Home သတင်း စစ်ဒဏ်သင့် နယ်မြေတွင် ပထမဆုံးအကြိမ် ပြုလုပ်သော ငြိမ်းချမ်းရေး ပန်းချီ/ ကဗျာပြိုင်ပွဲ

စစ်ဒဏ်သင့် နယ်မြေတွင် ပထမဆုံးအကြိမ် ပြုလုပ်သော ငြိမ်းချမ်းရေး ပန်းချီ/ ကဗျာပြိုင်ပွဲ

ဓါတ်ပုံ- ကောကော်

 

ကောကော်။           ။

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မီးတိုင်တော ကျေးရွာအုပ်စုရှိ အောင်ချမ်းသာကျေးရွာနှင့် ကော့ပြင်းကျေးရွာ စသည့် စစ်ဒဏ်သင့်ခဲ့သော ကျေးရွာများတွင် မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ ဦးဆောင်ပြီး ငြိမ်းချမ်းရေးနှင့် ပါတ်သက်သည့် “ ငြိမ်းချမ်းရေးအနှစ်သာရ” ခေါင်းစဉ်ဖြင့် ပန်းချီ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲများကို ပထမ ဆုံးအကြိမ်အဖြစ် ယနေ့ စနေနေ့၊ စက်တင်ဘာ(၈)ရက်နေ့တွင်  ကျေးရွာ(၂)ခု၏ အလယ်တန်း စာသင် ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ယခင်က ပဋိပက္ခနယ်မြေ၊ စစ်ဒဏ်သင့်နယ်မြေဖြစ်ခဲ့သဖြင့် စစ်ပွဲ၏အကျိုးဆက်များကို ခံစားနေရသော နယ်မြေဖြစ်ရာ နယ်မြေခံ ကျောင်းသား/သူများ ငြိမ်းချမ်းရေး၏ အနှစ်သာရကို အမှန်တကယ်သိရှိ နားလည်စေဖို့အတွက် ယခုပြိုင်ပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂမှ တွဲဖက်အထွေထွေ အတွင်းရေးမှူး(၂) ဖြစ်သူ မယဉ်မျိုးလှိုင်က ပြောသည်။

ဓါတ်ပုံ – ကောကော်

“ ခုထိက အုပ်ချုပ်မှုပုံစံ နှစ်မျိုးဖြစ်နေတယ်၊ ကလေးတွေ စစ်ဘေးဒဏ်ကို ခံနေရတဲ့အချိန်မှာ ငြိမ်းချမ်းရေး နဲ့ ပါတ်သက်တဲ့ သူတို့ရဲ့ ခံစားချက်တွေ သိလာအောင်၊ ငြိမ်းချမ်းရေးဆိုတာ ဘာလဲဆိုတာတွေ သိလာ အောင်ပေါ့။ ကလေးတွေက ငြိမ်းချမ်းရေးဆိုတာ သူတို့နဲ့ ရင်းနှီးရမယ်၊ သူတို့အတွက်လဲ လိုအပ်တယ်။ အခု ချိန် တိုင်းပြည်လည်း တဖြည်းဖြည်းပြောင်းလဲလာပြီဆိုတော့ ကလေးတွေက တိုင်းပြည်အတွက် အနာဂတ် ခေါင်းဆောင်ဖြစ်လာနိုင်တဲ့သူတွေ၊ ဒါကြောင့် သူတို့တွေ ငြိမ်းချမ်းရေးကို ဘယ်လိုနားလည်ထားလဲ။ ပတ်ဝန်းကျင်၊ မိသားစုကို ငြိမ်းချမ်းရေးက ဘယ်လောက်ထိ သက်ရောက်မှုရှိလဲဆိုတာ သိချင်လို့ သူတို့ရဲ့ ခံစားချက်ဖော်ထုတ်မှုကို ပြုလုပ်ရခြင်းဖြစ်တယ် “

ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အင်အားစုအသီးသီးက ကြိုးပမ်းနေချိန်၊ တိုင်းပြည်ပြုပြင် ပြောင်းလဲရေး ပြုလုပ် နေသောအချိန်တွင် စစ်ဒဏ်သင့်နယ်မြေခံများ၊ အုပ်ချုပ်ရေးမှူးများကိုလည်း အခြေအနေများ ရှင်းရှင်း လင်းလင်းသိထားစေချင်ကြောင်း မယဉ်မျိုးလှိုင်က ပြောပါသည်။

