Home ဆောင်းပါး တပ်တွင်းက အမျိုးသမီးတွေကို စစ်ကျွန်ဘဝကရုန်းထွက်ဖို့လမ်းပြခဲ့သူ  

တပ်တွင်းက အမျိုးသမီးတွေကို စစ်ကျွန်ဘဝကရုန်းထွက်ဖို့လမ်းပြခဲ့သူ  

ခင်ဘုန်းမို့ ။ ။          

“ကျွန်မကတော့ ပြည်သူ့စစ်သားဇနီးများအဖွဲ့က မစုသစ်ဖြစ်ပါတယ်။”ဆိုတဲ့ မိတ်ဆက်စကားသံနဲ့အတူ  အမျိုးသမီးတစ်ဦးဟာ စစ်တပ်ကိုကျောခိုင်းလာသူတွေရဲ့ ရင်တွင်းစကားသံတွေကိုတင်ဆက်တဲ့ စကားဝိုင်းတွေမှာ တက်တက်ကြွကြွ အမြဲပါဝင်နေ တတ်ပါတယ်။

သူကတော့ ပြည်သူ့ဘက်မျက်နှာမူကာCDMပြုလုပ်ခဲ့တဲ့ တပ်မတော်ကဦးစီးအရာရှိ(တတိယတန်း)အရာရှိရဲ့ ဇနီးတစ်ဦးဖြစ်တဲ့ မစုသစ်ပါ။ မစုသစ်ဟာ CDM ပြုလုပ်တဲ့ စစ်သားဇနီးသည်တွေဖွဲ့စည်းထားတဲ့ ‘ပြည်သူ့စစ်သားဇနီးများ’ကို တည်ထောင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မစုသစ်ဟာမတရားမှုကို လက်မခံနိုင်တဲ့အတွက် အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သလို လူမှုကွန်ရက်ကနေလည်း တော်လှန်ရေးနဲ့ပတ်သက်တာတွေ မျှဝေတာပြုလုပ်ခဲ့တယ်။

အမျိုးသားဖြစ်သူကိုလည်း ပြည်သူတွေမတရားနှိပ်စက်ခံနေရတဲ့အကြောင်းတွေ နိစ္စဒူ၀ပြောပြကာ CDM လုပ်ဖို့တိုက်တွန်းခဲ့ ပါတယ်။ ကိုယ့်ရဲ့မျိုးဆက်တွေအတွက် စဉ်းစားခဲ့သလို ကိုယ်ကိုယ်တိုင်လည်း စစ်အာဏာရှင်နဲ့တစ်ကိုင်းထဲနေရာတာ မကြိုက် တဲ့အတွက် CDM ခရီးလမ်းကို ဇနီးမောင်နှံနှစ်ဦးရွေးချယ်ခဲ့ကြတယ်။

မစုသစ်အနေနဲ့ကြုံလာသမျှကို ရင်ဆိုင်မယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ ခင်ပွန်းဖြစ်သူကိုအားပေးခဲ့သလို ခင်ပွန်းဖြစ်သူ လုံခြုံတဲ့ နေရာရောက်မယ့်အချိန်အထိ အဖက်ဖက်က လိုအပ်တာမှန်သမျှဖြည့်ဆည်းကာပါရမီဖြည့်ပါတယ်။

“ တချို့အရာတွေဆိုရင် တစ်ယောက်ထဲသွားရလည်းသွားတယ်။ သူ့အတွက် secure (လုံခြုံမှု) ဖြစ်ဖို့အရမ်းလိုအပ်လို့ တခြား သူတွေ မသိအောင် တစ်ယောက်ထဲ လှုပ်ရှားရတာတွေရှိခဲ့တယ်။” လို့ မစုသစ်က ပြောပါတယ်။

ခင်ပွန်းဖြစ်သူနဲ့အတူ CDMခရီးကိုလျှောက်ခဲ့တဲ့အတွက် မစုသစ်အနေနဲ့လည်းဝါသနာပါရာအလုပ်ဖြစ်တဲ့ Sale and Marketing Manager ဘဝကိုစွန့်လွှတ်ခဲ့ရတယ်။အလုပ်အပြင် မိသားစု၊နေအိမ် ပိုင်ဆိုင်သမျှအရာတွေကိုစွန့်လွှတ်ခဲ့ရတယ်။

