ခင်ဘုန်းမို့
“စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ပိုမိုအားကောင်းတဲ့ လူမှုအသိုင်းအဝိုင်းကို ထူထောင်တဲ့အခါ အမျိုးသမီးတွေရဲ့ စိတ်ဓာတ်ခွန်အားတွေ၊ အမျိုးသမီးတွေရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုတွေက healing power တခုပဲလေ”လို့ မဂျူး ဂျူးမင်းသူက ပြောပါတယ်။
မဂျူးဂျူးမင်းသူဟာ Hawaii ပြည်နယ်က Queen’s Medical Center မှာ Social Worker တစ်ယောက်အဖြစ် လုပ်ကိုင်နေသလို၊ လူမှုအကျိုးပြုဝန်ဆောင်မှုနဲ့ ပြည်သူ့ကျန်းမာရေးပညာရပ်တွေကို University of Hawaii မှာ သင်ကြားပြသပေးနေသူတစ်ဦးလည်းဖြစ်ပါတယ်။ လက်ရှိမှာလည်း Jue Jue’s Safe Space ကိုတည်ထောင်ထား ပါတယ်။
ခွဲခြားဆက်ဆံမှုတွေကြုံခဲ့ရတဲ့ ငယ်ဘဝ
မဂျူးဂျူးမင်းသူရဲ့ ဖခင်ဖြစ်သူဟာ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ခဲ့သူဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတစ်ဦး ဖြစ်ပါတယ်။ ဖခင်ဖြစ်သူဟာ အသက် (၁၄) နှစ် အရွယ်မှာတုန်းက နိုင်ငံရေးနဲ့ပတ်သက်တဲ့ ကဗျာဖြန့်ဝေမှုကြောင့် ဖမ်းဆီးအကျဉ်းချခံခဲ့ရပါတယ်။ အသက် (၁၈) နှစ်မပြည့်သေးပေမယ့် လူငယ်ထိန်းသိမ်းရေးစခန်းကိုမပို့ဘဲ အကျဉ်းထောင်မှာ အကျဉ်းချခံခဲ့ရပါတယ်။ သူ့ရဲ့ အဖိုးလေးကိုယ်တိုင်ကလည်း ၆၂ အရေးတော်ပုံမှာ စစ်အစိုးရကိုတော်လှန်ပြီး တောခိုခဲ့သူလည်းဖြစ်ပါတယ်။ မျိုးဆက်အလိုက် အာဏာရှင်ကို နည်းလမ်းအမျိုးမျိုးနဲ့ တွန်းလှန်ခဲ့ကြသူတွေဖြစ်ပါတယ်။
နိုင်ငံရေးသမားတစ်ဦးရဲ့ မိသားစုမှာမွေးဖွားကြီးပြင်းခဲ့ရတဲ့ မဂျူးဂျူးမင်းသူဟာ တခြားမိသားစုတွေလိုမျိုး မိသားစုစုံစုံလင်လင်ရှိတဲ့ ငယ်ဘဝကိုတော့မရခဲ့ပါဘူး။ ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်တော့ ဂျူးဂျူးအသက်တစ် နှစ်ခွဲအရွယ်မှာ ဖခင်ဖြစ်သူဟာ တောခိုသွားတဲ့အတွက် မိခင်ရဲ့ ပြုစုစောင့်ရှောက်မှုနဲ့သာ ကြီးပြင်းခဲ့ရပါတယ်။ ပတ်ဝန်းကျင်မှာလည်း ဖခင်ဖြစ်သူတောခိုတဲ့အကြောင်း ပြောကြဆိုကြတာတွေကို ကလေးဘဝမှာ နားမလည်ပေမယ့် မကြားချင်အဆုံးကြားခဲ့ရသူဖြစ်ပါတယ်။
