Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

နိုဝင်ဘာ ၆ ရက်မှ ၁၂ ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်း ဖော်ပြပေးလိုက်ပါတယ်။

  • စစ်ရေးရှုံးနိမ့်ချိန်မှာ တပ်မိသားစုဝင်အမျိုးသမီးတွေကို ယတြာချေ၊ ပရိတ်ရွတ်ဖို့ညွှန်ကြား

ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)က ၎င်းရဲ့လက်အောက်ခံဖြစ်တဲ့ပဲခူးတိုင်း အခြေစိုက် တပ်ရင်းအားလုံး မဟာသမယသုတ်နဲ့ပရိတ်ကြီး ၁၁ သုတ်ကို ရွတ်ဖတ်ရမယ်လို့ တပခရဲ့ နိုဝင်ဘာ ၇ ရက်က ကြေးနန်းစာနဲ့ ညွှန်ကြားလိုက်ပါတယ်။

နိုဝင်ဘာ ၈ ရက် ဒီမနက် ၉ နာရီကစတင်ကာ လက်အောက်ခံတပ်ရင်းအားလုံး တချိန်တည်းရွတ်ဖတ်ရမှာဖြစ်ပြီး ရွတ်ဖတ်ရာ မှာ တပ်ရင်းများမှ စစ်တပ်အဖွဲ့ဝင်တွေရဲ့အမျိုးသမီးတွေက ယောဂီဝတ်စုံဝတ်ဆင်လျက် ၉ ပါးသီလခံယူရွတ်ဆိုရမှာဖြစ် တယ်။ ဒါကို နိုဝင်ဘာ ၁၆ ရက်အထိ ၉ ရက်လုံးလုံး ရွတ်ဆိုရမှာပါ။

မရွတ်ဖတ်မီမှာ ဘုရားကျောင်းဆောင်ရှေ့မှာ ကျောက်ကျော ၃ တုံး၊ ဘရာကြော် ၃ ခုနဲ့ မုန့် လုံးရေပေါ် ၃ လုံးစီထည့်ထား တဲ့ပန်းကန် ၁၀၈ ချပ်ကို ကပ်လှူပူဇော်ပြီးမှ ရွတ်ဖတ်ရမှာဖြစ်တယ်။

ဒီလိုလုပ်ဆောင်ဖို့ ညွှန်ကြားတာတွေဟာ စစ်ကောင်စီတပ်မှာ စစ်ရေးအရဆိုးဝါးတဲ့အခြေအနေတွေကို ရင်ဆိုင်နေရတာ ကြောင့်လို့ မကြာသေးမီကမှ CDM ပြုလုပ်လာတဲ့အရာရှိတဦးက ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ရှမ်းမြောက်ဒေသမှာ စစ်စခန်းရာနဲ့ချီဆုံးရှုံးခဲ့သလို မြို့နယ် ၃ခုထက်မနည်းကိုလည်း မြောက် ပိုင်း မဟာမိတ်အဖွဲ့တွေက သိမ်းယူထားတာဖြစ်တယ်။

Source – မြေလတ်အသံ

  • လားရှိုးမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး ၃ ဦးနဲ့ ကလေးငယ် ၁ ဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ကောင်းကံရွာမှာ နိုဝင်ဘာလ ၉ ရက်၊ မနက်ပိုင်းမှာ ကျေးရွာထဲ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီး ၃ ဦးနဲ့ ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ရပြီး အမျိုးသား ၁ ဦးကတော့ ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်တယ်။

သေဆုံးသူတွေထဲမှာ အသက်လေးဆယ်အရွယ် အမျိုးသမီးတစ်ဦးဟာ ဒဏ်ရာပြင်းထန်တာကြောင့် ဆေးရုံအရောက်မှာ သေ သွားခဲ့တာဖြစ်ပြီး ကျန်တဲ့သူတွေက နေရာမှာတင်သေဆုံးခဲ့ရတာပါ။

မိုင်းတင်း၊ တာပုံကျေးရွာအနီးမှာ စစ်တပ်ရင်းတချို့ရှိနေပြီး စစ်တပ်နဲ့ မြောက်ပိုင်းအဖွဲ့ရဲ့အပြန်အလှန်ပစ်ခတ်မှုကြောင့် ကျေး ရွာတွေအနီး လက်နက်ကြီးကျည်ကျလို့ အရပ်သားတွေ မကြာခဏ ထိခိုက်သေဆုံးဒဏ်ရာရတာတွေရှိနေတာဖြစ်တယ်။

