Home ဆောင်းပါး နေရပ်ပြန်ချင်တဲ့အိမ်မက်နဲ့ ကော့ပဇားဒုက္ခသည်စခန်းမှာအမျိုးသမီးအရေးလှုပ်ရှားမှုပြုလုပ်နေသူ မချိုချိုခိုင်

နေရပ်ပြန်ချင်တဲ့အိမ်မက်နဲ့ ကော့ပဇားဒုက္ခသည်စခန်းမှာအမျိုးသမီးအရေးလှုပ်ရှားမှုပြုလုပ်နေသူ မချိုချိုခိုင်

သန့်ရှင်းထွန်း

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ပဇားဒုက္ခသည်စခန်းက အသက် ၂၄ အရွယ် မချိုချိုခိုင်ဟာ ရိုဟင်ဂျာအမျိုးသမီးနှင့် မိန်းကလေးငယ်တွေရဲ့ အခွင့်အရေးနှင့် ကျား-မတန်းတူရေးအတွက် ဦးဆောင်နေသူဖြစ်ပါတယ်။

ဖိုဝါဒကြီးစိုးမှုနှင့် အမျိုးသမီးတွေကို အမျိုးသားတွေလောက် အခွင့်အရေးမပေးတဲ့ ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းထဲမှာ အမျိုးသမီးတွေနှင့် ကလေးငယ်အခွင့်အရေးအတွက် မချိုချိုခိုင်ဟာ Rohingya Women Association For Education & Development (RWAED) အဖွဲ့အစည်းတခုကို ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် နှစ်လယ်ပိုင်းက စတင်တည်ထောင်ခဲ့ပါတယ်။

“ရိုဟင်ဂျာအမျိုးသမီးတွေနှင့်မိန်းကလေးငယ်တွေရဲ့ ပညာရေးနှင့်လူမှုရေးမညီမျှမှုတွေကိုလျော့ချဖို့ ကျမတို့စွမ်းဆောင်ခြင်းဖြင့် ရိုဟင်ဂျာအသိုင်းအဝိုင်းကို ပြောင်းလဲဖို့ပါ”လို့ သူကပြောပါတယ်။

လက်ရှိဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ပဇားဒုက္ခသည်စခန်းမှာနေထိုင်တဲ့ မချိုချိုခိုင်က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ မှာ နေထိုင်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နှိပ်စက်ညှဉ်းပန်းမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုကြောင့် ကော့ပဇားဒုက္ခသည်စခန်းကို ထွက်ပြေးခဲ့ရသူ အမျိုးသမီးငယ်တစ်ဦးပါ။

မြန်မာနိုင်ငံမှာရှိစဉ်တုန်းက ပညာရေးကို အားပေးတဲ့ မိဘတွေကြောင့် မချိုချိုခိုင်ဟာ ၂၀၁၅ ခုနှစ်မှာ ဘူးသီးတောင်မြို့က တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ခဲ့ပေမယ့် တက္ကသိုလ်ပညာရေးကို ဆက်တက်ခွင့်မရဘဲဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရတာလို့ဆိုပါတယ်။

“မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးရတဲ့ ခရီးက အရမ်းခက်ခဲကြမ်းတမ်းခဲ့တယ်။ တောတောင်တွေ၊ မြစ်ချောင်းတွေကို ခြေကျင်လျှောက်ရတယ်။ တချို့မိသားစုတွေ တကွဲတပြားစီဖြစ်ခဲ့တယ်။ ခရီးကြမ်းလို့ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေနှင့် ကိုယ်ဝန်ဆောင်တွေ မရေမတွက်နိုင်အောင် အသက်ဆုံးရှုံးခဲ့ရတယ်။ ဒါက ဘယ်လိုမှ မမေ့နိုင်တဲ့ ခရီးတခုပါ”လို့ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရပုံကို ပြန်ပြောပြပါတယ်။

အသက်မသေဘဲ ဘင်္ဂလားဒေ့ရှ်နယ်စပ် ကော့ပဇားကို ရောက်ရှိချိန်မှာတော့ ယာယီစခန်းတွေမှာ လူပြည့်ကျပ်နေပြီး နေရာမလုံလောက်မှုတွေကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံပေးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ကူညီပံ့ပိုးပေးမှုကို ကျေးဇူးအရမ်းတင်မိတယ်လို့ မချိုချို ခိုင်က ပြောပါတယ်။

