Home ဆောင်းပါး NUG တာဝန်ယူရမယ့် ကန့်ဘလူ အချုပ်စခန်းက လိင်အကြမ်းဖက်မှု

NUG တာဝန်ယူရမယ့် ကန့်ဘလူ အချုပ်စခန်းက လိင်အကြမ်းဖက်မှု

အသွင်သစ်

“ငါခုလိုလုပ်တာကို ဘယ်မှမပြောနဲ့… ပြောရင် နင့်ကို သတ်ပစ်မှာ”

ဒါကတော့ ဦးမဲခေါင်ဆိုသူက မဝင်းဝင်းကို အတင်းအဓမ္မ မုဒိမ်းကျင့်ပြီးနောက်မှာ ခြိမ်းခြောက်ပြောဆိုခဲ့တဲ့စကား ဖြစ်ပါတယ်။

မဝင်းဝင်း (အမည်လွှဲ) ဟာ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပြည်သူ့လုံခြုံရေး အချုပ်စခန်းတစ်ခုက အချုပ်သူတစ်ဦးပါ။ ဦးမဲခေါင်ကတော့ အခုလက်ရှိ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ကန့်ဘလူမြို့နယ်နဲ့ ခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ခေါင်းဆောင် ဖြစ်ပါတယ်။

ဒီလိုခြိမ်းခြောက်ခံရမှုတွေနဲ့ ဖြစ်စဉ်အသေးစိတ်တွေအပါအဝင် “ကျမ ဦးမဲခေါင်၏ သားမယားအဖြစ် ပြုကျင့်မှုအား လက်ခံရသည်မှာ ဦးမဲခေါင်အား မေတ္တာရှိ၍မဟုတ်၊ ကျမ အသက်အန္တရာယ်အား ခြိမ်းခြောက်၍သာ လက်ခံရခြင်းဖြစ်ပါသည်” ဆိုတဲ့ စကားချပ်ပါတဲ့ တိုင်ကြားစာနဲ့အတူ မဝင်းဝင်းကိုယ်တိုင် အမှုဖွင့် တိုင်ကြားလိုက်တာဖြစ်ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ကာယကံရှင်က ၂၀၂၅ ဇန်နဝါရီလ ၁ ရက်နေ့မှာ တိုင်ကြားခဲ့ပြီး မြို့နယ်ပလဖအနေနဲ့ ပထမသတင်းပေးတိုင်ကြားချက် (FIR) ဖွင့်ဆောင်ရွက်ထားကြောင်း NUG ပြည်ထဲရေးအတွင်းဝန် ဦးကွန်မင်းက အတည်ပြုပါတယ်။

ဆက်သွယ်မေးမြန်ထားသူ အများစုရဲ့ အဆိုအရ ကျူးလွန်သူအဖြစ် စွပ်စွဲခံရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သူ ဦးမဲခေါင် (ခ) ဦးမြင့်ဇော်ဦးဟာ သူအခြေစိုက်တဲ့ ပလဖစခန်းမှာ အာဏာကြီးသူဖြစ်တဲ့အပြင် NUG ပြည်ထဲရေးဝန်ကြီးဌာနအောက် အကြီးပိုင်းတာဝန်ရှိသူတွေနဲ့လည်း ပုံမှန်ထက် ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူအဖြစ် စခန်းနဲ့နီးစပ်သူအများစုက မှတ်ချက်ပေးထားခံရသူပါ။

ဦးမဲခေါင်က မဝင်းဝင်းကို လိင်အကြမ်းဖက်မှုလုပ်တယ်ဆိုတဲ့ သတင်းဟာ အခုမှ ပထမဆုံးအကြိမ် ထွက်ပေါ်လာတာတော့ မဟုတ်ပါဘူး။

လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းက ဒီသတင်းဟာ မြေပြင်မှာ ဟိုးလေးတကျော် ဖြစ်ခဲ့လို့ ဌာနတွင်း တိုင်ကြားမှုဖြစ်ခဲ့တဲ့ ဖြစ်စဉ်ဟောင်းတစ်ခုပါ။ ပြည်ထဲရေးဝန်ကြီးဌာနက စစ်ဆေးမှုတချို့ ရှိခဲ့ပေမယ့် ဘာစစ်ဆေးချက်ရလဒ်မှ  တရားဝင်ထွက်ပေါ်ခဲ့တာမရှိဘဲ နှစ်ဦးသဘောတူဖြစ်တဲ့ကိစ္စလိုလို သို့လောသို့လောနဲ့ အစပျောက်ခဲ့တဲ့ အမှုတစ်ခုဖြစ်ပါတယ်။

ဒါပေမဲ့ ညောင်မြစ်တူး ပုတ်သင်ဥပေါ် ဆိုတဲ့ ဆိုရိုးစကားအတိုင်း မဝင်းဝင်းတို့ရှိတဲ့ အချုပ်စခန်းမှာ အချုပ်သားထွက်ပြေးမှုပြဿနာကြီးထွားလာလို့ ဖြေရှင်းရာကနေစပြီး အခုလို လိင်အကြမ်းဖက်မှုသတင်း တကျော့ပြန် ပြန်အသက်ဝင်လာရတာပါ။

ဒီစုံစမ်းဖော်ထုတ်တဲ့သတင်းဆောင်းပါးအတွက် လိင်အကြမ်းဖက်မှုဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူတွေ၊ မြေပြင်ရှိ ပသုံးလုံးယန္တရားနဲ့ ရေးရာဌာနတွေအပါအဝင် အမှုနဲ့သက်ဆိုင်တဲ့ NUG ဝန်ကြီးဌာနတွေက စုစုစုပေါင်း ၁၉ ဦးကို ချိတ်ဆက်မေးမြန်းခဲ့ပါတယ်။ ပါဝင်ဖြေဆိုသူတွေရဲ့ လုံခြုံရေးနဲ့ ဂုဏ်သိက္ခာအရ အချို့ကို နာမည်လွှဲဖော်ပြထားပါတယ်။

မဝင်းဝင်းရဲ့ ကံကြမ္မာ အလှည့်အပြောင်း

Non CDM ကျန်းမာရေးဝန်ထမ်းဖြစ်လို့ ဖမ်းဆီးခံခဲ့ရတဲ့ မဝင်းဝင်းဟာ စဖမ်းဆီးခံရချိန်မှာ အသက် ၂၅ နှစ်အရွယ်ဖြစ်ပြီး စစချင်းမှာ ဦးမဲခေါင်ရှိတဲ့ C2 လို့ခေါ်တဲ့ ပလဖအချုပ်စခန်းမှာ နေခဲ့ရပါတယ်။ ဒါပေမဲ့ ၆ လလောက်အကြာမှာတော့ C1 အချုပ်စခန်းကို တခါ ပြောင်းရွှေ့ခဲ့ရပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်းမှာ အမှတ် ၁၊ ၂၊ ၃ ဆိုတဲ့ ပလဖစခန်း ၃ ခုရှိပြီး သူတို့အောက်မှာ စုစုပေါင်း အချုပ်စခန်း ၄ ခုရှိပါတယ်။ အဲဒီအချုပ်စခန်းတွေကို C1၊ C2၊ C3၊ C4 ဆိုပြီး နာမည်ပေးထားပါတယ်။ C1 နဲ့ C2 ဆိုတဲ့ အချုပ်စခန်း ၂ ခုက အမှတ် ၁ ပလဖစခန်းအောက်မှာ ရှိတာပါ။