Source – RFA

  • မြင်းခြံမှာ စစ်ကြောင်းဝင်ပစ်တာကြောင့် ၃ နှစ်သမီးအပါအဝင် အရပ်သား ၆ ဦးသေဆုံး

 မန္တလေးတိုင်း မြင်းခြံမြို့နယ် ပြားရွာကို နိုဝင်ဘာ ၇ ရက်က စစ်ကြောင်းဝင်စီးနင်းရာမှာ ၃ နှစ်အရွယ်ကလေးအပါအဝင် အရပ်သား ၆ ဦးသတ်ဖြတ်ခံခဲ့ရပါတယ်။

ရွာအနီးမှာ တိုက်ပွဲဖြစ်နေလို့ ရွာဘေးက ကွမ်းစိုက်ခင်းခြံတဲထဲ တိမ်းရှောင်နေတဲ့သားအမိနှစ်ယောက်ကို စစ်သားတွေက တဲထဲ ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် သမီးဖြစ်သူသေဆုံးရပြီး မိခင်မှာ ဒဏ်ရာရသွားခဲ့တာဖြစ်တယ်။

ဒါ့အပြင် ရွာထဲဝင်စီးချိန်မှာလည်း အရပ်သား ၅ ဦးကို ဓါးနဲ့မွှန်း၊ လည်ပင်းလှီးဖြတ်သတ်သွားခဲ့ပါတယ်။ သေဆုံးသူတွေက ၃၉ နှစ်အရွယ် ကိုဂျစ်တူး၊ အသက် ၄၀ အရွယ် ကိုရဲဝင်း၊ အသက် ၂၀ အရွယ် ကိုကျော်မင်းသန့်၊ ၁၉ နှစ်အရွယ် ကိုပြည့်ဖြိုးနဲ့ ၁၅ နှစ်အရွယ်နဲ့ မောင်ထက်မြက်အောင်တို့ ဖြစ်တယ်။

စစ်သားတွေဟာ ဒေသခံတွေကို အကြောင်းမဲ့သတ်ဖြတ်ရုံသာမက ကွမ်းခြံတွေနဲ့ နေအိမ် ၃၇ လုံးပါမီးရှို့ဖျက်စီးသွားတာပါ။

Source – Myanmar Now

  • ကော့ကရိတ်မှာ နေအိမ်ပေါ် လက်နက်ကြီးကျလို့ အမျိုးသမီးတဦး ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်းက အံဖကြီးရွာထဲက နေအိမ်တစ်အိမ်ပေါ် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲလို့ သက်လတ်ပိုင်းအမျိုးသမီးတဦး ဒဏ်ရာရသွားခဲ့တယ်။

လက်နက်ကြီးကျည်ထိလို့ ဒဏ်ရာရသွားတဲ့ အမျိုးသမီးရဲ့ အမည်၊ အသက် စတဲ့အသေးစိတ်အချက်အလက်တွေ မသိရသေး သလို ဒဏ်ရာအခြေအနေကိုလည်း တိတိကျကျမသိရသေးပါဘူး။

လတ်တလောရက်ပိုင်းအတွင်း ကော့ကရိတ်မြို့တဝိုက်မှာ ဆက်တိုက် တိုက်ပွဲပြင်းထန်နေတာမျိုး မရှိပေမယ့် လက်နက်နဲ့ ပစ် ခတ်သံအပြင် စစ်အုပ်စုမှ လက်နက်ကြီး ပစ်ခတ်မှုတွေကတော့ မကြာခဏရှိနေတယ်လို့ ကော့ကရိတ်ဒေသခံကပြောပါတယ်။

Source – Delta News Agency   

  • ကောလင်းမှာတွေ့တဲ့ရုပ်အလောင်း ၁၀ ဦးမှာ အမျိုးသမီးတွေလည်းပါဝင် 

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို PDF တွေ အပြည့်အဝထိန်းချုပ်ထားပြီးနောက် နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်ချိန်တွေ ရှိတဲ့ပြည်သူ့ရုပ်အလောင်း ၁၀ ခုမှာ အမျိုးသမီးတွေလည်းပါဝင်နေတယ်လို့ သိရပါတယ်။