“ ပိုင်ဆိုင်တာဆိုလို့ ကိုယ်ကြိုက်နှစ်သက်တဲ့ အကျီလေးတွေသေးသေးလေးတွေကအစ ရှိသမျှ အိမ်ကပစ္စည်းတွေ အကုန်လုံး စွန့်လွှတ်ရတယ်။ တနေ့ကျရင် ပြန်ရမှာပဲလို့စိတ်ကထင်ခဲ့မိတယ်။ ဒါပေမယ့်ဒီနေ့ဒီအချိန်ထိပြန်မရတော့ဘူး။ ရှိတဲ့အိမ်တွေ ရော  အကုန်လုံးစွန့်လွှတ်ရတာပေါ့နော်။ ရှိသမျှစွန့်ရတယ်လို့ ဆိုရမလားမသိဘူး။” လို့ မစုသစ်က ပြောပါတယ်။  

ပုံစာ – တပ်တွင်းက အမျိုးသမီးတွေကို စစ်ကျွန်ဘဝက
ရုန်းထွက်ဖို့လမ်းပြခဲ့သူ  မစုသစ်

ဒီလိုနဲ့လွတ်မြောက်နယ်မြေရောက်တဲ့အခါမှာတော့ တော်လှန်ရေးအတွက်နိုင်ရာဝန်ကိုထမ်းပါတယ်။

မစုသစ်ဟာ ဘဝတူပြည်သူ့စစ်သားဇနီးတွေနဲ့အတူ ‘ပြည်သူ့စစ်သားဇနီးများ’အဖွဲ့ကိုဦးဆောင်ပြီး  တပ်တွင်းက စစ်သားဇနီး တွေကို စည်းရုံးလှုံ့ဆော်တဲ့စကားဝိုင်းတွေကို ၂၀၂၁ ခုနှစ်အောက်တိုဘာလက စတင်ပြီး ပြုလုပ်ခဲ့တယ်။

မစုသစ်အနေနဲ့ခင်ပွန်းဖြစ်သူကို ပြည်သူ့ဘက်ရပ်တည်အောင်တိုက်တွန်းခဲ့သလို တခြားဇနီးသည်တွေဟာလည်း သူတို့ခင်ပွန်း တွေကို တိုက်တွန်းနိုင်ရင် ရနိုင်တယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ‘ပြည်သူ့စစ်သားဇနီးများ’အဖွဲ့ကို တည်ထောင်ဖြစ်ခဲ့တာဖြစ်တယ်။

“ ကျွန်မတို့အမျိုးသမီးတွေအနေနဲ့ လုပ်နိုင်တာ ဒါမျိုးရှိတယ်ဆိုတဲ့ စိတ်နဲ့စဉ်းစားပြီးတော့ စတင်ခဲ့တာဖြစ်ပါတယ်။”လို့ မစုသစ် ကပြောပါတယ်။

စကားဝိုင်းတွေပုံမှန်တင်ဆက်နိုင်ဖို့အတွက် မစုသစ်အနေနဲ့အဖွဲ့သားတွေနဲ့အတူကြိုးစားခဲ့ရတယ်။

အပတ်စဉ်တိုင်း စကားဝိုင်းအတွက် ဘယ်လိုအကြောင်းအရာတွေတင်ဆက်မလဲ၊ ဘယ်သူ့ကိုဖိတ်ကြားမလဲ အစည်းအဝေးတွေ ထိုင်တာ၊ လုံခြုံရေးအရမျက်နှာမပြရဲတဲ့ စစ်သားဇနီးသည်တွေကိုလည်း မျက်နှာမပါဘဲ အသံနဲ့ပါဝင်နိုင်တယ်ဆိုတဲ့ အကြောင်းတွေရှင်းပြတာ စတာတွေစီမံရပါတယ်။

“ ဒါဟာကျွန်မတို့နိုင်ငံလွတ်မြောက်ဖို့အတွက် အမျိုးသမီးတွေလုပ်ဆောင်နိုင်တဲ့အရာတစ်ခု ဖြစ်တယ်ဆိုတာကိုရှင်းပြရတယ်။ ” လို့ မစုသစ်က ဆိုပါတယ်။

