နှစ်စဉ်နိုဝင်ဘာ (၂၅) ရက်နေ့ကနေ ဒီဇင်ဘာလ (၁၀) ရက်နေ့အထိဟာ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာကာလဖြစ်ပါတယ်။ ဒီကာလအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနဲ့ ပတ်သက်တဲ့ကမ်ပိန်းတွေ၊ အသိပညာပေး ဟောပြောပွဲတွေ နိုင်ငံတဝှမ်းမှာဆောင်ရွက်နေကြပါတယ်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေပပျောက်စေဖို့အတွက် အမျိုးသားတွေရဲ့ အခန်းကဏ္ဍကလည်းအလွန်အရေးပါ ပါတယ်။ အဲ့ဒါကြောင့် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဆိုတာကို ဘယ်လိုနားလည်ထားလဲ၊ အမျိုး သားတစ်ဦးအနေနဲ့ အမျိုးသမီးတစ်ဦး ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရတဲ့အကြောင်းကြားသိရတဲ့ အခါဘယ်လိုခံစားရလဲ၊ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဘာကြောင့်အကြမ်းဖက်မှုတွေပိုမိုခံစားနေကြရတယ်လို့ထင်လဲ၊ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ပပျောက်အောင် ဘယ်လိုတွေပူးပေါင်း လုပ်ဆောင်သင့်လဲဆိုတာကို အမျိုးသားတွေရဲ့ အမြင်သဘောထားနဲ့ စကားသံတွေကို HI ကစုစည်းတင်ဆက်ပေးလိုက်ပါတယ်။
ကိုတင့်ဇော်ဟိန်း
နွေဦးဂုရုလေးများအဖွဲ့ တည်ထောင်သူ
အကြမ်းဖက်မှုဆိုတာက စိတ်ပိုင်းရုပ်ပိုင်းနှစ်ခုဖြစ်တယ်။ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ရုပ်ပိုင်းဆိုင်ရာအကြမ်း ဖက်မှုပုံစံနှစ်ခုနဲ့ အကြမ်းဖက်တာဖြစ်တယ်။ လူရယ်လို့ဖြစ်လာရင် ကျွန်တော်တွေခဲ့ရတာက အမျိုးသမီးအချင်း ချင်းလည်းအကြမ်းဖက်နိုင်တယ်။ အမျိုးသားအချင်းချင်းလည်းအကြမ်းဖက်နိုင်တယ်။ အမျိုးသား အမျိုးသမီးအ ပြန်အလှန်အကြမ်းဖက်ကြတာလည်းရှိတယ်။ ဘယ်လိုပဲ အကြမ်းဖက်အကြမ်းဖက် အမျိုးသားအချင်းချင်းပဲဖြစ် ဖြစ် အမျိုးသမီးအချင်းချင်းပဲဖြစ်ဖြစ် ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်တော့မယ်ဆို ဒါတွေက မရှိ သင့်တော့ဘူး။ တဖက်သားအပေါ်မှာ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေက မရှိသင့်ဘူးလို့ ကျနော်အနေနဲ့ ခံစားရတယ်။ ယုံကြည်တယ်။