သေဆုံးသူတွေရဲ့ကိုယ်ရေးအချက်အလက်တွေကို အတည်ပြုလို့မရသေးပေမယ့် သူတို့ဟာ တိုက်ပွဲအတွင်း စစ်တပ်မှ လေ ကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ထွက်ပြေးခဲ့ရတဲ့ ကောလင်းမြို့ခံ ၅၀,၀၀၀ ခန့်ကို လက်ရှိမှာ မြို့တွင်းထဲကို ပြန်ဝင်ခွင့်မပြုထားပေမယ့် နေ ထိုင်ရေး၊ စားသောက်ရေးကိုတော့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စီစဉ်ပေးထားတာဖြစ်တယ်။

ကောလင်းမြို့ကို PDF ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၃ ရက်မှစတင်ကာ ၅ ရက်အထိ ၃ ရက်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် ၆ ရက် မနက်မှာ မြို့တခုလုံးကို အပြီးသတ်သိမ်းနိုင်ခဲ့တာပါ။

Source – မြေလတ်အသံ

  • ဘင်္ဂလားဒေ့ရှ်က ပြန်ဝင်လာလို့ ဖမ်းခံရတဲ့ရိုဟင်ဂျာ ၆ ဦးထဲမှာ အမျိုးသမီး ၂ ဦးပါဝင်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြောင်းနားရွာမှာ နိုဝင်ဘာ ၃ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေ ပြန် ဝင်လာတဲ့ ရိုဟင်ဂျာ ၆ ဦးကို ဖမ်းဆီးမိခဲ့ပြီး ဒီထဲမှာ အမျိုးသမီး ၂ ဦးနဲ့ ကလေး ၃ ဦးပါဝင်ပါတယ်။

ကုတုပါလောင် ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့တဲ့ အသက် ၃၇ နှစ်အရွယ် အာမိန်အာလီနဲ့ မိသားစုဝင် ခြောက်ဦးဟာ အဲဒီမှာ စား ဝတ်နေရေးခက်ခဲတာကြောင့် အရင်သူတို့နေထိုင်ခဲ့တဲ့ မြောင်းနားရွာကို ပြန်လာနေချိန်မှာ ဖမ်းဆီးခံလိုက်ရတာပါ။

လက်ရှိမှာတော့ သူတို့မိသားစုကို ဘူးသီးတောင်မြို့ နယ်မြေ ရဲစခန်းမှာထိန်းသိမ်းထားပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အမှုဖွင့် အရေးယူဖို့ လုပ်နေတယ်လို့သိရပါတယ်။

Source – RFA

  • အမျိုးသမီး ၁၁ ဦးပါဝင်တဲ့ ထိုင်းရောက် မြန်မာအလုပ်သား ၁၇ ဦး လစာမရဘဲခိုင်းစေခံရ

ထိုင်းနိုင်ငံ၊ လယောင်မြို့မှ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ရောက်ရှိနေသည့် အမျိုးသမီး ၁၁ ဦးအပါအဝင် မြန်မာ MoU အလုပ်သမား ၁၇ ဦးဟာ လုပ်ခလစာမရဘဲ ခိုင်းစေခံနေရတယ်လို့ သိရပါတယ်။

အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၁၇ ဦးဟာ ပြည်တွင်းမှ HTET MARN SERVICE CO., LTD အလုပ်သမား ရှာဖွေ ရေးအေဂျင်စီနဲ့ ချိတ်ဆက်ပြီး နှစ်နှစ်စာချုပ်နဲ့ ထိုင်းနိုင်ငံ လယောင်မြို့၊ ဘန်ချန်းရပ်ကွက်ရှိ TPWJ – SERVICE CO,LTD ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်ရခဲ့ပါတယ်။

ထိုင်းနိုင်ငံကိုရောက်တာနဲ့ ချက်ခြင်းအလုပ်မရသလို ရတဲ့အလုပ်ကျတော့လည်း လုပ်ငန်းရှင်က လုပ်ခလစာရှင်းမပေးတာ ကြောင့် အလုပ်သမားတွေမှာ စားဝတ်နေရေးအခက်တွေ့နေကြတာဖြစ်တယ်။

လက်ရှိ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများတွင် MoU စနစ်ဖြင့်ရောက်ရှိနေသည့် မြန်မာအလုပ်သမားများမှာ လုပ်ခ လစားမရတာ၊ အလုပ်ကိုင်ရှားပါးတာနဲ့ အလုပ်သမားအခွင့်ရေး ချိုးဖောက်ခံရတာတွေ မကြာခဏဖြစ်ပွားနေကြောင်း မြန်မာ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံသို့ အလုပ်လာလုပ်တဲ့တရားဝင် မြန်မာအလုပ်သမား ၄၀၀,၀၀၀ ခန့် ရှိတယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြထားပါတယ်။