“အမေကလည်း ကလေးဆိုတော့ ပါးစပ်မလုံမှာစိုးလို့ အဖေနိုင်ငံခြားသွားတယ်ပဲပြောထားတာ ဒါပေမယ့် ရပ်ကွက်ထဲကလူတွေက အဖေကတောခိုသွားတယ်ပေါ့။ တောခိုတယ်ဆိုတဲ့စကားကို ကလေးတယောက်အနေနဲ့ နားမလည်ဘူးလေ လူကြီးတွေကိုမေးတော့ လူကြီးတွေက လိုက်ပိတ်တာပေါ့။ တောခိုတာမဟုတ်ဘူး နိုင်ငံခြားသွားတာ အဲ့လိုတွေပိတ်တယ်”လို့ ငယ်ဘဝအဖြစ်အပျက်ကို ပြောပြပါတယ်။
ကျောင်းနေအရွယ်ရောက်တော့လည်း ကျောင်းအတွက်အလှူငွေကောက်ခံတဲ့အခါ အဖေ၊ အမေကဘာအလုပ် လုပ်လဲ၊ စီးပွားရေး အဆင်ပြေသူတွေလို့ထင်ပြီး အလှူငွေအတင်းကောက်တာမျိုးတွေလည်း ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
မိခင်ဖြစ်သူဟာလည်း အမျိုးသမီးတစ်ယောက်ထဲအနေနဲ့ သမီးတွေကို ပြုစုစောင့်ရှောက်ရတဲ့အခါ ယောကျာ်း မရှိတဲ့မိန်းမ မတင့်တယ်ဘူးဆိုတဲ့ လူမှုအသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့စံနှုန်းတွေကြားမှာ ပတ်ဝန်းကျင်၊ ဆွေမျိုးတွေရဲ့ ဝေဖန်မှု၊ ကဲ့ရဲ့မှုတွေကို ခါးစည်းခံခဲ့ရတယ်။ ဂျူးဂျူးတို့သားအမိတွေကို မိခင်ဖြစ်သူရဲ့ မိဘတွေ၊ ညီအမတွေက ဝိုင်းဝန်းပံ့ပိုးပေးခဲ့ကြရပါတယ်။
မိခင်ဖြစ်သူက စက်ရုံအလုပ်သမားတစ်ဦးအဖြစ် ဘဝကိုရုန်းကန်ကာ ဂျူးဂျူးတို့ကို ပညာတတ်ဖြစ်စေချင်တဲ့အတွက် ကျောင်းကောင်းကောင်းမှာထားခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် တောခိုသွားတဲ့ ဖခင်ဖြစ်သူနဲ့ သူတို့သားအမိတွေဟာ ဆယ့်သုံးနှစ်ကာလအကြာမှ ပြန်လည်ဆုံတွေ့ခဲ့ကြရတယ်လို့ ဆိုပါတယ်။
ရပ်ခြားမှာ ရုန်းကန်ခဲ့ရတဲ့ဆယ်ကျော်သက်ဘဝ
ဂျူးဂျူးဟာ မြန်မာပြည်မှာကိုးတန်းအထိ ကျောင်းတက်ခဲ့ပြီးနောက် ဖခင်ဖြစ်သူနဲ့ အဆက်အသွယ်ပြန်ရတော့ မဲဆောက်ကို ရောက်လာခဲ့ပါတယ်။ မဲဆောက်မှာ အထက်တန်းပြန်တက်ရင်း အင်္ဂလန်နိုင်ငံမှာ ပညာသင်ဆုနဲ့ ကျောင်းဆက်တက်ဖို့ ဖြစ်လာခဲ့ပါတယ်။
Atlantic College, Wales, United Kingdom မှာတက်ရောက်ခွင့်ရခဲ့ပါတယ်။ နိုင်ငံပေါင်း (၈၀) ကျော်က ကျောင်း သားတွေအနက် ဂျူးဂျူးတစ်ဦးသာ မြန်မာနိုင်ငံကဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်လည်းဖြစ် အိမ်နဲ့လည်း ပထမဦးဆုံးအကြိမ် ခွဲရတာဖြစ်ပြီး ထမင်းဟင်းလည်းမချက်တက် မပြုတ်တက်နဲ့ အင်္ဂလန်က အစားအစာတွေ ကိုလည်း မကြိုက်တော့ သူ့အတွက်အခက်ခဲဆုံးအချိန်ပါပဲ။
