Home ဆောင်းပါး အန္တရာယ်လျှောက်လမ်းပေါ်က အရှုံးခံဈေးသည်တွေ

အန္တရာယ်လျှောက်လမ်းပေါ်က အရှုံးခံဈေးသည်တွေ

ရှင်ငြိမ်း။ ။

“ အဓိကက ဈေးနားသွားရောင်းမိရင် အဆဲမခံရရင်ကံကောင်းပဲ။ တခါက ကြက်ဥရောင်းတဲ့အဒေါ်ကြီးက ထွက်မသွားရင် ခဲနဲ့ထုမယ်လို့ကို ပြောတာ။ရပ်ကွက်ထဲဝင်ရောင်းတော့လည်း လူနာတွေနဲ့မို့ အော်လံနဲ့မအော်ပါနဲ့ဆိုတော့ ကျမတို့ရောင်းဖို့ ခက်သွားတာပေါ့”လို့ ညည်းညည်းညူညူလေး ပြောပြလာသူ မနှင်းယမုံပါ။

အသက် ၂၃ နှစ်သာရှိသေးတဲ့ မနှင်းယမုံဟာ နိုင်ငံရေးနဲ့ ကိုဗစ်ကြားမှာ ဝမ်းရေးခက်ခဲနေတဲ့ နွမ်းပါးသူတွေကို တစ်ဖက် တစ်လမ်းက ကူညီတဲ့အနေနဲ့ ဆန်၊ ဆီ၊ အားလူး၊ ဂေါ်ဖီထုတ် လေးမျိုးပေါင်းမှ ငွေကျပ်ငါးဆယ်နဲ့ လိုက်လံရောင်းပေးနေတဲ့ သူဖြစ်ပါတယ်။

ဒီလိုရောင်းချရာမှာလည်း သူတို့အနေနဲ့ အလှူလုပ်သလိုရောင်းတာမို့ အခက်အခဲမရှိဘူးလို့ထင်ရပေမယ့် တကယ့်တကယ် မှာ တားဆီးစစ်ဆေးခံရတာတွေ၊ အခုလိုဈေးသည်တချို့ရဲ့ဝေဖန်တိုက်ခိုက်တာတွေနဲ့လည်း ရင်ဆိုင်ကြရပါတယ်။

မနှင်းယမုံကတော့ ပြီးခဲ့တဲ့ကိုဗစ်နှစ်ကြိမ်လုံးမှာ အခုလိုပဲ နွမ်းပါးသူတွေကို ကူညီခဲ့ပေမယ့် အတားအဆီးမရှိခဲ့တာကြောင့် အဆင်ပြေခဲ့ပေမယ့် အခုတတိယလှိုင်းမှာတော့ စစ်တပ်ရဲ့ဟန့်တားစစ်ဆေးမှုတွေက သူ့အလုပ်ကို အတော်လေးအခက် တွေ့ခဲ့ပါတယ်။

“ မှတ်မှတ်ရရ အဲ့ဒီနေ့က ရွှေပြည်သာဘက်ကို သွားရောင်းမယ့်နေ့ပါ။ မနက် ၁၀ နာရီလောက်ကထွက်တာ ဘုရင့်နောင် လမ်းဆုံနားမှာ အစစ်ခံရတယ်။ ဈေးရောင်းမှာလို့ ပြောလည်းမရဘူး။ စခန်းခေါ်သွားပြီး ထိုင်ခိုင်းထားတာ ညနေလောက်မှ နောက်တစ်ခါသွားရောင်းရင် အကြောင်းကြားရမယ်လို့ ပြောပြီး ပြန်လွှတ်လိုက်တာ”လို့ သူက ရှင်းပြပါတယ်။

မနှင်းယမုံဟာ ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ ရန်ကုန်မြို့စွန်တွေမှာရှိတဲ့ ဆင်းရဲနွမ်းပါးတဲ့မိသားစုတွေထံ ငွေကြေးနဲ့ အခြေခံစားသောက်ကုန်တွေ လှူပေးနေစဉ်မှာပဲ စစ်တပ်က အာဏာသိမ်းပြီး ဖမ်းဆီးမှုတွေကြောင့် သူတို့လုပ်ငန်းလေး သုံး လတာ ရပ်နားသွားခဲ့ရပါတယ်။

