရတာနဲ့ ကုန်တာ။ တခြားအလုပ်လေး ဘာလေးပြောင်းလုပ်ရင် ကောင်းမလားတောင် စဉ်းစားနေတာ။ အစစအရာရာ စရိတ်ကြီး တော့ ဝင်ငွေက တခုထဲနဲ့ မရတော့ဘူး။
မီတာက အရင် ၃၅ ကျပ်ကနေ အခု တယူနစ်ကို ၅၀ တောင်ပေးရတာ။ ပြီးခဲ့တဲ့ စက်တင်ဘာလထဲက တိုးသွား တာ။ အရင်က တစ်လကို မီတာခ ၁၈၀၀၀ နဲ့ ၂၃၀၀၀ ကျပ် ကြားပေးရတာ။ ဒီလဆို ငါးသောင်းကျော်တောင် ကျတယ်။ အဲကွန်းတွေ ရေခဲသေတ္တာတွေ မသုံးဘဲနဲ့ အဲ့ဒါတောင် မီတာရုံးကို သွားပြောရအုန်းမယ်။ အရင်က လည်း သူတို့ဘာသာ မီတာဖတ်တယ်နော်။ သူတို့ ရေးပေးတဲ့ အတိုင်း မီတာကို တလ တခါ သွားဆောင်တာကို ကြွေးကျန် ဆိုပြီး သိန်းနှစ်ဆယ်တောင်းလို့ လူကို ရုးချင်သလို ဖြစ်သွားတယ်။ အဲဒီမှာလည်း တော်တော် ရှင်းလိုက် ရတယ်။ မီတာတောင် ဖြုတ်ပစ်ရင် ကောင်းမလားဘဲ။ လကုန်လို့ လစာမရမှာ မပူရဘူး။ မီတာခ ဘယ်လောက် ကျမလဲဆိုတာ ရင်ခုန်နေရတယ်။
ကျနော်ကတော့ သူတို့ရည်ရွယ်ချက်ရှိရှိနဲ့ တမင်သက်သက်လုပ်တယ်လို့ထင်တယ်။ ဘာလို့လဲဆိုတော့ ပိတ်ထား ရတဲ့ စက်ရုံအလုပ်ရုံတွေလည်း မနည်းဘူး။ အရင်က အထည်ချုပ်စက်ရုံတွေ လည်ပတ်နေလို့ အချိန်ပြည့် မီး မပေးနိုင်တာကို နားလည်ပေးလို့ရတယ်။ သူတို့ကတော့ တော်လှန်ရေးသမားတွေ တာဝါတိုင်တွေ ဖျက်စီးလို့ ဆိုပြီး အကြောင်းပြချက်ပေးချင်လို့ တမင်သက်သက်လုပ်တာလို့ ထင်တယ်။ ကျနော်တို့ပြည်သူတွေ မီးပုံမှန် မရ တာကို နေသားကျအောင် ဒီစနစ်ဆိုးမှာ နေသားကျအောင် လုပ်နေတာလို့ ကျနော်ပြောချင်တယ်။
![](https://hiburma.net/wp-content/uploads/2025/02/အသံ-2-819x1024.png)
ဒေါ်အိအိခိုင်
(အိမ်ရှင်မ၊ တောင်ဒဂုံမြို့နယ်)
မီးကအလှည့်နဲ့ ပေးတယ်သာပြောတာ အချိန်အတိအကျနဲ့ ပေးတာမဟုတ်တော့ အဆင်မပြေဘူး။ တခါတလေ သန်းခေါင်ကြီး မီးလာတော့ ထပြီး ရေတင်ရတယ်။ အဲ့ဒါ ငါးမိနစ်မကြာဘူး။ ပြန်ပျက်သွားတော့ လာမယ်ထင်ပြီး စောင့်တာ မလာဘူး။ အိပ်ရေးပျက်တာပေါ့။ မီးမမှန်ရတဲ့ အထဲ ပိုက်လိုင်းပျက်လို့ သန့်ရှင်းရေး လုပ်လို့ဆိုပြီး မီးသုံးလေးရက် မလာတာတွေလည်း ရှိတယ်။ အဲဒီတုန်းက လျှော်စရာအဝတ်တွေလည်းပုံလို့ ထမင်းစားဖို့ မီးသွေး ဝယ်ချက်ရတယ်။ ဂတ်စ်က ဈေးကြီးတော့ ဝယ်မချက်နိုင်ဘူး။ သုံးရေ ချိုးရေမရတော့ ပထမရက်တော့ ရေသန့်ကို ချွေတာ သုံးလို့ရသေးတယ်။ နောက်နေ့ကျ သုံးဖို့မရှိတော့ မီးလာတဲ့ အိမ်တွေ အသိအိမ်တွေ လှည့်ရေချိုးရတယ်။
နှစ်ကုန်ခါနီး လောက်ကစပြီး မီးကောင်းကောင်းမရတော့တာ။ သေချာလည်း မကြေညာဘူး။ အသိပေးတာလည်း မရှိဘူး။ ရုတ်တရက်မီးထပျက်တော့ ခါတိုင်းလို ခဏပြတ် ပြန်လာမယ် ထင်တာပေါ့။ မလာတော့ ထမင်းချိုင့်အ တွက် ချက်ပြုတ်ရေးတွေ မမီတော့ဘူး။ ကလေးတွေဆို ကျောင်းပျက်ကုန်တယ်။ အလုပ်သွားတဲ့သူတွေအတွက် တော့ ထမင်းဝယ်ပြီး ထည့်ပေးရတယ်။ အဲဒီတော့ အပိုကုန်တာပေါ့။ အခုလည်း တရက်လေးနာရီ မီးပေးတယ် သာပြောတာ တခါမှအပြည့်မရဖူးဘူး။ တခါတလေ လာနေရင်း ခဏခဏပျက်တယ်။ မီးမမှန်တော့ ချက်ပြုတ် ရေး၊ လျှော်ဖွတ်ရေး အိမ်မှုကိစ္စတွေ အခက်အခဲဖြစ်ရတယ်။ မီးသွေးနဲ့ချက်ရတော့ စိတ်ပျက်ရတယ်။ တော် တော်နဲ့ မကျက်တော့ အစောကြီး ထချက်ရတယ်။ ပေါင်းအိုးနဲ့ ဆိုရင် မီးဖွင့်ထားလိုက်ရုံပဲ။
နောက် မီးမရရင် ကျမတို့လို တိုက်ခန်းနဲ့ နေတဲ့သူတွေက တခြားသူတွေထက် ပိုဒုက္ခများတယ်။ ရေဝယ်သုံး ရရင် အထပ်မြင့်တဲ့အိမ်က မြင့်သလောက် ပိုပေးရတယ်။ အဲဒီဒုက္ခကတော့ အကြီးဆုံးပဲ။ ရေမရင်လည်း ဘာမှလုပ်မရ ဘူး။ ဆေးကြောဖို့၊ အဝတ်လျှော်ဖို့၊ ရေချိုးတဲ့ ကိစ္စတွေက သုံးရေရမှဖြစ်တာ။ သောက်ရေလည်း အရေးမကြီး ဘူးဆိုပေမယ့် ချိုးရေရရင် သောက်ရေကျိုသောက်လို့တော့ ရသေးတယ်။
မီးတအား ပျက်တော့ သူခိုးဂျပိုးတွေ ရန်ကလည်း ကြောက်ရတယ်။ ကျမတို့ တိုက်ခန်းမှာ လှေခါးသော့မရှိတော့ လူဝင်ခိုနေမှာ စိုးရတယ်။ လမ်းထိပ်က တိုက်ခန်းဆိုရင် မနှစ်က အဲဒီလိုဝင်ခိုနေတဲ့သူက အလုပ်က ပြန်လာတဲ့သူ ကို ဓါးနဲ့ ထောက်လုတာဖြစ်သွားတယ်။ ကျမတို့မှာလည်း ဝဋ်ကြီးပါတယ်။ နိုင်ငံအုပ်ချုပ်သူ မကောင်းတော့ လုံခြုံ ရေးဆိုလည်း ကိုယ့်ဘာသာကိုယ်လုပ်ရတယ်။ ရေ၊ မီး ပြဿနာလည်း ကိုယ်ဘာသာကိုယ် ဖြေရှင်းနေရတယ်။