ဂျူးဂျူးဟာ ထိုင်းမှာတုန်းက အင်္ဂလိပ်ဘာသာစကားတော်တော်လေးကောင်းခဲ့ပေမယ့် တကယ်တမ်း အင်္ဂလိပ် စကားပြောတဲ့ တိုင်းပြည်ကိုရောက်တဲ့အခါမှာတော့ ကြောက်ပြီးဘာပြောရမှန်းမသိဖြစ်ကာ နှစ်ပတ်လောက် စကားမပြောတတ်တဲ့ အမြုံလိုဖြစ်သွားခဲ့ပါသေးတယ်။
“ငါ့ကိုပညာတော်သင်လွတ်လိုက်တာ ငါ့တိုင်းပြည်အကျိုးကိုကြည့်ဖို့၊ သူတို့နားမလည်ရင် ကိုယ်လက်ဟန်နဲ့ ပြမယ်ဆိုပြီးတော့ ကိုယ့်ကိုကိုယ် ရဲဆေးတင်ပြီးတော့ မဖြစ်ဖြစ်အောင်ကြိုးစားတာ” လို့ဂျူးဂျူးကဆိုပါတယ်။
အဲဒီနောက် အထက်တန်းပြီးတော့ အမေရိကန်က တက္ကသိုလ်တစ်ခုမှာ ပညာသင်ဆုထပ်ရတဲ့အတွက်ဆက်တက်ဖို့ ပြောင်းရွေ့ခဲ့ပါတယ်။
သူဟာ မဲဆောက်ရောက်ပြီး နိုင်ငံရေးအသိုင်းအဝန်းနဲ့ နီးစပ်ခဲ့တဲ့နောက် လူတွေကိုကူညီရမယ်ဆိုတဲ့အသိ၊ ကိုယ့်လူမျိုးတွေဒုက္ခတွင်းထဲမှာ ဆိုတာကိုမျက်မြင်တွေ့ခဲ့ရတဲ့အတွက် ဘယ်စာတွေသင်ရသင်ရ ကိုယ့်တိုင်းပြည်အကျိုးကိုပြန်ကြည့်ရမယ်ဆိုတဲ့ အသိစိတ်က အတွေးထဲမှာ ကိန်းအောင်းနေခဲ့ပြီးသားလို့ ဆိုပါတယ်။
“ကိုယ့်ကိုကိုယ် ကယ်တင်ရှင်ကြီးလိုတော့ မဟုတ်ဘူး။ ဒါပေမယ့်ကိုယ့်ဘဝမှာ အောင်မြင်မှုအကျိုးအမြတ်တွေက ကိုယ်တယောက်ထဲမဟုတ်ဘူးဆိုတဲ့ အတွေး အသိအမြင်က ငယ်ငယ်ထဲကမျိုးစေ့ချထားသလို ဖြစ်နေတာပေါ့” လို့ ဂျူးဂျူးက သူ့ခံယူချက်ကိုပြောပြပါတယ်။
လူတွေအကြောင်းကို စိတ်ဝင်စားသူ၊ လူတွေကိုကူညီချင်သူ
အမေရိကမှာ တက္ကသိုလ်တက်တော့ Political science (နိုင်ငံရေးသိပ္ပံ) နဲ့ International study ဘာသာရပ်ကို သင်ယူခဲ့တယ်လို့ ဆိုပါတယ်။
“တက္ကသိုလ်တက်တုန်းက စိတ်ပညာကိုတက်ချင်တာ ဒါပေမယ့် အင်္ဂလိပ်စာမကောင်းဘူးဆိုပြီးတော့ ကိုယ့်ကို ကိုယ် self-limit လုပ်လိုက်တာပေါ့နော်။ အမှန်တကယ်ကတော့ political science (နိုင်ငံရေးသိပ္ပံ) လည်း ခက်တယ်။ ဘယ်အရာ မဆိုခက်တာပဲ၊ ကိုယ်လုပ်ရင်းနဲ့တက်သွားမယ့်ဟာကိုမစဉ်းစားမိဘူး။ လမ်းပြပေးမယ့် လူ မရှိခဲ့ဘူး။ ကိုယ့်ဒူးကိုယ်ချွန်ရတဲ့အခါ စိတ်ကူးထဲမှာ ကောင်းတယ်ထင်တာပဲ လုပ်လိုက်တာ”လို့ ဂျူးဂျူးကသူ့ အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။