၂၀၂၁ ဧပြီလမှာ သူတို့သူငယ်ချင်း ငါးယောက်စုပြီး လိုရင်ယူ ပိုရင်လှူအစီအစဉ်နဲ့ ပြန်စခဲ့ပေမယ့် ကိုဗစ်တတိယလှိုင်း စတင်လာတဲ့ မေလလောက်မှာ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာပြီး ဝယ်လို့မရတဲ့အသံတွေ ဆူညံလာတဲ့ အခါမှာတော့ အခုလိုဈေးပေါပေါနဲ့ရောင်းပေးဖို့ စီစဉ်ခဲ့တာဖြစ်တယ်။

ကိုဗစ်နဲ့ စစ်အာဏာသိမ်းမှုကြောင့် ဆင်းရဲကျပ်တည်းမှုတွေကို နှစ်ချီရင်ဆိုင်ခံစားလာတဲ့ ပြည်သူတွေဟာ အစစအရာရာ ခက်ခဲကျပ်တည်းနေချိန်မှာ ကုန်ပစ္စည်းတွေကို အမြတ်တင်ရောင်းချသူတွေရှိသလို မနှင်းယမုံတို့လို အရူံးခံပြီး ရောင်းပေး သူတွေလည်း ရန်ကုန်အပါအဝင် နယ်မြို့တော်တော်များများမှာပါ ရှိလာပါတယ်။

“မလှူတတ်ရင် ဈေးရောင်း”ဆိုသလိုပဲ နွမ်းပါးသူတွေ ဝယ်ယူစားသောက်နိုင်ဖို့ အခြေခံစားသောက်ကုန်တွေ၊ ဆေးဝါးနဲ့ နှာခေါင်းစည်း (mask)တွေကိုပါ အလှူသဘောမျိုး မူရင်းဈေးထက်လျော့ကာ ရောင်းပေးလာတာဖြစ်ပါတယ်။

ရောင်းချပေးသူအများစုကတော့ ပြည်သူတွေထဲက ပြည်သူတွေဖြစ်ပြီး တချို့ကလည်း မိသားစုအလိုက်၊ တချို့ကလည်း အဖွဲ့နဲ့ တချို့လည်း တစ်ကိုယ်တော် ကိုယ့်အစီအစဉ်နဲ့ကိုယ် စားဝတ်နေရေးခက်ခဲနေတဲ့ ပျံကျအလုပ်သမားအများစုရှိရာ နေရာတွေကို အဓိကထားသွားရောင်းပေးတာ များပါတယ်။

အများအားဖြင့် ဆန်တစ်ပြည်၊ ဆီ ၅၀ သား၊ ကြက်ဥအလုံး ၂၀ကို ဘာယူယူ ငွေကျပ်တစ်ရာနဲ့ ရောင်းသူရှိသလို တချို့က တော့ ကြက်ဥ ၁၀ လုံး၊ ကြက်သွန်နီ၊ ပြောင်းဖူး၊ ဂေါ်ရခါးသီး၊ ဂေါ်ဖီထုပ် အားလုံးမှ ငွေကျပ် ၅၀နဲ့လည်း ရောင်းပေးကြ တယ်။

အဲ့လိုရောင်းတဲ့အထဲမှာ တချို့ဆိုရင် အများသုံးတဲ့ ဆေးဝါးအပြင် အမျိုးသမီးလစဉ်သုံးပစ္စည်းတွေပါထည့်သွင်း ရောင်းချ ပေးတဲ့အထိကို လုပ်ပေးကြတယ်။ ဒါ့အပြင် ပြင်ပပေါက်ဈေး နှစ်ထောင့်ငါးရာရှိတဲ့ နှာခေါင်းစည်းအခု ငါးဆယ်ပါတစ်ဗူးကို ငွေကျပ်တစ်ထောင်နဲ့လည်း အရှုံးခံရောင်းပေးတာတွေ ရှိပါတယ်။