Source – Mizzima 

  • သမ္မတ ဦးဝင်းမြင့်ရဲ့ဇနီး ထောင်ဝင်စာတွေ့ခွင့်ရ

ပဲခူးတိုင်း၊ တောင်ငူထောင်မှာ ချုပ်နှောင်ခံထားရတဲ့အသက် ၇၀ ကျော်အရွယ် သမ္မတ ဦးဝင်းမြင့်ကို အောက်တိုဘာလ နောက် ဆုံးအပတ်မှာ ထောင်ဝင်စာတွေ့ခွင့်ပြုခဲ့လို့ ဇနီးဖြစ်သူ ဒေါ်ချိုချိုက သွားရောက်တွေ့ခဲ့တာဖြစ်တယ်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို စစ်တပ်က အမှုပေါင်း ၈ မှုနဲ့စွပ်စွဲခဲ့ပြီး ပြစ်ဒဏ်တချို့ကို လျော့ပေါ့ပေးကာ လက်ရှိမှာ ထောင် ဒဏ် ၁၀ နှစ်ချမှတ်ခံထားရတာပါ။

သမ္မတဦးဝင်းမြင့်ကို စစ်တပ်က နေပြည်တော်လျှို့ဝှက်နေရာမှာထားရှိရာမှ ဇန်နဝါရီ ၁၄ ရက်မှာ တောင်ငူထောင်သို့ ပို့လိုက် ပြီးနောက် ၁၀ လ ဝန်းကျင်ကြာချိန်မှ မိသားစုနဲ့ ပြန်လည်တွေ့ဆုံခွင့်ရခဲ့တာပါ။

၂၀၂၁ ဖေဖော်ဝါရီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကို ဖြုတ်ချကာ အာဏာသိမ်းခဲ့တဲ့စစ်တပ်က နိုင်ငံတစ်ဝန်း အကျဉ်း ထောင်အသီးသီးမှာ ကာလရှည်ပိတ်ပင်ထားတဲ့ထောင်ဝင်စာတွေ့ခွင့်ကို ပြီးခဲ့သည့် လကုန်ပိုင်းမှစလို့ အကန့်အသတ်များစွာနဲ့ ပြန်လည်ခွင့်ပြုခဲ့တာဖြစ်တယ်။ 

Source – Myanmar Now

  • အကျဉ်းကျခံနေရတဲ့ဒေါ်အောင်ဆန်းစုကြည်အတွက် စာအုပ်များ ပို့ဆောင်ခွင့်ရ

နေပြည်တော်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် ပြီးခဲ့တဲ့အပတ်က စာအုပ်တွေပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုပေါင်း ၁၉ မှုနဲ့စွပ်စွဲခဲ့ပြီး ပြစ်ဒဏ်တချို့ကို လျှော့ပေါ့ပေးခဲ့တဲ့အတွက် လက်ရှိမှာ ထောင်ဒဏ် ၂၇ နှစ်ချမှတ်ခံထားရတာဖြစ်တယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ၂၄ ရက်မှာ စစ်တပ်က အကျဉ်းထောင်တွေမှာ မိသားစုဝင်တွေနဲ့ ထောင်ဝင်စာလူချင်းတွေ့ဆုံခွင့်ကို ခွင့်ပြုပေးခဲ့တာဖြစ်တယ်။ သို့ပေမဲ့ မြန်မာနိုင်ငံမှာ အိမ်ထောင်စုဇယားပါ မိသားစုဝင်မရှိတဲ့ဒေါ်အောင်ဆန်းစုကြည် ကိုတော့ ဘယ်သူနဲ့မှ လူချင်းတွေ့ဆုံခွင့်မပေးသေးပါဘူး။

သူရဲ့ရှေ့နေအဖွဲ့ကတော့ ပြီးခဲ့တဲ့အောက်တိုဘာ ၃၁ ရက်မှာ နေပြည်တော်အချုပ်ထောင် အာဏာပိုင်တွေထံ စာနဲ့၆ကြိမ် မြောက်တင်ပြထားပေမယ့် လက်ရှိအချိန်ထိ တွေ့ဆုံခွင့်မရသေးတာဖြစ်တယ်။

