Home ဆောင်းပါး ကျမတို့ရဲ့ဘဝလုံခြုံမှုက ဘယ်မှာလဲ၊ အိမ်တွေကို ဘယ်လိုပြန်တည်ဆောက်ရမလဲ

ကျမတို့ရဲ့ဘဝလုံခြုံမှုက ဘယ်မှာလဲ၊ အိမ်တွေကို ဘယ်လိုပြန်တည်ဆောက်ရမလဲ

နန်းဆိုင်နွမ်။ ။

“ အိမ်” ဆိုတာ နွေးထွေးလုံခြုံမှုတွေ အေးချမ်းပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေတဲ့ နေရာလို့ လူသားတိုင်းက ခံယူကြပါတယ်။

ဒါ့ပေမယ့် ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်မှာရှိတဲ့ ပြည်သူတွေဟာ နွေးထွေးမှု လုံခြုံမှု အပြည့်ရှိတဲ့ သူတို့ရဲ့ အိမ်တွေ ထဲကနေ စွန့်ခွာထွက်ပြေးခဲ့ရပါပြီ။

မီးလောင်ပျက်စီးခဲ့တဲ့ အိမ်ခြေ ၁၂၀ ဟာ နမ္မတူမြို့နယ် မန်လီကျေးရွာ၊ ပန်လုံကျေးရွာ၊ မန်ကျန်းကျေးရွာ၊ မန်ဆာကျေးရွာ နဲ့ ရေအိုးကျေးရွာက နေအိမ်တွေဖြစ်ပါတယ်။

၂၀၂၁ ခုနစ် မတ် ၂၈ရက်မှ မေ ၅ရက် အထိ ဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲကြောင့် မီးလောင်သွားတဲ့ အိမ်ခြေ ၁၂၀ အိမ်ရှိခဲ့ပြီး အိုးမဲ့အိမ်မဲ့ ၆၃၈ ဦးရှိကာ ထိုထဲမှာတော့ အမျိုးသမီးနဲ့ ကလေးတွေအတွက် ပိုပြီးတွေးပူစရာဖြစ်လာပါတယ်။

“ ကျမတို့ရဲ့ ဘဝလုံခြုံမှုကဘယ်မှာလဲ။ ကျမတို့ စုဆောင်းတည်ဆောက်တဲ့အိမ်လည်း မီးလောင်သွားပြီ။ ဘယ်လို ပြန်တည်ဆောက်ရမလဲ” ဆိုပြီး ရိူက်သံနဲ့ဒေါ်မြသီတာ ကပြောလာပါတယ်။

ဒေါ်မြသီတာဟာ နမ္မတူမြို့နယ် ချောင်းဆာကျေးရွာအုပ်စု မန်လီကျေးရွာတွင်နေထိုင်တဲ့အမျိုးသမီးဖြစ်ပါတယ်။

မန်လီကျေးရွာဒေသခံတွေဟာ ဧပြီ ၂၆ရက် ကတည်းက မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဖြစ်တဲ့ (SSPP/SSA) နဲ့ (TNLA) ပူးပေါင်းနဲ့ RCSS/SSAတို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် သီပေါမြို့ပေါ်သို့ ရှောင်တိမ်း နေထိုင်ခဲ့ရာ မေ ၂ ရက်ညမှာ အိမ်ခြေ ၄၀ ကျော် မီးရှို့ခံခဲ့ရပါတယ်။

“ ရွာရဲ့အိမ်တွေ မြင်တော့ ကျမအော်ငိုမိတယ်။ ရင်တွေ နာကျင်နေတုန်းပဲ။ စဉ်းစားတွေးမိတိုင်း စိတ်မကောင်းဘူး” လို့ဒေါ်မြသီတာက ငိုပြီး ပြောပါတယ်။

သူမတို့ အိမ်ဟာ အခိုင်အမာဖြင့် တည်ဆောက်ထားတဲ့တိုက်အိမ်၊ မိုးရွာမရှောင် နွေပူမရှောင် လယ်ယာလုပ်ကိုင်ပြီး စုဆောင်းထားပြီး တည်ဆောက်ထားတာဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ မရှိမဲ့၊ ရှိမဲ့ဖြင့် တောင်ယာတွေ လုပ်ကိုင်ပြီး ခိုင်ခိုင်မာမာတည်ဆောက်ထားတဲ့ နွေးထွေးလုံခြုံတဲ့ အိမ်တွေ မီးလောင်ပြာကျသွားတဲ့အတွက် မန်လီကျေးရွာပြည်သူတွေ ငိုကြွေးပူဆွေးနေရတဲ့ အခြေအနေဖြစ်နေပါတယ်။