အရူံးခံဈေးသည်တွေဆီသွားဝယ်လာတဲ့ မမေခိုင်ကတော့ “ အလကားလောက်နီးနီး ရောင်းပေးတော့ ကျမတို့လို မရှိဆင်းရဲ သားအတွက် ရေငတ်တုန်း ရေတွင်းထဲကျသလိုပါပဲ”လို့ ဝမ်းသာအားရပြောပါတယ်။

မမေခိုင်ဟာ ဒီလိုဈေးသည်တွေ မလာခင်က သူတို့မိသားစုအတွက် ေနောက်ဆုံးလက်ကျန် တစ်သောင်းတန်ကလေးကို ကိုင်ပြီး ဘာဝယ်ရမလဲ ဆိုတာ တွေေ၀ စဉ်းစားပြီး စိတ်ညစ်ညူးနေခဲ့တာပါ။ ဒါကြောင့် ဒီလို အလှူပေးသလို ဈေးရောင်းတဲ့ အသံကြားမိတဲ့နေ့က ထခုန်မိမတတ် ဝမ်းသာခဲ့ရတယ်လို့ သူကဆိုတယ်။

ရန်ကုန်အပါအဝင် နယ်မြို့အသီးသီးမှာ အဲ့ဒီငွေကျပ် ငါးဆယ်နဲ့ ဝယ်မစားနိုင်တဲ့သူတွေ ဒုနဲ့ဒေးပါပဲ။ သာမာန်လိုအပ်ချက်ရှိ သူလည်း လိုနေကြသလို ခက်ခဲနေသူတွေလည်း ထင်ထားတာထက် ပိုလို့ခက်ခဲနေတဲ့အတွက် အခုလိုအရှုံးခံရောင်းပေးမှု တွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။

ဒီလိုအရှုံးခံဈေးရောင်းနိုင်ဖို့ ဝယ်လက်မရှိလို့ ခက်ခဲနေတဲ့ တောင်သူတွေဆီက စားသောက်ကုန်တွေဝယ်ယူပြီး ရန်ကုန်မှာ ဈေးပေါပေါနဲ့ ပြန်ရောင်းတာကြောင့် အရင်း ငါးသိန်းရှိတဲ့ကုန်ဟာ သုံးသိန်းသာပြန်ရလေ့ရှိတဲ့အတွက် အရှုံးများပါတယ်။

လူတန်းစားမရွေးစားနိုင်တဲ့ ကြက်ဥဆိုရင်လည်း ဝယ်လိုအားများတာကြောင့် ခြံတွေကို ကိုယ်တိုင်ဆင်းကောက်ရပြီး ပြန် ရောင်းတော့လည်း အရင်းတဝက်တောင်ပြန်မရတဲ့အတွက် သူတို့အလုပ်ဟာအမြဲအနူတ်ပြနေတယ်လို့ မနှင်းယမုံက တွက် ပြပါတယ်။

ဒီလိုရှုံးသွားတဲ့ ဝင်ငွေတွေကိုတော့ အများအားဖြင့် အမြဲတမ်းအလှူရှင်တွေရဲ့ငွေတွေနဲ့ ဖာထေးပေးတာများပါတယ်။ သူ့ အနေနဲ့ ဒီအမြဲတမ်းအလှူရှင်တွေကို လုပ်ငန်းအတွက်အရေးပေါ်ကိစ္စတွေရှိလာမှ သုံးဖို့အတွက်အရံထားပြီး ပုံမှန်အားဖြင့် ကတော့ လတ်တလောအလှူတွေရဲ့ဝင်ငွေတွေနဲ့သာ သုံးစွဲနေတာ ဖြစ်ပါတယ်။

