နန်းဆိုင်နွမ်
“ကျမတို့ရဲ့ အိမ်တအိမ်ကျော်ကို ဗုံးကျလာတော့ နားကွဲမတက်ပဲ။ ဗုံးစတွေ ကျမတို့အိမ်ကို စင်တော့ စစ်ဘေးရှောင်ဖို့ စပြီး ထွက်လာတော့တာပါပဲ” လို့ နန်းခေးက အရဲစွန့် စစ်ဘေးရှောင်လာတဲ့အခြေအနေကို ပြန်ပြောပြပါတယ်။ နန်းခေးတို့မိသားစုဟာ ကျောက်မဲမြို့မှာ နေထိုင်ကြပါတယ်။
ဇွန်လ ၂၅ရက်နေ့ မှာ ညီနောင်မဟာမိတ် တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ကိုးကန့် တပ်ဖွဲ့ (MNDAA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ဟာ “၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း” တိုက်ပွဲ စတင်ခဲ့ပါတယ်။
အဲ့ဒီနောက် သူတို့နေထိုင်တဲ့ ကျောက်မဲမြို့မှာ တိုက်ပွဲတွေစတင်ခဲ့ပြီး အဖက်ဖက်စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ လေကြောင်းနဲ့ ဗုံးကြဲမှုတွေ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေ စတင်ပြုလုပ်ပါတယ်။
သူတို့ မိသားစုဟာ စစ်ပွဲနဲ့လက်နက်ကြီးသံတွေ စကြားချိန်က စစ်ဘေးရှောင်ဖို့ အစီအစဥ်မရှိခဲဘူးလို့ဆိုပါတယ်။ ကျောက်မဲမြို့ဟာ အရင်ကတည်းက အနက်ရောင်နယ်မြေလို့ နာမည်ကြီးတဲ့ဒေသဖြစ်ပြီး မကြာခဏ တိုက်ပွဲဖြစ်ပွားတဲ့ အရပ်ဒေသ တစ်ခုပါ။
“ အရင်တုန်းကလည်း ကျောက်မဲမြို့က တိုက်ပွဲတွေဖြစ်ဖူးတယ်ဆိုတော့ ဒီလောက်ကြီးမား ဆိုးရွားတဲ့ တိုက်ပွဲဖြစ်မယ်လို့ မထင်ထားဘူး။ ဒါပေမယ့် တိုက်ပွဲက မြို့တွေထဲ ကျမတို့ အိမ်နားထိဗုံးကျတော့ သေလို့ မဖြစ်သေးဘူးဆိုတဲ့အတွေးနဲ့ ထွက် လာတာ” လို့ နန်းခေးက တိုက်ပွဲကြားက အခြေအနေကိုပြောပါတယ်။
စစ်ဘေးရှောင်ချိန် မိသားစုထဲ နာမကျန်းသူ၊ အသက်ကြီးသူတွေရှိနေတော့ အတွေးပေါင်းစုံနဲ့ ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်ကာ ဦးတည်ရာမဲ့ ဖြစ်ခဲ့သေးကြောင်း နန်းခေးက သူစစ်ရှောင်ခဲ့တဲ့အချိန်ကိုပြောပါတယ်။
လမ်းကောင်းမွန်စွာ မလျှောက်နိုင်တဲ့ အဘိုးကို ချီပိုးပြီး ဇွန် ၂၉ရက် မနက် ၆နာရီဝန်းကျင်မှာ ကျောက်မဲမြို့နယ်က နန်းခေးတို့ နေအိမ်နဲ့ နီးစပ်ရာ ကြံခင်းထဲမှာ ပုန်းခိုခဲ့ပါတယ်။ တိုက်ပွဲက ဆက်လက်ပြင်းထန်လာပြီး စစ်ကောင်စီဘက်မှ ဦးတည်ရာမဲ့ လေကြောင်းဗုံးကြဲမှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့်သူတို့ မိသားစုဟာ ကြံခင်းထဲမှာ တပတ်ကျော်နေထိုင်ရာမှ မန္တလေးမြို့ဘက်ကို ဦးတည်ထွက်ပြေးတိမ်းရှောင်လာခဲ့ကြပါတယ်။
