Home ဆောင်းပါး အာရက္ခတပ်တော်(AA)က လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအဓမ္မခေါ်ယူနေ

အာရက္ခတပ်တော်(AA)က လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအဓမ္မခေါ်ယူနေ

လူနှစ်ဆယ်ခန့်ဆန့်တဲ့ အခန်းထဲမှာ သက်လတ်ပိုင်းလူငယ်လေးဦးက ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ဆွဲလားရမ်းလားနဲ့ ဖမ်းချုပ်ထားပါတယ်။ အနီးပတ်ဝန်းကျင်မှာ လူငယ်တချို့ အမျိုးသမီးငယ် တချိုနှင့် လူငယ်တွေရဲ့ မိဘတချို့ရှိပေမယ့် ကိုယ့်အပူနဲ့ ကိုယ်တစ်ဦးကိုတစ်ဦး မကယ်နိုင်ကြပါဘူး။

ဖမ်းချုပ်ခံထားရတဲ့ အမျိုးသမီးငယ်က ငိုယိုပြီးတော့အတင်းရုန်းထွက်ဖို့ ကြိုးစားပေမယ့် တစ်ယောက် အားနဲ့ လေးယောက်အား မတွန်းလှန်နိုင်တာကြောင့် မောပန်းပြီးတော့ ခွေကျသွားပါတယ်။

“ကိုယ့်စိတ်မပါဘဲ အတင်းမလုပ်ကြဖို့ပြောတော့ ကျမကို အမျိုးသားတစ်ဦးက ဒေါသတကြီးနဲ့ ကိုင်မြောက်လိုက်တာ သတိလစ်သလိုတောင် ဖြစ်သွားတယ် ကိုယ့်ဘေးမှာလည်း ငိုယိုနေတဲ့ အမျိုးသမီးတချို့လည်း ရှိနေကြတယ်” လို့ ဖြစ်စဉ်ထဲက ပြန်လာခဲ့တဲ့ ဒေါ်ခိုင်နု(အမည်လွှဲ)က ပြောပါတယ်။

ခရစ္စမတ်နေ့ အလွန် ဒီဇင်ဘာ ၂၆ ရက်နေ့က မောင်တောမြို့နယ်အတွင်းက အာရက္ခတပ်တော်(AA) သိမ်းပိုက်ထား တဲ့စခန်းထဲမှာ ကျေးရွာအတွင်းက အမျိုးသား၊ အမျိုးသမီးလူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအဓမ္မခေါ်ယူချိန် တပ်ထဲမဝင်ချင်တဲ့ လူငယ်လူရွယ် အမျိုးသမီးငယ်တွေနဲ့ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေကြား အချေအတင်ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကို ကိုယ်တွေ့ကြုံခဲ့ရတဲ့ ဒေါ်ခိုင်နုက ပြန်ပြောပြတာပါ။

အာရက္ခတပ်တော် (AA) ရဲ့ မြို့သိမ်းတိုက်ပွဲတွေကြောင့် ဟိုပြေးဒီပြေး ပြေးလွှားနေကြရတဲ့ ရခိုင်ပြည်သူတွေဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကို နေ့စဉ်ကြောက်လန့်နေရချိန်မှာ နောက်ထပ် ကြောက်လန့် စရာတစ်ခု ထပ်တိုးလာခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) က နောက်ထပ်သိမ်းပိုက်ဖို့ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် သုံးမြို့ သာကျန်နေတဲ့အချိန် ခဏတာစိတ်အေးချမ်းမှုရဖို့ ပြင်ဆင်နေချိန်မှာပဲ အပူလုံးကြီး တစ်ခုထပ်ရောက်လာတယ်လို့ ဒေါ်ခိုင်နုကဆက်ပြောပါတယ်။

“အစည်းဝေး ခဏလုပ်မှာဆိုပြီး စခန်းကတပ်သားတွေလာခေါ်တယ်။ သားနဲ့သမီးကိုလွှတ်လိုက်ဖို့ပြောတော့ ကျမ တို့လည်း စိတ်မချလို့ လိုက်သွားတာ သူတို့ အစည်းဝေးလုပ်တဲ့ စခန်းထဲကိုရောက်တော့ အကုန်လုံးကို စစ်သင်တန်းတက်ဖို့ ခေါ်တယ် အဲဒီနေ့ ချက်ချင်း သွားရမယ်လို့ ပြောတယ်”လို့ ဆိုပါတယ်။

