Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

စက်တင်ဘာလ ၂၃ ရက်မှ ၂၉ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်း အရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။  

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ပုပ်ရဟန်းမင်းကြီးတောင်းဆို၊ ဗာတီကန်မှာ လာရောက်ခိုလှုံနိုင်တယ်လို့ ကမ်းလှမ်း

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးဖို့နဲ့ ဗာတီကန်မှာလာရောက်ခိုလှုံနိုင်တယ် လို့ ပုပ်ရဟန်းမင်းကြီးကတောင်းဆိုလိုက်ပါတယ်။

ပုပ်ရဟန်းမင်းကြီးက သူ့ရဲ့အာရှခရီးစဥ်အတွင်းမှာ ဂျက်ဇွစ်(Jesuit)လို့သိကြတဲ့ ယေဇူးအသင်းသားတွေနဲ့ တွေ့ဆုံ စကားပြောဆိုချိန်မှာ အခုလို တောင်းဆို ကမ်းလှမ်းလိုက်တဲ့အကြောင်း ရိုက်တာသတင်းဌာနက သတင်းဖော်ပြပါ တယ်။

‘‘ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို တောင်းဆိုပြီး ရောမမြို့မှာ သူ့ရဲ့သားဖြစ်သူနဲ့လည်း လက်ခံတွေ့ဆုံ နိုင်ခွင့်ရဖို့တောင်းဆိုပါတယ်။ ဗာတီကန် ပိုင်နက်ထဲမှာ သူ့ကို လက်ခံဖို့ကမ်းလှမ်းလိုပါတယ်’’ လို့ ပုပ်ရဟန်းမင်း ကြီးက ၁၂ ရက်ကြာတဲ့ အရှေ့တောင်အာရှခရီးစဥ်အတွင်း သီးသန့်တွေ့ဆုံမှုမှာပြောလိုက်တာလို့ သိရပါတယ်။

မြန်မာမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ဖြစ်ပွားနေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံတွေအနေ နဲ့မမေ့ကြဖို့ ပုပ်ရဟန်းမင်းကြီးက ရံဖန်ရံခါ တိုက်တွန်းလေ့ရှိပါတယ်။

Source – BBC

လားရှိုးမြို့ ဗုံးကြဲတိုက်ခိုက်ခံရမှု အမျိုးသမီးတစ်ဦးသေဆုံး၊ ၁၅ ဦးခန့် ဒဏ်ရာရ

စစ်ကောင်စီတပ်က ကိုးကန့်တပ်မတော် (MNDAA ) သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို စက်တင်ဘာလ ၂၄ ရက်နေ့ကဂျက်တိုက်လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လားရှိုးမြို့ ရပ်ကွက် (၂) က ရထိုက် ဟိုတယ်နဲ့ ဖူလီလိုက် ဟိုတယ်တွေကို ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချခဲ့တာပါ။ ဒါ့ အပြင် အဲဒီဟိုတယ်တွေအနီးကို လေကြောင်းကနေ ဗုံးနှစ်လုံး ထပ်မံကြဲချတာကြောင့် အရပ်သားတွေ ထိခိုက်သေ ဆုံးခဲ့တာဖြစ်ပါတယ်။

Source – RFA

ရန်ကုန်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူလူငယ်အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားနှစ်ဦး ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်ခံနေရ

ရန်ကုန်မြို့မှာ  စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တဲ့  တကသ ကျောင်းသား ဟောင်း များ အင်အားစုနှင့် မဟာမိတ်အဖွဲ့အစည်းများမှ ရဲဘော် ၄ ယောက် ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်ခံနေရတယ်လို့  တက သ ကျောင်းသားဟောင်းများ အင်အားစုက သတင်းထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ တကသကျောင်းသားဟောင်းများအင်အားစုရဲ့ တွဲဖက်တည်ထောင်သူ၊ အလွတ်တမ်း ဓာတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား၊ လူငယ်သပိတ်ကော်မတီ (YSC) ဦးဆောင်သူ ကို အောင် မင်းခိုင် (ခ) မဲကြီး၊ လူငယ်သပိတ်ကော်မတီ (YSC)အဖွဲ့ဝင် မမြမဉ္စူနဲ့ နိုင်ငံရေးအကျဥ်းသူဟောင်း မနှင်းအိခိုင် တို့ ဖြစ်ပြီး သူတို့ဟာ စစ်ကောင်စီရဲ့  မတရားဖမ်းဆီးခံထားရတာလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

