Home သတင်း ကောလင်းနယ်က ကြယ်နှစ်ပွင့်

ကောလင်းနယ်က ကြယ်နှစ်ပွင့်

နွေဦးမောင်။ ။

“အများအားဖြင့် ကျွန်တော်က ရဲဘော်တွေကျဆုံးရင် အကျယ်တစ်ဝင့် ရေးလေ့ရေးထမရှိဘူး။ ဒါစစ်ပွဲပဲ။ စစ်မှာထိခိုက်မှုတွေက အများကြီးရှိမယ်လို့ တွေးခဲ့တဲ့လူမျိုး။ အခုအဖြစ်အပျက်မှာတော့ ကျွန်တော်ခံစားရတာလေး ချရေးဦးမယ်”

အထက်ပါကဲ့သို့ ရင်ဖွင့်ထားသူမှာ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အခြေပြု Kawlin Revolution-KR မှတော်လှန်ရေးရဲဘော်တစ်ဦး ဖြစ်သည်။

၎င်းရင်ဖွင့်ထားသည့်အကြောင်းအရာမှာ ဇန်နဝါရီ ၇ ရက်က တော်လှန်ရေးရဲဘော် အမျိုးသမီးနှစ်ဦး ကျဆုံးခဲ့သောဖြစ်စဥ်အား ရည်ညွှန်းထားခြင်း ဖြစ်သည်။

ထိုနေ့က ကောလင်းမြို့အနီးဝန်းကျင်မှ ကျေးရွာများသို့ စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့်စစ်ကြောင်းထိုးခဲ့သည်။

သို့ကြောင့် စစ်ကြောင်းလာရာလမ်းတွင် မိုင်းဆွဲတိုက်ခိုက်ရန် တော်လှန်ရေးရဲဘော်နှစ်ဦးက ပြင်ဆင်ခဲ့သည်။

အဆိုပါ ရဲဘော်နှစ်ဦးမှာ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် စုစုရည်နှင့် ရဲဘော် နှင်းဆီဖြူတို့ဖြစ်သည်။

သူတို့နှစ်ဦးသည် ယခုစစ်ဆင်ရေးအပါ အဝင် စစ်ကောင်စီတပ်အား တိုက်ခိုက်သည့် မိုင်းစစ် ဆင်ရေးများ၌ရှေ့တန်းမှ ပါဝင်ခဲ့သူများဖြစ်၏။

သူတို့နှစ်ဦးသည် မနက် ၉ နာရီကျော်လောက်ထဲက ရွာစဥ်ပတ်မွှေနေသော စစ်အုပ်စုအား တိုက်ခိုက်ရန်ကြံရွယ်ပြီးဆိုင်ကယ်တစ်စီးကို နှစ်ယောက်စီး၍ ထွက်လာခြင်းဖြစ်၏။

သူတို့က စစ်ကြောင်းရှေ့သို့ အလျင်ရောက်အောင်သွား၍ လမ်းခုလပ်၌ မိုင်းဆင်ထားမည်ဟု ကြံဆခဲ့ကြောင်း KR Team မှ တော်လှန်ရေးရဲဘော်တစ်ဦးက ရှင်းပြသည်။

သို့သော် ထိုတော်လှန်ရေး ရဲဘော်အမျိုးသမီးနှစ်ဦးအကြံ အထမမြောက်ခဲ့ပေ။ အကြောင်းမှာ ၎င်းတို့နှစ်ဦး ကောလင်း-ဥက္ကံလမ်းအတိုင်း ဆိုင်ကယ်ဖြင့်လာစဥ် မင်းတဲကြီးရပ်ကွက်အရောက်၌ စစ်ကောင်စီတပ်၏ကြိုပွိုင့်နှင့်ထိပ်တိုက်တိုးခဲ့၍ ဖြစ်သည်။

ထိုအခါ စစ်ကောင်စီတပ်က သူတို့ဆိုင်ကယ်အား တားပြီး စစ်ဆေးမည်လုပ်သည်။ အ​ခြေနေကို ရိပ်မိသော ရဲဘော်နှစ်ဦးသည် ဆုံးဖြတ်ချက်တစ်ခုအား အလျှင်အမြန်ချခဲ့ဟန်တူကြောင်း ၎င်းတို့၏ရဲဘော်ရဲဘက်များကတွက်ဆသည်။

ထို့ကြောင့် တိုးကပ်လာသည့် စစ်ကောင် စီတပ်သားတစ်ချို့ သူတို့အနီးရောက်လာချိန်တွင် အသင့်ပါလောသောရီမုဖြင့် ဆိုင်ကယ်တူးဘောက်စ်ထဲက မိုင်းကို ဖောက်ခွဲလိုက်တော့သည်။

