Home သတင်း အသိမ်းဆည်ခံလယ်မြေပြန်လည်ရရှိရေးထားဝယ်လယ်သူမများဆန္ဒထုတ်ဖော်

အသိမ်းဆည်ခံလယ်မြေပြန်လည်ရရှိရေးထားဝယ်လယ်သူမများဆန္ဒထုတ်ဖော်

ကောကော်။

DWp 2

လယ်ယာမြေရရှိရေးကြိုးပမ်းခဲ့ကြသည့် လယ်သမားများ ဖမ်းဆီးခံနေရခြင်းကြောင့် လယ်တောထဲကျန်ရစ်ခဲ့သည့် လယ်သူမများ၏ လုံခြုံရေးနှင့် စားဝတ်နေရေးအခက်အခဲများ ရင်ဆိုင်နေရသောကြောင့် အဖမ်းဆီးခံလယ်သမားများကို လွှတ်ပေးရန် ထားဝယ်လယ်သမများက ဆန္ဒပြ တောင်းဆိုလိုက်သည်။

လယ်သူမ အယောက် ၃၀ ပါသော ဆန္ဒပြပွဲကို တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် သြဂုတ်လ 5 ရက်နေ့ နံနက် ၇ နာရီမှ ၁၁ နာရီအထိ အသိမ်းဆည်းခံလယ်ယာမြေနေရာမှစတင်ပြီး ထားဝယ်မြို့ မျော့ကွင်းလမ်းမှတဆင့် ဥက္ကရလမ်း၊ မင်းတပ်လမ်းတလျှောက် လူစည်ကားသောနေရာတွင်ပြုလုပ်ခဲ့ကြသည်။

အမျိုးသမီးသီးသန့်ဆန္ဒပြရခြင်းမှာ အကျဉ်းချခံနေရသောအမျိုးသားများကြောင့် အမျိုးသမီးများအတွက် အခက်အခဲများစွာရှိနေခြင်းကြောင့်ဖြစ်ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူ မရွှေစင်ယုကပြောသည်။

“ကျမတို့အတွက် တော်တော်လေးကို ကသိကအောင့်ဖြစ်ရပါတယ်။ မိသားစုရဲ့စီးပွားရေး၊ ကျန်းမာရေးအခြေအနေ အရမ်းခက်ခဲတယ်။ ဒီတိုင်းနေလိုက်ရင် ကျမတို့လယ်ယာမြေတွေ ဆက်အသိမ်းခံရမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကျမတို့ပြန်ရအောင်လုပ်မှာပဲ။ နောက်ပြီး မတရားဖမ်းဆီးခံရတဲ့အမျိုးသားတွေကို ချက်ချင်းလွှတ်ပေးပါဆိုပြီး ခုလိုမျိုး အမျိုးသမီးတွေသီးသန့်ပဲ ဆန္ဒပြရတာပါ”

D 2

ဆန္ဒပြရန်အတွက် တရားဝင်ခွင့်ပြုချက်ကို အရင်ရယူပြီး ခွင့်ပြုမိန့်ကျလာသည့်အခါတွင်သာ ပြုလုပ်ကြောင်း မရွှေစင်ယုကပြောပါတယ်။

အမျိုးသားများထောင်ကျမှုကြောင့် အမျိုးသမီးများရင်ဆိုင်နေရသော ပြသာနာ(၂)ရပ်ရှိကြောင်း ထားဝယ်အမျိုးသမီးသမဂ္ဂမှ မမာလာကပြောသည်။

“နံပါတ်တစ်အချက်ကတော့ ကျန်နေခဲ့တဲ့ အမျိုးသမီးမှာ အမျိုးသားက ထောင် ၆ လကျနေတဲ့အတွက် လယ်တောထဲတွင် နေထိုင်ဖို့ လုံခြုံမှု မရှိတော့ဘူး။ ပြီးတော့ ကလေးတွေရဲ့ တာဝန်က ပိုပြီးပိလာတယ်။ ဘယ်အချိန် သူမရဲ့ လယ်ကို လာပြီးကျူးကျော်မှာလဲဆိုတာကို စိုးရိမ်ရတာနဲ့ပေါ့”

