Home ဆောင်းပါးသတင်းဆောင်းပါး နွေဦးတော်လှန်ရေးထဲ ခေတ်ဝန်ကိုထမ်းကာ ခရောင်းလမ်းကိုလျှောက်နေသူ

နွေဦးတော်လှန်ရေးထဲ ခေတ်ဝန်ကိုထမ်းကာ ခရောင်းလမ်းကိုလျှောက်နေသူ

ခင်ဘုန်းမို့။ ။

စစ်အာဏာသိမ်းပြီးငါးရက်မြောက်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့တုန်းက အမျိုးသမီးငယ်တစ်ဦးဟာ အိမ်ကအပြီး အပိုင်ထွက်ခဲ့ပြီဆိုတဲ့ စိတ်ပိုင်းဖြတ်မှုမျိုးနဲ့လမ်းပေါ်ထွက်လာခဲ့ပါတယ်။

အမျိုးသမီးငယ်ဟာ အရင်တုန်းကဆန္ဒထုတ်ဖော်ပွဲတွေမှာ ပါဝင်ဖူးတဲ့အတွေ့အကြုံရှိခဲ့ပေမယ့် ဖေဖော်ဝါရီ ၆ ရက်နေ့ က ပါဝင်တဲ့ သပိတ်စစ်ကြောင်းကတော့ သူ့အတွက်ထူးခြားခဲ့ပါတယ်။ ဒီသပိတ်စစ်ကြောင်းဟာ စစ်အာဏာသိမ်းမှုကို ဆန့် ကျင်တဲ့ ရန်ကုန်မြို့ရဲ့ပထမဆုံးသပိတ်စစ်ကြောင်းလည်းဖြစ်ခဲ့တယ်။

အမျိုးသမီးငယ်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်းဘုတ်ကိုင်ထားတဲ့ လူတန်းရှည်ကြီးရှေ့မှာ ရိုးရာအကျီအနီ ဝတ်ဆင် ထားပြီး လက်သုံးချောင်းထောင်ကာ ကြွေးကြော်သံကိုအားအပြည့်နဲ့ဟစ်ကြွေးခဲ့ပါတယ်။ သူကတော့ ကချင်လူငယ် အမျိုး သမီးတစ်ဦးဖြစ်တဲ့ အက်စတာဇေနောပါ။

အာဏာသိမ်းပြီးနောက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကိုစတင်ဖို့ တက်ကြွလှုပ်ရှားသူတွေဟာ ချိတ်ဆက် ဆွေးနွေးခဲ့ကြပြီး အဖွဲ့လိုက်သပိတ်စစ်ကြောင်းကို ရှေ့တန်းကနေဦးဆောင်မယ့်သူအဖြစ် ရွေးချယ်ကြရာမှာ အက်စတာ ဇေနောကပါဝင်ဖြစ်ခဲ့တာပါ။ သူနဲ့အတူ မအိသဉ္ဇာမောင်လည်းပါဝင်ခဲ့တယ်။

သပိတ်စစ်ကြောင်းမှာရှေ့တန်းက ဦးဆောင်ပါဝင်တာဖြစ်တဲ့အတွက် ကိုယ့်အသက်အန္တရာယ်နဲ့ပတ်သက်ပြီး စိုးရိမ်ခဲ့ပေ မယ့် ပြည်သူတွေရဲ့ဘဝတွေပိုပြီးအမှောင်ကျမယ့်အခြေအနေကို အက်စတာတစ်ယောက်ပို စိုးရိမ်ခဲ့ပါတယ်။ အက်စတာ ဟာ ဖေဖော်ဝါရီလတစ်လလုံး လမ်းပေါ်မှာဆန္ဒပြတာတွေ၊ အွန်လိုင်းလှုံ့ဆော်မှုတွေ၊ နိုင်ငံတကာချိတ်ဆက်မှုတွေကို တောက်လျှောက်လုပ်ကိုင်ခဲ့တယ်။

စစ်အာဏာသိမ်းပြီး ခုနစ်လအကြာမှာတော့ အက်စတာဟာ TIME မဂ္ဂဇင်းကဖော်ပြတဲ့ ကမ္ဘာမှာလွမ်းမိုးမှုအရှိဆုံး အယောက် ၁၀၀စာရင်းမှာ ထည့်သွင်းခြင်းခံခဲ့ရတယ်။ ဒီစာရင်းမှာ အခု အမျိုးသားညီညွှတ်ရေးအစိုးရ အမျိုးသမီးနဲ့ကလေး သူငယ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီးဖြစ်တဲ့ မအိသဉ္ဇာမောင်လည်းပါဝင်ခဲ့ပါတယ်။