ကျောက်မဲ-မန္တလေး ပြည်ထောင်စုလမ်းပိုင်းတကြောမှာလည်း စစ်ကောင်စီနဲ့ TNLA၊ ပူးပေါင်းတပ်ဖွဲ့ PDF တို့ တိုက်ပွဲ ပြင်းထန်နေတဲ့အတွက် တောလမ်းကတစ်ဆင့် ခက်ခက်ခဲခဲသွားခဲ့ရကြောင်း၊ အရင် စစ်အာဏာမသိမ်းခင်နဲ့ “၁၀၂၇စစ်ဆင်ရေး ပထမလှိုင်း” မတိုင်ခင်က ကျောက်မဲကနေ မန္တလေးကို ၃နာရီကျော်သာသွားရပါတယ်။
ဒါပေမယ့်ခုတော့ စစ်ရေးအရှိန်နဲ့ နှစ်ရက်သွားခဲ့ရကြောင်း စစ်ရှောင်လာရတဲ့အတွေ့အကြုံကို သူကဆက်ပြောပါတယ်။
“ လမ်းတွေကလည်း ပိတ်၊ တောလမ်းတွေ တဆင့်ပြီးတဆင့်သွားရ၊ တောထဲမှာ အိပ်ရတယ်။ တခြားသူတွေလည်း အလံဖြူထောင်ပြီးသွားတော့ ကြောက်စိတ်တောင်မရှိတော့ဘူး။ လက်နက်ကြီးမထိဖို့ပဲဆုတောင်းနေရတယ်” လို့ ဆိုပါတယ်။
အလားတူ နန်းလှမေ တစ်ယောက်လည်း လက်နက်ကြီးသံ၊ လေကြောင်းဗုံးကြဲသံကြား သားနဲ့သမီးလက်ကိုတွဲပြီး ဇူလိုင် ၂၉ရက်မှာပဲ မွေးရပ်မြေ ကျောက်မဲကနေ စွန့်ခွာခဲ့ရပါတယ်။
၂၉ရက်မတိုင်မီမှာ လက်နက်ကြီးသံတွေ၊ ဗုံးပေါက်ကွဲသံတွေကာ နန်းလှမေတို့ နေထိုင်တဲ့ ကျောက်မဲမြို့ပေါ်ထိ ကြားရပြီး၊ သူတို့မိသားစုနေအိမ် အနီးကျရောက်လာတဲ့အတွက် ကျည်ထိမှန်မှာကို စိုးရိမ်ကြောက်လန့်တာကြောင့် အရေးကြီးတဲ့ စာ ရွက်စာတမ်းတွေ၊ စားစရာတွေနဲ့ အချင်းချင်းဆက်သွယ်လို့ရအောင် လက်ကိုင်ဖုန်းပါထည့်ပြီး မိသားစုလိုက် ကားငှားပြီး တိုက်ပွဲမရှိသေးတဲ့ အရပ်ကို ဦးတည်လာခဲ့ပါတယ်။
ကျောက်မဲမြို့နယ်အတွင်း မကြာခဏတိုက်ပွဲဖြစ်ပွားတဲ့ ဒေသဖြစ်တဲ့အလျောက် တိုက်ပွဲဖြစ်တိုင်းလည်း မြို့ပေါ် ထိပစ်ခတ် တာမျိုးတစ်ကြိမ်တစ်ခါမျှမကြုံခဲ့ဖူးဘဲ ထွက်ပြေးတိမ်းရှောင်မှုလည်း မလုပ်ခဲ့ဖူးဘူးလို့ဆိုပါတယ်။
“ အစကတော့ မရှောင်ဘူးပေါ့။ အရင်ကလည်း တိုက်ပွဲဖြစ်ဖူးတာပဲ။ အရင်က မြို့ပြင်ဘက်ဖြစ်တာ။ ရွာဘက်က လူတွေတောင် စစ်ဖြစ်ရင် မြို့ထဲရှောင်တိမ်းတာ။ အခုက မြို့လယ်ထိ တိုက်ပွဲက နီးလာတော့ ကျမတို့လည်း ကိုယ်လွတ်ရုန်းပြေးရတာပေါ့” လို့ နန်းလှမေက စိတ်မကောင်းစွာနဲ့ပြောပြပါတယ်။
သူတို့မိသားစု ကားနဲ့ထွက်လာရာလမ်းတလျှောက်မှာလည်း ဆိုင်ကယ်ပေါ် အထုတ်အပိုးတွေ မိသားစုလိုက်စီးပြီး ပြေးသူ ကပြေး၊ ကားပေါ်ပစ္စည်းအပြည့်သယ်ပြီး အလံဖြူကိုယ်စီထောင်ကာငြိမ်းချမ်းရာနေရာတွေကိုတိမ်းရှောင်နေကြတာတွေ့ရတယ်လို့ ဆိုပါတယ်။
“၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းကြောင့် ပြည်သူအချို့ဟာ မန္တလေးမြို့ဘက်သို့ ဦးတည်သွားကြသလို အချို့လည်း ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးဘက်သို့ ဦးတည်ပြီး စစ်ရှောင်ကြပါတယ်။
သူတို့ မိသားစုကတော့ လက်ရှိ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ ခေတ္တစစ်ဘေးရှောင်နေပါတယ်။
“ ကျမတို့ အခု တောင်ကြီးမှာပါ။ အသိအိမ်မှာ နေနေကြတာ။ ကလေး ၂ယောက်ရှိတော့ ဒုက္ခရောက်တာပေါ့။ အိမ်လည်း ဘယ်လိုဖြစ်နေလဲမသိတော့ဘူး။ မိသားစု ဘာမှ မဖြစ်တာပဲ ကံကောင်းလှပါပြီ” လို့ နန်းလှမေ က ဆိုပါတယ်။
တောင်ကြီးမြို့က မိတ်ဆွေအိမ်သို့ရောက်ရှိနေတဲ့ သူတို့မိသားစုဟာ စုဆောင်းထားတဲ့ ပိုက်ဆံတွေ နဲ့ ဆွေမျိုးတွေ ပေးကမ်းမှုနဲ့သာ အသက်ရှင်သန်နေရကြောင်းလည်း သူက ဝမ်းနည်းစွာ ပြောလာပါတယ်။
“ အချို့ဆိုရင် ကျမတို့ထက်ကံဆိုးတယ်။ ပြေးဖို့ငွေမရှိတော့ ကျောက်မဲမှာ ကံတရားကို ယုံပြီးနေရတာ။ နောက် စစ်ရှောင်စခန်းထဲ ရောက်နေတဲ့သူဆိုရင်လည်း တော်တော်လေးခက်ခဲကြတယ်။ အခုအခါက လူတကာခက်ခဲချိန်ဆိုတော့ အမြန်ငြိမ်း ချမ်းပြီး ဘဝသစ်ကို ပြန်ရုန်းပြီး နေချင်တယ်” လို့ သူက စိတ်မကောင်းစွာနဲ့ ပြောလာပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၂၃ ခုနစ် အောက်တိုဘာ ၂၇ ရက် မှစတင်ပြီး “၁၀၂၇ စစ်ဆင်ရေး” ပထမလှိုင်းဟုဆိုကာ ညီနောင်မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့ ကိုးကပ်တပ်ဖွဲ့ (MNDAA)၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ရက္ခိုင့်တပ်တော် (AA)တို့ ပူးပေါင်းပြီး စတင်ခဲ့ရာ သိန္နီမြို့၊ လောက်ကိုင်မြို့ အစရှိတဲ့ မြို့ပေါင်း ၁၈မြို့ အပြင် စစ်ကောင်စီရဲ့ တပ်စခန်းပေါင်းများစွာနဲ့ စစ်သားတွေ၊ လက်နက်ခဲယမ်းပေါင်းများစွာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အဲ့ဒီနောက် တရုတ်နိုင်ငံရဲ့ကြားဝင်စေ့စပ်မှုကြောင့် ညီနောင်(၃)ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ ဟိုင်ဂင် ဟိုတယ်မှာ ၂၀၂၄ ခုနစ် ဇန်နဝါရီ ၁၁ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး “၁၀၂၇စစ်ဆင်ရေး ပထမလှိုင်း” နိဂုံးချုပ်သွားခဲ့ပါသေးတယ်။
