Home သတင်း တပတ်အတွင်း အမျိုးသမီးဖြစ်ရပ်များ

တပတ်အတွင်း အမျိုးသမီးဖြစ်ရပ်များ

ဇန်နဝါရီလ ၆ ရက်နေ ၁၂ ရက်အတွင်း တပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်း အရာတွေကို HI ကစုစည်းဖော်ပြလိုက်ပါတယ်။

ထောင်တစ်သက်ကနေ ၁၅ နှစ်လျှော့လိုက်တဲ့သူတွေထဲ ဒါရိုက်တာရှင်ဒေဝီ ပါဝင်

စစ်ကောင်စီက ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့အဖြစ် နိုင်ငံတစ်ဝန်းမှာ ထောင်ဒဏ်တစ်သက်ချခံထားရတဲ့ သူတွေကိုထောင်ဒဏ် ၁၅ နှစ်လျှော့ပေးလိုက်ရာ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီလည်းပါဝင်ပါတယ်။

မှတ်တမ်းရုပ်ရှင် ဒါရိုက်တာရှင်ဒေဝီဟာ အွန်လိုင်းကမှာယူထားတဲ့ ရိုက်ကူးရေးဒရုန်းကင်မရာတစ်ခု ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က အဝေးပြေး ကားဂိတ်မှာသွားယူတဲ့ အချိန်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

 ပုဒ်မ ၅၀ (ည) နဲ့ အင်းစိန်ထောင်တွင်းအထူးတရားရုံးက ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၀ ရက် နေ့မှာ ထောင်ဒဏ် တစ်သက်ချမှတ်ခဲ့ပါတယ်။

Source -RFA

ပဋိပက္ခတွေ ဖြစ်ပွားရာ ဒေသတွေမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ် ၄၅ သန်းလောက် ကျား-မ အခြေပြု အကြမ်းဖက်မှုဒဏ်ခံနေရ

ကမ္ဘာတဝှမ်း ပဋိပက္ခတွေ ဖြစ်ပွားရာ ဒေသတွေမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ် ၄၅ သန်းလောက် ကျား-မ အခြေပြု အကြမ်းဖက်မှုဒဏ်ခံနေရပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံက ၉ သန်းနီးပါး ပါဝင်တယ်လို့ကုလသမဂ္ဂ လူဦးရေရံပုံငွေအဖွဲ့ UNFPA အာရှနဲ့ ပစိဖိတ်ဒေသရုံးက သတင်း ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေကြားမှာ အမျိုးသမီးနဲ့ မိန်းကလေး ရှစ်သန်း၊ ရှစ်သိန်း (၈,၈၀၀,၀၀၀) လောက် ဟာ အရေးပေါ် အကာအကွယ်လိုအပ်နေတာကို UNFPA က ထောက်ပြထားပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတဝှမ်း ပဋိပက္ခနဲ့ သဘာဝ ဘေးအန္တရာယ်တွေကြား အမျိုးသမီး ၉၂ သန်းလောက်ရဲ့ ဘဝတွေ အတိဒုက္ခရောက်ခဲ့ရတာကို UNFPA အဖွဲ့ရဲ့ ၂၀၂၅ ခုနှစ်အတွက် လူသားချင်းစာနာမှု အကူအညီပေး ရေး ရှေ့ဆက်ဆောင်ရွက်မယ့် အစီအစဉ်ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အမျိုးသမီးတွေရဲ့ မျိုးဆက်ပွား ကျန်းမာရေးနဲ့ အကြမ်းဖက်မှုရန်က ကာကွယ်ရေး ဒေါ်လာဘီလျံ တသန်းလေး သိန်းတောင်းခံထားပြီး မြန်မာနိုင်ငံအတွက် ဒေါ်လာ ၃၉ သန်းလိုအပ်တယ်လို့ဆိုပါတယ်။

Source -VOA Burmese

ရေဦးမှာ စစ်ကောင်စီတပ်ဖွဲ့တွေက အမျိုးသမီးတွေကိုပါပေါ်တာဆွဲလို့ မြို့တဝက်ကျော် တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ် မှာ စစ်ကောင်စီတပ်က အဓမ္မဖမ်းဆီးပြီး စစ်သားစုဆောင်းတာတွေ ဆက်တိုက် လုပ်လာလို့  မြို့ပေါ်ရပ်ကွက်နေ ပြည်သူအများစု ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဒီဇင်ဘာလက ရေဦးမြို့ပေါ် အောင်မင်္ဂလာ၊ အောင်ချမ်းသာ၊ ဇီးခြံ၊ ရွှေပြည်သာ၊ ဗိုလ်အောင်ဇေယျ၊ မကျည်းတော စတဲ့ ရပ်ကွက်တွေက အမျိုးသမီးတွေအပါအဝင် အရပ်သား ၇၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ  လမ်းပေါ်တွေသာမက နေအိမ်တွေထဲထိပါ ဝင်ရောက်ဖမ်းဆီးတာတွေ လုပ် ဆောင်နေပြီး အဲဒီလို ဖမ်းဆီးမှုတွေကြောင့် ရေဦးမြို့ပေါ်မှာရှိတဲ့ အရပ်သားပြည်သူ ၃ ပုံ ၂ ပုံဟာ ဒီဇင်ဘာလ လယ်ကစပြီး ဒီကနေ့ထိ ဘေးလွတ်ရာတွေဆီကို သွားရောက်နေထိုင်နေရတယ်လို့ ဆိုပါတယ်။