စခန်းနဲ့ နီးစပ်သူ အများစုကတော့ အမှတ် ၁ ပလဖစခန်းမှာ ပသုံးလုံးယန္တရားအပြင် NUG ရဲ့ အခြားမြေပြင်ရေးရာဌာနတွေလည်း ရှိပေမယ့် အများစုကို ဦးမဲခေါင်ကပဲ လွှမ်းမိုးထားတယ်လို့ ပြောကြပါတယ်။

၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းထိ ကန့်ဘလူ ပလဖ အချုပ်စခန်း ၂ ဖြစ်စဉ်အတွင်း ပါဝင် ဆက်စပ်သူတွေရဲ့ ရာထူးတာဝန်များ (ပုံ- ဧရာ၀တီသတင်းစာမျက်နှာမှ)

ပြီးခဲ့တဲ့ ၂ နှစ်ကာလအတွင်း အမှတ် ၁ ပလဖ အချုပ်စခန်းတွေက အချုပ်သားထွက်ပြေးမှုပြဿနာ အကြိမ်ကြိမ်ဖြစ်ခဲ့တာကြောင့် ပလဖရဲ့ တိုင်းဒုတာဝန်ခံကိုယ်တိုင် ပြီးခဲ့တဲ့နှစ် ၂၀၂၄ နှောင်းပိုင်းမှာ အရေးပေါ်မြေပြင်စစ်ဆေးမှု လုပ်ခဲ့ရပါတယ်။ ရလဒ်အနေနဲ့ အမှတ် ၁ စခန်းအောက်က C2 အချုပ်စခန်းကို ဖျက်သိမ်းခဲ့ပါတယ်။ ပြီးတော့ အချုပ်သားတွေကိုလည်း ကျန်ရှိတဲ့ အချုပ်စခန်း ၃ ခု ဆီကို တိုက်နယ်အလိုက်ခွဲပြီး ပြောင်းရွှေ့ခဲ့ပါတယ်။

ကံကောင်းထောက်မစွာနဲ့ပဲ C1 စခန်းမှာ ရှိနေတဲ့ မဝင်းဝင်းဟာ ဦးမဲခေါင် မလွှမ်းမိုးနိုင်တဲ့ အမှတ် ၃ ပလဖစခန်းက C4 အချုပ်စခန်းကို တခြားအချုပ်သားအချို့နဲ့အတူ ဒုတိယအကြိမ် ပြောင်းရွှေ့ခွင့်ရခဲ့ပါတယ်။

ဒီအခြေအနေဟာ မဝင်းဝင်းအတွက် ဦးမဲခေါင်ကို ကြောက်လို့ မတိုင်ရဲခဲ့တဲ့ စခန်းဟောင်းက လိင်အကြမ်းဖက်ခံရမှုကို ဖော်ထုတ်နိုင်မယ့် ကံကြမ္မာအလှည့်အပြောင်းကြီးတစ်ခု ဖြစ်စေခဲ့ပါတယ်။

ကာယကံရှင်ကိုယ်တိုင် ဖော်ထုတ်လိုက်တဲ့ ဖြစ်စဉ် အသေးစိတ်

C2 စခန်းမှာ ရှိစဉ်ကာလမှာ မဝင်းဝင်းဟာ တလင်တမယားဥပဒေနဲ့ အချုပ်ကျနေတဲ့ တခြားအချုပ်သူ မဝေဝေ (အမည်လွှဲ) နဲ့အတူ စခန်းမှာ ထမင်းချက်တာဝန် ယူခဲ့ရပါတယ်။ ဒါကြောင့် တခြားအချုပ်သူတွေလို အချုပ်ဆောင်မှာ နေစရာမလိုဘဲ စားဖိုဆောင်မှာပဲ မဝေဝေနဲ့ အတူတူ ညအိပ်ကြရပါတယ်။

အဲဒီကာလတုန်းက စခန်းမှူးအဖြစ် တာဝန်ယူခဲ့သူက CDM ရဲ ဦးရဲရင့် (ခေါ်) လင်းယုန်ဖြစ်ပါတယ်။

စားဖိုဆောင်အနီးမှာ စခန်းမှူးရဲ့ အမှုစစ်နေရာရှိပါတယ်။ အဲဒီနေရာက ပအဖခေါင်းဆောင် ဦးမဲခေါင်နဲ့ ဦးရဲရင့်တို့ အဖွဲ့သားတွေ အရက်ဘီယာသောက်စားလေ့ရှိတဲ့ နေရာဖြစ်ပါတယ်။

အဲဒီလို သောက်စားနေတဲ့အချိန် တစ်ညမှာ ဦးရဲရင့်က မဝင်းဝင်းကိုခေါ်ပြီး “နင့်ဆရာကို နှိပ်ပေးလိုက်ဦး၊ နင့်ကို ကယ်ထုတ်ပေးနိုင်တာ သူတစ်ယောက်ပဲရှိတာ” လို့ပြောပြီး ဦးမဲခေါင်ကို နှိပ်ခိုင်းခဲ့ပါတယ်။ ဂုတ်ကို နှိပ်ပေးချိန်မှာ ဦးမဲခေါင်က “ငါ့ကို ချစ်လား၊ မချစ်ဘူးလား” လို့ အတင်းအကြပ် ထပ်ခါ ထပ်ခါ အဖြေတောင်းခဲ့ပါတယ်။

နောက်တကြိမ်မှာလည်း အချုပ်သူ မဝေဝေက ခေါ်တဲ့အတွက် ဦးမဲခေါင်နဲ့ ဦးရဲရင့်တို့ ရှိတဲ့နေရာကို သွားခဲ့ရပြန်ပါတယ်။ ဦးမဲခေါင်က အလားတူ အတင်းအကြပ်အဖြေတောင်းခဲ့လို့ ခေါင်းညိတ်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ ဦးမဲခေါင်က အတင်းဖက်ပြီး  နမ်းရှုံ့တာ၊ ရင်သားတွေကို ထိတွေ့ကိုင်တယ်တာ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်မှာ “နင်ပြန်လို့ရအောင် ငါကူညီပေးမယ် အလင်းဝင်လိုက်” လို့ ဦးမဲခေါင်က ပြောခဲ့တယ်လို့ တိုင်ကြားစာမှာ ဖော်ပြထားပါတယ်။

