Home ဆောင်းပါး မုန်တိုင်းထန်သောဘဝထဲမှ မျှော်လင့်ချက် အိပ်မက်များ

မုန်တိုင်းထန်သောဘဝထဲမှ မျှော်လင့်ချက် အိပ်မက်များ

ရက္ခ။ ။

မခိုင် (အမည်လွှဲ) သည် ဆယ့်နှစ်လက်မဆိုဒ်ကျောက်တုံးကြီးများကို မနိုင်မနင်းသယ်ဆောင်ကာ ကမ်း ထိန်းနံရံတည်ဆောက်နေသော ပန်းရံဆရာဆီသို့ မနားတမ်း ပို့ပေးနေရ၏။ အချိန်တစ်နာရီကျော်ခန့်မျှကြာ သောအခါ ချောင်းကမ်းပါးကိုအတက်အဆင်းပြုလုပ်နေရသော မခိုင်တစ်ယောက် ဒူးများတဆတ်ဆတ်တုန်၍ ညွတ်ခွေလဲကျသွားတော့မယောင်ခံစားလာရတော့သည်။ သူ၏နဖူးထိပ်မှ ချွေးစက်များသည် မျက်နှာတပြင်လုံး ကိုဖြတ်ကျော်ကာ မေးဖျားအတိုင်း တပေါက်ပေါက် ကြွေဆင်းနေ၏။ ခန္ဓာကိုယ်ပေါ်တွင် ဝတ်ထားသော အဝတ် အစားများသည်လည်း ချွေးစက်များစိုရွှဲကာ စေးကပ်နေသည်။ သူ၏ အသက်ရှူသံများက အမောဖောက်နေသူ တစ်ဦးပမာ တဟောဟောတဟဲဟဲပင် မြည်နေလေသည်။ သို့သော် မခိုင်သည် ပင်ပန်းသောဒဏ်ကိုကြိတ်မှိတ် ခံစားရင်း ပန်းရံဆိုက်မှအလုပ်သမားများနှင့်တန်းတူပင် အလုပ်ကို ကြိုးစားလုပ်ကိုင်နေ၏။

စင်စစ် မခိုင် တစ်ယောက် သည်ပန်းရံဆိုက်တွင် အလုပ်ဆင်းနေသည်မှာ ဆယ်ရက်ခန့်မျှသာ ရှိသေး ၏။ အမိုးအကာမရှိသောနေပူကြဲကြဲအောက်တွင် ကျောက်သယ်၊ အုတ်သယ်၊ မဆလာဗန်းသယ်ရသော ပန်း ရံအလုပ်ကြမ်းသမားဘဝက သူနှင့် အံဝင်ဂွင်ကျမဖြစ်သေးချေ။ ခံနိုင်ရည်မဲ့သွားအောင်ပင် မောပန်းလွန်းလှ၏။ သို့သော် ပင်ပန်းလာချိန်တိုင်းတွင် ခြောက်နှစ်သားအရွယ် ပိုလီယိုရောဂါသည် သားကြီး၏မျက်နှာက သူ့မျက် လုံးထဲ၌ ဖျတ်ခနဲပေါ်လာတတ်၏။ ထိုသို့ ပေါ်လာတိုင်းတွင် “ငါ့သားလေးကို ဆေးကုဖို့ ငါ အလုပ်ကြိုးစားရ မယ်” ဟု တွေးရင်း အကြိမ်ကြိမ်အခါခါ ပြန်လည်၍ အားတင်းရလေသည်။

တန်ခူးနွေနေ့လယ်ခင်းသည် မခိုင် အလုပ်လုပ်နေသောကိုင်းရှည်ချောင်းကမ်းနံဘေးမှ ပန်းရံလုပ်ကွက် ကို ကြဲကြဲတောက်အောင် ပူလောင်လွန်းနေသည်။ ချောင်းရေပြင်ကိုဖြတ်သန်းလာသောလေပြေများက တသုန် သုန်တိုက်ခတ်နေသော်လည်း အပူဒဏ်ကို သက်သာသွားခြင်းမရှိချေ။ မခိုင် သည်ဆယ့်နှစ်လက်မဆိုဒ်ကျောက် တုံးပုံကြီးကို ပြီးစီးအောင်သယ်ပြီးနောက် လမ်းဘေးသစ်ပင်ရိပ်အောက်တွင်ထိုင်ရင်း ခေတ္တ အမောဖြေ၏။ သူ၏ မျက်လုံးများက တသွင်သွင်စီးဆင်းနေသော ကိုင်းရှည်ချောင်းရေပြင်ဆီသို့ အကြည့်ရောက်၏။ ရေပြင်ကြည်ကို ငေးနေရင်းမှပင် မရည်ရွယ်ပါပဲနှင့် သူ့ဘဝ၏ဆိုးဝါးလှသောကံကြမ္မာအလှည့်အပြောင်းများဆီအတွေးရောက် သွားကာ သက်ပြင်းတဟ်ချက်ကို ချလိုက်မိလေတော့သည်။