ဘွဲ့ရပြီးနောက် ဘွဲ့လွန်ဆက်တက်တဲ့အခါ ကျောင်းကဆရာတစ်ဦးကအကြံပြုသလို ကိုယ်တိုင်ကလည်း လူတွေ အကြောင်း စိတ်ဝင်တစားရှိသူဖြစ်တဲ့အတွက် social work ကိုတက်ခဲ့ပါတယ်။ Mental health နဲ့ Health care ကိုမေဂျာယူလိုက်ပြီးတော့ self-therapy ကိုလည်းယူခဲ့ပါတယ်။ လက်ရှိမှာတော့ PhD ကို clinical psychology (လက်တွေ့ စိတ်ပညာ)တက်ဖို့စီစဉ်ထားပါတယ်။
ဂျူးဂျူးဟာ ကလေးဘဝကတည်းက လူတွေနဲ့ တည့်အောင်နေတက်ပြီး လူတွေကိုနွေးနွေးထွေးထွေး ဆက်ဆံပေး တက်တယ်လို့ မိခင်ဖြစ်သူကမှတ်ချက်ပေးခဲ့ပါတယ်။
မှတ်မှတ်ရရအဖြစ်အပျက်အနေနဲ့ အဘွားဝမ်းကွဲတယောက်က သူ့ခင်ပွန်းဆုံးပြီးတဲ့နောက် ပြောပြငိုစရာလူမရှိတဲ့ အချိန် ဂျူးဂျူးနဲ့အတူ လမ်းလျှောက်ထွက်ရင်းငိုခဲ့တဲ့ အဖြစ်အပျက်လည်းရှိခဲ့ပါတယ်။
“အမေပြောခဲ့တာ အမေပြောလိုက်တဲ့ စကားတစ်ခုက ကိုယ့်ရဲ့ကလေးဘဝထဲက personality ကို တွေ့ ပြီးတော့ ဒီလမ်းကြောင်းကို လျှောက်မယ်လို့ မျိုးစေ့ကိုချခဲ့တာတော့မဟုတ်ဘူး။ ဒါပေမယ့် လူတွေနဲ့ အလုပ်လုပ်တဲ့အခါမှာဒီ personality ရှိတယ်ဆိုတာ ငါ့အမေမြင်ခဲ့ပါလား အဲဒီလိုမျိုးတော့ တွေးတာပေါ့” လို့ ဂျူးဂျူးကဆိုပါတယ်။
အမျိုးသမီးဖြစ်တဲ့အတွက် ခွဲခြားခံရခြင်း
အမျိုးသမီးဖြစ်ခြင်းအပြင် လူဖြူမဟုတ်တဲ့ အမျိုးသမီးဖြစ်တဲ့အတွက် ခွဲခြားဆက်ဆံမှုတွေကြုံတွေ့ခဲ့ရပါတယ်။ ခေါင်းဆောင်မှုအရည်အသွေးကို အသိအမှတ်ပြုမခံရတာမျိုးတွေလည်း ရင်ဆိုင်ရပါတယ်။
ကိုယ်က သူများထက်သုံးဆလောက် ကြိုးစားပြီး အလုပ်တစ်ခုအတွက် အချိန်အများကြီးပေးပြီး ရင်းနှီးမြုပ်နှံမှု ဘယ်လောက်လုပ်လုပ် ကိုယ့်ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုတာမျိုးမရခဲ့ပါဘူး။
“ပေါ်တင်ခွဲခြားဆက်ဆံလို့မရတဲ့ ဥပဒေတွေရှိတဲ့အတွက် မသိမသာလေးနဲ့နေရာမပေးတာတွေရှိတယ်။ ကိုယ် လုပ်ထားတဲ့အလုပ်ကို နာမည်ကောင်းမပေးပဲနဲ့ နာမည်ဝင်ယူလိုက်တာ အဲဒီလိုမျိုးတွေလည်း ရှိတယ်” လို့ ဂျူးဂျူး က သူ့အတွေ့အကြုံကိုပြောပြပါတယ်။