တပတ် ၁၀ ရက်ကြာတဲ့အခါမှာ စခန်းမှူးဦးရဲရင့်နဲ့ အချုပ်သူ မဝေဝေတို့နှစ်ယောက်က လာခေါ်ပြီး မဝင်းဝင်းကို ဦးမဲခေါင်အခန်းကို ပို့ခဲ့ပါတယ်။ အခန်းထဲရောက်ချိန်မှာ ဦးမဲခေါင်ရဲ့ အတင်းအဓမ္မ မုဒိမ်းကျင့်မှုကို ပထမဆုံးအကြိမ် ခံခဲ့ရပါတယ်။ ဦးမဲခေါင်က “ငါ အခုလိုလုပ်တာကို ဘယ်မှမပြောနဲ့၊ ပြောရင် နင့်ကို သတ်ပစ်မှာ”လို့ ခြိမ်းခြောက်ခဲ့ပါတယ်။  အဲဒီနောက်ပိုင်းမှာလည်း ဦးမဲခေါင်ဟာ အမှုစစ်ခန်းမှာ ၁ ကြိမ်၊ စားဖိုဆောင်မှာ ၁ ကြိမ် စုစုပေါင်း ၃ ကြိမ် မုဒိမ်းကျင့်ခဲ့ပါတယ်။ ဦးမဲခေါင်နဲ့ ဦးရဲရင့် ၂ ဦးလုံးက တခြားသူတွေကိုပြောရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် မဝင်းဝင်းက အလိုမတူဘဲ ငြိမ်ခံခဲ့ရကြောင်း တိုင်ကြားစာမှာ ဖော်ပြထားပါတယ်။

C1 စခန်းကို ပြောင်းရွှေ့ခံရချိန်မှာလည်း ဦးမဲခေါင်လွှမ်းမိုးမှုရှိတဲ့ နေရာမို့ မဝင်းဝင်းတစ်ယောက် အသံတိတ်နေခဲ့ရပါတယ်။ ဒါကြောင့် C4 စခန်းကို ရောက်မှပဲ အသက်အန္တရာယ် ခြိမ်းခြောက်လို့ အလိုမတူဘဲ ငြိမ်ခံခဲ့ရတဲ့ လိင်အကြမ်းဖက်မှုအတွက် ဥပဒေအရ အရေးယူပေးပါဆိုပြီး မဝင်းဝင်းတစ်ယောက် ဖော်ထုတ်တိုင်ကြားနိုင်ခဲ့တာပါ။

ဒီလိုတိုင်ကြားမှုနဲ့ပတ်သက်ပြီး စွပ်စွဲခံရသူ ဦးမဲခေါင်ကို သူ့ရဲ့ စစ်ဂနယ်နဲ့ တယ်လီဂရမ်အကောင့်ကနေ ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် အချိန်ပြန်ပြောလာမယ်လို့ဆိုပြီး ဆောင်းပါးရေးသားချိန်ထိ အကြောင်းပြန်ကြားမှု မရှိခဲ့ပါဘူး။

အမှန်က အဲဒီကာလတုန်းက စခန်းတွင်း လိင်အကြမ်းဖက်မှုဖြစ်စဉ်က မဝင်းဝင်း တစ်ယောက်တည်း မဟုတ်ခဲ့ပါဘူး။

မဝင်းဝင်းနည်းတူ C2 ထဲက နောက်ထပ် အချုပ်သူ ၂ ဦးလည်း လိင်အကြမ်းဖက်မှုကျူးလွန်ခံရတယ်ဆိုတဲ့  သတင်းဖြစ်စဉ်ဟာ လူမှုကွန်ယက် စာမျက်နှာတွေမှာသာမက ဌာနတွင်း တိုင်ကြားမှုတွေအထိပါ ဟိုးလေးတကြော် ဖြစ်ခဲ့ဖူးပါတယ်။

ဖြစ်စဉ်ကာလကို နောက်ကြောင်းပြန်ကြည့်ခြင်း

၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်းမှာပဲ C2 စခန်းထဲမှာ မဝင်းဝင်းဖြစ်စဉ်အပြင် အတူထမင်းချက်တာဝန်ယူတဲ့ အချုပ်သူ မဝေဝေကိုလည်း စခန်းမှူးဖြစ်သူ ဦးရဲရင့်က အာဏာအလွဲသုံး လိင်အမြတ်ထုတ်မှုဖြစ်စဉ်၊ ပဇီကြီးဖြစ်ရပ်နဲ့ပတ်သက်ပြီး မသင်္ကာမှုနဲ့ ဖမ်းဆီးခံရတဲ့ ၁၀ တန်းကျောင်းသူ မရတနာ (အမည်လွှဲ) ကိုလည်း ပလဖအဖွဲ့၀င် ဦးအာကာက အတင်းအဓမ္မ ကာမရယူတဲ့ ဖြစ်စဉ်တွေအပေါ် ဌာနတွင်း တိုင်ကြားမှုတွေ ရှိခဲ့ပါတယ်။

ဦးရဲရင့်ဖြစ်စဉ်ကို အဲဒီအချိန်က ဒုရဲအုပ်တာဝန်ယူထားတဲ့ ရှိုင်းဇာနည်က မျက်မြင်တွေ့ရှိသူအနေနဲ့ တိုင်ကြားခဲ့ပြီး ဦးအာကာဖြစ်စဉ်ကိုတော့ ပလဖအဖွဲ့ဝင် ကိုကကြီးက တိုင်ကြားခဲ့ပါတယ်။

ဒါပေမဲ့ ဦးမဲခေါင်ရဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး လုံခြုံရေးကြောင့် ထုတ်ပြောရဲသူမရှိသလို ကာယကံရှင်ကိုယ်တိုင်လည်း ထုတ်မပြောရဲခဲ့တာကြောင့် အမှုဖွင့်တိုင်ကြားသူမဲ့ပြီး သတင်းအဖြစ်သာ ပျံ့လွင့်ခဲ့ရပါတယ်။

အဲဒီအချိန်မှာ ကန့်ဘလူတရားရေးဌာနက သတင်းဖြစ်စဉ် ၃ ခုလုံးအမှုမှန် ပေါ်ပေါက်ရေးအတွက် အမြန်ဆုံး စစ်ဆေးပေးဖို့ အကျဉ်းဦးစီးဌာနကို တင်ပြခဲ့ပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး အသေးစိတ်အခြေအနေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လ ၁ ရက်နေ့မှာ “ကန့်ဘလူအချုပ်စခန်းက အာဏာအလွဲသုံး လိင်အမြတ်ထုတ်မှု” ဆိုတဲ့ ခေါင်းစဉ်နဲ့ စုံစမ်းဖော်ထုတ်တဲ့ သတင်းဆောင်းပါးတစ်ပုဒ်ကိုလည်း ဧရာ၀တီ သတင်းစာမျက်နှာက ဖော်ထုတ်တင်ပြခဲ့ပါတယ်။