Source – မြေလတ်အသံ

စစ်ကောင်စီက မြန်မာပြည်သူများ၊ အမျိုးသမီးနဲ့ ကလေးသူငယ်များ အပေါ် အကြမ်းဖက်မှု ဖိနှိပ်များကို လက်ခံနိုင်ဖွယ်မရှိဟု အီယူ နှင့် အမေရိကန်အပါအဝင် ၉ နိုင်ငံပူးတွဲကြေညာ

အာဏာသိမ်းစစ်ကောင်စီက မြန်မာပြည်သူများအပေါ် ဆက်လက် အကြမ်းဖက်ဖိနှိပ်မှုတွေကို လက်ခံနိုင်ဖွယ်မရှိ ကြောင်းမြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာအကြပ်အတည်း ဖြေရှင်းနိုင်ရေးအတွက် ဥရောပသမဂ္ဂ(EU)ကိုယ်စားအဆင့်မြင့်ကိုယ်စားလှယ်နှင့် အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေး၊ တောင်ကိုရီးယား၊ ဆွစ်ဇာလန်၊ တီမောလက်စတေး၊ ဗြိတိန် နိုင်ငံပေါင်း ၉ နိုင်ငံတို့က ပူးတွဲ ကြေညာ ချက်ကို ဇန်နဝါရီ ၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတဝန်း ပိုမိုဆိုးရွားလာနေသည့် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုအကြပ်အတည်းများအပေါ် အထက် ပါနိုင်ငံများက လွန်စွာစိုးရိမ်ကြောင်းနှင့် လက်ရှိအကြပ်အတည်းသည်အကြမ်းဖက်မှုများ ပိုမိုကျယ်ပြန့်လာ သည့် အပြင် လူမျိုးများအကြား တင်းမာမှုကိုလည်း ပိုမိုမြင့်တက်လာစေကြောင်း ဖော်ပြထားပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အရပ်သားတွေအပေါ် ကျူးလွန်တဲ့နိုင်ငံတကာ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ယုံကြည်ရတဲ့ အစီရင်ခံစာတွေရှိတယ်လို့ ဆိုပါတယ်။

အစီရင်ခံစာမှာ ကလေးငယ်တွေ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ဘာသာရေးလူနည်းစုတွေကို ပြန်ပေးဆွဲခြင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း၊ စစ်တပ်ရဲ့ အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုတွေက အရပ်သား ပြည်သူတွေကို သေကြေစေခြင်း၊ ဒဏ်ရာရစေခြင်းနဲ့အရပ်သား အဆောက်အဦတွေ ထိခိုက်ပျက်စီးခြင်းတွေ ဖြစ်ပေါ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။

ဒါ့အပြင် လိင်ပိုင်းဆိုင်ရာနဲ့ ကျား၊ မအခြေအနေပြု အကြမ်းဖက်ခြင်း၊ နေအိမ်များမီးရှို့မှု၊ လူသားချင်းစာနာမှု ဆိုင်ရာလုပ်သားတွေနဲ့ အကူအညီပစ္စည်းတွေကို တိုက်ခိုက်ခြင်းတို့ကို ကျူးလွန်ခဲ့တယ်လို့ဖော်ပြထားပါတယ်။

စစ်ကောင်စီနဲ့  လက်နက်တပ်ဖွဲ့များစွာက လူသားချင်းနာမှုဆိုင်ရာပေးအပ်မှုများကို ကန့်သတ်မှုတွေပြုလုပ်ခဲ့ တယ်လို့ ပူးတွဲကြေညာထားပါတယ်။

Source – People’s Spring

မန္တလေးတွင် စစ်ကောင်စီက တစ်အိမ်ခြောက်သိန်းကောက်ခံနေပြီး မပေးနိုင်လျှင် အမျိုးသမီးများကိုပါ ဖမ်းဆီးမည်ဟုဆို