“ အိမ်ဆိုတာက ကျမတို့ အမျိုးသမီးတွေ အတွက်လုံခြုံတဲ့နေရာတခု၊ ဘယ်သူမဆို ကိုယ့်အိမ်ကို လှအောင်ပြင်ဆင်ကြ၊ တည်ဆောက်ကြမှာပဲလေ။ ခုကျမတို့ မိသားစုရဲ့ အိမ်မရှိတော့ဘူး။ ကျမတို့ ဘဝ မလုံခြုံသလိုခံစားရတယ်” ဟု အသက် ၂၂ နှစ် အရွယ်သာရှိသေးတဲ့ နန်းမိုခေါင် က စိတ်မကောင်းစွာနဲ့ ရင်ဖွင့်လာပါတယ်။

အိမ်တလုံးလုံးပြာကျတဲ့အထိ ဖြစ်သွားတဲ့သတင်းကို ကြားလိုက်ရတဲ့ သူရဲ့မိခင်ဟာ အစားမစားနိုင်တော့ဘဲ အိပ်ယာထဲ ဘုန်းဘုန်းလဲကျသွားရတဲ့အဆင့်ထိ ရောက်ခဲ့ရတယ်လို့ နန်းမိုခေါင် က ပြောပြပါတယ်။

“ မီးလောင်တဲ့သတင်း ကြားကတည်းက အမေအစားမစားဘူး။ အိပ်ယာထဲလှဲနေတာ။ အခုတောင် အစားမဝင်ဝင်အောင် ကျွေးနေရတယ်။ အားပေးနေရတယ်” လို့နန်းမိုခေါင်က ဆိုပါတယ်။

မီးလောင်ပြာကျသွားတဲ့အိမ်ပိုင်ရှင်တွေထဲ ပါဝင်တဲ့ အသက် ၃၅နှစ်အရွယ် အမျိုးသမီးက “ ကျမတို့ အမျိုးသမီးတွေက ပိုခံစားရတယ်။ အမျိုးသမီး တစ်ယောက်အနေနဲ့ ကိုယ့်ဘဝကို မလုံခြုံဘူး ခံစားရတယ်” ငိုပြီးပြောပြပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ စစ်အာဏာသိမ်းမှုကြောင့် စိတ်သောက ရောက်နေကြသလို တဖက်မှာလည်း ကိုဗစ်-၁၉ ကူးစက် ရောဂါကြောင့် စီးပွားရေး လုပ်ကိုင်စားသောက်မှု ခက်ခဲနေချိန် ယခုလို ဖြစ်တဲ့အတွက် ပြောပြစရာစကားတောင်မရှိ လောက်အောင် စွံ့အနေရတဲ့အဆင့်ဖြစ်နေကြောင်းလည်း နန်းမိုခေါင်က ပြောပါတယ်။

စီးပွားရေးရှာရခက်ချိန်၊ တောင်ယာလုပ်ငန်းလုပ်ကြပေမယ့် စိုက်ပျိုးသီးနှံဈေးကွက်မရှိတဲ့အချိန်မှာ အိမ်တစ်လုံး ပြန် ဆောက်ဖို့မတွေးဝံ့သေးကြောင်း မျက်ရည်ဝဲကာ ပြောပြနေပါတယ်။

“ တိုက်အိမ်မပြောနဲ့ တဲအိမ်လေးမှ တောတောင်မှာစိုက်ပျိုးနဲ့ရှာရတာ။ အခုဆိုရင်ပြောင်းဈေးကမကောင်း လုပ်စားရတာ ပြောင်း တခုပဲ။ အခုဘယ်ကနေ ဘယ်လို အစကနေပြန်ပြီးတည်ဆောက်ရမှန်းမသိတော့ဘူး” လို့ သူက ဆိုပါတယ်။