TIME မဂ္ဂဇင်းအနေနဲ့ သူတို့ရဲ့လေ့လာဆန်းစစ်မှုတွေအရ မအိသဉ္ဇာမောင်နဲ့အက်စတာဇေနောတို့ဟာ ဖေဖော်ဝါရီလ ၆ ရက်နေ့ကစ ရန်ကုန်မြို့မှာ မိတ်ဘက်အဖွဲ့အစည်းတွေနဲ့အတူ စတင်ဆန္ဒပြခဲ့တာက မြန်မာနိုင်ငံရဲ့ ၂၀၂၁ နွေဦးတော်လှန် ရေးလှိုင်းကို ပြည်သူလူထုရဲ့နိုင်ငံရေးရေချိန်နဲ့ ချိန်သားကိုက်လှုံ့ဆော်နိုင်ခဲ့တယ်ဆိုတဲ့ သုံးသပ်ချက်ကြောင့် ဖော်ပြခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ ကျွန်မတို့ရဲဘော်တွေရဲ့အသံနဲ့ မြန်မာနိုင်ငံ လက်ရှိတော်လှန်ရေးအခင်းအကျင်းကို နိုင်ငံတကာစာမျက်နှာမှာ ပိုထင်ရှား လာစေဖို့ တာဝန်ရှိတယ်လို့ခံယူပါတယ်။ နောက်ပြီးဒီနေ့မြန်မာနိုင်ငံပြည်သူလူထုကြုံတွေ့နေရတဲ့ နိုင်ငံရေးအကျပ်အတည်း တွေနဲ့ပတ်သက်ပြီး နိုင်ငံတကာစာမျက်နှာရှေ့မှာ မီးမောင်းထိုးပြရာရောက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ရှေ့ဆက်နိုင်ငံရေး တည်ဆောက်မှုလုပ်ငန်းစဉ်တွေမှာ တစ်စုံတစ်ရာအထောက်အကူပိုဖြစ်နိုင်ဖို့ကိုလည်း မျှော်လင့်ပါတယ်”လို့ TIME မဂ္ဂဇင်း မှာ ဖော်ပြခံရတာနဲ့ပတ်သက်ပြီးအက်စတာဇေနောကပြောပါတယ်။

စာအုပ်တွေနဲ့ကြီးပြင်းခဲ့သူ 

အက်စတာဇေနောဟာ ရန်ကုန်မှာမွေးဖွားခဲ့ပြီးရန်ကုန်မှာပဲကြီးပြင်းခဲ့တဲ့ ကချင်လူမျိုး ခရစ်ယာန်ဘာသာဝင်တစ်ဦးပါ။ မွေးချင်းမောင်နှစ်မ နှစ်ဦးမှာ အက်စတာကအကြီးဖြစ်တယ်။

ငယ်စဉ်က အဖိုးအဖွားတို့ရဲ့စာအုပ်ဗီဒိုဟာ အက်စတာအတွက်ရတနာသိုက်ကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ စာစဖတ်တတ်တဲ့ အချိန်ကစပြီး အဲ့ဒီစာအုပ်ဗီဒိုကြီးကိုမွှေနှောက်ဖတ်ကာ စာအုပ်ထဲကအက်စတာနားမလည်လို့ မေးတဲ့အကြောင်းမှန်သမျှကို အဖိုးဖြစ်သူကစိတ်ရှည်ရှည်နဲ့ရှင်းပြပေးခဲ့ပါတယ်။

မိခင်ဖြစ်သူကစာအုပ်တွေရွေးဝယ်ပေးသလို ဖခင်ဖြစ်သူကလည်း ကလေးရုပ်ပြစာစောင်တွေ၊ဖတ်ချင်တဲ့ မဂ္ဂဇင်းစာစဉ်တွေ ကိုပုံမှန်မှာပေးခဲ့တယ်။ လူထုဦးလှ၊လူထုစိန်ဝင်း၊နတ်နွယ်၊ဗန်းမော်တင်အောင်နဲ့ ကြည်အေးစတဲ့ စာရေးဆရာကြီး ဆရာမ ကြီးတွေရဲ့စာအုပ်တွေက အက်စတာအနှစ်သက်ရဆုံးစာအုပ်တွေပါ။

“ အိမ်နားကစာအုပ်ဆိုင်မှာ မငှားဘဲ ခြင်ကိုက်ခံပြီးသွားထိုင်ဖတ်တာကလည်း အမှတ်တရပါပဲ” လို့ပြုံးရယ်ကာ ငယ်ဘဝ အမှတ်တရကို အက်စတာက ပြန်ပြောင်းပြောပါတယ်။

ဒါ့အပြင်တံဆိပ်ခေါင်းတွေ၊ အကြွေစေ့တွေစုဆောင်းတာ၊ တစ်ခုခြင်းစီရဲ့ သမိုင်းကြောင်းတွေကို လိုက်ဖတ်ပြီး စုတာစတာ တွေလုပ်ပြီး ငယ်ဘဝကိုဖြတ်သန်းခဲ့ပါတယ်။ အက်စတာရဲ့ ငယ်ဘဝအိမ်မက်ကတော့ စာရေးဆရာမဖြစ်ချင်ခဲ့တာပါ။