ဒါပေမယ့် အပစ်ရပ် ၄လအတွင်းစစ်ကောင်စီဘက်က ဟိုင်ဂင်ဆွေးနွေးပွဲသဘောတူထားတဲ့အချက်ထဲက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကို ဆက်တိုက်ပြုလုပ်တဲ့အတွက် ဇွန်လ၂၅ရက်မှာ “၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း “စတင်လာခဲ့တာဖြစ်ပါတယ်။
တော်လှန်ရေးတပ်အင်အားစုတွေဖြစ်တဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်ဖြစ်တဲ့ TNLAနဲ့ MNDAA တို့ဟာကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ လားရှိုး၊ နမ့်လန် စတဲ့မြို့တွေကို ဆက်လက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
စစ်ဆင်ရေးတွေကြောင့် အရပ်သားတွေဟာ ဦးတည်ရာမဲ့ ထွက်ပြေးတိမ်းရှောင်နေရပြီး မြို့တွေကမြို့ပျက်သဖွယ်ဖြစ်တာ နေအိမ်ပျက်စီးတာတွေလည်း ကြုံတွေ့ရသလို အရပ်သားသေဆုံးမှုတွေအမျိုးသမီးထိခိုက်ဒဏ်ရာရရှိ သေဆုံးမှုတွေကလည်း များပြားလာပါတယ်။
နိုင်ငံတဝှမ်းမှာ ဇူလိုင်လအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အမျိုးသမီး ၆၃ ဦး သေဆုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄၃ ဦး ရှိပြီး ရှမ်းပြည်နယ်ထဲတွင် အများဆုံးဖြစ်ကြောင်း မြန်မာ့ အမျိုးသမီးသမဂ္ဂ (BWU) က ဩဂုတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်ထားပါတယ်။
“ ဇူလိုင်လအတွင်း အမျိုးသမီးသေဆုံးမှုက ရှမ်းပြည်နယ်မြောက်ပိုင်းက ပိုပြီးမြှင့်တက်နေပါတယ်။ ဒါက “၁၀၂၇” စစ်ဆင် ရေးရဲ့ နောက်ဆက်တွဲလို့ပြောလို့ရပါတယ်။”လို့ BWU ရဲ့အထွေထွေအတွင်းရေးမှူး နော်ခင်စန်းထွေး ကပြောပါတယ်။
လက်ရှိမြန်မာနိုင်ငံ ပဋိပက္ခအနေအထားကိုကြည့်ပါက ရှမ်းပြည်နယ်တခုထဲတင်မကဘဲ အခြားပဋိပက္ခဖြစ်တဲ့ နယ်မြေတွေမှာလည်း အမျိုးသမီးသေဆုံးမှုနူန်းတွေက ဒီထက်များနေကြောင်း၊ တချိန်တည်းမှာပဲ အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုနှုန်းကလည်း မြင့်လာကြောင်း သူက ဆက်ပြောပါတယ်။
“ကျမတို့ လုံခြုံရေးအရ သတင်းစီးဆင်းမှု စိန်ခေါ်ကန့်သတ်ချက်တွေအရ လက်လှမ်းမမှီတဲ့နေရာတွေမှာ ပမာဏအရ ဘယ်လောက်များနေမလဲဆိုတာ မခန့်မှန်းနိုင်အောင်ပါပဲ” လို့ နော်ခင်စန်းထွေးက လက်ရှိ အချက်အလက်ကောက်ယူရတဲ့ စိန်ခေါ် မှုကို ပြောလာပါတယ်။
အလားတူ တအာင်း (ပလောင်) အမျိုးသမီး အဖွဲ့အစည်း TWO က ကောက်ယူထားတဲ့စာရင်း အရ ဇန်နဝါရီ မှ သြဂုတ်လ အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်ပွဲကြား အမျိုးသမီး သေဆုံးမှု ၄၀ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၇၆ဦးရှိပြီး ကလေး သေဆုံးမှုနှုန်းမှာ ၂၄ဦး နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၆၁ဦး ရှိကြောင်း သိရပါတယ်။
