Home ဆောင်းပါး “တော်လှန်ရေးစာစောင်နောက်ကွယ်က ပဲ့ကိုင်ရှင်တွေ”

“တော်လှန်ရေးစာစောင်နောက်ကွယ်က ပဲ့ကိုင်ရှင်တွေ”

Honest Information (HI)။ ။

ရောင်းသူ၊ ဝယ်သူ၊ ကုန်ပစ္စည်းသယ်ပိုးသူတွေနဲ့ စည်ကားသက်ဝင်နေတဲ့ ရန်ကုန်မြို့ထဲက ဈေးတခုထဲကို မမြငယ်တယောက် ခပ်သုတ်သုတ်လျှောက်ပြီးဝင်သွားခဲ့ပါတယ်။

အသက် ၂၀ အရွယ် မမြငယ်ဟာ ဆိုင်တစ်ဆိုင်အရှေ့အရောက်မှာတော့ လက်ထဲမှာပါလာတဲ့ စာရွက်အလိပ်လေးကို ဈေးဆိုင်ပေါ်ပစ်တင်ပြီး လူအုပ်အကြားတိုးဝင်ကာ ပြေးထွက်သွားပါတော့တယ်။

ဈေးဆိုင်ခန်းတွေဆီ သူမပစ်တင်သွားတဲ့စာရွက်လိပ်ကလေးကတော့ တခြားတော့မဟုတ်ပါဘူး။ ၁၉၈၈ အရေးတော်ပုံနဲ့ ပတ်သက်ပြီး ကျောင်းသားလူငယ်တွေ ရေးသားထုတ်ဝေထားတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ကဗျာ၊ ဆောင်းပါးနဲ့ လက်တလော နိုင်ငံရေး အခြေအနေတွေ အကြောင်းပါဝင်တဲ့ စာစောင်တစ်ခုပါပဲ။

“အစပိုင်းမှာတော့ ဆန္ဒပြပွဲတွေရှိတော့ စစ်ကြောင်းတွေချီတက်လာရင် စစ်ကြောင်းတွေကိုဝေတယ်၊ နောက်ပိုင်း လိုက်ဝေလို့မရတဲ့အချိန်ကျတော့ ဈေးတွေကိုသွားပြီး လိပ်ပြီးဈေးဆိုင်တွေကိုပစ်တင်ပေးပြီး ချက်ချင်းပြေးရတယ်၊ အရမ်းအကြာကြီးအများကြီးလုပ်လို့မရဘူး”လို့ အခုအသက် ၅၀ ကျော်ရှိပြီဖြစ်တဲ့ ဒေါ်မြငယ်(အမည်လွဲ)က ၁၉၈၈ ကာလ သူအသက် ၂၀ ကျော်အရွယ်က စွန့်စားခန်းအကြောင်းကိုရှင်းပြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်အချိန်၊ ၁၉၈၈ တုန်းက အင်တာနက်ဆိုတာမပေါ်သေးတော့ယနေ့ခေတ်လို Facebook, Telegram , Viber တွေလည်းမရှိသေးချိန်မှာ တယောက်နဲ့တယောက် လွယ်လွယ်ကူကူ ဆက်သွယ်ခွင့်လည်း မရခဲ့ကြပါဘူး။ ဒါ့အပြင် ၁၉၈၈ အာဏာသိမ်းခဲ့ပြီးတဲ့နောက်မှာလည်း လွတ်လပ်တဲ့သတင်းမီဒီယာတွေ နှိပ်ကွပ်ခံခဲ့ရတာကြောင့် လူထုကြားထဲ တော်လှန်ရေးသတင်းစကားရောက်ဖို့အတွက်က မမြငယ်လုပ်သလို တော်လှန်ရေးစာစောင်တွေ လိုက်လံဖြန့်ချီတာတွေက အထိရောက်ဆုံးဖြစ်ခဲ့ပါတယ်။