သူတို့ဟာ မတရားဖမ်းဆီးခံရပြီးနောက် စစ်တပ်ရဲ့ လူမဆန်တဲ့ ညှဉ်းပန်း နှိပ်စက်မှုတွေ  စစ်ကြော မေးမြန်း ခံနေရတယ်လို့ဆိုပါတယ်။

Source – DVB

ဓနုဖြူတွင် ရဲမေများကဘော်လီမ၀တ်သည့် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးကို  ကျပ်ငွေ  ၃၀၀၀၀ ဒဏ် ရိုက်

စစ်ကောင်စီလက်အောက်ခံရဲမေတွေက ဧရာဝတီတိုင်း၊ဓနုဖြူမြို့နယ်အတွင်း ဘော်လီအင်္ကျီမ၀တ်တဲ့ အမျိုးသမီး တစ်ဦးကို ကျပ်‌‌ငွေသုံးသောင်း (၃၀,၀၀၀) ငွေဒဏ်ရိုက်ခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။

အသက် ၅၀ ၀န်းကျင်ရှိတဲ့အမျိုးသမီးတစ်ဦးကို ရဲမေတွေက ဖမ်းဆီးကာ ကျပ်ငွေသုံးသောင်း ဒဏ်ရိုက်ခဲ့တာ ဖြစ် ပါတယ်။ ဘော်လီအင်္ကျီမဝတ်ဆင်တာက  အမျိုးသမီး အများစုရဲ့ ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေတယ်လို့ ပြောဆို ကာ ဖမ်းဆီး သတိပေး ငွေဒဏ်ဆောင် ခိုင်းတာဖြစ်တယ်လို့သိရပါတယ်။

Source – Ayeyarwaddy Times

အမျိုးသမီး ၁၃ ဦးအပါ လူ ၁၆၀ ကျော် သေဒဏ်ချမှတ်ခံထားရ

စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၄ ခုနှစ်ဖေဖော်ဝါရီလအထိ ဖမ်းဆီးထိန်းသိမ်းခံရသူ  ၁၂၃ ဦး၊ မျက်ကွယ်သေ ဒဏ်ချမှတ်ခံထားရသူ (၄၄)ဦး၊ စုစုပေါင်းသေဒဏ်ချမှတ်ခံထားရသူ (၁၆၇)ဦးရှိတယ်လို့ AAPP ကဖော်ပြ ထားပါ တယ်။

သေဒဏ်ချမှတ်ခံရသူတွေထဲ အမျိုးသမီး ၁၃ ဦး ပါဝင်တဲ့အပြင် ၉၀ ရာခိုင်နှုန်းက အသက် ၁၈ နှစ်ကနေ ၃၅နှစ် ကြား လူငယ်တွေ ဖြစ်ကြပါတယ်။ လက်နက်ကိုင်ဆောင်မှု ပုဒ်မတွေနဲ့ တရားစွဲခဲ့ပြီး တချို့တွေကို သေဒဏ် တစ် ကြိမ်မကဘဲ နှစ်ကြိမ်၊ သုံးကြိမ်အပြင် တသက်တကျွန်းပြစ်ဒဏ်ထက်ပိုများတဲ့ ထောင်ဒဏ် ၂၂၅ နှစ်၊ ၉၅ နှစ်စတဲ့ ပြစ်ဒဏ်တွေ ပေးခဲ့တာ ဖြစ်ပါတယ်။

Source – Mizzima

သံတွဲမြို့ ဗုံးကြဲခံရမှု အမျိုးသမီးနဲ့ ကလေးငယ်တွေသေဆုံး

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ သံတွဲမြို့ပေါ်က စစ်ရှောင်စခန်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် စုစုပေါင်း ၁၄ ဦးသေဆုံးပြီး ၂၅ ဦးအပြင်းအထန် ဒဏ်ရာရထား ပါတယ်။

ဗုံးကြဲ တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့သူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ အများဆုံး ပါဝင်ပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေဟာ ဒဏ်ရာ ပြင်းထန်တာကြောင့် နောက်ထပ်သေဆုံး တာတွေလည်း ရှိနိုင်တယ်လို့ဆို ပါတယ်။