အဲ့ဒီသူတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ သိန္နီမြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်၊ နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်၊ မိုးကုတ်မြို့နယ် နဲ့ မိုးမိတ်မြို့နယ်အတွင်း TWO မှ လက်လှမ်းမီသလောက် ကောက်ယူထားတဲ့စာရင်းတွေ ဖြစ်ကြောင်း သိရပါတယ်။
“ ဒီထိခိုက် သေဆုံးမှုတွေက လေကြောင်းနဲ့ဗုံးကြဲတာ။ လက်နက်ကြီးတွေကြောင့် ဖြစ်တာပါ။ လက်ရှိမှာတော့ တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေတယ်။ စစ်ကောင်စီက လေကြောင်းဗုံးကြဲတာတွေ လက်နက်ကြီးပစ်တာတွေက ဆက်တိုက်ပါပဲ” လို့ TWO ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ဘေးရှောင်များစားဝတ်နေရေး အဆင်မပြေမှုတွေရင်ဆိုင်နေရပြီး၊ တိုက်ပွဲတွေ လေကြောင်းပစ်ခတ်မှုတွေကလည်း အချိန်မရွေးရှိနေတဲ့အတွက် သွားလာတဲ့အပိုင်းမှာ အမြဲတမ်းစိုးရိမ်နေရကြောင်း TWO က တာဝန်ရှိသူက ဆိုပါတယ်။
“ ဒီလို မိုးတွင်းကာလကတော့ အခက်အခဲအများဆုံးပေါ့။ စစ်ရှောင်ရင်လည်း ခက်၊ နေစရာလည်းမရှိ၊ အဓိကလေကြောင်းနဲ့ လက်နက်ကြီးကြောင့် ပြေးစရာနေရာမရှိတော့ဘူး။ နေစရာလည်း အတိအကျမရတော့ တော်တော်ခက်ခဲတယ်” TWO က တာဝန်ရှိသူက စစ်ရှောင်တွေရဲ့ စိန်ခေါ်မှုကို ပြောလာပါတယ်။
ပဋိပက္ခတိုင်းမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ စိန်ခေါ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေရပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုတွေ မရှိတဲ့အနေအထားတွေ အကာအကွယ်ကင်းမဲ့မှုတွေနဲ့ အကူအညီတွေလည်း လက်လှမ်းမမှီ ကြောင်း နော်ခင်စန်းထွေးက ထောက်ပြပြောဆိုပါတယ်။
“အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအတွက် ပစ်မှတ်ထားခံရတာမျိုး၊ တစ်နေရာကနေ တစ်နေရာ စစ်ရှောင်ရတဲ့အခါ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ ကျန်းမာရေးပိုင်းတွေကအစ ဆိုးဆိုးရွားရွားခံစားရလဲ လုံလောက်တဲ့ ကူညီမှုတွေ မရနေ တဲ့အပြင် အမျိုးသမီးတွေအနေနဲ့ မိသားစု စား၀တ်နေရေးအဆင်ပြေဖို့အတွက်ပါ ထမ်းပိုးထားရတဲ့ အနေအထားတွေ ပိုမြင်တွေ့ရပါတယ်” လို့ သူက ပြောပါတယ်။
လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှု ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုတွေနဲ့ နိုင်ငံခြားငွေလဲလှယ်မှုတွေကြောင့် စစ်ဘေးရှောင်တွေ စစ်ပွဲအတွင်းပိတ်မိတဲ့ပြည်သူတွေဟာ စားဝတ်နေရေး တနေ့ထက် တနေ့ ပိုကြပ်တည်းလာနေကြောင်း လည်း အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ပြောဆိုကြပါတယ်။
လက်ရှိအချိန်မှာ ပြည်သူတွေ အစာမပြတ်လပ်ဖို့ အဓိက ဦးစားပေးဆောင်ရွက်နေရတဲ့အချိန် ဖြစ်သလို အမျိုးသမီးတွေ အတွက်အရေးပေါ် ကလေးမွေးဖွားတာတွေကိုပါ အလေးပေးနေရကြောင်း ကျောက်မဲမြို့နယ်အတွင်း ရှမ်းအမျိုးသမီး အ ရေးဆောင်ရွက်နေသူတစ်ဦးကပြောပါတယ်။
“ အစက ကျမ ထွက်မပြေးဖို့လုပ်သေးတယ်။ စစ်ရေးက အရမ်းပြင်းလာတော့ ကျမတို့လည်း ရှောင်ရတယ်။ အခုဆိုရင် မြေပြင်ကို ဆင်းပြီး ကူညီပေးတာ မလုပ်ဆောင်နိုင်ဘူး။ လိုအပ်တာတော့ချိတ်ဆက်ပြီး ကူနေရတယ်။ ခက်ခဲတာ အလှူရှင် တွေနည်းလာတာပဲ”လို့ သူကဆက်ပြောပါတယ်။
မြို့ပေါ်စစ်ပွဲဖော်ဆောင်မှုဟာ အရပ်သားပြည်သူနဲ့ အမျိုးသမီးထိခိုက်မှုများကြောင့် ပြည်သူတွေ နေထိုင်တဲ့အရပ်ဒေသတွေကို စစ်ကောင်စီလေကြောင်းဗုံးကြဲမှုဟာ ရှောင်လွှဲမရနိုင်တဲ့ အရာဖြစ်တဲ့အတွက် ပြည်သူတွေ၊ကိုယ်ဝန်သည်တွေ ကလေး မွေးဖွားစ မိခင်တွေအတွက် ပိုပြီး စိုးရိမ်စရာတွေဖြစ်ရကြောင်း ရှမ်းအမျိုးသမီး အရေးဆောင်ရွက်နေသူကပြောပါတယ်။
“ ကျမအနေနဲ့တော့ အရပ်သားတွေနေတဲ့နေရာကို ဦးတည်ပစ်တာမလုပ်စေချင်ဘူး။ အဓိက စစ်ကောင်စီတပ်က စစ်ရှုံးတော့ လေကြောင်းပိုသုံးတယ်။ ဦးတည်ရာမဲ့ပစ်ခတ်တယ်။ ဒါကို ကျမတို့ ကြောက်ရတယ်။ ညဆိုရင်လည်း အိပ်ကောင်း တိုင်းမအိပ်ရ၊ နေလည်း ကောင်းကောင်းမနေရ”လို့ သူက ထပ်လောင်းပြောပါတယ်။
ငွေကြေး မတက်နိုင်တဲ့သူတွေဟာ ဦးတည်ရာမဲ့ နားခိုရာမဲ့နေသူတွေများပြီး၊ တိုက်ပွဲပြင်းထန်ပါက လွတ်ရာကိုခေတ္တ စစ်ရှောင်ပြီး တိုက်ပွဲသံရပ်တန့်သွားချိန်ပါက နေရပ်သို့ ပြန်နေကြပါတယ်။
“နေရာ အတိအကျမရှိတာတွေကြောင့်အခက်အခဲတွေကြုံတွေ့နေရတယ်။ နေရပ်ပြန်တဲ့ အမျိုးသမီးတွေရှိတယ်။ စစ်ဘေးရှောင်ပြောတဲ့အခါ အတည်အကျ ထွက်ပြေးတာမရှိ။ လေယာဥ်လာကြဲရင် နီးစပ်ရာပြေးကြ။ စစ်ပွဲငြိမ်းရင် နေရပ်ပြန်တယ်။ သွားလိုက် လာလိုက်ပါပဲ ၃ကြိမ်လောက်ပြေးလွှားနေရတာရှိတယ်။” TWO က ပြောခွင့်ရ သူက စစ်ရှောင်ပြေးလွှားရတဲ့အကြောင်းကို ပြောလာပါတယ်။