“ ကျမတို့စလုပ်ကတည်းက ခက်ခဲတဲ့သူတွေကို တတ်နိုင်သလောက်ကူညီဖို့ ရည်ရွယ်တာဆိုတော့ ဆင်းရဲတဲ့သူတွေ မငတ် ဖို့တော့ အရှုံးခံဆက်ရောင်းပေးမှာပါ။ ဈေးတက်ရောင်းဖို့မရှိပါဘူး။ ဒါမဲ့အရင်က သုံးမျိုးတစ်ရာဆို၊ နှစ်မျိုးတစ်ရာလောက် တော့ ဖြစ်သွားမှာပေါ့”လို့ သူက ဆိုပါတယ်။

အလားတူ မန္တလေးမြို့မှာ ကြက်ဥတစ်လုံးကို ငွေကျပ်ငါးဆယ်နဲ့ အရူံးခံပြီး ရောင်းပေးနေတဲ့ မဥမ္မာလည်း မနှင်းယမုံလိုပဲ ဈေးကွက်လာဖျက်တယ်ဆိုပြီး မောင်းထုတ်ခံခဲ့ရတဲ့သူပါ။

အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ မဥမ္မာက“အားလုံးဝယ်စားနိုင်အောင်ဆိုပြီး ဈေးဒေါင့်နားမှာတစ်လုံးငါးဆယ်နဲ့ရောင်းပေးနေတုန်း ဆိုင်ကယ်ဘေးတွဲလေးနဲ့ တစ်ထောင်ဖိုး သုံးလုံး၊ လေးလုံးနဲ့ရောင်းတဲ့သူက သူများနေရာလာရောင်းပြီး လူပါးဝတယ်။ သွား လာမရောင်းနဲ့ဆိုပြီး နှင်ထုတ်လိုက်တာ။ ရှက်လွန်းလို့ မျက်ရည်တောင်ကျတယ်”လို့ ပြောပြပါတယ်။

သူ့ရည်ရွယ်ချက်ကတော့ ဈေးအဆမတန်မြင့်တက်နေလို့ ဝယ်စားဖို့ခက်ခဲနေတဲ့ အခြေခံလူတန်းစားအားလုံး ဝယ်စားနိုင် အောင် စေတနာနဲ့လုပ်တဲ့အပေါ် အခုလိုအပြောခံရတဲ့အပေါ်မှာ စိတ်မကောင်းဖြစ်နေရှာပါတယ်။

“ကပ်ဘေးတွေကြားမှာ လူတွေဒီလောက်ဒုက္ခရောက်နေတာ ဒါကို အခွင့်ကောင်းယူပြီး ဈေးတင်ရောင်းတာမျိုးက မလုပ် သင့်ဘူး။ သူတို့သာတင်မရောင်းရင် ကျမတို့လည်း အခုလိုရောင်းပေးစရာတောင်လိုမှာမဟုတ်ဘူး”လို့ မဥမ္မာက ဂရုဏာ ဒေါသောနဲ့ ဆိုပါတယ်။

မဥမ္မာဟာ အခုလိုကြက်ဥတစ်လုံး ငါးဆယ်နဲ့ရောင်းပေးနိုင်ဖို့ သူက ငွေကျပ်သုံးသိန်းမတည်ပြီး ကျန်တာကို မိတ်ဆွေ၊ သူငယ်ချင်းတွေထံမှ အကြံဉာဏ်နဲ့ ငွေလက်ခံယူကာ ကြက်ခြံတွေအထိ ဆင်းဝယ်ကာ လုပ်ငန်းစလာတာ ဒီသြဂုတ်လ ၂ ရက်ကနေ ယနေ့အထိ တစ်ရက်မပြတ်ရောင်းနိုင်နေပါပြီ။

သူက အရင်လိုဈေးတွေမှာမရောင်းတော့ဘဲ ရပ်ကွက်တခုမှာ ကားရပ်ပြီး တနေ့ကို ကြက်ဥအလုံးပေါင်း တစ်ထောင်ရောင်း ကုန်မှ ပြန်ပါတယ်။ တစ်နေ့ကြက်ဥအလုံးတစ်ထောင်ရောင်းရရင် ပုံမှန်ဆိုငွေကျပ်တစ်သိန်းကျော်ရှုံးမှာဖြစ်ပေမယ့် တခါ တရံမှာ ဒီထက်ပိုဆုံးရှုံးတဲ့နေ့တွေလည်း ရှိနေပြန်ပါတယ်။