အထူးသဖြင့်ဂျူးဂျူးရဲ့ နာမည်က အင်္ဂလိပ်နာမည်မဟုတ်တဲ့အတွက် အလုပ်လျှောက်လွှာတွေမှာ ပယ်ချခံရတာမျိုး၊ နှစ်ခါလောက်ပြန်ကြိုးစားရတာမျိုး၊ အတွင်းလူကတဆင့်ချိတ်ဆက်ပေးမှ အလုပ်လျှောက်လွှာကို ကြည့်တာ မျိုးတွေလည်းရှိပါတယ်။ ကျောင်းပညာရေးမှာတော့ ခွဲခြားဆက်ဆံခံရတာမျိုး မရှိခဲ့ပါဘူး။
“ဥပမာဆိုရင် ကိုယ်ကပြောလိုက်တဲ့ အိုင်ဒီယာတစ်ခုကိုသူတို့ကမကြားတဲ့အခါ ကျမရဲ့သူငယ်ချင်းကောင်လေးက ကျမရဲ့စကားကို ပြန်ပြီးတော့ repeat လုပ်လိုက်တယ်။ ဂျူးဂျူးပြောတဲ့စကားကိုမကြားဘူးဆိုပြီးတော့ အဲဒီအခါ ကျရင် “အဲရစ်တော်လိုက်တာ အဲ့ဒါနဲ့ သူက မဟုတ်ဘူး ဂျူးဂျူးစောနကပြောသွားတာ”လို့ ပြောတာမျိုး အဲ့ဒီ ကောင်လေးက open mind ရှိတယ်။ သူကကျမပြောတာသတိထားလိုက်မိလို့ ကျွန်မကို ပြန်ပြီး refer ပြန် လုပ်တာ၊ အဲဒီလိုမျိုးမဟုတ်တဲ့ တချို့ကျတော့ ကိုယ်ပြောလိုက်တဲ့ အိုင်ဒီယာကို မသိမသာနဲ့ credit ဝင်ယူတာတွေလည်း ရှိတယ်”လို့ ဂျူးဂျူးက သူ့အတွေ့အကြုံတွေကို ပြောပြပါတယ်။
အမျိုးသမီးတွေအကြောင်း စိတ်ဝင်စားသူ
မဲဆောက်ရောက်တဲ့အခါမှာ မိခင်ဖြစ်သူအလုပ်လုပ်တဲ့ အမျိုးသမီးများအတွက် လူမှုစောင့်ရှောက်ရေးအဖွဲ့(SAW) မှာ ရင်းနှီးကြီးပြင်းခဲ့သလို ဖခင်ဖြစ်သူကလည်း နိုင်ငံရေးအသိုင်းအဝိုင်းကဆိုတော့ ကိုယ့်မြန်မာပြည်သားတွေ အရမ်းဒုက္ခရောက်နေတာတွေကို မျက်မြင်ကိုယ်တွေ့သိခဲ့ရပါတယ်။
အသက် (၁၄)နှစ်လောက်ကစပြီး မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှာ အမျိုးသမီးစွမ်းဆောင်ရည် မြှင့်တဲ့ သင်တန်းတွေတက်တာ၊ Women exchange ကမ်ပိန်းတွေမှာပါဝင်တာ၊ အိမ်တွင်းအကြမ်းဖက်မှုတွေ၊ HIV နဲ့ ပတ်သက်တာ စတဲ့ကမ်ပိန်းတွေကို ငယ်ဘဝထဲက ထဲထဲဝင်ဝင်ပါဝင်ခဲ့ပါတယ်။
“ကိုယ့်ပတ်ဝန်းကျင်မှာရှိတာလည်း women leader တွေလေ၊ အမျိုးသမီးတွေက အကြောက်အလန့်မရှိဘူး။ limit မရှိဘူး။ လုပ်နိုင်စွမ်းရည်ကို ပြသလို့ရတယ်ဆိုတဲ့ စိတ်ကသဘာဝအတိုင်းဝင်သွားတာပေါ့”လို့ ဂျူးဂျူးက ပြောပါတယ်။
လူထုဒေါ်အမာရဲ့ စာအုပ်တွေကနေလည်း အမျိုးသမီးတစ်ယောက်က လုပ်နိုင်တယ်ဆိုတဲ့ အတွေးအခေါ်တွေရခဲ့တယ်လို့ဆိုပါတယ်။