တော်လှန်ရေးစာစောင်တွေဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့သတင်းစကားတွေကို လူထုကြားထဲရောက်အောင် သယ်ဆောင်ပေးခဲ့တဲ့ ပေါင်းကူးတံတားတစ်ခုဖြစ်ခဲ့သလို တော်လှန်ရေးသင်္ကေတတစ်ခုလည်းဖြစ်ခဲ့ပါတယ်။

တော်လှန်ရေးစာစောင်တွေရဲ့ ထိရောက်မှုကို သတိထားမိလာတဲ့ စစ်အစိုးရဟာ စာစောင်တွေထွက်မလာနိုင်အောင် ပုံနှိပ်ပေးတဲ့ပုံနှိပ်စက်တွေကိုချိတ်ပိတ်တာ၊ ပိုင်ရှင်တွေကိုဖမ်းဆီးတာအပါအဝင်ပြင်းပြင်းထန်ထန်နှိပ်ကွပ်မှုတွေ လုပ်ခဲ့တဲ့နောက် ၁၉၈၈ မှာအစပျိုးခဲ့တဲ့တော်လှန်ရေးစာစောင်တွေဟာတဖြေးဖြေးနဲ့မှေးမှိန်ပျောက်ကွယ်ခဲ့ရပါတယ်။

၂၀၂၁ အရောက်မှာတော့ တော်လှန်ရေးစာစောင်တွေဟာ ဆယ်စုနှစ် သုံးခုနီးပါးပျောက်ကွယ်နေရာကနေ လူထုကြားထဲကို နောက်တကြိမ်ပြန်ရောက်လာခဲ့ပြန်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကိုဖျက်ဆီးပြီး စစ်တပ်ကအာဏာသိမ်းခဲ့သလိုဘဲ ၂၀၂၀ ရွေးကောက်ပွဲရလာဒ်ကို ဆန့်ကျင်ပြီး အာဏာသိမ်းခဲ့ချိန်မှာ စစ်ကောင်စီဟာ သတင်းမီဒီယာတွေကိုထုတ်ဝေခွင့်ပိတ်သိမ်းတာ၊ အင်တာနက်ဖြတ်တောက်တာတွေကြောင့် လူထုကြားထဲသတင်းမှန်ရောက်ဖို့အတွက် တော်လှန်ရေးစာစောင်တွေ အသီးသီးပေါ်ပေါက်လာပါတော့တယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကစတဲ့ စစ်အာဏာသိမ်းမှု (၅)လတာအတွင်း လူငယ်တွေ စုစည်းထုတ်ဝေတဲ့ တော်လှန်ရေးစာစောင် (၁၀)စောင်ထက်မနည်းထွက်ရှိပြီးဖြစ်ပါတယ်။ အဲ့ဒီတော်လှန်ရေးစာစောင်တွေ ထုတ်ဝေဖြန့်ချိသူတွေထဲမှာ အမျိုးသမီးငယ်တချို့လည်းဦးဆောင်လုပ်ကိုင်နေကြပါတယ်။

ကျောင်းသားသမဂ္ဂဟောင်းတစ်ဦးဖြစ်တဲ့ မငြိမ်းချမ်း(အမည်လွဲ)က တော်လှန်ရေးစာစောင်တစ်ခုမှာ ပါဝင်လုပ်ကိုင်နေပါတယ်။ မငြိမ်းချမ်းဟာ စာစောင်အတွက်စာမူစုတာအပြင် ဒီဇိုင်းပိုင်းကိုပါစီစဉ်ရပြီး အပတ်စဉ်စာစောင်ထွက်နိုင်အောင် ကြိုးစားအားထုတ်ရပါတယ်။

စာရေးဆရာ၊ ကဗျာဆရာတွေနဲ့ဆက်သွယ်ပြီး စာမူတောင်းတာ၊ စာစောင်နဲ့သင့်တော်တဲ့ ဆောင်းပါးတွေ သတင်းတွေကို အံဝင်ဂွင်ကျဖြစ်အောင် စီစဉ်ရပါတယ်။