![](https://hiburma.net/wp-content/uploads/2025/02/အသံ-3-819x1024.png)
မောင်ရဲထိုက်
(ကျောင်းသား၊ တာမွေမြို့နယ်)
ကျနော်က တက္ကသိုလ်ဝင်တန်း(ဆယ်တန်း)စာမေးပွဲကို ဒီနှစ်ဖြေရမှာပေါ့။ အရင်ကတော့ ကိုယ်ပိုင်ကျောင်း တစ်ခု မှာတက်တယ်။ အခုနောက်ပိုင်း မိဘတွေက ငွေကြေးအဆင်မပြေတော့ ကိုယ်အားနည်းတဲ့ ဘာသာလောက်ပဲ ကျူရှင်ယူပြီး ကျန်တာ ကိုယ့်ဘာသာကိုယ်လေ့လာနေပါတယ်။ မီးပျက်ချိန်များလာတာကတော့ ကျနော်စာကျက် တဲ့အချိန် ဒုက္ခအများဆုံးပေါ့။ ကျနော် ကျူရှင်သွားနေချိန် ကျောင်းသွားနေချိန် မီးလာနေရင် ဘာသွားလုပ်လို့ရမ လဲ။ ကျနော် အိမ်ပြန်ရောက်ချိန် မီးပျက်နေရင်လည်း ဘာမှလုပ်မရဘူး။
နောက် ကျနော်က အသံဆူတဲ့အချိန်တွေမှာ စာမကျက်တတ်တော့ ညပိုင်း သူများတွေ အိပ်တဲ့ အချိန်မှ စာကျက် တာများတယ်။ ပုံမှန်ဆို ကျနော် ညနေ ၆ နာရီလောက်အိပ်ပြီး ည ၁၂ နာရီလောက်ဆို ထပြီးစာကျက်တဲ့ အကျင့်ရှိ တယ်။ အဲဒီချိန် မီးပျက်နေရင် အင်ဗာတာကမီးအားရှိနေရင်တော့ စာကျက်လို့ရတာပေါ့။ အားမရှိဘူးဆိုရင် ဖယောင်းတိုင်မီးနဲ့ ခြင်တအားကိုက်တော့ ခြင်ဆေးထွန်းမရဘူး။ ခြင်ထောင်ထဲ ဝင်စာကျက်လို့လည်းမရဘူး။ အဲ့ဒါ အရမ်း အနှောင့်အယှက်ဖြစ်ပါတယ်။ အားသွင်းမီးလုံးတွေကလည်း အားရှိနေမှဖြစ်တာလေ။
အင်ဗာတာက အဖေတို့ အကိုကြီးတို့က သူတို့အလုပ်တွေအတွက် အကုန်သုံးလိုက်ရင် ကျနော်သုံးဖို့ မရှိတော့ဘူး ဖြစ်တာပေါ့။ မီးမရတာက အရမ်းစိတ်ဒုက္ခရောက်ရတယ်။ စိတ်ပင်ပန်းရတယ်။ ဒေါသထွက်ရတယ်။ အဲဒီတော့ စာဘယ်လိုကျက်မှတ်ရမလဲ။ ကျောင်းသားတွေ အဆင်ပြေအောင်တော့ လုပ်ပေးသင့်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်။
![](https://hiburma.net/wp-content/uploads/2025/02/အသံ-4-819x1024.png)