အင်တာနက်၊လျှပ်စစ်မီးခက်ခဲတဲ့နေရာ ဖြစ်တဲ့အတွက် စကားဝိုင်းတွေကို ချောချောမွေ့မွေ့မပြုလုပ်နိုင်မှာ စိုးတဲ့စိုးရိမ်စိတ် တွေနဲ့ အခက်အခဲတွေကြားရုန်းကန်ခဲ့ရတယ်။

ဒါ့အပြင် မစုသစ်ဟာ ပဋိပက္ခအတွင်းမှာအခက်အခဲကြုံနေတဲ့အမျိုးသမီးတွေကို အဓိကကူညီနေတဲ့ ‘ပိတောက်ဖူး’ဆိုတဲ့အဖွဲ့ တစ်ခုမှာလည်း ဦးဆောင်ပါဝင်ဆောင်ရွက်နေပါတယ်။

‘ပိတောက်ဖူး’အဖွဲ့အနေနဲ့ စီဒီအမ်အမျိုးသမီးတွေ၊စီဒီအမ်စစ်သား ဇနီးတွေကို အသေးစား၊အလတ်စားအိမ်တွင်းစီးပွားရေးတွေ လုပ်နိုင်အောင်ငွေကြေးပံ့ပိုးတာ၊အပ်ချုပ်စက်တွေဝယ်ပေးကာ စက်ချုပ်သင်ပေးတာ၊ အိတ်ထိုးနည်းစတဲ့ လက်မှုပညာသင်ပေး တာ၊ စီဒီအမ်မိသားစုတွေရဲ့ ကလေးတွေကို ကျောင်းစရိတ်ထောက်ပံ့တာ စတာတွေပြုလုပ်ပေးနေပါတယ်။

ဒါ့အပြင် တစ်နိုင်တစ်ပိုင် စီးပွားရေးတွေပြုလုပ်ဖို့အတွက် အမျိုးသမီးတစ်ဦးကို မြန်မာငွေကျပ် ၁၀သိန်းနဲ့ အမျိုးသမီး အ ယောက် ၇၀ ကျော်ကို ပြန်လည်ထူထောင်ရေးအနေနဲ့ ကူညီနိုင်ခဲ့တယ်လို့ မစုသစ်ကပြောပါတယ်။

ငွေကြေးထောက်ပံ့တာအပြင် သူတို့တကယ်လုပ်မလုပ်ဘေးကနေ စောင့်ကြည့်တာ အကြံပေးလမ်းညွှန်တာတွေလည်းပြုလုပ် တယ်လို့ ဆိုပါတယ်။  

“ အမှန်တကယ်တော့ စစ်သားဖြစ်ခဲ့ခြင်းကလည်းအပြစ်တော့မဟုတ်ဘူး။ ဒါပေမယ့် စီဒီအမ်ဆိုတဲ့လမ်းကိုရွေးချယ်တဲ့အခါမှာ ကျွန်မတို့ကိုယ်ချင်းစာတယ်။ ကိုယ်ချင်းစာတဲ့အနေနဲ့ ဒီအမျိုးသမီးတွေ စိတ်ဓာတ်ကျသွားမှာ နောက်ပြန်ဆုတ်သွားမှာ မလို လားဘူးပေါ့။  အဲ့အတွက်ကြောင့် အမျိုးသမီးတွေပြန်လည်ထူထောင်နိုင်ဖို့ ရည်ရွယ်ပြီးတော့  ပိတောက်ဖူးကို ပြုလုပ်ရခြင်းဖြစ် ပါတယ်။” လို့ မစုသစ်က ရှင်းပြပါတယ်။

မိသားစုစားဝတ်နေရေးအတွက်လည်း ပိုင်ဆိုင်သမျှတွေကိုထုခွဲရောင်းချပြီး ဖြေရှင်းသလို တတ်နိုင်တဲ့ အလုပ်လေးတွေ လုပ်နေ တယ်လို့ ဆိုပါတယ် ။

တော်လှန်ရေးအတွက်နိုင်ရာဝန်ထမ်းနေပေမယ့် တစ်ဖက်မှာလည်းမစုသစ်အတွက် မမေ့နိုင်တဲ့ စိတ်ဒဏ်ရာတွေက ရှိနေပါသေးတယ်။