တက္ကသိုလ်တတ်စဉ်က ကျောင်းတွင်းစာစဉ်တွေကိုသာ စီစဉ်ခဲ့ဖူးပြီး သတင်းလုပ်ငန်းနဲ့ပတ်သက်တဲ့ အတွေ့အကြုံ အများကြီးမရှိတဲ့အတွက် စာစောင်စလုပ်ခဲ့စဉ်မှာတော့ အခက်အခဲတွေရှိတယ်လို့ သူမကဆိုပါတယ်။

“စစလုပ်တုန်းကသတင်းတွေပြန့်ကျဲနေတာရှိတယ်။ဒီဇိုင်းကျတော့လည်း ဒီဇိုင်းကိုစာစဉ်နဲ့လိုက်ဖက်တဲ့ ဒီဇိုင်းရယ်ဆိုပြီး စဉ်းစားမိတာမရှိဘူး။ ကိုယ့်စာစဉ်ကို ပြည်သူထဲရောက်သွားရင်ပြီးရောဆိုပြီးတွေးခဲ့တာ။ စာစဉ်လုပ်တဲ့ဒီဇိုင်းတွေ အင်တာနက်ပေါ်တင်မယ့်ဒီဇိုင်းတွေဒီလိုမျိုးတွေကွာတယ်ဆိုတော့ အဲ့လိုအခက်အခဲလေးတွေရှိတယ်” လို့ မငြိမ်းချမ်းက ဖွင့်ဟပါတယ်။

မငြိမ်းချမ်းလုပ်ကိုင်နေတဲ့ စာစောင်မှာ ကဗျာ၊ဆောင်းပါး၊သတင်းစတဲ့ကဏ္ဍတွေပါဝင်ပါတယ်။

စာစောင်အတွက် ပြင်ပကပို့လာတဲ့စာမူတွေလည်း ထည့်သွင်းဖော်ပြလေ့ရှိပြီး ပြည်သူလူထုရေးသားတဲ့စာမူတွေအပြင် CDM စစ်သားတွေ၊ တောထဲက တော်လှန်ရေးရဲဘော်တွေရဲ့ စာမူမျိုးတွေလက်ခံရရှိလေ့ရှိတယ်လို့ မငြိမ်းချမ်းက ပြောပါတယ်။

“နောက်နေ့စာစဉ်ထုတ်တော့မယ်။ ဒီနေမှာစာမူမပြည့်တဲ့အခက်အခဲတော့ကြုံရတယ်။ စာမူမရှိတဲ့အပတ်တွေဆိုရင် သူငယ်ချင်းတွေ၊ အသိကဗျာဆရာတွေကို တောင်းရတာပေါ့”လို့မငြိမ်းချမ်းက သူ့အခက်အခဲကိုဖွင့်ဟပါတယ်။

စာစောင်ထုတ်ဝေဖို့အတွက် နောက်ထပ်အခက်အခဲကတော့ လိုအပ်တဲ့ပစ္စည်းကိရိယာတွေနဲ့ ငွေကြေးပဲဖြစ်ပါတယ်။

တော်လှန်ရေးစာစောင်တွေဖြစ်တဲ့အတွက် နီးစပ်ရာမိတ္တူဆိုင်တွေမှာ အလွယ်တကူ မိတ္တူကူးလို့မရနိုင်ပါဘူး။ ကျောင်းသားတွေဦးဆောင်တာဖြစ်တဲ့အတွက် ငွေကြေးအမြောက်အမြားမတတ်နိုင်တာကြောင့် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေရဖို့ ကူညီပေးမယ့်သူတွေကို ရှာဖွေရတာလည်းရှိပါတယ်။