မခိုင်၏ ဘဝက အချိုးအကွေ့ အလှည့်အပြောင်း များပြားလွန်းလှသည်။ အခန်းဆက်အိပ်မက်တစ်ခု ကို ရက်ဆက်မက်နေရသည်နှင့်ပင် တူလွန်းလှ၏။ ဆိုးဝါးလှသောအဖြစ်အပျက်တို့သည် မခိုင်၏ဘဝထဲ၌ဆက် တိုက်ဆိုသလို လျှင်မြန်စွာ ဖြစ်ပျက်သွားခဲ့၏။ တည်ငြိမ်အေးချမ်းသော မိသားစုဘဝကလေးတစ်ခုကို မျှော်လင့် နေဆဲ၌ပင် အစိပ်စိပ်အမွှာမွှာ ပြိုကွဲပျက်စီးသွားခဲ့ရ၏။ ထိုသို့ ဘဝအပျက်အစီးများထဲ၌ပင် မခိုင်တစ်ယောက် ကာလအတန်ကြာအောင်အထိ ရေစုန်မျောခဲ့ရဖူးလေသည်။

လွန်ခဲ့သော ခုနစ်နှစ်ခန့်က မခိုင် တစ်ယောက် ချစ်သူနှင့်အိမ်ထောင်ပြုခဲ့သည်။ ထိုစဉ်က သူ့အသက် မှာ ဆယ့်ရှစ်နှစ်စွန်းရုံမျှသာ ရှိသေးသည်။ အိမ်ထောင်ကျပြီး နှစ်နှစ်ခန့်မျှအကြာတွင် သူသည် သားဦးရတနာ ကလေးကို မွေးဖွား၏။ သို့သော် သူ၏သားဦးကလေးသည် မသန်မစွမ်းသော ပိုလီယိုရောဂါသည်တစ်ဦးဖြစ်နေ ခဲ့သည်။ ထိုပိုလီယိုရောဂါသည်ကိုအကြောင်းပြကာ လင်ဖြစ်သူက မခိုင်အပေါ် တစိမ်းပြင်ပြင်ပမာ ဆက်ဆံလာ တော့သည်။ မခိုင် ၏အိမ်ထောင်ရေးခရီးလမ်းမှာ သာယာဖြောင့်ဖြူးမှုမရှိတော့ပဲ ကြမ်းတမ်းခက်ထန်တော့၏။ နောက်ထပ်နှစ်နှစ်ခန့်မျှကြာသောအခါ မခိုင် သည် ဒုတိယမြောက်ရင်သွေးကလေးကိုမွေးပြန်သည်။ကိုယ်လက် အင်္ဂါအစုံအလင်ပါသော သမီးမိန်းကလေးပင် ဖြစ်သည်။ ဒုတိယမြောက်ရင်သွေးကလေးကို ကောင်းကောင်းမွန် မွန်မွေးဖွားနိုင်ပါက အိမ်ထောင်ရေးပြန်လည်သာယာနိုင်လိမ့်မည်ဟု မျှော်လင့်ထေားသော မခိုင် တစ်ယောက် သမီးကလေးမွေးဖွားပြီးနောက်တွင်တော့ သူတို့အိမ်ထောင်ရေး၏ ပြန်လည်ဆက်စပ်မရတော့နိုင်သည့်အခြေ အနေကို စတင်မြင်တွေ့လာရတော့သည်။