စိတ်ဒဏ်ရာအနေနဲ့ကတော့ အိမ်ရှေ့မှာကားတစ်စီးရပ်တဲ့အသံကိုကြားတိုင်း ခင်ပွန်းဖြစ်သူ CDM လုပ်ခဲ့စဉ်ကကြုံတွေ့ခဲ့ရတဲ့ စိုးရိမ်မှုတွေကို ပြန်လည်သတိရတာဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူ စီဒီအမ်လုပ်ပြီးနောက်မှာ စစ်တပ်ကအိမ်ကိုရောက်လာမလားဆိုတဲ့ စိတ်နဲ့ညအိပ်မပျော်တဲ့ ခြောက်ခြားမှုတွေ ရှိခဲ့တယ်။  

“ အိမ်ရှေ့မှာ ကားတစ်စီးရပ်သံလိုမျိုးကြားရင် ကျွန်မအရမ်းကြောက်ရတယ်။ ဒီနေ့ဒီအချိန်ထိကြောက်ရတယ်။ ဘယ်သူလဲ ဘာလို့ကားကရပ်တာလဲဆိုတဲ့ အမြဲတမ်းအဲ့စကားကထွက်တယ်။ အတွေးကဝင်တယ်ပေါ့နော်။” လို့ မစုသစ်က သူ့ခံစားချက် ကို ဖွင့်ဟတယ်။

ဒီလို မလုံခြုံမှုတွေ၊ ရုန်းကန်ရတာတွေကို ရင်ဆိုင်ခဲ့ရပေမယ့် လက်ရှိမှာ ခင်ပွန်းဖြစ်သူကစီဒီအမ်လုပ်ခဲ့တဲ့အတွက် မစုသစ် အနေနဲ့လည်း လိပ်ပြာလုံစွာနဲ့ ရှင်သန်နေနိုင်ပါတယ်။

“ စီဒီအမ်သာမလုပ်ဖြစ်ဘူးဆိုရင် အခုချိန်ကတော့ သွားရင်လည်းနောက်ကွယ်မှာပြောခံနေရမယ် ကိုယ့်နောက်ကျောလည်း ကိုယ်လုံမှာမဟုတ်ဘူး။”လို့ မစုသစ်က ပြောပါတယ်။

မစုသစ်အနေနဲ့ တော်လှန်ရေးခရီးကိုလျှောက်လှမ်းခဲ့တာ နှစ်နှစ်ကျော်လာခဲ့ပေမယ့် စိတ်ဒဏ်ရာတွေကတော့ မပျောက်နိုင် သေးပါဘူး။ တော်လှန်ရေးခရီးကိုကိုယ်တိုင်လျှောက်လှမ်းနေရသလို တခြားသူတွေကိုစည်းရုံးတဲ့အပိုင်းမှာ ဆောင်ရွက်နေသူ ဖြစ်တဲ့အတွက် အခက်အခဲနဲ့စိန်ခေါ်မှုတွေကအပြည့်ပါပဲ။

ပိုဆိုးတာက ဖိုဝါဒကြီးစိုးတဲ့ စစ်တပ်အသိုင်းအဝိုင်းကို ဆန့်ကျင်ခဲ့တာဖြစ်တာကြောင့် တိုက်ခိုက်မှုတွေကြုံတွေ့ရပါတယ်။

“ စစ်တပ်အသိုင်းအဝိုင်းဆိုတာက အမျိုးသမီးတစ်ယောက်က စွန့်စွန်းစားစားလုပ်ရင် အမျိုးသားတွေကအစ မနာလိုတိုက်ခိုက် တာမျိုးတွေရှိပါတယ်။ ဒါတွေလည်းကြုံတွေ့ရတယ်။” လို့ မစုသစ်က ဖွင့်ဟပါတယ်။

မီဒီယာတွေမှာ အင်တာဗျူးဖြေတဲ့အခါမှာ စစ်တပ်အသိုင်းအဝိုင်းကလူတွေရဲ့ ပြစ်တင်ဝေဖန်ဆဲဆိုတာတွေကိုခံခဲ့ရတယ်။ မစုသစ်တစ်ယောက် ဒီလိုဝေဖန်မှုတွေကိုလျစ်လျူရှုပြီး ကိုယ်လုပ်စရာရှိတဲ့အလုပ်တွေကိုသာကြိုးစားနေပါတယ်။  ဒီလိုအသိုင်း အဝိုင်းကနေ ရုန်းထွက်နိုင်တဲ့အတွက် ဝမ်းသာမိတယ်လို့ မစုသစ်က ပြောပါတယ်။

