Home သတင်း သက်ငယ်မုဒိန်းမှုဖြစ်ရပ် တရားမျှတမှုနှင့် အကာကွယ်ရဖို့ NUG ကို အိတ်ဖွင့်ပေးစာပို့တောင်းဆို

သက်ငယ်မုဒိန်းမှုဖြစ်ရပ် တရားမျှတမှုနှင့် အကာကွယ်ရဖို့ NUG ကို အိတ်ဖွင့်ပေးစာပို့တောင်းဆို

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဧပြီလက ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဖြစ်ပွါးခဲ့တဲ့ သက်ငယ်မုဒိန်းမှုဖြစ်ရပ်မှာ တရားမျှတမှုနှင့် အကာကွယ်ရဖို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကို တရားမျှတမှုအတွက် လှုပ်ရှားနေတဲ့အဖွဲ့ (Justice for Alice Coalition)က အိတ်ဖွင့်ပေးစာပေးပို့တောင်းဆိုလိုက်ပါတယ်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်နေ့ရက်စွဲနဲ့ တောင်းဆိုထားတဲ့ အိတ်ဖွင့်ပေးစာမှာ တရားမျှတမှုချက်ချင်းရရှိဖို့၊ ကလေးငယ်နှင့် မိသားစုကို အကာကွယ်ပေးဖို့၊ ဘက်စုံပံ့ပိုးကူညီပေးဖို့၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုရှိဖို့၊ ကလေးသူငယ်ကာကွယ်ရေးဆိုင်ရာ အစီမံများ ခိုင်မာ အားကောင်းဖို့ စတဲ့အချက်တွေကို တောင်းဆိုထားပါတယ်။

သက်ငယ်မုဒိန်းမှု ကျူးလွန်ခံရတဲ့ ကလေးငယ်ဟာ အသက် ၅ နှစ်အရွယ်သာရှိသေးပြီး ကျူးလွန်သူဟာ အသက် ၆၀ အရွယ် ဦးအောင်မင်းဆိုသူဖြစ်တယ်လို့ အိတ်ဖွင့်ပေးစာထဲမှာ ရေးသားထားပါတယ်။

အဲဒီအမှုအတွက် အမျိုးသားညီညွှတ်ရေးအစိုးရ၊ အမျိုးသမီးနှင့် ကလေးသူငယ်ဝန်ကြီးဌာနနှင့် ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း)တွင် (ပ)၁၅/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ-၃၇၇ နဲ့ တရားလိုပြု အမှုဖွင့်လှစ် နိုင်ခဲ့ပေမယ့် ခုချိန်ထိ လုံလောက်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ အရေးယူမှုမျိုး မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

ယခုဖြစ်ရပ်က ကလေးသူငယ်များအပေါ် အကာကွယ်ပေးရန် ပျက်ကွက်မှုကို မီးမောင်းထိုးပြနေတယ်လို့လည်း အိတ်ဖွင့်ပေးစာမှာ ရေးသားထားပါတယ်။

သက်ငယ်မုဒိန်းမှုအတွက် တရားမျှတမှုနှင့် အကာကွယ်ရရှိဖို့ နယ်ပယ်အသီးသီးက လူပေါင်း ၁၇၀၀ နီးပါးက လက်မှတ်ရေးထိုးတောင်းဆိုထားပါတယ်။

Author:

Related Articles