အမျိုးသမီးတွေကဒီနိုင်ငံမှာ အဓိက culture(ရိုးရာပုံစံ) အရတစ်ခုပါမယ်။ သူ့ရဲ့ physical (ရုပ်ပိုင်းဆိုင်ရာ) တည် ဆောက်မှုပုံစံအရတစ်ခုပါမယ်။ လူမှုစီးပွားတည်ဆောက်မှုအရကိုအမျိုးသမီးတွေက passive လိုဖြစ်နေတာ။ အဲ့ဒီလိုပုံစံမျိုးဖြစ်နေတဲ့အတွက် အမျိုးသမီးတွေကပိုအားနည်းပြီး အနိုင်ကျင့်ခံရတဲ့ပုံစံမျိုးဖြစ် နေတယ်။ အဓိက ပပျောက်ဖို့ဆိုတာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ အချိန်အကြာကြီး ယူရလိမ့်မယ်ထင်တယ်။ ငယ်စဉ်ကတည်း ကသင်ကြားပေးရမယ့် အတတ်ပညာလို့မြင်တယ်။ မူလတန်းအဆင့် အဲ့ဒီလိုအဆင့်တွေကတည်း အကြမ်းဖက်မှုဆိုတာတွေကို သင်ကြားပေးမှ ရေရှည်မှာ ပပျောက်သွားလိမ့်မယ်။ ရေတိုမှာတော့ အရေးယူတာတွေ အကာအကွယ်ပေးတာတွေ ထိထိရောက်ရောက် အသိပညာပေးတာတွေကပဲ ဖြေလျော့ပေးသွားလိမ့်မယ်လို့ ကျနော်မြင်ပါတယ်။
ဒေမီယံ ( Audio Engineer)
အကြမ်းဖက်မှုဆိုရာမှာ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ရုပ်ပိုင်းဆိုင်ရာအကြမ်းမှုဆိုပြီး နှစ်မျိုးရှိပြီး လူသားမျိုးနွယ်ဟာ ရိုင်းစိုင်းတဲ့သဘောရှိတဲ့အတွက်အကြမ်းဖက်မှု ကျူးလွန်သူတွေဟာ အမျိုးသားများတင်မဟုတ်အမျိုး သမီးများလည်း ပါဝင်တတ်ကြပါတယ်။ ဥပမာပြောရရင်အိမ်တွင်းအကြမ်းဖက်မှုတွေမှာ အမျိုးသမီးရော အမျိုး သားများပါကျူးလွန်သူသော်လည်းကောင်း၊ ကျူးလွန်ခံရသူသော်လည်းကောင်း ဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် မြန်မာ့ဓလေ့ထုံးတမ်းစဥ်လာနဲ့ လူသားတို့ရဲ့သမိုင်းဖြစ်စဥ်အရ ဖိုဝါဒကြီးစိုးခဲ့တဲ့အတွက် အမျိုးသမီးတွေအပေါ် ဖိနှိပ်မှုနဲ့ အကြမ်းဖက်မှုတို့ပိုမိုဖြစ်ပွားကြောင်း လေ့လာသိရှိနိုင်ပါတယ်။ အသိပညာနည်းပါးပြီး ဆင်ခြင်တုံတရား အားနည်းသောလူ့အဖွဲ့အစည်းမှာနှုတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း၊ ရုပ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားနှောင့်ယှက်မှုအကြမ်းဖက်မှုတို့သည် အမျိုးသမီးတို့အပေါ် အကျိုးသက်ရောက်မှု ကြီးကြပါတယ်။