စစ်ကောင်စီရဲ့ဖမ်းဆီးမှုတွေကြားမှာ တော်လှန်ရေးစာစောင်ထုတ်ဝေရတာ လွယ်ကူတဲ့အလုပ်မဟုတ်ဘဲ အချိန်မရွေး ဖမ်းဆီးခံရနိုင်တဲ့ အခြေအနေနဲ့လုပ်ကိုင်နေကြရတာပါ။

ထုတ်ဝေစဉ်ကြုံတွေ့ရတဲ့အခက်အခဲအပြင် ပြည်သူလူထုကြားရောက်အောင် ဖြန့်ချိတဲ့အပိုင်းကတော့ ပိုပြီးကျပ်တည်းပါတယ်။ စာစောင်ထုတ်ဝေရင်းဖမ်းဆီးခံရတဲ့လူငယ်တွေရှိသလို မြေပြန်မှာဖြန့်ဝေရင်းဖမ်းဆီးခံရတဲ့ လူငယ်တွေလည်းရှိတယ်လို့ မငြိမ်းချမ်းကပြောပါတယ်။

သပိတ်စစ်ကြောင်းတွေအားကောင်းစဉ် ကာလတုန်းက စာစောင်ဝေတဲ့အခါ ပြည်သူတွေက စိတ်ဝင်တစားယူခဲ့ကြပြီး အဲ့ဒီနောက်ပိုင်း ပြောက်ကျားဆန္ဒပြပွဲတွေမှာ ဝေတဲ့အချိန်မှာတော့ စာစောင်မယူရဲကြတော့တဲ့ အခြေအနေတွေရှိပါတယ်။

“တော်လှန်ရေးတိုင်းမှာလူထုက အမြဲတာဝန်ကျေတယ်။ ကျရာတာဝန်ကိုအမြဲလုပ်ပေးကြတယ်။ သံပုံးတီးဆိုလည်းတီး၊ စာစောင်ဖတ်ဆိုလည်းဖတ် တာဝန်ကျေနိုင်သလောက်ကျေနေပေမယ့် သေနတ်မိုးထားပြီး အသက်တွေဖြုတ်ခနဲ ဖြစ်သွားနိုင်တဲ့ အခြေအနေမျိုးမှာ စာစောင်တွေ မယူသွားနိုင်တာကို နားလည်ပေးရမယ်လို့ထင်တယ်” လို့ မငြိမ်းချမ်းက ဆိုပါတယ်။

စာစောင်ဝေရင်း ဖမ်းဆီးခံရလုနီးပါးအခြေအနေနဲ့ရင်ဆိုင်ခဲ့ရဖူးသူကတော့ မနိုနို(အမည်လွဲ)ဖြစ်ပါတယ်။

“စာစဉ်ဝေနေတဲ့အချိန်မှာအာရုံအထားလိုက်မိတဲ့ အတွက် အနားနားထိရောက်လာလို့ ထွက်ပြေးရတာမျိုးတော့ ရှိခဲ့ဖူးတယ်”လို့ မနိုနိုက သူ့အတွေ့အကြုံကိုပြောပါတယ်။

မနိုနိုဟာ မငြိမ်းချမ်းလုပ်ကိုင်တဲ့တော်လှန်ရေးစာစောင်မှာ သတင်းစုစည်းပေးတဲ့တာဝန်ကို လုပ်ကိုင်ပေးနေတဲ့ အမျိုးသမီးငယ်တစ်ဦးဖြစ်ပါတယ်။

ဖမ်းဆီးခံရနိုင်တဲ့ အခြေအနေတွေရှိနေပေမယ့်လည်း မနိုနိုဟာ စာစောင်အတွက် ကျရာနေရာကပါဝင်နေတုန်းပါပဲ။

“စိုးရိမ်မှုကတော့ရှိတယ်။ ဒါပေမယ့်လုပ်ရမယ်လို့ခံယူထားတယ် ဒီကာလအတွင်းမှာ ညီမ လုပ်နိုင်တာဖြစ်တဲ့အတွက် လုပ်နိုင်သရွှေ့တော့လုပ်နေဦးမှာပဲ”လို့ မနိုနိုကသူ့ခံယူချက်ကိုပြောပါတယ်။