ဆက်လက်ပြီး စစ်ပွဲနယ်မြေမှာ အမျိုးသမီးတွေ ကလေးငယ်တွေ ထိခိုက်မှုနည်းအောင် စစ်ရေးမှာ ပါဝင်နေတဲ့သူတွေ အနေနဲ့ Geneva Convention လိုနိုင်ငံတကာ ဥပဒေကို လိုက်နာဖို့လိုအပ်သလို NUG ကထုတ်ပြန်လိုက်တဲ့ ပြည်သူ့ကာ ကွယ်ရေးတပ်မတော် စစ်ဘက်ဆိုင်ရာကျင့်၀တ်တွေကိုလည်း စနစ်တကျ လိုက်နာဖို့လိုအပ်ကြောင်း အမျိုးသမီးအရေး ဆောင်ရွက်နေသူက တောင်းဆိုထားပါတယ်။ ခုစစ်ဆင်ရေးလုပ်နေတဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့တွေဟာ NUG လက်အောက်တွင် လှုပ်ရှားတဲ့အဖွဲ့အစည်းမဟုတ်သော်လည်း လက်ရှိ စစ်ရေး မြို့သိမ်းတိုက်ပွဲတွေမှာ ပူးပေါင်းလုပ်ဆောင်နေကြပါတယ်။
“ ဒီစစ်ပွဲတွေပြီးသွားရင် ကျမတို့ ပြန်ဖို့ ဘဝကိုပြန်စဖို့က အစကနေပြန်စရမှာပါ။ ကျမတို့ အိမ်တွေလည်း တိုက်ပွဲကြားမှာ ရစရာမရှိအောင်ပျက်စီးသွားပြီလေ။ တိုက်ပွဲမှာပါဝင်သူတွေအနေနဲ့ ပြည်သူတွေရဲ့မျက်နှာကိုထောက်စေချင်ပါတယ်” လို့ ကျောက်မဲမြို့က ဒေသခံနန်းခေးကမှတ်ချက်ပြုပါတယ်။
လက်ရှိတော်လှန်ရေးဟာ ဘယ်လောက်ထိ ဆက်သွားမှာလဲ၊ ဘာတွေဆက်ဖြစ်နေမှာလဲဆိုတာကို ပြည်သူလူထုတွေအနေနဲ့ မသိရှိ နိုင်ကြောင်း၊ တဖက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ ကင်းစင်းသောမြေဟုဆိုသော်လည်း လေကြောင်းနဲ့ အပြင်း အ ထန်တိုက်ခိုက်မှုတွေ အမြဲတမ်းလုပ်ဆောင်လေ့ရှိကြောင်း TWO က ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
“လေကြောင်းနဲ့ တိုက်ခိုက်မှုတွေ အမြဲတမ်းလုပ်လာတဲ့အတွက် ခိုင်လုံတဲ့ ကတုတ်ကျင်းတွေတူးထားဖို့၊ လုံလောက်တဲ့ အရေးပေါ် စားနပ်ရိက္ခာတွေ စုဆောင်းဖို့လိုအပ်တယ်။” လို့ သူက ထောက်ပြပြောပါတယ်။
တော်လှန်ရေး အင်အားစုတွေဘက်ကလည်း ခုချိန်မှာ လုံခြုံရေး အရ လုံးဝစိတ်ချရတဲ့အနေအထား မဟုတ်သေးတဲ့အတွက် မိမိရောက်ရှိတဲ့ နေရာ အခြေစိုက်တဲ့နေရာတွေနဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ် ပုံတင်ခြင်း၊ ဗီဒီယိုတင်ခြင်းတွေကို ရှောင်ရှားရန်လိုအပ်ကြောင်းသူကအကြံပေးထားပါတယ်။
“ တော်လှန်ရေးတပ်သားတွေအနေနဲ့ တဖက်မှာလည်း ပြည်သူလူထုတွေ အများစုနေထိုင်တဲ့နေရာမှာ အခြေချနေထိုင်တာ တွေကိုသတိထားဖို့လိုအပ်ပါတယ်”လို့သူကဆက်ပြောပါတယ်။