သမီးကလေး တစ်နှစ်ကျော်ခန့်မျှအချိန်တွင် ကိုဗစ်-၁၉ ရောဂါကပ်ဆိုးကြီးဝင်ရောက်လာခဲ့ရာ မခိုင် တို့မိသားစု၏ စားဝတ်နေရေးအခြေအနေမှာ အကျဉ်းအကြပ်ထဲသို့ ဆိုက်ရောက်လာ၏။ ပိုလီယိုရောဂါသည် သားကြီး၏ဆေးကုသစရိတ်၊ နို့စို့အရွယ်သမီးငယ်ကလေးအတွက်အတွက်ကုန်ကျစရိတ်၊ အိမ်လခငွေနှင့် မိ သားစုနေ့စဉ်စားဝတ်နေရေးစသည်တို့က သူတို့အပေါ် ဆိုးဆိုးဝါးဝါးရိုက်ခတ်လာခဲ့သည်။ ထိုသို့အခြေအနေ မျိုးတွင် လင်ယောက်ျားဖြစ်သူသည် မခိုင်တို့မိသားစုကိုပစ်ထားရစ်ခဲ့ကာ အဝေးဆီသို့ တိတ်တဆိတ်ထွက်ခွာ သွားတော့သည်။ သည်နောက်တွင်တော့ မခိုင် တစ်ယောက် ခါးသည်းလွန်းလှသောနေ့ရက်များကြားထဲ၌ အလိုက်သင့် စီးမျောရလေတော့သည်။

“ ကံကြမ္မာဆိုးတွေက ကျွန်မဘဝထဲကို ဆက်တိုက်ဆိုသလို ဝင်ရောက်လာတာကိုကြုံခဲ့ရပါတယ်… ပို လီယိုရောဂါသည်သားလေးကို မွေးဖွားလာချိန်ကစလို့ဆိုပါတော့… ကျွန်မ အိမ်ထောင်ကွဲတယ်… အိမ်ထောင် ကွဲပြီးတဲ့နောက်မှာ သားသမီးနှစ်ယောက်နဲ့ လမ်းပျောက်နေတဲ့သူတစ်ယောက်လို ဖြစ်သွားပါတယ်….. နေ့စဉ် စားဝတ်နေရေးအတွက် ကလေးတွေကိုပစ်ထားပြီးတော့ အပြင်မှာ အလုပ်ထွက်လုပ်ရတယ်….ဒီကြားထဲ ပိုလီယို ရောဂါသည်သားကြီးကို ဆေးကုချင်စိတ်က ပြင်းထန်လာတယ်…..နောက်တော့ ဖြစ်ချင်တာဖြစ်ဆိုပြီးတော့ ကျွန်မ တ ရုတ်ပြည်ကို လိုက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်….ပွဲစားနဲ့အတူ တရုတ်ပြည်ကို လိုက်သွားဖြစ်ခဲ့ပါတယ်….” ဟု မခိုင်ကဆိုသည်။

မခိုင် က လင်ယောက်ျားက ထားခဲ့ပြီးနောက်ပိုင်း တဦးတည်းသားသမီးနှစ်ယောက်နှင့် လုပ်ကိုင်စားသောက်ရန် ခက်ခဲနေ ခဲ့သည့်အတွက် လူကုန်ကူးသောအမျိုးသမီးကြီးတစ်ဦးနှင့် သူ ချိတ်ဆက်မိခဲ့သည်။ ထို အမျိုးသမီးက မခိုင်ကို တရုတ်နိုင်ငံသို့လိုက်ခဲ့ရန်သွေးဆောင်၏။ တရုတ်နိုင်ငံတွင် အလုပ်အကိုင်ပေါများကြောင်း၊ လုပ်အား ခငွေများများရကြောင်း၊ ငွေကြေးများများရရှိလာပါက ပိုလီယိုရောဂါသည်ရင်သွေးငယ်ကို ဆေးကုနိုင်မည် ဖြစ်ကြောင်းနှင့် မခိုင် လိုက်မည်ဆိုပါက သူကိုယ်တိုင် လမ်းစရိတ်ကိုအကုန်အကျခံ၍ ခေါ်သွားပေးမည်ဖြစ် ကြောင်းဆို၏။ မခိုင် သည် တရုတ်နိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်ကိုင်ရန် စိုးရိမ်ထိတ်လန့် စိတ်ဖြစ် မိသော်လည်း ပိုလီယိုရောဂါသည်သားလေးကို ဆေးကုသချင်သရန် ငွေလိုနေသဖြင့် လိုက်သွားရန် ဆုံးဖြတ် လိုက်သည်။