ဧရာ၀တီရဲ့ သတင်းဆောင်းပါးပါ အချက်အရ စခန်းတွင်းထွက်ပေါ်နေတဲ့ လိင်အကြမ်းဖက် ၃ ခုလုံး မရှိခဲ့ကြောင်း ပအဖခေါင်းဆောင် ဦးမဲခေါင်က ကာကွယ်ပြောဆိုခဲ့ပြီး ဒါဟာ နိုင်ငံရေးတိုက်ခိုက်မှုတစ်ခုသာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ကန့်ဘလူ ပလဖ အချုပ်စခန်းက လိင်အကြမ်းဖက်မှုဖြစ်စဉ်များအပေါ် တိုင်ကြားမှုဖြစ်စဉ်

ဌာနတွင်း တိုင်ကြားမှု ဂယက်တွေကြောင့်  NUG ပြည်ထဲရေးဝန်ကြီးဌာနက ဦးဆောင်ညွှန်ကြားတဲ့ မြေပြင်ဆင်း စုံခုံဖွဲ့စစ်ဆေးမှု (အဖွဲ့စုံပါဝင်သည့် တရားခုံစစ်ဆေးရေး) တွေအထိဖြစ်ဖို့ ကြီးမားတဲ့ တွန်းအားဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဖြေရှင်းမှုနဲ့ပတ်သက်ပြီး မြေပြင်တိုင်ကြားသူတွေ၊ တရားရေးဌာနနဲ့ သက်ဆိုင်ရာ မြို့နယ်ပလဖ တာဝန်ခံကတောင် ရလဒ်နဲ့ပတ်သက်ပြီး အခုချိန်ထိ တစုံတရာ မသိရှိခဲ့ကြပါဘူး။  

“စုံခုံလုပ်ပြီး စစ်မယ်ဆိုပြီးတော့….ခေါ်သွားတာပဲသိတယ်။ …ပြီးတော့ ဘာမှလည်းမဖြစ်ဘူး။ အမှုက ပိတ်သိမ်းသွားပြီ ဘာညာ ဒါပဲသိတာ” လို့ အမည်မဖော်လိုတဲ့ ပလဖအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒီလိုနဲ့  NUG က စုံစမ်းစစ်ဆေးမှုလုပ်ခဲ့ပြီးနောက်ပိုင်း လိင်အကြမ်းဖက်မှုကိစ္စဟာ ၁ နှစ်နီးပါးကြာ အသံပျောက်ခဲ့ပြီး အခုမှ နောက်တကြိမ် အသံပြန်ထွက်ပေါ်လာတာဖြစ်ပါတယ်။

ကာယကံရှင် မဝင်းဝင်းကိုယ်တိုင် အမှုဖွင့်မှပဲ တနွယ်ငင် တစင်ပါဆိုသလို စစ်ဆေးဖြေရှင်းခဲ့တယ်ဆိုတဲ့ NUG ရဲ့ ကိုင်တွယ်ဖြေရှင်းမှုနောက်ကွယ်က မူမမှန်တဲ့ အခြေအနေ တချို့ပါ ထွက်ပေါ်လာခဲ့ပါတယ်။

NUG ဖြေရှင်းမှုနောက်ကွယ်က မူမမှန်မှုများ

ကာယကံရှင် မဝင်းဝင်းရဲ့ အမှုဖွင့်တိုင်ကြားလိုက်တဲ့အခါမှာ ဖြေရှင်းပြီးတဲ့ကိစ္စက တကျော့ပြန် ထွက်ပေါ်လာမှုအပေါ် NUG တာဝန်ရှိသူတွေအကြား ဂယက်ရိုက်မှုတွေ ရှိခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

“အဲဒီကိစ္စက ပြီးပြီးသားပေါ့။ (ကာယကံရှင်က) ဘာမှ ထုတ်ဖော်ခဲ့တာမရှိဘဲနဲ့ ဘာလို့ အခုမှ ပြန်ပေါ်လာလဲဆိုတဲ့ ပုံစံမျိုးတွေ ဖြစ်လာတာပေါ့” လို့ NUG နဲ့ နီးစပ်တဲ့သူတစ်ဦးက ပြောပါတယ်။

ကာယကံရှင်ကိုယ်တိုင် မတိုင်ကြားခင်အထိ အကြမ်းဖက်မှုသတင်းဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး NUG က မြေပြင်ဆင်း စုံခုံဖွဲ့ (စုံစမ်းစစ်ဆေးရေးခုံရုံး) စစ်ဆေးမှု ၂ ကြိမ် ရှိခဲ့ပါတယ်။

ပထမအကြိမ်

ပထမအကြိမ်က ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ NUG ပြည်ထဲရေးဝန်းကြီးဌာန ညွှန်ကြားချက်နဲ့ မြေပြင်ဆင်း စစ်ဆေးမှုကို လုပ်ဆောင်ခဲ့ပါတယ်။ ခရိုင်ပလဖတာဝန်ခံ ဦးအောင်ကျော်မိုး (ခ) ရဲမှူး ၀ရဇိန် ဦးဆောင်ခဲ့တာပါ။ အဲဒီကာလက တခြားဖြစ်စဉ်တွေ တိုင်ကြားမှုမရှိသေးတာကြောင့် ဦးရဲရင့်ဖြစ်စဉ်ကိုပဲ စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် မတ်လအတွင်းက ထုတ်ခဲ့တဲ့ ဧရာ၀တီရဲ့ သတင်းဆောင်းပါးပါ အချက်အလက်အရ စစ်ဆေးမှုဟာ ပွင့်လင်းမြင်သာမှု မရှိခဲ့တာကြောင့် တိုင်ကြားသူတွေနဲ့ စခန်းနဲ့နီးစပ်သူတွေအကြား စိတ်ပျက်ခဲ့ကြပါတယ်။

“လာစစ်ဆေးတဲ့နေ့မှာကိုက ဦးရဲရင့်က ညကြီးမှာ မရှိုင်းဇာနည်ကို စိန်ခေါ် ခြိမ်းခြောက်တဲ့ဟာက ဖြစ်ခဲ့တာလေ။ အဲဒီတော့ စုံစမ်းစစ်ဆေးရေး ကော်မတီကြီးလို့ သုံးလို့ရလောက်အောင်ကို level မရှိဘူးလို့ သတ်မှတ်တယ်။ သူတို့လာတဲ့အချိန်မှာကို ဦးရဲရင့်က စိန်ခေါ်ခွင့်၊ ခြိမ်းခြောက်ခွင့်ရှိ ပစ်သတ်မယ်လို့ ပြောခွင့်တွေ ရနေခဲ့တာက သူတို့တွေကို ဦးရဲရင့်သဘောထားတာက သာမန် လေးစားမှု ဘာမှမရှိဘူးဆိုတာ ပြတာနဲ့ မတူဘူးလား”လို့ NUG ရဲ့ မြေပြင်က တရားသူကြီးတစ်ဦးက ထောက်ပြပါတယ်။