အမျိုးသားများစွာရှိတဲ့အနက် ကိုယ်ကျင့်တရားနဲ့ စာရိတ္တကောင်းမွန်တဲ့ အမျိုးသားတွေဟာ အမျိုးသမီးတွေကို ရုပ်ပိုင်းဆိုင်ရာသော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာသော်လည်းကောင်း ထိခိုက်ခံစားရတာကို ကြားသိရရင် မတရားမှုဖြစ်တဲ့အတွက်အကျိုးသက်ရောက်မှုကြီးစွာတန်ပြန်သက်ရောက်မှုကို မဆောင်ရွက်နိုင်သည့်တိုင် အောင်အလားတူဖြစ်ရပ်များ မဖြစ်ပွားစေရန် မိမိတို့ရှင်သန်ရာလူ့အဖွဲ့အစည်း ပတ်ဝန်းကျင်အတွင်းမှာ ထိန်းသိမ်း ကြပါလိမ့်မယ်။
မြန်မာ့လူ့အဖွဲ့အစည်းဟာ ဖိုဝါဒအစဥ်အဆက်ကြီးစိုးခဲ့တာဖြစ်တဲ့အတွက် ယောကျ်ားများမိန်းမထက်ဖြစ်တည်မှု အရမြင့်မြတ်တယ်ဆိုတဲ့ အစွဲအလမ်းအယူအဆတွေကြောင့် အမျိုးသမီးတွေရဲ့ တွေးခေါ်နိုင်စွမ်း ဦးဆောင်နိုင်မှုနဲ့ လုပ်ဆောင်နိုင်စွမ်းအပေါ်သံသယရှိကြသည့်ဓလေ့ရှိသည်ဖြစ်ရာ ကြာလာတဲ့အခါမှာ ဒီဓလေ့ဟာ နှိမ့်ချဆက်ဆံ တဲ့အဆင့်ထိ ရောက်ရှိသွားပါတယ်။ အဲ့ဒီအခါ ဓလေ့အစွဲအလမ်းစရိုက်တို့ကြောင့် လူ့အဖွဲ့အစည်းအတွင်း ဘေး ထွက်ဆိုးကျိုးများ ဖြစ်လာကြပါတယ်။ အကြမ်းဖက်မှုဆိုရာမှာ အမျိုးသမီးများ ပေါ်တွင်သာမက အမျိုးသားများ၊ LGBTQ+ များအပေါ်တွင်ပါ ပပျောက်ရေးကို ဂရုစိုက်ကြဖို့သင့်ပါတယ်။ မည်သည့်လိင်အမျိုးအစား အပေါ်တွင် မဆို ကျူးလွန်သည့် အကြမ်းဖက်မှုမှန်သမျှသည်ယဥ်ကျေးမှုရှိသော လူ့အဖွဲ့ အစည်းအတွင်း၌ လက်ခံနိုင်စရာ မရှိတဲ့လုပ်ရပ်ဖြစ်တဲ့အတွက် လူသားများအား လူ့အခွင့်အရေးနဲ့ ကိုယ်ချင်းစာ တရားထားရှိတတ်သော၊ ကြင်နာ သနားတတ်သော စိတ်ဓာတ်ကို အခြေခံပညာအဆင့်မတိုင်မီကပင် မိဘများမှသော်လည်းကောင်း၊ ကျောင်းနေ စဥ်အရွယ်ပညာရေးမှသော်လည်းကောင်း ပြုစုပျိုးထောင် သင်ကြားပေးမှသာ မည်သည့် လိင်အမျိုးအစား အတွက်မဆို အကျိုးဖြစ်ထွန်းမှာဖြစ်တယ်။ လက်ရှိဖြစ်ပွားနေသော ကိစ္စရပ်တွေအတွက်လည်း အစဥ်အလာ အရိုးစွဲလာခဲ့တဲ့ ဓလေ့နဲ့အမြင်တို့ကို တော်လှန်နိုင်တဲ့ဥာဏ်ပညာနဲ့ ဦးဆောင်တဲ့ ယဥ်ကျေးမှုတော်လှန်ရေးတရပ် ပေါ်ပေါက်ရန်လိုပါတယ်။
ကိုမင်းနီကျော် ( Researcher)