“ ကျွန်မအမျိုးသားသာ ပြည်သူ့ဘက်ရပ်တည်တဲ့လမ်းကိုမရွေးချယ်ခဲ့ဘူးဆိုရင် ကျွန်မဘာကားကြီးပဲစီးနေပါစေ။ လူတွေက ပြောကြမှာပဲ အကြမ်းဖက်စစ်တပ်ကလူရဲ့မိန်းမဆိုပြီးတော့ ကျွန်မအလုပ်ထဲမှာလဲ လူတွေက နောက်ကွယ်မှာတော့ ပြောနေ ကြမှာပဲပေါ့နော်။” လို့ မစုသစ်က ပြောပါတယ်။

အခုဆိုရင်တော့ ဘယ်နိုင်ငံကိုပဲသွားသွား ဘယ်နေရာကိုပဲသွားသွား ပြည်သူလူထုရဲ့ချစ်ခင်လေးစားတဲ့ ဘဝကိုရတဲ့အတွက် လိပ်ပြာသန့်တယ်လို့ မစုသစ်က ဆိုပါတယ်။

စွန့်စားရတာဝါသနာပါခဲ့တဲ့ မစုသစ်တစ်ယောက် တော်လှန်ရေးမှာစွန့်စားပါဝင်ကာ စစ်အာဏာရှင်ကိုတော်လှန်ရင်း အမျိုး သမီးတွေရဲ့ စွမ်းဆောင်ရည်မြင့်မားဖို့အတွက် တစ်ဖက်တစ်လမ်းက လမ်းပြပေးနေတဲ့သူတစ်ယောက်အဖြစ် သမိုင်းပေးတာဝန် ကို ပုခုံးထမ်းထားပါတယ်။  

ရှေ့ဆက်ပြီးတော့ ပြည်သူ့စစ်သားဇနီးများနဲ့ ပိတောက်ဖူးအဖွဲ့ကို ပိုမိုကောင်းမွန်စွာဆောင်ရွက်သွားဖို့ ဆုံးဖြတ်ထားပါတယ်။

ဒါ့အပြင် စစ်တပ်ကထွက်လာသူတွေရဲ့အတွေ့အကြုံတွေကိုတင်ဆက်ထားတဲ့ ယူကျူ့ချန်နယ်ကိုလည်း ဆက်ပြီးအောင်မြင် အောင် ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

စစ်အာဏာရှင်အမြန်ဆုံးကျဆုံးပြီး အိမ်ပြန်ချင်တာကတော့ မစုသစ်ရဲ့အဖြစ်ချင်ဆုံးဆန္ဒပါပဲ။  စစ်တပ်ထဲကအမျိုးသမီးတွေကို လည်း စစ်ကျွန်အတွင်းကရုန်းထွက်ဖို့အတွက် မစုသစ်ကအခုလို စကားပါးပါတယ်။ “ ဘာလို့ အနုတ်စုတ်ကုပ်စုတ် ဘဝနဲ့ဘာလို့နေမှာလဲ သူများတံတွေးခွက်မှာ ပက်လက်မျောပြီး ကိုယ့်ရဲ့လင်ယောကျာ်းရဲ့ အသက်လည်း အာမခံချက်မရှိဘူး။ နေ့မြင်ညပျောက်ဖြစ်နေတဲ့ စစ်တပ်ကြီးမှာဘာလို့ဆက်ပြီးနေမှာလဲ ဒါကကိုယ့်အတွက်ပဲ ကိုယ်တွေးတာဖြစ်တယ်။ သူများအတွက်မတွေးခင်မှာ ကိုယ့်အတွက်ကိုယ်တွေးပေါ့ သူများအတွက်မတွေးခင်မှာ ကိုယ့် သား သမီးအတွက် ကိုယ့်လင်ယောကျာ်းအတွက် အဖြစ်သင့်ဆုံးလမ်း အမှန်ကန်ဆုံးလမ်းကိုရွေးချယ်ပါလို့ပြောချင်ပါတယ်။

Author:

Related Articles