အကြောင်းက ကြက်ဥတစ်လုံးငါးဆယ်ကျပ်ကို လူတစ်ယောက်မှာလိုသလောက်ဝယ်ယူနိုင်ပြီး ငွေကိုတော့ ပုံးလေးထဲထည့် ပေးဖို့လုပ်ထားပေမယ့် တချို့က ငွေကိုအပြည့်မထည့်တာ၊ ငွေထည့်သလိုနဲ့ ပြန်နှိုက်ယူတာမျိုးတွေရှိတဲ့အတွက် အတိ အကျပြန်မရတာများပါတယ်။

ဒါ့အပြင် ကြက်ဥတွေကို ဈေးပြိုင်စနစ်နဲ့ အလုအယက်ဝယ်နေကြတဲ့အတွက် မဥမ္မာတို့လို ဈေးသက်သာလိုချင်သူတွေအ နေနဲ့ တိုးဝယ်ဖို့မဖြစ်နိုင်တာကြောင့် မိတ်ဆွေတစ်ယောက်ရဲ့အကူအညီနဲ့ မြို့ပြင်က ကြက်ခြံတွေအထိ ဆင်းကာ သွားဝယ် ကြရပါတယ်။

ဈေးသက်သက်သာသာနဲ့ လိုချင်သလောက်ရပေမယ့် သွားရတဲ့ဓါတ်ဆီဖိုးနဲ့ မြို့ဝင်ဂိတ်တွေမှာ စစ်တပ်ရဲ့ စစ်ဆေးမှုကို တော့ ခက်ခက်ခဲခဲကျော်ဖြတ်ကာ သွားဝယ်နေရတာ ဖြစ်ပါတယ်။

ကြက်ဥတွေသယ်ပြီး ပြန်လာတဲ့တစ်ရက်မှာ မြို့ထဲအဝင်ရောက်တော့ တားဆီးစစ်ဆေးကာ ထောက်ခံချက်မပါလို့ မြို့ထဲ ပေး မဝင်နိုင်ဘူးဆိုတာကြောင့် အချိန်သုံးနာရီကျော်ကြာအောင် နေပူထဲရပ်ကာ ဒဏ်ပေးခံခဲ့ရဖူးတယ်လို့ မဥမ္မာက သူ့အ တွေ့အကြုံကို ပြောပြပါတယ်။

အလားတူ အခက်အခဲမျိုးကို ကျန်းမာရေးပစ္စည်း နှာခေါင်းစည်းရောင်းနေတဲ့ ထားဝယ်မြို့က ဒေါ်သန့်စင်မျိုး တစ်ယောက် လည်း တွေ့ကြုံနေရပါတယ်။ သူက ကိုဗစ်တတိယလှိုင်းဝင်လာတဲ့ မေလလောက်ကစပြီး နှာခေါင်းစည်းဝေတာတွေ စလုပ် ခဲ့ပါတယ်။

အခမဲ့ဝေတာဖြစ်လို့ တချို့လူတွေက တန်ဖိုးမထားဘဲ သွားပေးရင်း လွှင့်ပစ်တာ၊ မလိုဘူး။ ဝယ်နိုင်တယ်ဆိုပြီး ပြောလွှတ် တာမျိုးတွေပါ ကြုံကြရတာကြောင့် နောက်ပိုင်းမပေးတော့ဘဲ ဈေးပေါပေါနဲ့ရောင်းခဲ့တာဖြစ်ပါတယ်။

လက်ရှိထားဝယ်ဒေသဟာ ကိုဗစ်ပိုးတွေ့မှုများလာတဲ့အတွက် သြဂုတ် ၂၀ ရက်စပြီး အိမ်မှာသာနေဖို့(stay at home) အဖြစ် သတ်မှတ်မယ်လို့ ကြေညာထားခံရတဲ့အထိ အခြေအနေဆိုးနေတဲ့ ဒေသဖြစ်ပါတယ်။