“လေးစားပါတယ် ရဲဘော်။ အသက်နဲ့ရင်းပြီးတော်လှန် ရေးကို ဖော်ဆောင်ခဲ့လို့။ အမျိုးသမီးတွေက အားနွဲ့တယ်တဲ့။ ဘယ်နားများ အားနွဲ့သွားသလည်းဗျာ။ ခိုင်မာတဲ့ယုံကြည်ချက်၊ တော်လှန်ရေးဆိုတဲ့အတွေး၊ ငါလုပ်မှရမယ်ဆိုတဲ့ ဆုံးဖြတ်ချက် ခိုင်မာလွန်းခဲ့တယ် ရဲဘော်။

နောက်ဆုံးချိန်မှာ လက်သုံးချောင်ထောင်ဖို့ ခင်ဗျားတို့ကြိုးစားခဲ့သေးတယ်ဆို”ဟု Kawlin Revolution-KR ကရေးသားဖော်ပြသည်။

အထက်ပါဖြစ်စဥ်အား စစ်ကောင်စီတပ်အားပေးထောက် ခံသူများက ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်များ၌ ရေးသားဖော်ပြရာတွင် မိုင်းဆင်ရင်း မတော်တဆဖြစ်ကာ ပေါက်ကွဲပြီး နှစ်ဦးသေဆုံးသည်ဟု ဆိုကြသည်။

အလားတူ အချို့ဖော်ပြမှုများမှာ ဆိုင်ကယ်အား စစ်ဆေးမခံဘဲ ထွက်ပြေးသောကြောင့် (သူတို့အခေါ်)လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ရလေဟန် ဖော်ကျူးကြသည်။

မြေပြင်အခြေအနေမှာ ထိုသို့မဟုတ်ခဲ့ပါ။ ၎င်းကို ကောလင်းမြို့နယ်ပြည်သူများနှင့် တော်လှန်ရေးအဖွဲ့အစည်းများအားချိတ်ဆက်၍ မြေပြင်သတင်းမှန်များဖော်ပြနေသော KR Team က ယခုကဲ့သို့ မှတ်ချက်ပေးသည်။

“မိုင်းက မတော်တစ်ဆ ထကွဲတာ မဟုတ်ပါဘူး။ သိထားသလောက် မလွတ်နိုင်တော့လို့ လုပ်လိုက်တာပါ”

မည်သို့ဆိုစေ မြန်မာပြည်သူများဆင်နွှဲလျှက်ရှိသော စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းမည့် နွေဦးတော်လှန်ရေးတွင် ကောလင်းမြို့နယ်သူ တော်လှန်အမျိုးသမီးနှစ်ဦးက ၎င်းတို့အသက်ကို ပဓာနမထားဘဲ ပြောင်မြောက်သောသတ္တိခွန်အားတို့ဖြင့် ပေးဆပ်ခဲ့ကြပြီ ဖြစ်ပါသည်။

Photo – Supplied
Photo – Supplied

အထက်ပါ တော်လှန်ရေးကြယ်ပွင့် အမျိုးသမီးနှစ်မှာ အသက်အရွယ်အားဖြင့် အမေနှင့် သမီးပမာ ကွာခြားလွန်းလှသည်။

အကြောင်းမူ ရဲဘော် စုစုရည်(ဒေါ်)သည် ကျဆုံးချိန်တွင် အသက် (၄၅)နှစ်ရှိပြီဖြစ်ပြီး ရဲဘော် နှင်းဆီဖြူ(မ)မှာအသက် (၂၀)သာ ရှိသေးသည်။

ဒေါစုစုရည်သည် ကေားလင်းမြို့နယ် ကောင်းမြို့သူတစ်ဦးဖြစ်ပြီး သူ့တွင် (၁၉)နှစ်အရွယ်သားတစ်ဦး ကျန်ရစ်ခဲ့သည်။ ထို့အတူ သူ့တွင် အသက် (၇၀)အရွယ် မိခင်အိုတစ်ဦးလည်း ရှိနေသေးသည်။ သူ့သားမှာ ၁၀ တန်းအောင်ထားပြီ ဖြစ်သည်။

လက်ရှိတွင်တော့ ကောင်းမြို့ရှိ ဒေါ်စုစုရည်၏နေအိမ်အား စစ်ကောင်စီတပ်က မိမိအသက်ကိုစတေးကာ မိုင်းဖောက်ခွဲမှုလုပ်ဆောင်ပြီးနောက်တစ်ရက် ဇန်နဝါရီ ၈ ရက်နေ့ကပင် နေအိမ်အား ချိတ်ပိတ်ခံလိုက်ရသည်။ ထို့ကြောင့် သူ့မိခင်နှင့် သူ့သားလေးမှာ စစ်ကောင်စီတပ်ရန်ကြောင့် ဘေးလွတ်ရာ ရှောင်နေရသည်။