ယခုနွေဦးတော်လှန်ရေးကာလ တော်လှန်ရေးစာစောင်ထုတ်ဝေရာမှာ အမျိုးသမီးငယ်တွေဟာ တထောင့်တနေရာက ပါဝင်သလို လွန်ခဲ့တဲ့နှစ်(၃၀) ရှစ်လေးလုံးအရေးတော်ပုံကာလမှာလည်း စာစောင်ထုတ်ဝေရာမှာ အမျိုးသမီးတွေ ပါဝင်ခဲ့ကြပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံကာလမှာ တော်လှန်ရေးစာစောင်ထုတ်ဝေရာမှာ ပါဝင်ခဲ့သူတစ်ဦးကတော့ ဒေါ်မြနွယ်ပဲဖြစ်ပါတယ်။ ဒေါ်မြနွယ်ဟာ တော်လှန်ရေးစာစောင်အတွက် စာမူစုတာ၊ စာမူကြမ်းဖတ်တာ၊ အယ်ဒီတာပိုင်းကိုတာဝန်ယူတာအပြင် စက္ကူအလှူခံတဲ့အပိုင်းကိုလည်း ဆောင်ရွက်ပါတယ်။

အဲ့ဒီကာလတုန်းက ယခုခေတ်လိုကွန်ပျူတာနဲ့ အလွယ်တကူ ထုတ်ဝေရတာမဟုတ်ဘဲ တော်လှန်ရေးစာစောင်တွေကို လက်ရေးနဲ့ရေးကာခက်ခက်ခဲခဲထုတ်ဝေကြရတာဖြစ်ပါတယ်။ အင်တာနက်မရှိတဲ့ အပြင်မီဒီယာအားနည်းခဲ့တဲ့ကာလလည်းဖြစ်ပါတယ်။

“အဲ့ခေတ်ကလူတွေကစာဖတ်ကြတယ်၊ အဲ့စာစောင်လေးတွေရောက်သွားရင်တော့ဖတ်ကြတယ်။ ဖတ်ကြရင်တော့တခုခုတော့ရသွားတာပေါ့၊ အနည်းဆုံးတော့ကျောင်းသားတွေအပစ်ခံရတဲ့အကြောင်းကို ကဗျာရေးထားရင်အဲ့ကဗျာကိုဖတ်ပြီးသွားရင် ကျောင်းသားတွေအပစ်ခံခဲ့ရပါလားဆိုတဲ့ အသိတော့ရသွားတယ်”လို့ ဒေါ်မြငယ်ကဆိုပါတယ်။

လက်ရေးနဲ့ရေးပြီး စာစောင်ထုတ်တဲ့ ၈၈ မျိုးဆက်နဲ့ ကွန်ပျူတာသုံးပြီး စာစောင်ထုတ်ရတဲ့ ၂၁ မျိုးဆက်၊ မျိုးဆက် နှစ်ခုအကြားမှာ နည်းပညာကိုအသုံးချပုံခြင်းသာကွာခဲ့ပေမယ့် လူထုထံတော်လှန်ရေးစာစောင် အရောက်ပို့ဖို့ ကြိုးစားကြပုံခြင်းကတော့ အတူတူပဲဖြစ်ပါတယ်။

မျိုးဆက်နှစ်ခုကြား နောက်ထပ်တူညီမှုတခုကတော့ စာစောင်တွေ လူထုထံဖြန့်ချီရာမှာ ကြုံရတဲ့ အခက်အခဲဖြစ်ပါတယ်။ ၁၉၈၈ တုန်းကပြည်သူလူထုထံဖြန့်ချီတဲ့ အခါကြုံတွေ့ရတဲ့အခက်အခဲကတော့ ယခုခေတ်နည်းတူပါပဲ။