တိုင်းကျန်းမာရေးဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရ သြဂုတ်လ ၁၆ ရက်အထိ ပိုးတွေ့လူနာ ရှစ်ထောင်ကျော်ရှိနေပြီး သေဆုံး သူ သုံးရာကျော်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒေါ်သန့်စင်မျိုးက “တချို့တွေက ဆင်းရဲလွန်းလို့ နှာခေါင်းစည်းလေးတစ်ခုတောင် မဝယ်နိုင်ကြဘူး။ အခုရောဂါတွေက အ ရမ်းကူးပြီး သေနေတော့ သူတို့များကူးခံရင် ငွေလည်းမရှိ၊ စားဖို့နေဖို့လည်း မရှိနဲ့ခက်မယ်ဆိုပြီး ဝယ်နိုင်သူလည်း ဝယ်ပေါ့။ မဝယ်နိုင်တဲ့သူတော့ အလကားပေးလိုက်တယ်”လို့ ရှင်းပြပါတယ်။

အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်သန့်စင်မျိုးဟာ မိဘတွေ၊ မောင်နှမတွေနဲ့အတူ ထားဝယ်ဈေးထဲမှာ ကုန်ခြောက်ရောင်းသူ ဖြစ်ပါတယ်။ သူဟာ အခုလိုအရှုံးခံဈေးရောင်းနိုင်ဖို့ မည်သူဆီကမှ အလှူမခံဘဲ သူ့ငွေနဲ့သူ၊ သူတတ်နိုင်တဲ့အင်အားလေးနဲ့ ဆင်းရဲနွမ်းပါးသူတွေကို ကူညီနေတာ ဖြစ်ပါတယ်။

ရန်ကုန်မှာ အခုငါးဆယ်ပါ နှာခေါင်းစည်းတစ်ထုတ်ကို တစ်ထောင့်နှစ်ရာတန်ဟာ ထားဝယ်ဒေသမှာတော့ နှစ်ထောင် ပေါက် ဈေးရှိပါတယ်။ ဒေါ်သန့်စင်မျိုးကတော့ အခုငါးဆယ်ပါတစ်ဗူးကို မူရင်းဈေးအတိုင်း တစ်ထောင့်နှစ်ရာနဲ့ ရောင်း ပေးတဲ့အတွက် လုပ်ငန်းတူတွေက သူ့ကိုဈေးကွက်ဖျက်သူလို့ စွတ်စွဲကြပါတယ်။

ယခင်ကတော့ နှာခေါင်းစည်းတွေကို ဈေးမှာကုန်ခြောက်ပစ္စည်းတွေအတူ ရောင်းပေမယ့် အဲ့လိုစွပ်စွဲမှုတွေရှိလာတဲ့အ တွက် အခုတော့သူ့အိမ်မှာပဲရောင်းချနေပါတယ်။ တချို့လှူချင်သူတွေကလည်း သူနဲ့အတူ ကုန်မှာယူမှုပြုတာကြောင့် သူ့အနေနဲ့ သယ်ယူစရိတ်သက်သာတယ်လို့ ဆိုပါတယ်။

အထုတ်ပေါင်း ငါးဆယ်ပါတဲ့ နှာခေါင်းစည်း တစ်ဖာဟာ ငွေကျပ်ခြောက်သောင်းသာပေးရပေမယ့် မူဆယ်ကနေ ထားဝယ် ကို သယ်ယူစရိတ်က မြင့်မားတာကြောင့် ဒေါ်သန့်စင်မျိုးအနေနဲ့ တစ်ဖာကိုသယ်ယူစရိတ် ငွေကျပ်ငါးသောင်းကျော် အရှုံး ရှိပါတယ်။

ဒါပေမဲ့ သူအခုလိုအရှုံးခံရောင်းပေးနေတာ ဒါနဲ့ဆို လေးခေါက်ရှိပြီဖြစ်တာကြောင့် ငွေကျပ် နှစ်သိန်းကျော်ရူံးထားပါတယ်။