သူတို့ မြေးအဖွားကို ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ရှိသူများက စောင့်ရှောက်ပေးထားသည်ဟု ကောလင်းမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရဲဘော် နှင်းဆီဖြူ(မ)မှာမူ မိဘနှစ်ပါးလုံး မရှိတော့ပေ။ သူ့တွင် မိသားစုဝင်သုံးဦးကျန်ရစ်ခဲ့သည်။ ကောလင်းမြို့နယ်သူတစ်ဦးဖြစ်ပြီး NUG အစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ ကြားကာလပညာရေးအစီအစဥ်မှ တက္ကသိုလ်ဝင်တန်းဖြေဆိုရန် လျှောက်လွှာ(Form)တင်ထားဆဲ ကျောင်းသူတစ်ဦး ဖြစ်၏။

သူသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် (၁၁)လပိုင်းတွင်မှ တက္ကသိုလ်ဝင်တန်းဖြေဆိုရန် လျှောက်လွှာတင်ခဲ့ခြင်းဖြစ်သည်။ ယခုမူ တော်လှန်ရေးတွင် အသက်ပေးသွားရ၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ဖြေဆိုနိုင်တော့မည်မဟုတ်ပါပေ။

ကောလင်း(ပကဖ)နှင့် KR Team တို့၏ ပြောဆိုမှုများအရ ဒေါ်စုစုရည်မှာ နွေဦးတော်လှန်ရေးကာလ အစောပိုင်းကထောက်ပို့ရဲဘော်တစ်ဦးအဖြစ် ပါဝင်ခဲ့သူဖြစ်သည်။ ထောက်ပို့ရဲဘော်အဖြစ်မှတဆင့် ယခုနောက် ပိုင်းတွင်တိုက်ခိုက်ရေးရဲဘော်အဖြစ် ကိုယ်တိုင်ပါဝင်ခဲ့သူ ဖြစ်၏။

တိုက်ခိုက်ရေးဘက် ရောက်လာချိန်တွင် သူနှင့် ရဲဘော် နှင်းဆီဖြူတို့ ပူးပေါင်း၍ မိုင်းစစ်ဆင်ရေးများ လက်တွဲလုပ်ဆောင်ခဲ့ကြဖူးသည်။

ယင်းစစ်ဆင်ရေးများအနက် ယခုနောက်ဆုံးစစ်ဆင်ရေးမတိုင်မီ လုပ်ဆောင်ခဲ့သော ကောလင်း အ.ထ.က (၂)နှင့်ပြည်သူ့ပန်းခြံအနီး မိုင်းဆွဲမှုမှာ လူသိများသည်။

ထိုမိုင်းစစ်ဆင်ရေးတွင် ကောလင်းထွေအုပ်ရုံးမှ ထွက်လာသော စစ်ကောင်စီတပ်သားငါးဦးအနက် နှစ်ဦးသေ ဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ယခုနောက်ဆုံး စစ်ဆင်ရေးဖြစ်သည့် ဇန်နဝါရီ ၇ ရက် မင်းတဲကြီးရပ်ကွက် အသေခံမိုင်းဖောက်ခွဲမှုတွင်လည်း စစ်ကောင်စီတပ်သားအချို့ ထိခိုက်မှုရှိခဲ့သည်။ သို့သော် အရေအတွက် အတိအကျအား မသိရသေးပေ။

မည်သို့ရှိစေ တော်လှန်ရဲဘော် စုစုရည်(ဒေါ်)နှင့် ရဲဘော် နှင်းဆီဖြူ(မ)တို့၏ စစ်ကောင်စီတပ်အား အနိုင်မခံ အ ရှုံးမပေး ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ပုံမှာ ခင်များတို့ သတ္တိရှိကြစမ်းပါဟု ပြောနေသည့်အလား ယောကျ်ား(အမျိုးသား) တန်မဲ့ရှက်ရွံ့မိကြောင်း KR Team မှ တော်လှန်ရေးရဲဘော်တစ်ဦးက ရင်ဖွင့်သည်။

ထို့အပြင် သူက “အမျိုးသမီးတွေဖြစ်ပေမယ့် ကျွန်တော်တို့ကို မီးမောင်းထိုးပြသွားတယ်။ အလုပ်နဲ့ သက်သေပြခဲ့တယ်”ဟု ထုတ်ဖော် ချီးကျူးလိုက်ပါတော့သည်။

Author:

Related Articles