Source – Irrawaddy Burmese

မအူပင်မှာ အမျိုးသမီးတွေ အပါအဝင်ဒေသခံ ၁၅ ဦး ဖမ်းဆီးခံရ၊ တစ်ဦး သေဆုံး

စစ်ကောင်စီတပ်က ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် တံတားကြီးရွာက အမျိုးသမီးတွေအပါအဝင် ဒေသခံ ၁၅ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် စစ်ကြောရေးလုပ်စဥ် ဖမ်းဆီးခံထားရသူတွေထဲက လူငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

တံတားကြီးရွာထဲမှာ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ရောက်နေတယ်ဆိုတဲ့ သတင်းကြောင့် စစ်ကောင်စီတပ်က ဝင် ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့ ညပိုင်းမှာ နေအိမ်တစ်အိမ်ကနေ လူငယ်ငါးဦး၊ စက်တင်ဘာ ၁၆ ရက်နေ့မှာ နောက်ထပ် လူငယ်တစ်ဦးနဲ့ သူရဲ့မိခင်ဖြစ်သူတို့ ထပ်မံဖမ်းဆီးခံရတာကြောင့် စုစုပေါင်း ခုနစ်ဦး အရင်ဆုံး ဖမ်းဆီးခံခဲ့ရတာပါ။

အဲဒီနောက် စက်တင်ဘာ ၁၇ ရက်နေ့မှာ ဒီလူငယ်တွေ ရောက်နေတာကို သတင်းပို့ဖို့ ပျက်ကွက်တယ်ဆိုပြီး ရာ အိမ်မှူးတစ်ဦး၊ ဆယ်အိမ်မှူးလေးဦး၊ စစ်တပ်က လာဖမ်းမဲ့အကြောင်း လူငယ်တွေကို သတင်းကြိုပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ဆွေမျိုးမိသားစုဝင် အမျိုးသမီးသုံးဦး စုစုပေါင်း ရှစ်ဦး ထပ်မံဖမ်းဆီးခဲ့တာ လို့ ဆိုပါတယ်။

Source – RFA Burmese

ရခိုင်တွင် အမျိုးသမီးလစဉ်သုံးပစ္စည်း ရှားပါးပြီး စျေးမြင့်နေ၍ အခက်ကြုံနေကြရ

ရခိုင်ပြည်မှာ အမျိုးသမီးလစဉ်သုံးပစ္စည်း(Pad)  ရှားပါးမှုနဲ့ဈေးမြင့်တက်မှုတွေကြောင့် အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေရရှိဖို့ အခက်အခဲကြုံနေကြရတယ်လို့သိရပါတယ်။

ရခိုင်မှာ မြို့သိမ်းတိုက်ပွဲများမဖြစ်ခင်က အမျိုးသမီးလစဉ်သုံးပစ္စည်းတစ်ထုပ်ကို ကျပ် ၁ ထောင် ကျော်သာရှိခဲ့ရာမှ လက်ရှိမှာတော့ ပျဥ်းမျှ ၅၀၀၀ ကျပ်မှ ၇၀၀၀ ကျပ် ကြားရှိနေတယ်လို့သိရပါတယ်။

စျေးမြင့်တက်နေတဲ့အတွက် ငွေကြေးမတတ်နိုင်သူတွေက အဝတ်စတွေကိုဆုတ်ဖြဲပြီး အသုံးပြုနေရတယ်လို့  ရသေ့တောင်မြို့နယ်၊ လေးခွဆုံကျေးရွာက အမျိုးသမီးတစ်ဦးကပြောပါတယ်။

တခါတရံ လစဉ်သုံးပစ္စည်းမရှိတဲ့အတွက် ရှေးယခင်ခေတ်တွေကလို အပြင်မထွက်ဘဲ မိမိအိမ်တွင်းမှာ သာနေကြရ တယ်လို့ပြောပါတယ်။

ရခိုင်မှာ မြို့သိမ်းတိုက်ပွဲတွေဖြစ်ပြီးနောက် စစ်ကောင်စီက ကုန်းလမ်းနဲ့ရေလမ်းတို့ကို တင်းတင်းကျပ်ကျပ်ပိတ် ပင်ထားပြီး ကုန်ပစ္စည်းတွေပြတ်လပ်နေကာ စျေးနှုန်းတွေမြင့်တက်နေတာဖြစ်ပါတယ်။

Source – နိရဥ္စရာ

Author:

Related Articles