တက္ကသိုလ်ဝင်တန်း အောင်မြင်အောင် ကျောင်းတက်ခဲ့ဖူးတဲ့ မချိုချိုခိုင်ဟာ သူတို့နေထိုင်တဲ့ ကော့ပဇား ဒုက္ခသည်စခန်းမှာ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေနဲ့ကလေးငယ်တွေ ကြုံတွေ့နေရတဲ့ အခက်ခဲတွေကို တဖက်တလမ်းက ကူညီဖြေရှင်းဖို့အတွက် RWAED အဖွဲ့ကို ထူထောင်ခဲ့ပြီး အမျိုးသမီးနှင့် ကလေးငယ်တို့ရဲ့ အခွင့်အရေး အကြောင်း၊ လေးစားလိုက်နာရမယ့် အကြောင်းအရာတွေကို ဒုက္ခသည်စခန်းက လူထုသိရှိအောင် ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို ဆောင်ရွက်တဲ့နေရာမှာလည်း အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်(ARSA)အဖွဲ့ရဲ့ ရန်ကို စိုးရိမ်ကြောက်လန့် နေရပြီး ARSA အဖွဲ့ဟာ သူတို့စကားကို နားမထောင်တဲ့သူတွေ၊ ဒုက္ခသည်အရေး ဦးဆောင်လှုပ်ရှားသူတွေကို တိုက်ခိုက်မှုတွေရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ARSA အဖွဲ့ဟာ၂၀၂၁ ခုနှစ် စက်တင်ဘာလက ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာအရေးအတွက် ကူညီဆောင်ရွက်ပေးနေသူ အမျိုးသားခေါင်းဆောင်ဖြစ်တဲ့ မူဟိဘူလ္လာကို သေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်။

အခုလို ARSA အဖွဲ့ရဲ့ရန်ကိုစိုးရိမ်နေရတဲ့ကြားထဲက မချိုချိုခိုင်ဟာ ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ရိုဟင်ဂျာ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေနှင့် ကလေးတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးအကြောင်းအရာတွေကို ဟောပြောတာ၊ ဒုက္ခသည်စခန်းက အမျိုးသမီးထုတခုလုံးရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ တောင်းဆိုတာတွေ ပြုလုပ်နေတယ်လို့ သူကပြောပါတယ်။

“ကျမတို့ နိုင်ငံတကာအမျိုးသမီးနေ့တွေ၊ လူ့အခွင့်အရေးနေ့တွေမှာ အခမ်းအနားတွေလုပ်တယ်။ အမျိုးသမီးတွေ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို နိုင်ငံတကာသဘောတူချက်တွေမှာ ဘယ်လိုပြဌာန်းထားတယ်ဆိုတဲ့အကြောင်းအရာတွေကို ပြောဖြစ်တယ်”လို့ ပြောပါတယ်။

ဖိုဝါဒကြီးစိုးမှုများတဲ့ ရိုဟင်ဂျာအသိုင်းဝိုင်းထဲမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေ ဘယ်လိုဖော်ပြထားတယ်ဆိုတဲ့အကြောင်းအရာတွေကို ဒုက္ခသည်စခန်းမှာရှိတဲ့ရိုဟင်ဂျာအမျိုးသမီးထုတခုလုံးသိအောင် လုပ်သွားဖို့ရှိတယ်လို့ သူကဆိုပါတယ်။

ဒါပေမယ့် သူလုပ်ချင်တဲ့အလုပ်တွေကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ဖို့အတွက် စိန်ခေါ်မှုတွေ အများ ကြီးရှိနေသေးတယ်လို့ ပြောပါတယ်။

“ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တာ၊ ပညာရေးအခွင့်အလမ်းနည်းပါးတာ၊ ကျား-မအခြေပြုအကြမ်းဖက်မှုနှင့် ကလေးသူငယ်တွေကို လိင်အမြတ်ထုတ်တာစတဲ့ စိန်ခေါ်မှုတွေအများကြီး ရှိနေတယ်” လို့ မချိုချိုခိုင် က ဆက်ပြောပါတယ်။

 စိန်ခေါ်မှုတွေများနေတဲ့ ဒုက္ခသည်စခန်းမှာ မိန်းကလေးငယ်တွေဟာ သူတို့ဘဝရှေ့ရေးအတွက် မလေးရှား နှင့် တခြားနိုင်ငံတွေကို ရတဲ့နည်းနဲ့ ထွက်ခွာတာတွေလည်း ရှိနေပြီး အခုလို မိန်းကလေးငယ်တွေ တခြားနိုင်ငံတွေကို ထွက်ခွာတာကို တချို့မိဘတွေက သဘောမတူသလို မျက်လုံးစုံမှိတ်ပြီး သဘောတူလိုက်ရတဲ့ မိဘတွေလည်း ရှိနေတယ်လို့ ကော့ပဇားဒုက္ခသည်စခန်းက မိန်းကလေးငယ်တွေရဲ့ အကြောင်းကို ပြောပြပါတယ်။