မမေဇွန်မိုး
(အွန်လိုင်းမှ စားသောက်ကုန်ရောင်းသူ၊ တောင်ဥက္ကလာပမြို့နယ်)
အခုမီးပေးတဲ့စနစ်က လုံးဝကို အဆင်မပြေတာ။ မနက် ၄ နာရီကနေ ပျက်လိုက်တဲ့မီးက ည ၆ ခွဲ ၇ နာရီ လောက်မှ လာတယ်။ ကျမတို့ ဘယ်အချိန် အလုပ်လုပ်ရမှာလဲ။ ဒါလည်း ပုံမှန်ရနေတာမဟုတ်ဘူး။ အခုလည်း မီးမလာတာ လေးရက်ရှိပြီ။ မီးတခါ လာရင်လည်း ခေါက်ဆွဲခြောက်ထုတ်ကမှ သုံးမိနစ်ခံသေးတယ်။ တကယ် ဘယ်လိုတွေ လုပ်နေလဲမသိဘူး။
ပြီးတော့ အလုပ်လုပ်တဲ့ နေ့ခင်းတခုလုံးပျက်ထားပြီး ညသန်းခေါင်မှ မီးလာတာလည်းရှိတယ်။ အဲဒီအချိန်တွေဆို အလုပ်မလုပ်နိုင်ဘူး။ မီးတခါပျက်ရင် ကျမအလုပ်မှာ ငွေ နှစ်သိန်းလောက်ဆုံးရှုံးတယ်။ ဘာလို့ဆို ကုန်ပစ္စည်း လည်းထပ်မမှာနိုင်ဘူး။ မှာထားတဲ့ပစ္စည်းလည်း မပို့နိုင်တဲ့အပြင် ကျမက စားသောက်ကုန် ရောင်းတာဆိုတော့ သိုး တာ ပုပ်တာတွေ ဖြစ်ကုန်တယ်။ ရေခဲသေတ္တာက မီးမရတော့ ဒီမီးမလာတဲ့ကိစ္စ တအားစိတ်ဆင်းရဲဖို့ ကောင်း တယ်။
ကျမအလုပ်ကိစ္စနဲ့ အပြင်သွားရတဲ့ အခါတွေမှာ မီးကလာတယ်။ ကျမ အိမ်ပြန်ရောက်ရင် မီးကပျက်နေပြီ။ ည သန်းခေါင်မှ လာတာ တပတ် ဆယ်ရက်လည်း မကတော့ဘူး။ အဲဒီလိုတွေဖြစ်နေတော့ ဒီအလုပ်ကို ဆက်လုပ် ရမလား။ နားလိုက်ရမလားဆိုတာ ကျမစဉ်းစားနေရပြီ။ အင်ဗာတာ ဝယ်ထားတာ ဆယ်သိန်းနီးနီးရှိတယ်။ အဲဒီ အင်ဗာတာလည်း မီးနဲ့ အားသွင်းရတာဆိုတော့ မီးပုံမှန်မလာတော့ အင်ဗာတာလည်း သုံးမရဘူး။ နောက်တခု ရှိသေးတယ်။ ကျမတို့ လမ်းတော့ မီးတအားပျက်ပြီးတော့ ရပ်ကွက်လူကြီးနေတဲ့ လမ်းကတော့ ပျက်ချိန်၊ လာချိန် က ပုံမှန်နေတာပဲ။ ဒါက ဘာသဘောလဲ။ ဒါကိုကြည့်ရင် မီးပေးတဲ့ စနစ်ကို သူတို့က ချုပ်ကိုင် ချယ်လှယ်နေတယ် ဆိုတာ ရှင်းနေတာပဲ။ သူတို့ မပေးချင်လို့ကို မပေးတာ။ တမင် ပြည်သူတွေကို နင်တို့တွေခံကြစမ်းဆိုတဲ့ပုံစံ။ ခေတ် ကိုက တိုးတက်မလာဘဲ ဖယောင်းတိုင်ခေတ် ကို ပြန်သွားနေမှတော့ တိုးတက်လာပါအုန်းမလား။ ဒါပဲပြောချင် တယ်။