အဲဒီလိုဆုံးရှုံးမှုတွေရှိနေတဲ့ကြားက စစ်တပ်ကနေ ဘဏ်ငွေလွှဲ၊ ငွေထုတ်မကြာခဏလုပ်နေသူတွေ၊ ဘဏ်ထဲမှာ သိန်းရာ ချီ၊ ထောင်ချီရှိနေတဲ့အကောင့်တွေကို လိုက်လံပိတ်သိမ်းတာတွေလုပ်နေတဲ့အတွက် သူအနေနဲ့ ရှေ့ဆက်ပြီး လုပ်မလား၊ ရပ်မလားဆိုတာလည်း ဝေခွဲမရဖြစ်နေပါတယ်။

လက်ရှိမှာတော့ ဆင်းရဲနွမ်းပါးသူတွေကို ကူညီချင်တဲ့စိတ်နဲ့ ငွေကြေးလည်းရှိနေသေးသလို စစ်တပ်ရဲ့ပိတ်သိမ်းမှုတွေက လည်း သူတို့အပေါ်မရောက်လာသေးသရွှေ့ကတော့ အခုလိုအရှုံးခံရောင်းချက်မှုတွေ ဆက်လုပ်သွားမယ်လို့ သူတို့တွေက တညီတညွတ်ထဲ ပြောဆိုနေကြပါတယ်။

ဆိုးဝါးတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ဆင်းရဲကျပ်တည်းနေတဲ့ ပြည်သူတွေများလာတဲ့အတွက် အခုလိုအရှုံးခံဈေး ရောင်းပေးတာတွေကို ပြည်သူတွေသာမက အနုပညာရှင်တွေပါ ပါဝင်ပြီး ဈေးပေါပေါနဲ့ရောင်းပေးတာတွေ၊ လှူတာတွေကို ဆက်တိုက်ဆိုသလို လုပ်ပေးနေပါတယ်။

လက်ရှိအာဏာသိမ်းထားတဲ့စစ်တပ်ကတော့ နွမ်းပါးသူတွေကို မကူညီတဲ့အပြင် လူမူကူညီရေးလုပ်နေသူတွေကို ဖမ်းဆီး အရေးယူနေတာတွေက လူသားချင်းစာနာထောက်ထားမှုကင်းမဲ့ရာ ရောက်နေပါတယ်။

ဒီလိုအခက်အခဲတွေကြောင့် ကူညီပေးမယ့်အလှူရှင်တွေနည်းသွားရပြီး ဒါရဲ့အကျိုးဆက်ကတော့ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူ တွေဟာ အငတ်ငတ် အပြတ်ပြတ်နဲ့ လမ်းဘေးမှာ တိရိစ္ဆာန်နဲ့အတူ လုယူစားသောက်ရတဲ့အထိ ဒုက္ခရောက်ကြရတယ်။

အခုလိုအခက်အခဲတွေကြားကနေ အလှူအတန်းလုပ်နေကြတဲ့သူတွေအနေနဲ့လည်း ခက်ခဲနေတဲ့ပြည်သူတွေကို ကူညီပေး ဖို့ဆိုတာ ကြိုးတန်းပေါ်မှာလမ်းလျှောက်ရသလို အန္တရာယ်များပါတယ်။

ဒါတွေကြောင့်ပဲ မနှင်းယမုံက အခြေခံကုန်ဈေးနှုန်းတွေကို ထိန်းချုပ်ထားတာမလုပ်ဖို့ အခုလိုပဲ မေတ္တာရပ်ခံလိုက်ပါတယ်။

“ အခုလိုခက်ခဲနေတဲ့ကာလမှာ မရှိတဲ့သူတွေကို တတ်နိုင်သလောက်ကူညီတဲ့အနေနဲ့ ဈေးတင်ရောင်းတာ၊ ကုန်ဈေးနှုန်း ထိန်းချုပ်တာတွေက မလုပ်သင့်ပါဘူး။ ဘာလို့ဆို အားလုံးခက်ခဲနေတဲ့အချိန်မှာ အမြတ်မယူဘဲရောင်းပေးတာကိုက ကုသိုလ်လည်းရ ဝမ်းလည်းဝပါတယ်”

Related Articles