“အဲဒီအချိန်မှာ အလင်းပွင့်သလိုပဲ ခေါင်းကပွင့်သွားတာပေါ့။ ဘယ်လိုမျိုး မိန်းမတယောက်ရဲ့ တန်ဖိုးကရှိတယ်။ ငါ့တန်ဖိုးက ယောကျာ်းယူရမလား၊ မော်ဒယ်လုပ်ရမလားပဲမဟုတ်ဘူး။ ငါ့မှာလမ်းကြောင်း တွေရှိတယ်ဆိုပြီး ပွင့်သွားတာပေါ့ အဓိကတော့ လူထုဒေါ်အမာနဲ့ သူတို့လိုမျိုး အမျိုးသားစာပေဆုရ ပညာရှင်တွေနဲ့ အသက် ၁၄ ၁၅ လောက်မှာ ထိတွေ့ခွင့်ရတော့ လမ်းကြောင်းကမှန်သွားတာပေါ့”လို့ မဂျူးဂျူးကဆိုပါတယ်။
Jue Jue’s Safe Space စတင်ဖြစ်လာပုံ
၂၀၁၉ ခုနှစ် လူမှုကွန်ရက်မှာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာမျှဝေတာတွေ စတင်ပြုလုပ်ခဲ့ပါတယ်။
“စိတ်ကျန်းမာရေးပညာရှင်တယောက်အနေနဲ့ လူတွေကိုမိတ်ဆက်တာမဟုတ်ဘဲနဲ့ ဂျူးဂျူးဟာ စိတ်ကျန်းမာရေး အရ ခံစားရတဲ့လူငယ်တစ်ယောက်ဖြစ်တယ်။ စိတ်လုံခြုံစွာ နားထောင်ပေးမယ့် လူတွေလည်းမရှိဘူး။ အဖွဲ့ အစည်းတွေလည်းမရှိဘူး။ အဲဒီလိုမျိုး ကိုယ့်လိုလူတွေ အထူးသဖြင့် စိတ်ဒဏ်ရာဗလာပွနဲ့ လူတွေအများကြီးပဲ အဲဒီလိုလူတွေအတွက် နွေးထွေးလုံခြုံတဲ့နေရာလေးတခု ဖန်တီးချင်တယ်ဆိုတဲ့ စိတ်ဆန္ဒနဲ့”လို့ Jue Jue’s Safe Space စဖြစ်ခဲ့ပုံ ကိုပြောပါတယ်။
စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ၊ ဗီဒီယိုတွေလုပ်လာရင်းနဲ့ နောက်ပိုင်းမှာ နှစ်သိမ့်ဆွေးနွေးမှုတွေ ပါ အကူအညီတောင်းလာကြတယ်။ Counselling service ပေးမယ်ဆိုရင် စနစ်တကျလုပ်မယ်လို့ ရည်ရွယ်ကာ အဖွဲ့ အစည်းအနေနဲ့ မှတ်ပုံတင်ခဲ့ပါတယ်။
အဖွဲ့အစည်းတည်ထောင်ပြီး တစ်လအကြာမှာပဲ မြန်မာပြည်ဟာ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပါတယ်။
သူ့အနေနဲ့လည်း စစ်ပွဲထဲက ပြည်သူတွေ၊ အထူးသဖြင့် အမျိုးသမီးတွေအတွက် စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကူအညီတွေကို နိုင်ရာဝန်ထမ်းကာ ကူညီပေးခဲ့ပါတယ်။
စစ်ကြောင့်စိတ်ဒုက္ခရောက်နေသူတွေ၊ စစ်ကြောရေးကို ဖြတ်သန်းလာသူ အမျိုးသမီးတွေ၊ လိင်ပိုင်းဆိုင်ရာထိပါး စော်ကားမှုခံနေရတဲ့ အမျိုးသမီးတွေကို အခမဲ့ဆွေးနွေးပေးတာတွေ ပြုလုပ်ပေးပါတယ်။