အကြမ်းဖက်မှုဆိုတာ တစ်ဖက်သူရဲ့ သဘောဆန္ဒမပါတဲ့ကိစ္စတွေကိုခြိမ်းခြောက်ပြီး အတင်းအကျပ်ရယူတာလို့ ပြော ချင်ပါတယ်။ ဒီလိုအတင်းအကျပ်ဆိုတာက ကိုယ်ထိလက်ရောက်ပြုမှုတာတွေလည်းပါသလို စိတ်ကိုအနိုင် ကျင့်နှိပ်စက်တာတွေလည်း ပါဝင်ပါတယ်။ ကိုယ်ထိလက်ရောက်ပြုမူတာ၊လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာ၊နှုတ်နဲ့ နှိမ့်ချပြောဆိုတာ၊ခန္ဓာကိုယ်အပေါ်ကဲ့ရဲ့တာ၊လူမှုကွန်ရက်မှာကဲ့ရဲ့ရှုတ်ချတာ၊သဘောမတူဘဲဖြန့်ဝေတာတစ်ကိုယ် ရည်ကိစ္စတွေကိုအရှက်ရအောင်ဖြန့်ဝေတာ၊ ရိုးရာစံနှုန်းတွေနဲ့ ခွဲခြားဆက်ဆံတာ၊ မိသားစုစီမံခန့်ခွဲမှုမလုပ်နိုင် အောင်ငွေကြေးကိုသိမ်းယူတာ၊ လုံလောက်တဲ့ထောက်ပံမှု မပေးတာတွေ ပါဝင်တယ်လို့ မြင်တယ်။
အဓိကကတော့ ဂျန်ဒါအခြေပြုအကြမ်းဖက်မှု(GBV )တွေမှာ မိသားစုဝင်ငွေတွေအပေါ်အမျိုးသမီးတွေစီမံမှုမရ တာတွေ တော်တော်များများတွေ့ရပြီး အမျိုးသမီးတွေရဲ့ ယုံကြည်မှုကိုထိခိုက်စေတယ်လို့မြင်တယ်။ ကျား-မစံ နှုန်းတွေကိုနားလည်ပြီးကိုယ်ချင်းစာတရားထားတတ်တဲ့အမျိုးသားတွေအတွက်တော့ အမျိုးသမီးတစ်ဦးထိခိုက် ခံစားရပြီဆိုတာနဲ့ အချိန်သိပ်မကြာပဲသိရှိခံစားနိုင်ပါတယ်။ ဒါပေမဲ့အမျိုးသားတွေရဲ့ အစဉ်အလာနဲ့ မှားယွင်းတဲ့ အတွေးအမြင်တွေက အမျိုးသမီးတွေရဲ့ ထိခိုက်ခံစားရမှုကို မြင်တွေ့ခံစားနိုင်ဖို့ အတားအစီးတွေ ဖြစ်နေပါတယ်။ အမျိုးသမီးတစ်ဦး ထိခိုက်ခံစားရတာတယ်ဆိုတာ ကိုယ်တိုင်ခံစားရသလိုပါပဲ။ အဖြစ်အပျက် အပြင်းအပျော့ပေါ် မူတည်ပြီးသူတို့နဲ့ အတူထပ်တူခံစားရတယ်။ ကိုယ်တိုင်အတွေ့အကြုံတွေအရဆိုရင် တက်နိုင်သလောက်ကူညီ တယ်။ အဖြေရှာကြည့်တယ်။ ကူညီရေးအဖွဲ့တွေကို ဆက်သွယ်ပေးတယ်။ အကူအညီတောင်းတယ်။ ဖော်ထုတ် ပြောဆိုနိုင်ဖို့ စည်းရုံးတယ်။ ဒဏ်ရာထပ်မရရအောင် နွေးထွေးပေးပါတယ်။ အမျိုးသမီးတွေကအမျိုးသားတွေ ထက်ဘာကြောင့်အကြမ်းဖက်မှုတွေ ပိုမိုခံစားနေကြရလဲဆိုရင် ဒါက အမျိုသမီးအမျိုးသား အားလုံးလက်ခံထား တဲ့ စံသတ်မှတ်ချက်တွေကြောင့်လို့ထင်တယ်။ အမျိုးသမီးတွေက အားနည်းသူတွေ အရာရာ အားလုံး စွမ်းနိုင်တဲ့ သူတွေမဟုတ်ဘူးလို့ ထင်မြင်မှုတွေကြောင့်ပါ။ ဒါ့အပြင်ယဉ်ကျေးမှုနဲ့ လူ့အဖွဲ့အစည်းတွေရဲ့ စံနှုန်းတွေကြောင့် လည်း အခုလိုအကြမ်းဖက်ခံနေရတာလို့ မြင်ပါတယ်။