Source – Mizzima 

  • ရခိုင်က အရပ်ဘက်အဖွဲ့ရုံးတချို့ကို စစ်တပ်မှ ဝင်စစ်ဆေး

ရခိုင့်တပ်မတော်(AA)ပါဝင်တဲ့ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့စစ်ဆင်ရေးကြောင့် အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ် အတွင်း စစ်ရေးပြင်ဆင်မှုလုပ်လာပြီး အရပ်ဘက်အဖွဲ့ရုံးတချို့ကိုလည်း ဝင်စစ်ကာ ခွင့်ပြုချက်မရှိဘဲ ခရီးမသွားကြဖို့ တားမြစ်ခဲ့တယ် လို့ သိရပါတယ်။

ဒီလိုစစ်ဆေးမှုတွေကြောင့် ဒေသတွင်းအရပ်ဖက်အဖွဲ့မှ တာဝန်ရှိသူတချို့ဟာ တိမ်းရှောင်နေကြရပြီး သူတို့ရဲ့ကူညီရေး လုပ် ငန်းတွေကိုလည်း လွတ်လပ်စွာလုပ်ကိုင်ခွင့်မရတော့တာဖြစ်တယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကလည်း စစ်တွေမြို့အခြေစိုက်အရပ်ဘက်အဖွဲ့တခုဖြစ်တဲ့ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဌဒေါ်ညိုအေးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅(က)နဲ့အမှုဖွင့် တရားစွဲထားပါတယ်။

စစ်တပ်မှ တာဝန်ရှိသူတွေဟာ ၂၀၂၃ ခု မတ်လကလည်း  ရခိုင်ဒေသအခြေစိုက် အရပ်ဘက်အဖွဲ့တာဝန်ရှိသူတွေကို ခေါ်တွေ့ ပြီး လက်နက်ကိုင်အဖွဲ့တွေနဲ့ အဆက်အစပ်မလုပ်ဖို့နဲ့ လုပ်ခဲ့ရင် အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ပါသေးတယ်။

ဒါ့အပြင် လက်ရှိကာလအတွင်း ရခိုင်ဒေသခံ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုလည်း စစ် တပ်အရာရှိတွေက ခေါ်တွေ့၊ ခြိမ်းခြောက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Source – Delta News Agency   

  • ဝေါမြို့နယ်မှာ လက်နက်ကြီးကြောင့် ခရီးသည်အမျိုးသမီး တစ်ဦးဒဏ်ရာရပြီး အမျိုးသား ၄ ဦးသေဆုံး

ပဲခူးတိုင်း၊ ဝေါမြို့နယ် တနော်ကျွန်းရွာ လှေဆိပ်မှာ နိုဝင်ဘာ ၇ ရက်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ခရီးသွားပြည်သူ လေးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့ပါတယ်။

အသက် ၆၇ နှစ်အရွယ် ဦးကျော်မြင့်၊ အသက် ၃၅ နှစ်အရွယ်ကိုအောင်ဆန်းဦး၊ အသက် ၃၀ အရွယ် ကိုအောင်ကိုနဲ့အသက် ၃၃ နှစ်အရွယ် ကိုကျော်လင်းထွန်းတို့ သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားငါးဦး ဒဏ်ရာရခဲ့တာဖြစ်တယ်။

ဒီတနော်ကျွန်းရွာမှာ ဒေသခံတွေသေဆုံးမှုဟာ PDFတွေက ဒရုန်းနဲ့ဗုံးချတိုက်ခိုက်တာလို့ နိုဝင်ဘာ ၈ ရက်ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

Source – RFA

  • အိုမန်ရောက် အိမ်အကူ ချင်းအမျိုးသမီးတစ်ဦး လေဖြတ်လို့ ဆေးကုသစရိတ် သိန်း ၅၀၀ မိဘတွေထံတောင်းခံ

အိုမန်နိုင်ငံမှာ အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ ချင်းအမျိုးသမီးတစ်ဦးဟာ နိုဝင်ဘာ ၂ရက်မှာ လေဖြတ်ကာ ဆေးကုသမှု ခံယူနေရပြီး ဆေးကုသစရိတ်အတွက် အေးဂျင့်တွေက မြန်မာနိုင်ငံရှိ မိသားစုဝင်တွေထံ ငွေကျပ်သိန်း၅၀၀ တောင်းခံနေတယ် လို့ မိသားစုဝင်တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ အသက် ၂၇နှစ်အရွယ်ရှိ မိုင်ထနိုင်ပါရ်ဟာ လွန်ခဲ့တဲ့ ၃ပတ်ကတည်းက ကျန်းမာရေးချို့တဲ့ လာလို့ မြန်မာနိုင်ငံပြန်လာဖို့အတွက် အလုပ်ရှင်တွေဆီမှာ ခွင့်တောင်းခဲ့ပေမယ့် ပြန်လာခွင့်မရခဲ့ပါဘူး။