မန္တလေးတိုင်း၊ မန္တလေးမြို့တွင် စစ်ကောင်စီက တစ်အိမ်လျှင် ကျပ် သိန်းကောက်ခံနေပြီး မပေးနိုင်သည့် အိမ်များက အမျိုးသမီးများကိုပါ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်မှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

 ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြည်ကြီး တံခွန်၊ အမရပူရနှင့် ပုသိမ်ကြီးမြို့နယ်တို့ရှိ အိမ်ထောင်စု တစ်စုလျှင် တစ်လ ကျပ်ခြောက်သိန်း ပေးရမည်ဖြစ်ပြီး မပေးနိုင်သည့် အိမ်ထောင်စုမှ အမျိုးသမီးများပါး ဖမ်းဆီးမည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

မဟာအောင်မြေမြို့နယ်မှာလည်းညဘက်ဧည့်စာရင်းစစ်တာတွေရှိပြီ အိမ်ထောင်စုထဲမပါတာ မထည့်ထား တာမျိုးဆို မိန်းကလေးဖြစ်ဖြစ်ယောင်္ကျားလေးဖြစ်ဖြစ် အကုန် ခေါ်သွားပြီး ပြန်ရွေးငွေ ၅၀၊ ၆၀ ပေးရင်တော့ ပြန်လာကြတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Source – Myanmar Press Photo Agency

ပုဏ္ဏားကျွန်း လေကြောင်းတိုက်ခိုက်မှု အမျိုးသမီး ၄ ဦး သေဆုံး

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်၊ အင်ဇုံပြင်ကျေးရွာနဲ့  တောင်ပေါက်အနီးနားကို စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် တောင်ပေါက်အနီးမှာ မွတ်ဆလင်အမျိုးသမီး နှစ်ဦးနဲ့ကလေးငယ်တစ်ဦး၊ အင်ဇုံပြင် ကျေးရွာအနီးမှာအသက် (၁၇) နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးသွားတဲ့အမျိုးသမီးတွေကအင်ဇုံပြင်ကျေးရွာမှ မဇင်မာခိုင် (၁၇) နှစ်၊ ကျောက်တော်မြို့နယ်၊  ဝကင်း မွတ်ဆလင်ကျေးရွာမှ မရာဟနော်ဒီလ် (၁၂ )နှစ်၊ ဒေါ် ဂျော်နာဘေလ်ကောလ် (၄၅) နှစ်၊ မဂျော် (၄၅) နှစ် တို့ဖြစ်ပါတယ်။

ရခိုင်မှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့အတွက်စစ်ကောင်စီထိန်းချုပ် ထားဆဲဖြစ်တဲ့ စစ်တွေ မြို့နယ်အနီး၊ ပုဏ္ဏားကျွန်းမြိုနယ်အစပ်က ကျေးရွာအချို့မှာ ဖုန်းလိုင်းအချို့ရရှိသဖြင့် ဒေသခံတွေဟာ အဆိုပါ နေရာတွေကိုသွားရောက်ပြီး ဖုန်းပြောကြတာဖြစ်ပါတယ်။

Source – DMG

အကျဉ်းထောင် ၂၀ မှ နိုင်ကျဉ်း ၁၈၁ ဦး လွတ်မြောက် အမျိုးသမီး ၈၀ ပါဝင်

၂၀၂၅ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကောင်စီရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်မှာ အကျဉ်းထောင် ၂၀ မှ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၁၈၁ ဦး လွတ်မြောက်လာခဲ့ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ စာရင်းအရ အမျိုးသား စုစုပေါင်း ၁၀၁ ဦးနှင့် အမျိုးသမီး စုစုပေါင်း ၈၀ လွှတ်မြောက်လာတာဖြစ်ပါတယ်။

ပြန်လွတ်လာသည့် သူတွေထဲမှာ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ – ၃၃ (က) နဲ့ ထောင် ဒဏ် ငါးနှစ် ချမှတ်ခံခဲ့ရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်လည်း ပါဝင်ပါတယ်။

Source – Mizzima

မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) နှစ် ၃၀ ပြည့်အထိမ်းအမှတ် ချင်းမိုင်တွင်ကျင်းပ

မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ဖွဲ့စည်းတည်ထောင်တဲ့ နှစ် ၃၀ ပြည့်အထိမ်းအမှတ်နဲ့ Honest Information မီဒီယာ တည်ထောင်တဲ့ ၁၀ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားတရပ်ကို ဇန်နဝါရီ ၇ ရက်က ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ ကျင်းပပါတယ်။

BWU နှစ် ၃၀ ပြည့် ပုလဲရတုအခမ်းအနားကိုတော့ “We dare, we challenge Patriarchy” (ဖိုဝါဒကြီးစိုးမှုကို ငါတို့ ရဲရဲဝံ့ဝံ့ စိန်ခေါ်တယ်) ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။

Source – DVB

Author:

Related Articles