မချိုချိုခိုင်အနေနဲ့တော့ဒုက္ခသည်စခန်းက မိန်းကလေးငယ်တွေ တခြားနိုင်ငံကို ထွက်ခွာမသွားဘဲ စခန်းထဲမှာ အမျိုးသမီးနှင့် မိန်းကလေးငယ်တွေ ဘဝရှင်သန်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးစေချင်တယ်လို့ ပြောပါတယ်။

“အနာဂတ်ပျောက်သလို ခံစားနေရတော့ သူတို့လည်း အသက်စွန့်ပြီး မလေးရှားသွားကြတယ်။ အင်ဒိုနီးရှားဖက်လည်း ထွက်ကြတယ်။ လှေတွေနဲ့ ခိုးထွက်တဲ့အတွက် ပင်လယ်ပြင်မှာ လှေမှောက်ပြီး သေဆုံးတာ၊ အဖမ်းခံရတာတွေအများကြီး ကြုံနေကြရတယ်။ တကယ်လို့ စခန်းထဲမှာ သူတို့အတွက် ပုံမှန်ဝင်ငွေရှိတဲ့ အလုပ်တခုခုရှိနေမယ်ဆိုရင် နိုင်ငံခြားကို ထွက်ဖြစ်ချင်မှ ထွက်ဖြစ်လိမ့်မယ်”လို့ မချိုချိုခိုင်က သူ့အမြင်ကို ပြောခဲ့ပါတယ်။

လက်ရှိမှာတော့သူဟာ သူတည်ထောင်ထားတဲ့ (RWAED) အဖွဲ့ကို ပိုပြီးတိုးတက် အောင်မြင်လာအောင် တခြား ဒုက္ခသည်စခန်းမှာရှိတဲ့ အမျိုးသားလူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ တခြားနိုင်ငံတကာအဖွဲ့အစည်း တချို့နဲ့ ချိတ်ဆက်ဆောင်ရွက်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

“အကျပ်အတည်းတွေကြားထဲကမှ အခုလို ရိုဟင်ဂျာအမျိုးသမီးအဖွဲ့ကို ထူထောင်ပြီးတော့ အမျိုးသမီးအခွင့်အရေးအတွက် လှုပ်ရှားနေတာကို ကျနော်တို့ ကြိုဆိုပါတယ်။ အခုလို လူမှုအဖွဲ့အစည်းတွေ အများကြီးပေါ်ပေါက် ပြီးတော့ အဖွဲ့အစည်းအားလုံးအားနဲ့ဆောင်ရွက်မယ်ဆိုရင် လက်ရှိ ဒုက္ခသည်စခန်းမှာ ကြုံနေရတဲ့ အခွင့်အရေးချိုးဖောက်မှုတွေ၊ အကျပ်အတည်းတွေကို အထိုက်အလျှောက် လျော့ချနိုင်မှာပါ”လို့ ကော့ပဇားဒုက္ခသည်စခန်းက လူ့ အခွင့်အရေး လှုပ်ရှားနေသူတစ်ဦးကထောက်ပြပြောဆိုပါတယ်။

အမိုးအကာနှင့် နေထိုင်စရာနေရာ မလုံလောက်မှုတွေကြားထဲမှာ အခက်ခဲပေါင်းစုံကို ကြုံတွေ့နေရတဲ့ မချိုချိုခိုင်ဟာ အမျိုးသမီး၊ မိန်းကလေးငယ်တွေနှင့် ကလေးငယ်အခွင့်အရေးလှုပ်ရှားမှုတွေကို ဆောင်ရွက်နိုင်လာပေမယ့် အချိန်ကာလတခုမှာ သူနေထိုင်ခဲ့တဲ့ မြန်မာနိုင်ငံကို ပြန်ခွင့်ရဖို့ မျှော်လင့်ချက် ရှိနေသေးတယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံက ကျမတို့ကို ဒုက္ခမျိုးစုံရောက်အောင် လုပ်ခဲ့ပေမယ့် ကျမတို့နေရပ်ပြန်ချင်တယ်။ ဒါပေမယ့် စိန်ခေါ်မှုတွေက အများကြီးရှိနေသေးတယ်။ နိုင်ငံတကာနှင့် အိမ်ရှင်နိုင်ငံက ကြိုးပမ်းပေးရင်တော့ ကျမတို့ပြန်ခွင့်ရမှာပါ။ မြန်မာနိုင်ငံသားတွေချစ်သလို ကျမတို့လည်း ကိုယ့်ပြည်ကိုယ့်ရွာကို ချစ်ပါတယ်။”

Author:

Related Articles