Home ဆောင်းပါး ကွဲပြားမှုကြားက တူညီနေတဲ့ စိန်ခေါ်မှုတွေ

ကွဲပြားမှုကြားက တူညီနေတဲ့ စိန်ခေါ်မှုတွေ

နန်းဆိုင်နွမ်။                    ။

“သားကိုသခင်၊ လင်ကိုဘုရား” လို့ ပြောတဲ့ လူ့အသိုင်းအဝန်းထဲက မတူညီတဲ့ဝတ်စုံတွေ၊ မတူညီတဲ့ ကိုးကွယ် ယုံကြည်မှုတွေ ကိုယ်စီနဲ့ အမျိုးသမီးတွေကြားမှာ တူညီတဲ့စိန်ခေါ်မှုတွေ များစွာရှိနေပါတယ်။

မတူညီတဲ့ အရောင်ကိုယ်စီဝတ်ဆင်ထားတဲ့ အမျိုးသမီး (၃)ယောက်ကို အဓိက ဇာတ်ကောင်အဖြစ် ရိုက်ကူးထား တဲ့ “ သုံးရောင်စဉ်” “SHE” ဆိုတဲ့ မှတ်တမ်းဇာတ်ကားဟာ မှတ်တမ်းရုပ်ရှင်ပြိုင်ပွဲဝင် (၆၄)ကားထဲက တကား ဖြစ်ပြီး ဆုပေါင်း(၉)ဆုထဲက တဆု ဖြစ်တဲ့  Gender Equally ဆုကို ရရှိခဲ့တဲ့ ဇာတ်ကားတကားလည်း ဖြစ်ပါတယ်။

လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ မှတ်တမ်းရုပ်ရှင်ပြိုင်ပွဲမှာ ရွေးချယ်ပေးတဲ့ ဆုတွေကတော့ ဒေါ်အောင်ဆန်းစု ကြည် (National) ဆု၊ မင်းကိုနိုင်ဆု ၊ ဟံသာဝတီ ဦးဝင်းတင်ဆု၊ VOA ဆုနဲ့ Gender Equality Award ဆု (၆)ဆု ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီဇာတ်ကားထဲမှာတော့ ဗုဒ္ဓဘာသာ သီလရှင်ဆရာလေးတဦး ၊ ခရစ်ယာန် မှ Sister ချစ်ပုံနဲ့ အစ္စလာမ်ဘာသာဝင်  ဒေါက်တာသက်စုထွေးတို့ရဲ့ ခံစားချက်တွေကို အဓိကရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဇာတ်ကားကို ရိုက်သူကတော့ အမျိုးသမီးဒါရိုက်တာတဦးဖြစ်တဲ့ ဒါရိုက်တာ ကြယ်ရီလင်းစစ် ဖြစ်ပါတယ်။

ဒါရိုက်တာ ကြယ်ရီလင်းစစ်ကတော့ “ ဘာသာရေးဖြစ်ဖြစ် နယ်ပယ်တိုင်းမှာ အမျိုးသမီးဖြစ်ရလို့ ခြေတလှမ်းဆုတ် ခဲ့ရတဲ့ အခြေအနေမျိုး အမျိုးသမီးတိုင်းမှာ ရှိမယ်လို့ ကျမထင်ပါတယ်။ ထိပ်တန်းလို့ ပြောနိုင်တဲ့ ဘာသာရေး နယ်ပယ်က အမျိုးသမီးတွေမှာတောင် ခက်ခဲမှုတွေ ရှိနေပုံကို ပြောပြချင်တယ်။ တရားတဘောင်ထဲမှာ အေးချမ်း သိမ်မွေ့သလို တဖက်မှာလည်း အမျိုးသမီးပီပီ ထက်မြက်တဲ့ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတွေ အမျိုးသမီးတိုင်းမှာ ရှိတာကို ကွက်ကွက်ကွင်းကွင်းပြချင်လို့ ဒီကားကိုရိုက်ခဲ့တာ” လို့ ဆိုပါတယ်။

ဒါ့အပြင် အခက်အခဲတွေကို ရအောင်ဖြတ်ကျော်ပြီး အောင်ပွဲဆီလှမ်းနေတဲ့ အမျိုးသမီးတွေရဲ့အင်အားကို  အမျိုး သမီးပရိသတ်ကြည့်ပြီး အားတက်စေလိုကြောင်း၊ အမျိုးသားပရိသတ်လည်း အမျိုးသမီးအခွင့်အရေးတွေ နားလည် စာနာနိုင်ဖို့ ပြသချင်တဲ့အတွက် ရိုက်ခဲ့တာဖြစ်တယ်လို့လည်း ကြယ်ရီလင်းစစ်က ပြောပါတယ်။