ပွဲစားအမျိုးသမီးကြီးက မခိုင် ကို အိမ်၌သုံးစွဲရန် ငွေတစ်သိန်း(၁၀၀၀၀၀) ကျပ်ပေးသည့်အပြင် သူပြော ထားသည့်အတိုင်း လမ်းစရိတ်ကိုလည်း အကုန်အကျခံကာ ခေါ်သွားပေးသည်။ သို့သော် မူဆယ်သို့ရောက် သောအခါ ပွဲစားမကြီးက မခိုင်ကို တရုတ်တစ်ဦး၏လက်ထဲသို့ အပြတ်ရောင်းစားပစ်လိုက်ကြောင်း မခိုင်ကပြော ပြသည်။ မခိုင်သည် မူဆယ်မှတဆင့် တရုတ်နိုင်ငံကြယ်ခေါင်သို့လိုက်ပါသွားရ၏။ ထိုအချိန်တွင်မှသာ ပွဲစား မိန်းမကြီးက သူ့ကို လိမ်လည်ရောင်းစားလိုက်ခြင်းကိုသိခဲ့ရကြောင်း မခိုင်က ဆိုသည်။ သည်နောက်ပိုင်းတွင် တော့ မခိုင်သည် အိမ်ပြန်နိုင်ရန်အတွက် နည်းမျိုးစုံဖြင့် ကြိုးစားတော့သည်။ ကံကောင်းသည်ဟု ဆိုရမည်ထင် ၏။ သိပ်မကြာခင်၌ပင် ထိုပွဲစားအမျိုးသမီးကြီးကို လူကုန်ကူးမှုဖြင့် ရဲကဖမ်းဆီးလိုက်သည်။ မခိုင် သည်လည်း တရုတ်နိုင်ငံ၊ ကြယ်ခေါင်မှ ကံအားလျှော်စွာ ပြန်လည်လွတ်မြောက်လာခဲ့လေသည်။

“ တရုတ်နိုင်ငံက ပြန်ရောက်လာတော့ ကိုဗစ်-၁၉ ရောဂါပျံ့ပွားစပေါ့… အလုပ်အကိုင်တွေ သိပ်ကို ရှားပါးနေတဲ့အချိန်မှာ ကျွန်မ အမှိုက်ကွင်းထဲကိုသွားပြီးတော့ ပလပ်စတစ်ဗူးခွံတွေလိုက်ကောက်ပြီး ရောင်း တယ်…ဈေးထဲမှာ ဟင်းသီးဟင်းရွက်တွေ ရောင်းပါတယ်…မရှက်တော့ပါဘူး…စားဝတ်နေရေးနဲ့ ကလေးတွေ စရိတ်က ကျွန်မအတွက် အရေးကြီးလာပါတယ်…. နောက်တော့ နေပူမရှောင် မိုးရွာမရှောင်တော့ပဲ သမာအာ ဇီဝအလုပ်မှန်သမျှကို လိုက်လုပ်တော့ရတော့တာပဲ”ဟု မခိုင်က ဆိုသည်။

မခိုင်က ပိုလီယိုရောဂါသည် သားကြီး၏ပုံသဏ္ဍာန်မှာ ခြေထောက်နှင့် လက်များသေးသိမ်၍ ဦးခေါင်းတစ်ခုက သာမန်ထက်ပိုမိုကြီးမားနေပြီး လမ်းလျှောက်နိုင်ခြင်းနှင့် စကားပြောနိုင်ခြင်း လုံးဝမရှိကြောင်းဆိုသည်။ အစား အစာများကိုလည်း ကိုယ်ထူကိုယ်ထ ကောက်ယူစားသောက်နိုင်ခြင်းမရှိကြောင်း ဆိုသည်။ ထို့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုအားနည်းလွန်းသဖြင့် မွေးမိခင်ကိုမျှပင် မသိရှိကြောင်း သူကဆို၏။ သို့သော် သူ၏ သားလေး ကို ရန်ကုန်သို့သွားကာ အထူးကုဆရာဝန်ကြီးများဖြင့် တိုင်ပင်ကုသလိုက်ပါက အခြေအနေ တိုးတက် ကောင်းမွန်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း မခိုင် ကဆိုသည်။ ထိုသို့ ဆေးကုသနိုင်ရန်အတွက် လိုအပ်သော ငွေကြေးများကို ကြုံရာအလုပ်လုပ်ရင်းဖြင့် ရှာဖွေစုဆောင်းနေရ ကြောင်းလည်း မခိုင် က ရင်ဖွင့် ပြောဆိုသည်။