ကိုယ့်ရဲ့ စိတ်ဆန္ဒမပါဘဲ စစ်သင်တန်းမတက်ချင်ကြောင်း ပြန်ပြောတဲ့အချိန်မှာ လူငယ်တွေ၊ အမျိုးသမီးငယ်တွေ ကို ရာဇဝတ်သားလိုလက်ကိုကြိုးတုပ်ပြီး ခေါ်သွားတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဒေါ်ခိုင်နုက ပြောပါတယ်။

ဒေါ်ခိုင်နုရဲ့ ကျောင်းသားအရွယ် သားတစ်ဦးနှင့် သမီးတစ်ဦးကို အာရက္ခတပ်တော် (AA) မှာ စစ်မှုထမ်းဖို့ အတင်း အဓမ္မဖမ်းဆီး ခေါ်ယူခံခဲ့ရပါတယ်။

မြို့သိမ်းတိုက်ပွဲတွေကြောင့် အသက်ဘေးမှလွတ်မြောက်ဖို့ တစ်ခုတည်းကိုသာ အာရုံစိုက်ပြီး တခြားရှိသမျှပစ္စည်း ဥစ္စာ၊ စည်းစိမ်တွေကို စွန့်လွှတ်ကာ စစ်ဘေးရှောင်နေတဲ့ ဒေါ်ဘုမမှာ အာရက္ခတပ်တော်(AA)က စစ်သင်တန်း တက်ဖို့ လူငယ်တွေကို ခေါ်နေတဲ့အကြောင်းကြားတာကြောင့် ဒီဇင်ဘာလ ၂၆ ရက် နေဝင်စချိန်မှာ သူစစ်ရှောင်နေတဲ့ ရွာကနေ တခြားတစ်နေရာကို သမီးနှစ်ဦးနှင့် အတူစစ်ရှောင်နေစဉ်မှာပဲ စစ်ကြောင်းနဲ့ တိုးပြီးသမီးကြီးဖမ်း ဆီးခံခဲ့ရတယ်လို့ ပြောပါတယ်။

“စစ်ဘေးရှောင်မိသားစုဖြစ်တဲ့အတွက် စစ်သင်တန်းမတက်ရသေးဘူး ထင်ခဲ့တာ။ ဒါပေမယ့် စိတ်မချတာကြောင့် တခြားတစ်နေရာကို သွားချိန်မှာ AAစစ်ကြောင်းနဲ့ ထိပ်တိုက်တွေ့ခဲ့တာပါ။ ရွာထဲကိုလည်း ပြန်ဝင်ခွင့်မပေးဘဲ ကျမသမီးနှစ်ယောက်ကို ခေါ်သွားဖို့ ပြောပါတယ်။ မနည်းတောင်းပန်တော့မှ သမီးငယ်ကိုထားခဲ့ပြီးတော့ သမီးကြီးကို ခေါ်သွားတယ်”လို့ ဒေါ်ဘုမက စီးကျလာတဲ့ မျက်ရည်တွေကို သုတ်ရင်းပြောပါတယ်။

မောင်တောမြို့နယ်အတွင်းက ကျေးရွာအသီးသီးမှာ နေထိုင်နေကြတဲ့ ရွာသားတွေအပါအဝင် စစ်ဘေးရှောင်တွေကိုအာရက္ခတပ်တော်(AA)မှာ စစ်မှုထမ်းဖို့၊ စစ်သင်တန်းတက်ဖို့ နေ့လည်အချိန်တင်မက ညဘက်တွေမှာပင် ဝင်းထဲဝင်ရောက်ပြီးတော့ ဖမ်းဆီးခေါ်ယူနေတယ်လို့ ရွာခံတွေက ပြောပါတယ်။

“ကျေးရွာကော်မတီ ဥက္ကဌတောင် မလွတ်ဘူး စစ်မှုထမ်းသင်တန်းပါတယ်။ သူတို့ရဲ့ မူဝါဒတွေကိုလည်း ပြည်သူတွေတိတိကျကျ ဘာမှမသိပါဘူး။ တကယ်စိတ်ပါတဲ့ လူငယ်၊ လူရွယ်အမျိုးသမီးငယ်တွေကိုခေါ်ပါလား။ အခုက ကျောင်းမပြီးသေးတဲ့ ကလေးတွေကိုလည်း ဖမ်းပြီး စစ်သင်တန်းတက်ခိုင်းနေတယ်”လို့ ကျေးရွာလူကြီးတစ်ဦးက ပြောပါတယ်။

အခုလို အတင်းအဓမ္မစစ်သင်တန်းတက်ခိုင်းနေတာဟာ စစ်ကောင်စီက ကျင့်သုံးတဲ့နည်းလမ်းဖြစ်နေပြီး အရပ်သားပြည်သူတွေအတွက် အဆင်မပြေဘူးလို့ ဆိုကြပါတယ်။