စစ်မြေပြင်ကြားကလူငယ်တွေ၊ အနာဂတ်ပျောက်နေတဲ့ လူငယ်တွေအတွက် လူငယ်နဲ့ စိတ်ကျန်းမာရေး၊ အမျိုး သားတွေမှာ ဖြစ်တက်တဲ့ စိတ်ကျရောဂါ၊ စစ်မြေပြင်က ကလေးတွေအတွက် စိတ်ကျန်းမာရေးနဲ့ အသိပညာ မျှဝေတာ၊ မြေပြင်မှာလိုအပ်နေတဲ့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သင်တန်းပေးတာတွေလည်း ပြုလုပ်နေပါတယ်။
ထို့အပြင် လူမှုအသိုင်းအဝိုင်းအတွက် Healing mom ဆိုတဲ့ မိခင်တွေအတွက် သီးသန့်ရည်ရွယ်တဲ့ စိတ်ကျန်းမာ ရေးအသိပညာပေးအစီအစဉ်တွေ၊ အမျိုးသမီးတွေအတွက် သီးသန့်ရည်ရွယ်တဲ့ အသိပညာပေးမှုတွေ လုပ် ဆောင်ခဲ့ပါတယ်။
ရှေ့ဆက်ပြီးလည်း War related gender base violence victim (စစ်ပွဲတွင်း ကျားမအခြေခံအကြမ်းဖက်မှု သားကောင်)တွေ၊ survivor(အသက်ရှင်ကျန်ရစ်သူ)တွေအတွက်ရည်ရွယ်တဲ့ စိတ်ကျန်းမာရေးအစီအစဉ်တွေ လုပ်ကိုင်ဖို့လည်း ဂျူးဂျူးကရည်ရွယ်ထားပါတယ်။
သူ့အနေနဲ့ လက်ရှိလုပ်ဆောင်နေတဲ့ စိတ်ကျန်းမာရေးအသိပညာပေးတဲ့ လုပ်ငန်းစဉ်တွေဟာ ကာလတို တစ်ခု အတွက်သာမက ရေရှည်အတွက်လည်း ရည်ရွယ်ထားပါတယ်။
“ကျမတို့လုပ်နေတဲ့ လုပ်ငန်းစဉ်တိုင်းက မြန်မာပြည်ဖွားတွေအားလုံး စိတ်ဓာတ်ခွန်အားကြံခိုင်တဲ့ လူတွေဖြစ်မှ တော်လှန်ရေးပြီးသွားရင်လည်း လူတိုင်းက ကိုယ့်အလုပ်ကိုလုပ်နိုင်မှာလေ မဟုတ်ရင် ဒီတော်လှန်ရေးကာလမှာ လူတွေကတဖြေးဖြေးနဲ့ လုံးပါးပါးလာကြပြီ။ အဲဒီတော့ အခုကတည်းကလုပ်ရမယ်။ တော်လှန်ရေးပြီးသွားတော့ မှပြန်လည်ကုစားရေးတွေ လုပ်လို့ရတာမဟုတ်ဘူး။ အခုထဲက လုပ်မှရမှာ၊ ဆရာမကလည်း ကျောင်းပြန်ဖွင့်ရင် ဆရာမ အလုပ်လုပ်နိုင်မယ်၊ ဆရာဝန်တွေကလည်း လူနာတွေကို ကောင်းကောင်းကြည့်နိုင်မယ်၊ နိုင်ငံတော်အစိုးရ တွေကလည်း ခေါင်းဆောင်ကောင်းပီသစွာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့ဆိုရင် လူတိုင်းကစိတ်ကျန်း မာရေးအားကောင်းမှ စိတ်ရော ၊ လူရောကျန်းမာမှ သန့်ရှင်းတဲ့လူမှုပတ်ဝန်းကျင်ဖြစ်မှာ၊ မဟုတ်ရင် crime တွေက တဆင့်ပြီး တဆင့်လာမှာ ဖြစ်တဲ့အတွက် အခုထဲက ကြိုတင်ကာကွယ်တာတွေ လုပ်နေတဲ့သဘောလည်းပါတယ်” လို့ မဂျူးဂျူးမင်းသူက ဆိုပါတော့တယ်။