ထိုမီးလောင်ပြာကျမှု မဖြစ်ပွားခင်တရက်က RCSS/SSA တပ် မန်လီကျေးရွာတွင် တပ်စွဲထားကြောင်း၊ ဒေသခံ ပြည်သူ များအနေဖြင့် မျက်မြင်တွေ့ရှိမှုမရှိခဲ့သော်လည်း ထိုမီးလောင်မှုမဖြစ်ပွားခင်တွင် တိုက်ပွဲမဖြစ်ပွားသလို တခြား လက်နက် ကိုင်တပ်ဖွဲ့များမရှိကြောင်းလည်း တအာင်းအရပ်ဖက် အဖွဲ့အစည်းက မေ (၅)ရက် ထုတ်ပြန်ကြေညာချက်မှာ ရေးသား ထားသည်။

အရပ်သားပြည်သူနေအိမ်တွေကို မီးရှို့မှုဟာ နိုင်ငံတကာဥပဒေကို ကျူးလွန်ချိုးဖောက်နေတာကြောင့် သက်ဆိုင်ရာ နိုင်ငံတကာအသိုင်းအဝိုင်းမှ ထိရောက်စွာ အရေးယူပေးရန်လည်း တအာင်းလူမှုအဖွဲ့အစည်းက တောင်းဆိုလိုက်ပါတယ်။

နမ္မတူမြို့နယ် နေအိမ်မီးရှို့တဲ့ကိစ္စကို RCSS/SSA ဘက်မှ တစုံတရာ တုန့်ပြန်မှု မရှိသလို ဆက်သွယ်မေးမြန်းရာမှာလည်း ဖြေကြားပေးခြင်းမရှိခဲ့ပေ။

သို့ပေမယ့် နေအိမ်မီးလောင်ခဲ့တဲ့ ကျေးရွာ ငါးရွာက မိသားစုတွေကို SSPP/SSAတပ်ဖွဲ့က မေ ၁၈ရက်မှာ ကျပ်ငွေသိန်း ၆၃၀ ကူညီထောက်ပံ့ပေးခဲ့ကြောင်း SSPP/SSA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးသန်းအောင်က မီဒီယာများကို ဖြေကြား ထားပါတယ်။

“ ဘယ်သူဘယ်ဝါပဲရှို့ရှို့ပါ၊ ရှို့တဲ့သူကတော့ အသိဆုံးပဲ။ တာဝန်ယူမှု၊ တာဝန်ခံမှုတော့ရှိသင့်တယ်။ အားလုံးက မိသားစု ရှိမယ်။ အိမ်ရှိကြမယ့်သူတွေပဲ။ ကိုယ်ချင်းစာစိတ်ထားစေချင်တယ်” ဟု မန်လီကျေးရွာမှ အသက် ၆၀ အရွယ်ရှိ အမျိုးသမီး က ငိုယိုပြီး ပြောပြပါတယ်။

နမ္မတူမြို့နယ် ကျေးရွာဒေသခံတွေ စိတ်နာကျင်မှုခံစားရမှုကတော့ ရွာထဲကို မည်သည့်လက်နက်ကိုင်တပ်ဖွဲ့လာလာ လိုချင် သမျှကို ဖန်တီးပေး၊ ကျွေးမွေးခဲ့ပေမယ့် အိမ်ကိုပြာကျတဲ့အဆင့်ထိ မီးရှို့လိုက်တာဟာ စစ်သားဆိုတာ မုန်းတီးရတဲ့ အဆင့်ထိပါပဲ လို့ မီးရှို့ခံရတဲ့ အမျိုးသမီးတွေက ဆိုပါတယ်။

လက်ရှိအခြေအနေမှာတော့ အိမ်မီးလောင် ပြာကျသွားတဲ့သူတွေဟာ သီပေါမြို့ပေါ်ရှိ စစ်ရှောင်စခန်းမှာ နေထိုင်နေရပြီး၊ စစ်ပွဲကြောင့်စိတ်ဒဏ်ရာတွေ ရရှိနေကြတဲ့အပြင် အိမ်မီးလောင်မှုကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဟာ မပြောပြနိုင်လောက် အောင်ဖြစ်နေကြတယ်လို့ တအာင်းလူငယ်အဖွဲ့အစည်းမှ လွေးလှားရိုန် က ပြောပါတယ်။