“ နယ်မြေခံတွေက အပစ်အခတ်ရပ်စဲရေးဆိုတာလည်း သိနေပြီ၊ အုပ်ချုပ်ရေးမှူးတွေကလည်း သိတယ်၊ ဒါပေမဲ့ အခြေအနေတွေက မပြောင်းလဲလာဘူး၊ ဘယ်အုပ်ချုပ်မှု အောက်မှာ ရှိနေသေးသလဲဆိုတာ တချို့တွေကလည်း ရှုပ်ထွေးနေတုန်းပဲ၊ ဒါကို ရှင်းရှင်းလင်းလင်းသိပြီး ပြောင်းလဲလာအောင် ပြည်သူတွေ အနေနဲ့ ဘယ်လိုပါဝင်ရမလဲဆိုတာကိုလည်း သိစေချင်တယ် “

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာကပါ ပြုလုပ်နေကြကြောင်းကို လည်း သိစေချင်ကြောင်း သူမက ဆက်ပြောပြသည်။

ဓါတ်ပုံ -ကောကော်

အဌမတန်းတွင် ပညာသင်ကြားနေသော ပန်းချီပြိုင်ပွဲဝင် မောင်အောင်ထွေးက ငြိမ်းချမ်းရေး၏ အနှစ်သာရ ကို ခံစားနေရပြီဟု သူ့ခံစားချက်ကိုပြောပါသည်။

“ ငြိမ်းချမ်းရေးရရင် လူတွေ ငြိမ်းချမ်းမယ်၊ ဥပဒေဘောင်အတွင်းကနေ လုပ်ပိုင်ခွင့်ရမယ်၊ အရင်ကဆို မီးအိမ် တွေနဲ့ သွားလို့မရ၊ ဓာတ်မီးလည်းထိုးလို့မရဘူး၊ ခုတော့ သွားလို့ရပြီ။ အစိုးရကလည်း မီးတွေပေးနေပြီ “

ငြိမ်းချမ်းရေးယူထားပြီး ဒီအတိုင်းမနေဘဲ ဒေသအတွင်း ကျောင်းသူ/သားတွေရဲ့ ခံစားချက်၊ အသိအမြင်များ ပြောင်းလဲမှု၊ ဖွံ့ဖြိုးတိုးတက်မှုတွေကို သိရှိစေရန်နှင့် ယခုလို ပြိုင်ပွဲတွေပြုလုပ်ပေးခြင်းဖြင့် ကျောင်းသူ/ သားများလည်း အတွေ့အကြုံ၊ ဗဟုသုတများ ရရှိသွားကြောင်း အလက ကော့ပြင်းမှ အလယ်တန်းပြဖြစ်သူ ဆရာမသီသီဟန်ကလည်း ပြောသည်။

ဓါတ်ပုံ- ကောကော်

“ ကျမတို့က ကျောင်းသားတွေရဲ့ ကိုယ်ပိုင်အရည်အသွေး၊ အတွေးအခေါ်တွေကို  ဦးစားပေးထားတယ်။ အ ရင်တုန်းက အဖြစ်အပျက်တွေနဲ့ အခုငြိမ်းချမ်းရေးကို ကိုယ်တိုင်ခံစားရတယ်။ ကျမတို့က သူတို့ကို ငြိမ်း ချမ်းရေးရှိရင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာမယ်။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတွေတိုးတက်လာမယ် ဆိုတဲ့အကြောင်းတော့ ပြိုင်ပွဲမဝင်ခင်မှာ ပြောပြထားတယ် “

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အကြို ပန်းချီ၊ စာစီစာကုံးနှင့် ကဗျာတို့ကို မူလတန်း၊ အလယ်တန်း ပြိုင် ပွဲဝင် ကျောင်းသူကျောင်းသားပေါင်း (၂၀၀)ကျော်က ကျေးရွာအုပ်စုနှစ်စုခွဲပြီး ကျင်းပပြုလုပ်ကာ အုပ်စုတစု စီတွင် ရွာ(၃)ရွာပေါင်းပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပါသည်။

Related Articles