“စာစောင်တွေကိုလိုက်ဝေရင်းအဖမ်းခံကြရတယ်။ ကိုယ်တိုင်လည်းပြေးခဲ့ရတယ်။”လို့ဒေါ်မြငယ်က သူ့အတွေ့အကြုံကိုပြောပါတယ်။

တော်လှန်ရေးစာစောင်ထုတ်ဝေတဲ့လုပ်ငန်းမှာပါဝင်ခဲ့တဲ့အတွက် စစ်တပ်ကအိမ်ကို ဝင်ရောက်ရှာဖွေတာမျိုးတွေ ကြုံခဲ့ရဖူးပါတယ်။

ဒီလိုအခက်အခဲတွေနဲ့ရင်ဆိုင်နေရပေမယ့်လည်း စာစောင်ထုတ်ဝေမှု စစ်အာဏာရှင်ကိုဆန့်ကျင်နေမှုကတော့ အနည်းငယ်မျှမလျော့သွားခဲ့ပါဘူး။

“ပြည်သူတွေအားလုံးစစ်အာဏာရှင်ကိုမလိုချင်တော့ဘူးဆိုတဲ့ အနေအထားမျိုးဖြစ်လာအောင် ဘာလုပ်နိုင်လဲလို့ တွေးတဲ့အခါကျတော့ ပြည်သူလူထုကိုအသိပညာပေးတဲ့နေရာမျိုး ပြည်သူလူထုကို စည်းရုံးလှုံ့ဆော်တဲ့နေရာမျိုးမှာ လုပ်နိုင်တာ သေချာတဲ့အတွက် အဲ့လုပ်ငန်းတွေကို ဖမ်းခံရနိုင်တယ်ဆိုတာ သိရဲ့သားနဲ့ဆက်လုပ်တယ်။ စစ်အာဏာရှင် လက်အောက်မှာ မနေချင်ဘူး။ အဲ့အတွက်ပြည်သူလူထုကို တတ်နိုင်တဲ့ဘက်က စည်းရုံးလှုံ့ဆော်တဲ့ သဘောပဲ” လို့ ဒေါ်မြငယ်က ဆိုပါတယ်။

တော်လှန်ရေးစာစောင်တွေဟာ တော်လှန်ရေးအတွက်အထောက်အကူပြုရုံမက စစ်အာဏာရှင်အတွက်တော့ ဆေးခါးကြီးသဖွယ်ဖြစ်နေပါတော့တယ်။

တော်လှန်ရေးစာစဉ်တွေစတင်ပေါ်ပေါက်လာပြီးနောက် လူသိများတဲ့ မိုလိုတော့ဗ်စာစဉ်ကို တရားဝင်ထုတ်ဝေခွင့်ပြုထားတဲ့ စာစောင်မဟုတ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ခြင်းနဲ့ ထောက်ပံ့ကူညီတာတွေပြုလုပ်ပါက အရေးယူမယ်လို့ စစ်ကောင်စီဘက်ကကြေငြာထားပါသေးတယ်။

အခက်အခဲတွေ၊ ဖမ်းဆီးမှုတွေရှိနေပေမယ့် လူထုထံတော်လှန်ရေးသတင်းစကားရောက်ဖို့အတွက် တော်လှန်ရေးစာစောင်တွေ ဆက်ထုတ်နေဖို့ မငြိမ်းချမ်းကဆုံးဖြတ်ထားပါတယ်။

“သုံးယောက်ကျန်လည်း သုံးယောက်နဲ့လုပ်မှာပေါ့ရသလောက်ပေါ့၊ တော်လှန်ရေးပြီးတဲ့အထိ လုပ်နိုင်သလောက် အထိလုပ်မယ်လို့တော့စဉ်းစားထားကြတယ်။ တော်လှန်ရေးသတင်းစကားတွေက လူထုကြားထဲမှာ ပြန့်နေဖို့ လိုအပ်တယ်”လို့ သူမကဆိုပါတယ်။

Related Articles