“ အမျိုးသမီးတွေသက်ကြီးရွယ်အိုတွေက စစ်ကြောင့်စိတ်ဒဏ်ရာရနေတဲ့ကြားက အခု ဒီလို မီးလောင်ပြာကျဆုံးရှုံးမှုတွေ များတော့ စိတ်ပိုင်းဆိုင်ရာ ကုစားဖို့ကခက်ခဲမယ်။ ကြာမယ်။ ကျမတို့လူငယ်တွေကတော့ စိတ်ပိုင်းဆိုင်ရာ အတွက် သွားရောက်အားပေးတယ်။ ကူညီထောက်ပံ့မှုတွေပြုလုပ်နေတယ်” လို့လွေးလှားရိုန်း က ဆိုပါတယ်။

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် သောကတွေ ရောက်ရှိနေတဲ့ကြား နိုင်ငံရေး အခြေအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲကြား သျှမ်းမြောက်ပြည်သူတွေဟာ ဝန်ထုတ်ပိုနေကြပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ တိုက်ပွဲမဖြစ်စေချင်တော့ကြောင်း တိုက်ပွဲတွေရပ်တန့်ပါက တောင်သူ လယ်သမားတွေအတွက် လယ်ယာကောင်းမွန်စွာ ပြန်လုပ်ကိုင်နိုင်ပြီး ပျက်စီးသွားတဲ့အိမ်ကို အမြန်ဆုံးပြန်လည် တည်ဆောက်နိုင်ကြောင်းလည်း မန်လီကျေးရွာ ဒေသခံတွေက ရင်ဖွင့်ပြောဆိုလာပါတယ်။

တိုက်ပွဲတွေဆက်ပြီးဖြစ်နေပါက မန်လီကျေးရွာပြည်သူတွေအနေနဲ့ အခက်အခဲများစွာကြုံရနိုင်ပြီး ရွာကိုစွန့်ခွာရနိုင် ကြောင်းလည်း ဒေသခံတွေက တွေးပူနေကြပါတယ်။

“ စစ်ပွဲတွေတည်ငြိမ်မှုမရှိ၊ အချင်းချင်းထပ်ဖြစ်နေသေးရင် ကျမတို့ရွာကို စွန့်ခွာရနိုင်တယ်။ စွန့်ခွာရမှာ တွေးပြီးကြောက် နေရတယ်။ အိပ်မပျော်ဘူး” ဟု မန်လီကျေးရွာက လူငယ်ဖြစ်တဲ့ နန်းမိုခေါင်က စိတ်မကောင်းစွာဖြင့် ပြောပါတယ်။

တိုက်ပွဲတွေ ငြိမ်းအေးသွားပြီး မိမိဒေသကို ကိုယ်စီပြန်သွားချိန် မီးလောင်ပြာကျတဲ့ အိမ်ခြေ ၁၂၀ ကတော့ ပြန်စရာ နေအိမ်မရှိတော့တဲ့ဘဝ ဖြစ်နေကြဦးမှာပါ။

“ စစ်ပွဲတွေ မရှိရင်တောင် ပြန်ဖို့ အိမ်မရှိတဲ့ဘဝဖြစ်နေရဦးမယ်။ ကျမ ရင်ထဲမှာနေ့တိုင်း မျက်ရည်ကျနေရတဲ့ဘဝပါ။ ကျမတို့က ဘယ်သူ့ကိုမှ တိုက်နေတဲ့သူမဟုတ်ပါဘူး” လို့ ကလေး နှစ်ယောက်မိခင် ဒေါ်မြသီတာ က ရှိုက်သံဖြင့် ပြောပါတယ်။

ကလေးနှစ်ယောက်ရဲ့ဘဝ၊ အသက်ကြီးရွယ်အိုတွေ အမျိုးသမီးတွေရဲ့ဘဝအတွက် နွေးထွေးလုံခြုံတဲ့ အိမ်တစ်လုံး ပြန်တည်ဆောက်ဖို့အတွက် ဒေါ်မြသီတာက “ ဘယ်လောက်တောင် ကျမတို့ ဆက်ပြီးအားတင်းပြီး ပင်ပန်းကြိုးစားရမှာလဲ။ ကျမတို့မိသားစုတွေ ကလေးငယ်တွေဘဝကို ကိုယ်ချင်းစာပေးကြပါ” လို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို တောင်းဆိုလိုက်ပါတယ်။

Related Articles