စစ်ဆေးမှုရဲ့ ရလဒ်ကို တိုင်ကြားသူတွေအပါအဝင် မြေပြင် အမှုနဲ့ ဆက်စပ်တဲ့သူတွေဆီကို ပြည်ထဲရေးဝန်ကြီးဌာနက ဒီကနေ့အချိန်ထိ တစုံတရာ အသိပေးကြောင်းကြားခြင်း မရှိခဲ့ပါဘူး။

“စုံခုံဖွဲ့စည်းတာ ဘာမှအသိမပေးပါဘူး။ စစ်ပြီးတော့ သူတို့ ဘယ်လိုဖြစ်သွားတယ်ဆိုတာလည်း ကျနော့်ဆီကို စာလည်းမပို့ပါဘူး။ ရလဒ်က ဘာထွက်သွားတယ်ဆိုတာ ကျနော်လည်းမသိဘူး။ ကျနော်လည်း အဲဒါသိချင်တယ်” လို့ ကန့်ဘလူမြို့နယ် ပလဖတာဝန်ခံ ဦးသူရိန်က ပြောပါတယ်။

ရလဒ်နဲ့ အသေးစိတ်အချက်အလက် သိရဖို့ ပြည်ထဲရေးအတွင်းဝန် ဦးကွန်မင်းကို ဆက်သွယ်မေးမြန်းရာမှာ အချက်အလက် ပို့လာပေးမယ်ဆိုပြီး သတင်းဆောင်းပါးရေးသားချိန်အထိ လက်ခံရရှိခြင်း မရှိသေးပါဘူး။

တိုင်ကြားသူ မရှိုင်းဇာနည်ကတော့ ဦးရဲရင့်ခြိမ်းခြောက်မှုကြောင့် အလုပ်က ထွက်ခဲ့ရပြီး စစ်ဆေးမှုနောက်ပိုင်းမှာပဲ အချုပ်သူအမျိုးသမီးတွေကို C1 ကို ပြောင်းရွှေ့ခဲ့ပြီး တရားရေးဌာနကိုလည်း လုံခြုံရေးအကြောင်းပြချက်နဲ့ အချုပ်ထောင်စစ်ဆေးမှုကို ပိတ်ပင်ခဲ့တယ်လို့ စခန်းနဲ့ နီးစပ်တဲ့ တာဝန်ရှိသူတချို့က ပြောပါတယ်။

ဦးမဲခေါင် ဦးရဲရင့်တို့နဲ့ ပုံမှန်ထက် ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ စစ်ဆေးရေး အဖွဲ့ခေါင်းဆောင် ဦးအောင်ကျော်မိုးကတော့ စွပ်စွဲခံရသူ ဦးအာကာကိုပါ တာဝန်ထမ်းဆောင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ခေါ်ထုတ်သွားခဲ့တယ်လို့ စခန်းနဲ့နီးစပ်သူတွေက ပြောပြပါတယ်။

နောက်ပိုင်းမှာ ၁၀ တန်းကျောင်းသူ အချုပ်သူကို ခေါ်ထုတ်ပြီး ပါးရိုက်တာမှန်ပေမယ့် မူးလို့ လုပ်တာသာဖြစ်ပြီး ကာမရယူဖို့အတွက် မဟုတ်ကြောင်း စွပ်စွဲခံရသူ ကိုအာကာက အမှုတိုင်ကြားသူ ပလဖအဖွဲ့ဝင် ကိုကကြီးကို ပြန်ပြောခဲ့ပါတယ်။

“ကျနော်တိုင်ကြားတာနဲ့ သူလာပြောတာနဲ့ တထေရာတည်းပဲလေ။ အဲဒီကတည်းက သူက ဝန်ခံတာနဲ့ အတူတူပဲလေ” လို့ ကိုကကြီးက ပြောပါတယ်။

သက်သေအထင်အရှားနဲ့တကွ စွပ်စွဲခံရသူ ဦးရဲရင့်ကတော့ ရာထူးက သူဘာသာသူ နှုတ်ထွက်ပြီး ပြည်ထဲရေးခွင့်ပြုချက်နဲ့ C2 စခန်းအနီးမှာ ပြည်သူ့ရဲစခန်းဖွင့်ပြီး အမှုစစ်လုပ်ငန်းကို ဆက်လုပ်ခဲ့ပါတယ်။

ဒုတိယအကြိမ်

အကြမ်းဖက်မှုသတင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး ဧရာ၀တီသတင်းဌာနက စုံစမ်းဖော်ထုတ်ပြီးနောက်ပိုင်း ၂၀၂၄ ခုနှစ် အစောပိုင်းလတွေမှာပဲ ပြည်ထဲရေး တိုင်ကြားစာကော်မတီက ဦးဆောင်ပြီး အဖွဲ့စုံပါဝင်တဲ့ တရားခုံစစ်ဆေးရေး (စုံခုံ) ကို ဒုတိယအကြိမ် လုပ်ခဲ့ပါတယ်။

ကော်မတီထဲမှာ သက်ဆိုင်ရာ ရေးရာတာဝန်ခံတွေအပါအဝင် အဖွဲ့စုံ ပါဝင်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ပြည်ထဲရေးဌာနနဲ့ နီးစပ်သူတချို့က ပြောပါတယ်။ ဒါပေမဲ့ စစ်ဆေးမှုနဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ တိုင်ကြားစာကော်မတီကို ပြည်ထဲရေးအတွင်းဝန်ကတဆင့် ဆက်သွယ်ဖို့  ကြိုးစားခဲ့ပေမယ့် ဆောင်းပါးရေးချိန်အထိ အကြောင်းပြန်မှု မရှိသေးပါဘူး။

စုံခုံကော်မတီဟာ တိုင်ကြားသူတွေနဲ့ သတင်းတင်ပြသူတွေဖြစ်တဲ့ ရှိုင်းဇာနည်၊ ကိုကကြီး၊ တရားသူကြီး ဦးပေါ်ထွန်းအပါအဝင် အချုပ်သူအမျိုးသမီးတွေကိုလည်း သီးခြားမေးမြန်းစစ်ဆေးမှု လုပ်ခဲ့တယ်လို့ အစစ်ခံရထဲ ပါဝင်သူအချို့က အတည်ပြုပါတယ်။

စစ်ဆေးတဲ့နေရာမှာ မမေးသင့်တဲမေးခွန်းတချို့ကို မေးခဲ့တာရှိကြောင်း တချို့က ပြောပါတယ်။