လယ်ယာမြေရရှိရေးနှင့် အဖမ်းဆီးခံ လယ်သမားများ လွှတ်မြောက်ရေးအတွက် လယ်သူမများနှင့်အတူ ပူးပေါင်းကူညီသွားမည့်အကြောင်း ထားဝယ်အမျိုးသမီးသမဂ္ဂမှ မမာလာကပြောသည်။

“ကျမတို့အမျိုးသမီးအဖွဲ့အနေနဲ့ ပါဝင်လှုပ်ရှားပူးပေါင်းသွားမယ်။ ဥပဒေလမ်းကြောင်းအရ လုပ်သွားပေးမယ်။ သတင်းစာရှင်းလင်းပွဲလဲလုပ်ပေးမယ်။ လုပ်ပေးနိုင်တဲ့ဖက်က ကူညီပေးသွားမယ်ခုဆိုရင် တကယ့်ဒုက္ခရောက်တဲ့ အမျိုးသမီးတွေ ပါတယ်လေ။ တစ်လတစ်ခါ ထောက်ပံ့ပေးတယ်။ ကျမတို့ သူမတို့ဆီသွားပြီး အားပေးစကားလေးတွေ သွားပြောတယ်”

ယင်းလယ်မြေများ ပြန်ရရှိရေးအတွက်၂၀၁၂ ခုနှစ်တွင်စုံစမ်းရေးကော်မရှင် ညှိနှိုင်းရေးမှုကော်မတီများထံသို့ စာရေးတင်သော်လည်း ထူးခြားမှုမရှိသည့်အပြင် အတင်းအဓမ္ဓပင် ဆက်လုပ်နေကြောင်း အကျဉ်းချခံရဖူးပြီး ဆန္ဒပြသည့်အထဲတွင်ပါဝင်သူ မရီရီထွေးကပြောပါသည်။

ထားဝယ်မြို့မှ လယ်ယာမြေများကို ၂၀၁၁ ခုနှစ်အထိ တောင်သူတွေ အခွန်ဆောင်လုပ်ကိုင်နေကြကြောင်း၊ ယင်းနှစ်မှာပင် အသိမ်းဆည်းခံရပြီး၊၂၀၁၃ နိုဝင်ဘာလတွင် လူအင်အား ၁၀၀၊ ယခုအကျဉ်းချခံနေရသော တောင်သူများအပါအဝင် ပထမအကြိမ်ဆန္ဒပြခဲ့ပြီး၊ ဒုတိယအကြိမ်မှာ ၂၀၁၄ ဇန်နဝါရီလတွင်တစ်ကြိမ်နှင့် ယခုအမျိုးသမီးသီးသန့်မှာ တတိယအကြိမ်ဖြစ်ကြောင်း သူမကပြောပါသည်။

ဆန္ဒပြကြွေးကြော်ခဲ့သော အသံများမှာ

၁။ လယ်ယာမြေများပေါ်တွင် အကောင်အထည်ဖော်နေသောဆောက်အဦးများ ရပ်တန့်ရေး

၂။မတရားဖမ်းဆီးခံရသောလယ်သမားများပြန်လွှတ်ပေးရေး

၃။တရားဥပေဒစိုးမိုးရေး

၄။လယ်ယာမြေအဓမ္ဓသိမ်းဆည်းမှုရပ်တန့်ရေး

၅။အခွင့်ထူးခံခရိုနီတိုက်ဖျက်ရေး

၆။လယ်ယာမြေပေါ်မှာအတင်းအဓမ္ဓ အဆောက်အဦးဆောက်လုပ်နေမှု ချက်ချင်းရပ်ဆိုင်းပေးရေးစသည့်အချက်များဖြစ်သည်။

Related Articles