မြန်မာနိုင်ငံအတွက်ဆိုရင် ပြုပြင်စရာတွေ အများကြီးပါပဲ။ အဲဒီထဲက အရေးကြီးတယ်လို့ မြင်တဲ့အချက်က အမျိုး သမီးတွေဟာ လူသားတစ်ဦးဖြစ်ပြီး လိင်ကွဲပြားမှုက အဓိကမကျပါဘူး။ မျိုးဆက်ပွားမှုတာဝန်ကို ထမ်းဆောင် နေတဲ့ လူသားတစ်ဦးပဲဖြစ်ပါတယ်။ ဒါကြောင့် လိင်နဲ့ပတ်သက်တဲ့စံသတ်မှတ်ချက်တွေကို ကျော်လွန်တွေးခေါ် နိုင် အောင် အမျိုးသမီးအမျိုးသား နှစ်ဖက်စလုံးကိုအသိပညာ ဖြန့်ဝေမှုတွေလုပ်သင့်တယ်။ လုပ်ငန်းခွင်မှာ အခွင့် အရေး အတူတူပေးပြီးမျှတမှုအတွက် ဆောင်ရွက်ပေးဖို့လိုပါတယ်။ ဒါပေမဲ့လိင်အမျိုးအစား အတူတူတွေမှာ လည်းအကြမ်းဖက်တာတွေရှိတော့ လုပ်ငန်းခွင်ပဲဖြစ်ဖြစ် နိုင်ငံတစ်နိုင်ငံအတွက်ပဲဖြစ်ဖြစ်စည်းကမ်းသတ်မှတ် ချက်တွေကို သေချာလေ့လာပြဌာန်းထားဖို့လိုမယ်လို့ မြင်ပါတယ်။
ကိုမိုးနိုင် ( ဝန်ထမ်း)
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဆိုတာ ရုပ်ပိုင်းဆိုင်ရာအားဖြင့်၊ စိတ်ပိုင်းဆိုင်ရာအားဖြင့် ဖိအားပေးနှိပ်စက် အနိုင်ကျင့်တာလို့ကျနော်နားလည်ထားပါတယ်။ အကြမ်းဖက်မှုဆိုကတည်းက သိသာထင်ရှားတဲ့ ကိုယ်ထိ လက် ရောက်ရိုက်နှက်နှိပ်စက်တာကတော့မဖြစ်မနေပါဝင်ပါတယ်။ ပြီးတော့ရိုက်နှက်မယ်လို့ ခြိမ်းခြောက် ပြောဆိုတာ၊ အလိုမတူတဲ့ ကိစ္စတခုခုကို စိတ်ပိုင်းဆိုင်ရာအားဖြင့် ဖိအားပေးတာ၊ မိမိမှာရှိတဲ့ အာဏာ လုပ်ပိုင်ခွင့်ကိုအသုံးချ ပြီးအကြပ်ကိုင်တာ၊ လိင်အမြတ်ထုတ်တာတွေပါဝင်တယ်လို့ မြင်ပါတယ်။ အမျိုးသမီးတစ်ဦး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံရတယ်ကြားရင် ပထမဆုံး ကျူးလွန်ခံရသူအမျိုးသမီးကိုကျနော်တို့ ဝိုင်းဝန်းဖေးမကြဖို့၊ စာနာနားလည်ပေးဖို့ အရေးကြီးပါတယ်။ မဟုတ်ရင် “မိအေး နှစ်ခါနာ”ဆိုတဲ့ အဖြစ်မျိုးကြုံရလိမ့်မယ်။
တဆက်တည်း ကျူးလွန်သူကို ထိထိရောက်ရောက် အရေးယူနိုင်ရေးကိုလည်းတက်နိုင်တဲ့နေရာကကူညီရပါမယ်။ အဲဒီလိုမဟုတ်ဘဲ ကျူးလွန်လည်းဘာအရေးယူမှုမှမခံရရင် သူကိုယ်တိုင်နောက်တစ်ကြိမ်ကျူးလွန်ဖို့ ဝန်လေး တော့မှာမဟုတ်သလိုနောက်ထပ်ကျူးလွန်မယ့်လူတွေအတွက်လည်း တွန်းအားတစ်ခုဖြစ်သွားနိုင်တယ်။ တကယ်တော့ဒီကိစ္စတွေကအတော်လေးသိမ်မွေ့ပါတယ်။ အထူးသဖြင့် အိမ်တွင်းအကြမ်းဖက်မှုလိုမျိုး ကိစ္စတွေဆိုရင် ကျုးလွန်သူက ကိုယ့်မိသားစုဝင်ဖြစ်လို့ အမျိုးသမီးတွေကိုယ်တိုင်ကဖွင့်ပြောဖို့ဝန်လေးတယ်။ တိုင်လိုက်ပြီဆိုရင် တောင် ထိထိရောက်ရောက်အရေးမယူနိုင်ဘူးဆိုရင် တိုင်ရမလားဆိုပြီး အသက်အန္တရာယ်ကိုရန်ရှာနိုင်တယ်။ အမျိုးသမီးတွေဟာသဘာဝခန္ဓာကိုယ်ဖွဲ့စည်းပုံအရအမျိုးသားတွေထက်ခွန်အားနည်းတယ်အမျိုးသားချင်းတောင်အားကြီးသူကအားနည်းသူကိုအနိုင်ကျင့်ဖိနှိပ်တာတွေရှိနေတုန်းပဲဆိုရင်အမျိုးသမီးတွေအဖို့တော့အကြမ်းဖက် ခံရနိုင်ချေများပါတယ်။
ပညာရေးနဲ့လည်းဆိုင်တယ်လို့တော့ သာမန်အားဖြင့်ပြောချင်ပေမဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာလည်း အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုက စိုးရိမ်စရာပမဏတစ်ခုထိရှိနေတုန်းပဲဆိုတော့ကိုယ်ချင်းစာမှု၊ သနားညှာတာမှု၊ လေးစားမှု တို့ပိုရှိလာမှပဲလျော့မယ်လို့ထင်တာပဲ။ သတိပြုရမှာတစ်ခုကအမျိုးသမီးတစ်ဦးကို ကိုယ်ထိလက်ရောက်ရိုက် နှိက်လိုက်တာကသိသာထင်ရှားတယ်။ သက်သေပြစရာဒဏ်ရာလည်းကျန်တယ်။ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုကမှပိုပြီးသိမ်မွေ့တယ်သက်သေပြဖို့လည်းခက်တယ်။ ပြီးတော့ အမျိုးသားတွေမှမဟုတ်ဘူး အမျိုးသမီး အချင်း ချင်းလည်း အကြမ်းဖက်မှုလုပ်နိုင်တယ်ဆိုတာလည်းရှိသေးတယ်။ ဒီကိစ္စက တစ်ဦးတစ်ယောက်ချင်းစီကထိန်း သိမ်းမှရမယ့်ကိစ္စပါ အနည်းဆုံးတော့ ကိုယ်ကအကြမ်းဖက်တဲ့လူမဖြစ်အောင် ထိန်းသိမ်းဆင်ခြင်ပြီး နေတာ က တော့အလွယ်ဆုံးလို့ပြောလို့ရတယ်။ ကျန်တာကတော့ ဒီလို အကြမ်းဖက်မှုတွေမဖြစ်လာအောင် အသိပညာပေး ရမယ် အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေကလည်း ထုတ်ပြောဖို့လိုတယ်။ အန္တရာယ်ရှိတာမှန်တယ် မလွယ်မှန်း လည်းသိတယ်။ ဒါပေမယ့် ဒီကိစ္စမျိုးမှ ကိုယ်မှမရဲရင့်ရင် အရင်ဆုံးခံစားရမှာ ကိုယ်ပဲ။ ပြီးတော့ အမျိုးသမီးတွေ အနေနဲ့လည်း နေ့စဉ်ဘဝမှာသတိရှိဖို့လိုတယ် အထူးသဖြင့် ကိုယ်နေထိုင်ရာပတ်ဝန်းကျင်က အန္တရာယ် မကင်းဘူး ဆိုရင်ပေ့ါလေ။