“(ဦးရဲရင့်နဲ့ မဝေဝေဖြစ်စဉ်ကို) ခုံတန်းလျားပေါ်မှာ ထပ်နေတာ မြင်သလားဆိုပြီးမေးတဲ့ကိစ္စက မဖြစ်သင့်ဘူးလေ။ အချုပ်သူနဲ့ စခန်းမှူးက ည ၂ နာရီပတ်ချာလည်အချိန်မှာ ခုံတန်းလျာပေါ် ရှေ့ဆင့်နောက်ဆင့် အိပ်နေတာကို ဒါက ဘာပဲဖြစ်ဖြစ် အချုပ်သူနဲ့ စခန်းမှူးလေ၊ ဒါမျိုး မဖြစ်သင့်ဘူးလေ” လို့ အမည်မဖော်လိုတဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပြည်ထဲရေးနဲ့ နီးစပ်တဲ့သူတချို့ ပြောပြချက်အရ ကာယကံရှင် အမျိုးသမီး ၃ ဦးလုံး (မဝင်းဝင်း၊ မဝေဝေ၊ မရတနာ) ကို ကန့်ဘလူမြို့နယ် ကျွန်းလှအနောက်ဘက်ခြမ်းတွင် ခေါ်ယူစစ်ဆေးခဲ့ပြီး နှစ်ဦးသဘောတူဖြစ်ကြောင်း ထွက်ဆိုချက်ထွက်ကြောင်း ကြားသိရတယ်လို့ ဆိုကြပါတယ်။ ဒီထွက်ဆိုချက်အမှန်တကယ် ရှိမရှိကို သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ဒါပေမဲ့ ကာယကံရှင် မဝင်းဝင်း C4 စခန်းရောက်ပြီး ထွက်ဆိုချက်အရ အမှုနဲ့ပတ်သက်ပြီး သူ့ကို တစုံတရာ မေးမြန်းခြင်း မရှိခဲ့ကြောင်း စခန်းနဲ့ နီးစပ်သူတစ်ဦးက ပြောပြပါတယ်။

“စုံခုံဖွဲ့စစ်ရင် အကုန်မေးရမယ်လေ။ ရွာနာမည်နဲ့ အသက်ဘယ်လောက်ရှိလဲ ဒါလေးပဲ မေးတာ မဖြစ်သင့်ဘူးလေ။ လိင်အကြမ်းဖက်မှုဖြစ်ရင် လိင်အကြမ်းဖက်မှုနဲ့ ပတ်သက်တာ မေးရမယ်လေ။ ရာထူးပဲမေးပြီး ပြန်လွှတ်လိုက်တာကိုး” လို့ စခန်းနဲ့နီးစပ်တဲ့ မြေပြင်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ဆေးမှု ၂ ကြိမ်လုံးရဲ့ ရလဒ်အခြေအနေနဲ့ မြေပြင်အခြေအနေတွေကို သိရဖို့ C2 စခန်းအခြေစိုက်တဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနရဲ့  ကန့်ဘလူမြို့နယ် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်မေဘုတ်ကို ဆက်သွယ်မေးမြန်းခွင့် ရခဲ့ပါတယ်။ ဒါပေမဲ့ အခုချိန်မှာ အနေအထားတွေ ပြောင်းလဲနေပြီဖြစ်တဲ့အတွက် တော်လှန်ရေးနဲ့ NUG ပုံရိပ်ကျမှစိုးကြောင်း ပြောပြီး ဆက်သွယ်မေးမြန်းချက်တွေကို အသုံးပြုခွင့် ပြန်ရုတ်သိမ်းခဲ့ပါတယ်။

အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန အတွင်းဝန်ကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အင်တာဗျူးလုပ်ဖို့ ငြင်းပယ်ခဲ့ပါတယ်။

ဒီတစ်ကြိမ်မှာလည်း စစ်ဆေးမှုရလဒ်နဲ့ပတ်သက်ပြီး ပြည်ထဲရေးဌာနက စစ်ဆေးခံရသူတွေကို အခုချိန်ထိ အကြောင်းပြန်ကြားခြင်း မရှိသေးတာ တွေ့ရပါတယ်။ 

“ကျနော့်တို့ကို စစ်ဆေးပြီးတဲ့နောက်မှာ ရလဒ်တစ်ခုကို ကျနော်တို့ကို သိစေအပ်လိမ့်မယ်လို့ ကျနော် ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ ကျနော်တို့ ဘာမှမသိခဲ့ဘူး။ အခုထိ ဘာမှမသိဘူး။ ဘာ action မှလည်း မရှိခဲ့ဘူးလို့ ကျနော်ထင်တယ်” လို့ သတင်းပေးတင်ပြသူအဖြစ် စစ်ဆေးခံတဲ့ထဲမှာပါတဲ့ တရားသူကြီး ဦပေါ်ထွန်းက ပြောပါတယ်။

စွပ်စွဲခံရသူတွေကို ပုံမှန်ရာထူးအောက်မှာပဲထားပြီး စစ်ဆေးမှု ၂ ကြိမ်စလုံးကို လုပ်ခဲ့တာအပြင် စစ်ဆေးချိန်မှာ အမှုနဲ့ပတ်သက်ပြီး မေးမြန်းခြင်းမရှိခဲ့ဘူးဆိုတဲ့ ကာယကံရှင်ထွက်ဆိုချက်ကြောင့် ပြည်ထဲရေးရဲ့ စုံခုံစစ်ဆေးမှုတွေအပေါ် စခန်းနဲ့နီးစပ်သူတွေအကြား မကျေနပ်မှုတွေ ပိုပြီး မြင့်တက်လာနေပါတယ်။

“သူတို့လူနဲ့ သူတို့ဖွဲ့၊ သူတို့လူနဲ့ သူတို့စစ်၊ သူတို့ဘာသာသူတို့ ပြီးသွားတဲ့ဟာကို ကျနော်တို့ မကျေနပ်ဘူး” လို့ စခန်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပြည်ထဲရေးအတွင်းဝန် ဦးကွန်မင်းကတော့ စုံစမ်းမှုတွေ လုပ်ခဲ့ပေမယ့် မြေပြင်စိုးမိုးမှု အားနည်းတာကြောင့်ရော တဖက်မှာ လုပ်ထုံးလုပ်နည်းပိုင်းနဲ့အညီ လုပ်နိုင်ဖို့ ခက်ခဲတာရောကြောင့် စိန်ခေါ်မှုတွေကြုံခဲ့ရကြောင်း ဆက်သွယ်မေးမြန်းချိန်မှာ ပြောခဲ့ပါတယ်။

ပြည်ထဲရေးက စစ်ဆေးမှုတွေလုပ်ခဲ့ပြီးနောက်ပိုင်းမှာလည်း လိင်အကြမ်းဖက်မှုဖြစ်စဉ်က C2 မှာ ရပ်တန့်မသွားခဲ့ဘူးဆိုတာကို နောက်ထပ် အချုပ်သူတစ်ယောက်ကပါ သက်သေပြခဲ့ပါတယ်။

NUG စစ်ဆေးမှုတွေကို ပျက်ရယ်ပြုလိုက်တဲ့ နောက်ထပ် လိင်အကြမ်းဖက်မှု

C4 စခန်းပြောင်းရွှေ့ပြီး လိင်အကြမ်းဖက်ခံရကြောင်း ဖော်ထုတ်လာတာ မဝင်းဝင်းတစ်ယောက်တည်း မဟုတ်ပါဘူး။ C2 စခန်းမှာ အဖမ်းခံရတဲ့ အချုပ်သူ မချိုချိုတစ်ယောက်လည်း ပါဝင်ပါတယ်။