ဘာသာမတူညီတဲ့ အမျိုးသမီး(၃)ဦးအကြောင်းကို ရိုက်ကူးတဲ့အချိန်မှာ အခက်အခဲများစွာရှိပြီး ပထမဆုံးအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို အရင်ပြင်ဆင်ရကြောင်း မကြယ်ရီလင်းစစ်က ထပ်မံပြောသည်။

မကြယ်ရီလင်းစစ်ဟာ ဘာသာများအကြားပေါင်းကူးသူ ငြိမ်းချမ်းရေးဒါရိုက်တာ(Interfaith & Peace Filmmaker )  တယောက်ဖြစ်ချင်တဲ့သူပါ။

 “ကိုယ်က ဘယ်လောက်ပဲကောင်းတဲ့ message လေးပေးချင်တယ်ဆိုဆို  ဘာသာရေးဆိုတာလေး နည်းနည်းစွက် လာရင် တော်တော်စိန်ခေါ်မှုများနေတဲ့သဘောဖြစ်နေတာပေါ့” လို့လည်း သူမအတွေ့အကြုံကို ပြောပြပါ တယ်။

ဘာသာရေးနဲ့ဆက်လက်ဆက်နွယ်နေတဲ့  SHE ( သုံးရောင်စဉ် ) မရိုက်ရန် မိဘ၊ ဆရာသမားနဲ့ သူငယ်ချင်း တွေက တားကြကြောင်း၊ စိတ်ပူကြကြောင်းလည်း ဒါရိုက်တာ ကြယ်ရီလင်းစစ်က ပြောပါတယ်။

“ ဒီဇာတ်ကားကိုရိုက်ဖို့ မိဘ၊ ဆရာသမားတွေ အပါအဝင် သူငယ်ချင်းတွေက တားကြတာပေါ့။ ဘာလို့လဲဆိုတော့ ကျမက ၂၀၁၄ တုန်းက မိတ္ထီလာဖြစ်ရပ်နောက်ခံ ဘာသာမတူ အမျိုးသမီး ၂ဦးကြားက မေတ္တာကိုရိုက်တဲ့ The Open Sky ( အမိုးမရှိတဲ့ကောင်းကင် ) ဆိုတဲ့ကား ပြသခါနီးမှ ပြသခွင့်မရခဲ့ဘူးဆိုတဲ့ အတိတ်ရှိတယ်။  အဲဒီကား ကြောင့်  ကျမနာမည်က Online မှာ Hate Speech အတော်ထိခဲ့ပါတယ်” လို့ သူမက ဆိုပြန်ပါတယ်။

သူမအနေနဲ့ လွန်ခဲ့တဲ့ (၄) နှစ် Open Sky ပြသခွင့်မရခဲ့တဲ့အတွက် နောင်တချိန် ဘာသာပေါင်းစုံ အမျိုးသမီးတွေ အကြောင်းရိုက်မယ်လို့လည်း တွေးထားခဲ့ကြောင်း ပြောပါတယ်။

ဆက်လက်ပြီး “ သုံးရောင်စဉ် ” “SHE” မှတ်တမ်းကို ကြည့်တဲ့ ပရိသတ်တဦးကတော့ “ ရင်ထဲမှာ တကယ်ထိရှ ခံစားခဲ့ရတဲ့ documentary ကားလေးပါ။ မြန်မာနိုင်ငံမှာ အမျိုးသမီးဒါရိုက်တာ အလွန်နည်းပါးတဲ့အထဲမှာမှ ရှား ရှားပါးပါး အမျိုးသမီး ဒါရိုက်တာတဦးရဲ့ လက်ရာတခုအဖြစ် အမျိုးသမီးထုရဲ့ခံစားချက်၊ အမျိုးသမီးတွေရဲ့အသံကို ဖော်ထုတ်ပြနိုင်တဲ့ ကားလေးမို့ အလွန်နှစ်သက်မိပါတယ်” လို့ အသိအမှတ်ပြုထားတာကိုလည်း တွေ့ရပါတယ်။

‘သားကို သခင် လင်ကိုဘုရား’ အဖြစ် သတ်မှတ်လေ့ရှိတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေကို အများစုက တဆင့်နိမ့်အနေအထားသာ မြင်တွေ့လိုကြပြီး ယောကျ်ားဖြစ်ရုံနဲ့ မိန်းမတွေထက် အလိုလိုကြီးကျယ်မြင့်မြတ်နေသ ယောင် ထင်မြင်ကြသူတွေလည်း ရှိကြပါတယ်။

၂၀၁၇ ခုနှစ် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်ရဲ့ ထူးခြားချက်ကတော့  အမျိုးသမီးဇာတ်ကားနဲ့ အမျိုး သမီး ဒါရိုက်တာတွေ ပိုများလာတာကို တေ့ွရခြင်းပါဘဲ။