စစ်သင်တန်းတက်ဖို့ ခေါ်ယူချိန်မှာလည်း အမျိုးသမီးငယ်တွေကို လေးစားမှုမရှိ ဆွဲလားရမ်းလား အတင်းအဓမ္မ ခေါ်ယူတာဟာ အာရက္ခတပ်တော် (AA) ကကျင့်သုံးနေတဲ့ နိုင်ငံတကာဥပဒေတွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ဥပဒေ ကျွမ်းကျင်သူတွေကသုံးသပ်ပြောပါတယ်။

အရပ်သားတွေ၊ အမျိုးသမီးတွေကို အတင်းအဓမ္မစစ်သင်တန်းတက်ဖို့ ခေါ်ယူတာဟာ အာရက္ခတပ်တော် (AA) က ကျင့်သုံးနေတဲ့ ဂျီနီဗာကွန်ဗင်းရှင်း၊ ရောမအခြေခံသဘောတရား (ICC) ၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO)၊ အရပ်သားနှင့် နိုင်ငံသားအခွင့်အရေးများဆိုင်ရာ နိုင်ငံတကာကွန်ဗင်းရှင်း (ICCPR) တွေနဲ့ ကိုက်ညီမှုမရှိဖြစ်နေပါတယ်။

စတုတ္ထဂျီနီဗာစာချုပ် (၁၉၄၉) ပုဒ်မ ၅၁ မှာ အရပ်သားများကို စစ်ဆင်ရေးနှင့် ပတ်သက်သောအလုပ်များ၊ အထူးသဖြင့် စစ်ဘက်ဆိုင်ရာ တိုက်ခိုက်မှုများတွင် ပါဝင်စေခြင်းကိုတားမြစ်ထားတယ်လို့ ပြဌာန်းထားပါတယ်။

ရောမအခြေခံသဘောတရားရဲ့ ပုဒ်မ ၈(၂) (ခ) တွင် စစ်ချိန်အတွင်း အရပ်သားများကို အတင်းအဓမ္မ စစ်မှုထမ်းစေခြင်းသည် စစ်ရာဇာဝတ်မှုအဖြစ် သတ်မှတ်တယ်လို့ ပြဌာန်းထားပါတယ်။

အရပ်သားနှင့်နိုင်ငံသားအခွင့်အရေးများဆိုင်ရာ နိုင်ငံတကာကွန်ဗင်းရှင်းရဲ့ ပုဒ်မ ၈ (၃) မှာအတင်းအဓမ္မအလုပ် များကိုတားမြစ်ထားပြီး ယင်းအား စစ်ဘက်ဆိုင်ရာ တိုက်ခိုက်မှုများတွင် အသုံးချခြင်းသည် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တယ်လို့ ပြဌာန်းထားပါတယ်။

အခုလို အရပ်သားတွေအတွက် အကာအကွယ်တွေကို နိုင်ငံတကာဥပဒေတွေကကာကွယ်ပေးထားပေမယ့် ဒေါ် ခိုင်နုတို့ ဒေါ်ဘုမတို့လို မိဘတွေအတွက် အကာအကွယ်မရသလို အတင်းအဓမ္မစစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရတဲ့ လူငယ်၊ လူရွယ်တွေနဲ့ အမျိုးသမီးငယ်တွေ အတွက်လည်း ကောက်ရိုးတမျှင်လောက်တောင် အကာကွယ် မဖြစ်ဘူးလို့ ပြောကြပါတယ်။

စစ်ကောင်စီရဲ့ စနစ်ဆိုးကို မကြိုက်လို့ အာရက္ခတပ်တော်(AA) ရဲ့ စနစ်ကိုကြိုဆိုခဲ့တဲ့ ရခိုင်ပြည်သူတွေကတော့ လက်ရှိအချိန်မှာ ဘယ်သူ့လက်ကို ဖက်နမ်းရမှန်း မသိဖြစ်နေတယ်လို့ ဆိုပါတယ်။

ကိုယ့်အလုပ်ကိုယ် အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်ပြီး ပုံမှန်ဘဝကို ဖြတ်သန်းနေတဲ့ အသက် ၈၀ ကျော် အရွယ် ဒေါ်ညိုကတော့ သူဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံနှင့် ပတ်သက်လို့ အခုလိုပြောပါတယ်။

“ဘယ်အဖွဲ့ပဲဖြစ်ဖြစ် လက်နက်ကိုင်ထားတဲ့သူတွေဆိုရင် အဘွားတို့ ကြောက်နေရတာပဲ”

Author:

Related Articles