မချိုချို (အမည်လွှဲ) ရဲ့ အမှုဖွင့်တိုင်ကြားချက်အရ သတင်းထွက်ပေါ်တဲ့ လိင်အကြမ်းဖက်မှုဖြစ်စဉ် ၃ ခုအပေါ် NUG က စုံခုံစစ်ဆေးမှုတွေ လုပ်ပြီး လပိုင်းအကြာမှာပဲ မချိုချိုရဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

အသက် ၂၉ အရွယ် မချိုချိုက အိမ်ထောင်ရှိအမျိုးသားနဲ့ ယူခဲ့တဲ့အတွက် တလင်တမယားအမှုနဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလ ပထမအပတ်မှာ အမျိုးသားနဲ့ အတူ အဖမ်းခံခဲ့ရတာပါ။  မချိုချိုရောက်ချိန်မှာ မဝင်းဝင်းတို့က C1 စခန်းကို ပြောင်းရွှေ့ပြီးတဲ့အချိန်ဖြစ်သလို စခန်းမှူးဦးရဲရင့်နေရာမှာ ဦးအောင်ဇေယျက တာဝန်ယူဆောင်ရွက်နေပြီဖြစ်ပါတယ်။

အဖမ်းခံရပြီး ၅ လလောက် အကြာ ည ၁၀ နာရီခန့်အချိန်မှာ စခန်းမှူး ဦးအောင်ဇေယျဟာ မချိုချိုနဲ့ အမျိုးသားနှစ်ယောက်လုံးကို အမှုစစ်ဖို့ဆိုကာ ခေါ်ပြီး အမျိုးသားဖြစ်သူရှေ့မှာပဲ မချိုချိုရဲ့ မိန်းမကိုယ်နဲ့ ရင်သားတွေကို ကိုင်တွယ်ခဲ့သလို သူ့ရဲ့ လိင်အင်္ဂါကိုလည်း ကိုင်ခိုင်းတာတွေ လုပ်ခဲ့ပါတယ်။ နောက်တစ်ကြိမ်မှာလည်း မေးစရာရှိလို့ဆိုကာ သူ့အခန်းထဲခေါ် မုဒိမ်းကျင့်ခဲ့တယ်လို့ တိုင်ကြားချက်မှာ ဖော်ပြထားပါတယ်။

စခန်းနဲ့နီးစပ်သူအချို့ရဲ့ အဆိုအရ ဦးအောင်ဇေယျဟာလည်း ဦးမဲခေါင် ဦးရဲရင့်တို့နဲ့ ပုံမှန်ထက် ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူဖြစ်တယ်လို့ သိရပါတယ်။

 “လည်လှီးလိုက်မယ်၊ ပစ်သတ်လိုက်မယ်” ဆိုပြီး သေနတ်အတိုတစ်လက်ဆောင်ထားလေ့ရှိတဲ့ ဦးအောင်ဇေယျရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်ခံရဖူးလို့  မချိုချိုဟာ လိင်အကြမ်းဖက်ခံရမှုကို မတိုင်ရဲခဲ့ဘဲ အခုမှ မဝင်းဝင်းနဲ့အတူ သူ့ရဲ့ ဖြစ်စဉ်ကို အမှုဖွင့် တိုင်ကြားခဲ့တာဖြစ်ပါတယ်။

အရင်အချိန်တုန်းက NUG ရဲ့ ရေရာတဲ့ ရလဒ်မပေးနိုင်တဲ့ စစ်ဆေးဖြေရှင်းမှုတွေကြောင့် လိပ်ခဲတည်းလည်း​ ဖြစ်ခဲ့ကြတဲ့ စခန်းနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းကြီးဟာ မဝင်းဝင်းနဲ့ မချိုချိုတို့ရဲ့ ကိုယ်တိုင်အမှုဖွင့်တိုင်ကြားမှု ပေါ်ပေါက်လာချိန်မှာ ဒီတကြိမ်တော့ အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းပေးလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။

ထူးမခြားတဲ့ NUG တုံ့ပြန်မှု

အမှုဖွင့်တိုင်ကြားပြီး ၁ လနီးပါးကြာတဲ့အထိ NUG က ကိုင်တွယ်ဖြေရှင်းမှုမရှိသေးပါဘူး။“တရားခံ ဖမ်း/စစ်တော့ မလုပ်နိုင်သေးဘူး” လို့ မြို့နယ်ပလဖတာဝန်ခံ ကိုသူရိန်က ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေတွေရဲ့အဆိုအရ မုဒိမ်းမှုဟာ ရာဇဝတ်ပြစ်မှုကြီးဖြစ်လို့ ပထမသတင်းပေးတိုင်ကြားချက်ရတာနဲ့ ဖမ်းဆီးစစ်ဆေးနဲ့ လုပ်ငန်းစဉ်ကို အမြန်ဆုံးလုပ်ရမှာပါ။

“၃၇၆ လို ပြစ်မှုကြီးကတော့ မြန်မြန်ဆန်ဆန်နဲ့ ဖမ်းဆီးစစ်ဆေးတဲ့ လုပ်ငန်းစဉ်ကို မြန်နိုင်သမျှ မြန်မြန်လုပ်ရမယ့် ၀တ္တရားရှိတာပေါ့။ သူက ပြစ်မှုကြီးထဲမှာ ပါတာကိုး” လို့ အမည်မဖော်လိုတဲ့ NUG နဲ့ နီးစပ်တဲ့ တရားလွှတ်တော်ရှေ့နေက ပြောပါတယ်။

ဒါပေမဲ့ ကျူးလွန်တယ်လို့ စွပ်စွဲခံရသူထဲက တဦးအပါအဝင်ဖြစ်တဲ့ ဦးမဲခေါင်ဟာ မြို့နယ်မှာ ရာထူးကြီးယူထားတဲ့ ဝန်ထမ်းဖြစ်နေတဲ့အတွက် ဝန်ကြီးရဲ့ သဘောထားခွင့်ပြုချက်ရမှ ဖမ်းဆီးစစ်ဆေးတဲ့ လုပ်ငန်းစဉ်ကို လုပ်နိုင်မှာဖြစ်လို့ ဝန်ကြီးဌာနရဲ့ အကြောင်းပြန်မှုကို စောင့်ဆိုင်းလျှက် ရှိနေဆဲဖြစ်ပါတယ်။

ပြည်ထဲရေးအတွင်းဝန် ဦးကွန်မင်းက ဝန်ကြီးဌာနအနေနဲ့ စုံစမ်းစစ်ဆေးမှု အမြန်ဆုံးလုပ်ဖို့နဲ့ အမှုမှန်ပေါ်ပေါက်ဖို့ကိစ္စကို ညွှန်ကြားထားပြီဖြစ်တယ်လို့ အတည်ပြုပါတယ်။