သို့သော် လက်ရှိအချိန်တွင် မခိုင်သည် ပိုလီယိုရောဂါ သည်သားကလေးကို ဆွေမျိုးမကင်းသူတစ်ဦး ထံသို့ အပြီးတိုင်မွေးစားရန် ပေးထားရကြောင်းဆိုသည်။ ထိုသို့ ပေးလိုက်ရခြင်းမှာလည်း ကလေး၏နောင်ရေး ကိုတွေးတောကာ ပေးလိုက်ရခြင်းဖြစ်ပြီး သူ့ရင်ထဲတွင် ရင်ကျိုးမတတ် နာကျင်ရကြောင်း ရင်ဖွင့်သည်။ အလုပ် အကိုင်များအဆင်ပြေ၍ ငွေစကလေးများစုဆောင်းမိလာသောတနေ့တွင် သူ၏သားလေးကို ဆေးကုသခွင့်ရရှိ ရန်တောင်းခံသွားမည်ဟုလည်း မခိုင် က ပြောပြသည်။

လက်ရှိအချိန်တွင် မခိုင် သည် ပန်းရံဆိုက်ထဲ၌ တစ် နေ့လျှင် ကျပ်ငွေ ၆၀၀၀ နှုံးဖြင့်အလုပ်လုပ်လျှက် ရှိနေသည်။ ပန်းရံအလုပ်မရှိသောအချိန်မျိုးတွင် ဈေးထဲ၌ ဟင်းသီးဟင်းရွက် ရောင်းသည်။ အမှိုက်ကွင်းထဲသို့ ဆင်းကာ ကော်ဗူးများကောက်သည်။ ရရှိလာသောငွေကြေးများထဲမှ တစ်နေ့လျှင်အနည်းဆုံး(၂၀၀၀) ကျပ်ခန့်ကိုစုဗူးကလေးဖြင့်စုဆောင်းထားကြောင်း မခိုင်က ဆိုသည်။ ထိုစုဗူးကလေးထဲတွင် ငွေကြေးများပြည့် လာသောတစ်နေ့၌ ပိုလီယိုရောဂါသည်ကို ရန်ကုန်သို့ခေါ်ဆောင်၍ ဆေးကုသပေးမည်ဟု ရည်မှန်းထား ကြောင်း ဆို၏။ မျှော်လင့်သမျှမပြည့်ဝခဲ့သော သူ့ဘဝတွင် သည်မျှော်လင့် ချက်ကလေးတစ်ခုကိုတော့ လှလှပပ ပြည့်ဝစေချင်လှကြောင်း မခိုင်က ရင်ဖွင့်သည်။

ညနေညို အလုပ်သိမ်းချိန်ဖြစ်သဖြင့် ပန်းရံဆိုက်မှအလုပ်သမားတချို့ ထမင်းချိုင့်ကိုယ်စီကိုကိုင်ဆောင် ကာ အိမ်ပြန်ကြလေပြီ။ မခိုင် သည် ကိုင်းရှည်ချောင်းရေစပ်သို့ဆင်းကာ ကိုယ်လက်များကို သန့်စင်၏။ ထို့ နောက် ထမင်းချိုင့်ကလေးကိုယူဆောင်ကာ အိမ်ပြန်ရန်ပြင်သည်။ ထိုစဉ်မှာပင် ပန်းရံဆရာက သူ့နာမည်ကို ခေါ်ကာ နေ့စားလုပ်အားခ ရှင်းပေးသည်။

မခိုင် သည် လက်ထဲသို့ရောက်ရှိလာသော တစ်ထောင်တန်ငွေခြောက်ရွက်ကို ဖြန့်ကျက်ကြည့်နေ မိစဉ် ပိုလီယိုရောဂါသည်သားကလေး၏မျက်နှာက ငွေစက္ကူရွက်များပေါ်တွင် အရိပ်ထင်လာ၏။ မခိုင် တစ် ယောက် သားကလေးကိုသတိရစိတ်ဖြင့် ရင်ထဲတွင် ဆို့နင့်လာမိသည်။ တစ်နေ့ကို လုပ်အားခခြောက်ထောင် လောက်မျှငွေကြေးဖြင့် သားကလေးကို မည်သည့်အချိန်တွင် ဆေးကုနိုင်ပါမည်နည်းဟုလည်း သူက တွေး၏။ သူ၏ မျှော်လင့်ချက်များပြည့်ဝလာမည့်နေ့ကို မသေချာမရေရာသကဲ့သို့ခံစားလာရသည်။ ဖြစ်နိုင်မည်ဆိုပါက သားလေးကို အမြန်ဆုံး ဆေးဝါးကုသပေးချင်မိသည်။ မုန်တိုင်းထန်ထန်ထဲက သူ့ဘဝကိုသူပြန်တွေးမိရင်း သက်ပြင်းတစ်ချက်က အလိုလို ကြွေကျလာလေတော့သည်။

Related Articles