ပြီးခဲ့တဲ့နိုဝင်ဘာ ၂ရက်မှာ မြန်မာနိုင်ငံပြန်လာဖို့စီစဉ်ထားပေမယ့် ဆီးဝမ်းမသွားနိုင်တော့ဘဲ ရုတ်တရက်လေဖြန်းသွားတာ ကြောင့် ပြန်မလာနိုင်တော့ဘဲ ဆေးကုသမှုခံယူနေရတာဖြစ်တယ်။

မိုင်ထနိုင်ပါရ်ကို ဆေးကုသဖို့အတွက် အလုပ်အေးဂျင့်ကနေ ငွေကျပ် သိန်း ၅၀၀ ကို မြန်မာနိုင်ငံရှိ မိသားစုဆီကနေပို့ပေးဖို့ တောင်းနေပြီး ဒီငွေကြေးကို မိသားစုတွေအနေနဲ့ မတတ်နိုင်တာကြောင့် အခက်အခဲဖြစ်နေကြပါတယ်။

အိုမန်နိုင်ငံအပြင် အာရပ်စော်ဘွားများနိုင်ငံ ယူအေအီးလို အရှေ့အလယ်ပိုင်းနိုင်ငံတွေဆီမှာ အလုပ်သွားရောက်လုပ်ကိုင် နေတဲ့ မြန်မာအမျိုးသမီးအများစုဟာ လူကုန်ကူးခံရတာ၊ ဘာသာစကားနဲ့ ယဉ်ကျေးမှုမတူတဲ့တခြားနိုင်ငံတွေမှာ အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နေကြရတာဖြစ်တယ်။

Source – Zalen

  • တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးကျည်စထိမှန်လို့ အမျိုးသမီးတစ်ဦးသေဆုံး

တိုက်ပွဲ မဖြစ်ပွားဘဲ စစ်တပ်ကပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ကွတ်ခိုင်မြို့နယ်ဟိုခိုရွာက အမျိုးသမီးတစ်ဦးဟာ နေရာမှာပဲ သေဆုံးခဲ့သလို မန်ဂျက်ရွာမှ ၁၀လသားအရွယ် ကလေးငယ်နဲ့မိခင်အပါအဝင် ဒေသခံ ၃ဦးလည်း ကျည်စထိမှန်ပြီး ဒဏ်ရာရခဲ့ ပါတယ်။

ကွတ်ခိုင်နဲ့ မိုင်းယုလေးရွာကြား နမ့်ခိုင်တံတားမှာ အခြေချ လှုပ်ရှားနေတဲ့ စစ်တပ်က မနေ့ နိုဝင်ဘာ ၆ ရက် နေ့လယ် ၁ နာရီ ကျော်မှာ ၎င်းတို့တပ်စခန်းကနေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာကြောင့် ဟိုခိုရွာခံတွေရဲ့ တောင်ယာတစ်ခုထဲ ကျရောက် ပေါက်ကွဲပြီး ယာအင်(၆၀ နှစ်)ကို ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့တယ်။

အလားတူ နိုဝင်ဘာ ၅ ရက် ည ၉ နာရီဝန်းကျင်မှာ နမ့်ဖတ်ကာအဝင် ဆီဆိုင်အပေါ်နား တပ်စခန်းချတဲ့ စစ်တပ်ရဲ့လက်နက် ကြီးကြောင့် နမ့်ဖတ်ကာနားက မန်ဂျက်ရွာထဲ ကျရောက်ပေါက်ကွဲပြီး ၁၀ လအရွယ် ကလေးငယ်တစ်ဦးနဲ့ မိခင်အပါအဝင် နောက်ထပ် အိမ်သားတစ်ယောက်ပါ ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်။

၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့နေ့ကနေ ဒီနေ့ နိုဝင်ဘာ ၇ ရက်အထိ နမ့်ဖတ်ကာအပါအဝင် ဟိုခိုနဲ့ အရိယာယ်စတဲ့ကျေးရွာတွေ မှာ လက်နက်ကြီးကြောင့် သေဆုံးရသူ ၆ ဦးနဲ့ ကလေးငယ်အပါအဝင် ထိခိုက်ဒဏ်ရာရသူ ၁၂ ဦးထိရှိခဲ့တယ်လို့ သိရပါတယ်။

Source – ရွှေဖီမြေ

Author:

Related Articles