ပြည်ထဲရေးက ရဲချုပ်ကိုယ်တိုင် စစ်ဆေးဖို့ လာမယ်လို့ သတင်းထွက်ပေါ်ပေမယ့် မြေပြင်တာဝန်ရှိသူအချို့ရဲ့ အတည်ပြုချက်အရ အမှုစဖွင့်ရက်ကနေ ၁ လနီးပါးကြာတဲ့အထိ မြေပြင်မှာ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ထူးခြားမှု တစုံတရာ မရှိသေးပါဘူး။

ဒါကြောင့် ကန့်ဘလူအချုပ်စခန်း လိင်အကြမ်းဖက်မှုတိုင်ကြားမှုပေါ် NUG ရဲ့ တုံ့ပြန်ဖြေရှင်းမှုပုံစံတွေဟာ မုဒိမ်းမှုကို မြန်မြန်ဆန်ဆန်ဖြေရှင်းရမယ့် ကြီးလေးတဲ့  ရာဇဝတ်မှုအဖြစ် အသိအမှတ်ပြုထားပါရဲ့လားဆိုတာလည်း မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

“ကြာနေမယ်ဆိုရင် ကျနော်တို့ မြေပြင်မှာ ဆောင်ရွက်နေရတဲ့သူဗျာ၊ တရားခံကလည်း ရိုးရိုးသာမန်သူမဟုတ်ဘူး၊ ဒီအထဲမှာ မြို့နယ်အဆင့် တာဝန်ထမ်းနေတဲ့သူဖြစ်တယ်၊ ဝန်ကြီးဌာနက စုံခုံဖွဲ့ပြီး စစ်မယ်ဆိုလည်း မြန်မြန်စစ်ပေါ့…… တဖက်ကို သတင်းပေါက်သွားရင် တဖက်က အန္တရာယ်ပြုနိုင်တဲ့ အခက်အခဲတွေရှိတယ်” လို့ မြို့နယ်ပလဖတာဝန်ခံ ကိုသူရိန်က ပြောပါတယ်။

မှတပါး အခြားမရှိ

ပြည်ထဲရေးဝန်ကြီးဌာနရဲ့  မြေပြင်ဆင်း စစ်ဆေးမှု ၂ ကြိမ်ထိ လုပ်ခဲ့ပြီးကာမှ ပြဿနာမပြီးခဲ့ဘဲ ဒီလိင်အကြမ်းဖက်မှုပြဿနာကြီး သက်သေတွေနဲ့အတူ နောက်တကျော့ ပြန်ပေါ်ထွက်လာတာကြောင့် အစကနေ ပြန်ဖြေရှင်းရုံမှတပါး တခြားနည်းလမ်း NUG မှာ မရှိတော့တဲ့ အခြေအနေကို ဆိုက်ရောက်နေပါပြီ။

ဒါမျိုးတွေ ပစ်ထားရင် အစိုးရမဟုတ်တော့ဘူး၊ အစိုးရဂုဏ်သိက္ခာကို ထိန်းချင်လို့ ကာလေ ပိုပြီးတော့ သိက္ခာကျလေပဲ။” လို့ မြေပြင်က NUG တရားသူကြီးတစ်ဦးက ပြောပါတယ်။

အခုလို ကာယကံရှင်တွေရဲ့ ထုတ်ဖော်တိုင်ကြားမှုဟာ စွပ်စွဲခံရသူတွေ အပါအဝင် NUG ရဲ့ အတွင်းကြိတ် ဖြေရှင်းခဲ့တဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ စုံစမ်းစစ်ဆေးမှုရလဒ်တွေကိုပါ တပ်လှန့်လိုက်တာပါ။

NUG ရဲ့ ဒီတခါ တုံ့ပြန်မှုပုံစံက အမှုမှန်ပေါ်ပေါက်ရေး စောင့်မျှော်နေကြတဲ့ မြေပြင်က ယန္တရားမှာပါဝင်သူတွေရဲ့ NUG မှာ ရှေ့ဆက် ပါဝင်နိုင်ဖို့အတွက် အဖြေတစ်ခု ဖြစ်လို့နေပါပြီ။

“ဝန်ကြီးဌာနက လုပ်မပေးရင်တော့ ကျနော်တို့လည်း ဆက်ပြီး တာဝန်ထမ်းမှာ မဟုတ်ဘူး၊ NUG ပုံရိပ်ကျခြင်း၊ မကျခြင်းလည်း ရှေ့ရှုမှာ မဟုတ်တော့ဘူး” လို့ မြေပြင်က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ဒီတကြိမ်ဖြေရှင်းခဲ့ရင်လည်း ကျူးလွန်တယ်လို့ စွပ်စွဲခံရသူတွေကို စစ်ဆေးအရေးယူဖို့တစ်ခုတည်းနဲ့ မလုံလောက်တော့ပါဘူး။ စခန်းနဲ့ နီးစပ်သူတချို့ရဲ့ အဆိုအရ ပွင့်လင်းမြင်သာမှုမရှိခဲ့တဲ့ NUG ရဲ့ ပြီးခဲ့တဲ့ စုံခုံစစ်ဆေးမှုတွေလုပ်ငန်းစဉ်တခုချင်းအတွက်ပါ NUG တာဝန်ခံပေးဖို့ အမှုနဲ့ ဆက်စပ်သူတွေသာမက မြေပြင်က လူထုတွေလည်း စောင့်ကြည့်နေကြပါတယ်။

“အမှန်ကို ဖုံးဖိဖျောက်ဖျက်ဖို့ ကြိုးစားခဲ့ရိုးမှန်ရင် အမှန်တရားနဲ့ တရားမျှတမှု ဆောင်ရွက်ပေးရမယ့် သူတွေရဲ့ တာဝန်ဝတ္တရား ပျက်ကွက်မှုဖြစ်တော့ အဂတိရှိတယ်လို့ စွပ်စွဲ ရမှာပဲ။ အကျင့်ပျက်ချစားမှု ရှိခဲ့သော စုံခုံလို့ စွပ်စွဲရမှာပဲ” လို့ ခရိုင်အဆင့် ပအဖ တာဝန်ရှိသူတစ်ဦးက ပြောလိုက်ပါတယ်။

သူက ဆက်ပြီး မြေပြင်က ခရိုင်အဆင့် ပအဖနဲ့ နီးစပ်တဲ့ တာဝန်ရှိသူတစ်ဦးကတော့ “ပြည်သူလူထုကျတော့ တမျိုး၊ သူတို့ ယန္တရားအောက်က ကျူးလွန်နေတဲ့သူတွေအတွက်တော့ ဥပဒေက တမျိုးဖြစ်နေတာ။ ရာဇဝတ်မှုကိစ္စရပ်တွေမှာ ကျောသားရင်သား ခွဲခြားလို့မှမရတာ။ ဥပဒေအထက်မှာ NUG ရှိနေပြီလားဆိုတာ မေးရမယ်”

Author:

Related Articles