ယခုနှစ်မှာတော့ ကျား၊မ တန်းတူညီမျှရေး ကွန်ရက် (GEN) အနေနဲ့ ပံ့ပိုးမှုကတော့ အမျိုးသမီးခေါင်းဆောင်မှုပိုင်း တွေ၊ စီးပွားရေးနယ်ပယ်က အမျိုးသမီးတွေ ရုန်းကန်လှုပ်ရှားမှုတွေ၊ ပညာရေးနယ်ပယ်မှာ အမျိုးသမီးတွေ ခွဲခြား ဆက်ဆံခံရတာတွေ၊ စစ်ဘေးရှောင်စခန်းမှာရှိတဲ့အမျိုးသမီးတွေ ဒုက္ခကို ၂ဆင့်ခံရတာတွေနဲ့ မတူညီတဲ့ ဘာသာ ရေးမှာ အမျိုးသမီးတွေရဲ့စိန်ခေါ်မှုတွေအကြောင်း ဇာတ်ကားတွေ ဖြစ်ကြပါတယ်။

၂၀၁၅ ခုနှစ်မှာ ကျားမရေးရာ ဂျန်ဒါနဲ့ပတ်သက်တဲ့ ရုပ်ရှင်မှတ်တမ်းတွေ အရမ်းကို နည်းပါးတာကို သတိထားမိ တဲ့အတွက် ၂၀၁၆ ခုနှစ်မှာ စပြီးတော့ ဂျန်ဒါဇာတ်ကား(၄)ကား ရိုက်ကူးဖို့ ထောက်ပံ့ပေးကာ Gender Equality Award  စတင်ပေးခဲ့ကြောင်း ကျား၊ မ ရေးရာ တန်းတူညီမမျှရေး ကွန်ရက်(GEN)မှ ဒုတိယ ဒါရိုက်တာ ဒေါ်ကေသီ မြင့်သိန်းက ပြောပါတယ်။

“ အဓိက လူ့အခွင့်အရေးဆိုတဲ့အထဲမှာ အမျိုးသမီးအခွင့်အရေးဆိုတာပါတယ်ဆိုတာ မေ့လျော့နေမှာစိုးလို့ မက်ဆေ့ချ် ပေးချင်တာပါ” လို့ ဒေါ်ကေသီ မြင့်သိန်းက ဆိုပါတယ်။

လွန်ခဲ့တဲ့(၂)နှစ်ကျော်က ကျား၊ မရေးရာ တန်းတူညီမျှမှု ဇာတ်ကားရိုက်ဖို့ ဘယ်သူမှ မစဉ်းစားမိကြကြောင်း၊ ဂျန်ဒါ နဲ့ပတ်သတ်တဲ့ ဇာတ်ကားတွေ ဒီထက်မက ပိုပြီးပေါ်ထွက်လာမည်လို့ မျှော်လင့်ကြောင်းလည်း ဒေါ်ကေသီမြင့်သိန်း က ထပ်မံပြောပါတယ်။

ဆက်လက်ပြီး ရုပ်ရှင်ပွဲတော်တင်သာမကပဲ နေ့စဉ်မြင်တွေ့နေရတဲ့ မီဒီယာဇာတ်ကားတွေမှာ အမျိုးသမီးနဲ့ပတ် သက်ပြီး ဘယ်သူမှ ထည့်မစဉ်းစားကြောင်း၊ အမျိုးသမီးတွေကို ခွဲခြားနေတဲ့မက်ဆေ့ချ်တွေကို နေ့စဉ်နဲ့အမျှ တွေ့ နေရလို့ ရုပ်ရှင်ပွဲတော်ကို ကြည့်ခြင်းအားဖြင့် အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်တဲ့ ဇာတ်ကားများ ပိုရိုက်လာ နိုင်မယ်လို့ မျှော်လင့်ကြောင်း ဒေါ်ကေသီမြင့်သိန်းက ပြောပါတယ်။

ဇာတ်ကားရိုက်ကူးတဲ့ ကြယ်ရီလင်းစစ် ကတော့ “ အခွင့်အရေးချိုးဖောက်ခံနေရတဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ပြောချင်တာက ကျမကားထဲက အမျိုးသမီး(၃)ဦးဖြတ်သန်းပုံကို အတုယူပြီးပြောပါရစေ။ ကြိုးစားပါ။ ဖြတ်ကျော်ပါ။ အသံထွက်ပါ။ စိန်ခေါ်မှုတွေကို ရင်ဆိုင်ပါ။ ကျမတို့ရဲ့ အခွင့်အရေးကို ကာကွယ်မယ့် ဟီးရိုးက ကျမတို့ကိုယ်တိုင်ပါ ပဲ”

Related Articles