ခွဲခြားဆက်ဆံမှုတွေနဲ့ တပ်တွင်းကငယ်ဘဝဖြတ်သန်းမှု

ဖခင်ဖြစ်သူကတပ်မတော်သားတစ်ဦးဖြစ်တဲ့အတွက် အက်စတာရဲ့ ငယ်ဘဝအချိန်တွေဟာ တပ်တွင်းကမိသားစု အရာရှိ အိမ်ဝန်းထဲမှာ ကုန်ဆုံးခဲ့တယ်။

“ အဖေရှေ့တန်းက ပြန်လာဖို့ကိုမျှော်ရတယ်။ ပြန်လာတဲ့အခါပျော်ရတယ်ပေါ့လေ”လို့ အက်စတာက ငယ်ဘဝ အမှတ် တရကိုဖွင့်ဟပါတယ်။

မိခင်ဖြစ်သူက မီးဖိုချောင်စရိတ်သက်သာရစေဖို့ သီးပင်စားပင်အစုံစိုက်ခဲ့ကြတာ၊ကြက်၊ဝက်တွေမွေးဖူးခဲ့တာ၊ အဝတ်အစား တွေမတော်တဲ့အခါမှာ ပိတ်အလှ၊ဇာအလှတွေနဲ့ပေါင်းစပ်ချုပ်ပြီး ဝတ်စေခဲ့တာကိုလည်း အက်စတာတစ်ယောက် မမေ့နိုင် ခဲ့ပါဘူး။ ငယ်ဘဝမှာ မိသားစုနဲ့ပျော်ရွှင်စရာအမှတ်တရတွေရှိခဲ့ပေမယ့် တပ်တွင်းခွဲခြားဆက်ဆံမှုတွေကို ငယ်စဉ်ကတည်း က ခံစားမိခဲ့ပါတယ်။

“ ကျွန်မကအရာရှိသမီးဖြစ်တဲ့အတွက် ဆရာမတွေရဲ့ပစားပေးမှုခံရပြီး အခြားသူငယ်ချင်းတွေကိုတော့ သိသိသာသာ နှိမ်ချတဲ့ အပြောအဆိုတွေ၊ ကျွန်မကရဲဘော်လိုင်းခန်းဘက်က ကလေးတွေနဲ့သွားဆော့မိခဲ့ရင် အရာရှိသားသမီး သူငယ် ချင်းတွေက ရွံရှာသလိုအခေါ်အပြောမလုပ်တော့တာတွေ စသည်ဖြင့် ရာထူးအလိုက် ကလေးတွေကြားထဲ ခွဲခြား ဆက်ဆံ မှုတွေကိုခံစားမိခဲ့ဘူးတယ်”လို့အက်စတာက တပ်တွင်းက ငယ်ဘဝအတွေ့အကြုံကိုပြောပါတယ်။

ဖခင်ဖြစ်သူဟာလွန်ခဲ့တဲ့ ၂၃ နှစ်လောက်ကတည်းက တပ်မှတရားဝင်နှုတ်ထွက်စာတင်ကာနှုတ်ထွက်ခဲ့ပါတယ်။

အဲ့အချိန်ကာလကတပ်တွင်းမှာ ဘာသာရေးလူမျိုးရေးနဲ့ပတ်သက်ပြီး တရားဝင်ချမှတ်ထားတာမရှိတဲ့မူဝါဒတွေကို အကောင်အထည်ဖော်လာခဲ့ပြီး အက်စတာတို့မိသားစုရဲ့ မူလဖြစ်တည်မှုဖြစ်တဲ့ ကချင်ဖြစ်ခြင်း၊ ခရစ်ယာန်ဖြစ်ခြင်းက တပ်တွင်းထဲမှာရာထူးတိုးဖို့နဲ့ တခြားသောလူမှုရေး ကိစ္စတွေအတွက် ပြစ်ချက်တစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင်စာရွက် စာတမ်းတွေမှာ ဗမာဗုဒ္ဓဘာသာဖြစ်ကြောင်း ပြောင်းလဲရေးသားဖို့တွေ သက်ဆိုင်ရာဘာသာရေးလုပ်ထုံးလုပ်နည်းတွေကို လုပ်ဖို့ဆိုတာမျိုးတွေ ဖိအားပေးတဲ့အခြေအနေတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

“ ဘာသာရေးအရ လူမျိုးရေးအရ ဖိနှိပ်မှုတွေ ခွဲခြားမှုတွေကိုလက်သင့်မခံနိုင်တဲ့အတွက် တပ်ကစွန့်ခွာခဲ့တာဖြစ်တယ်” လို့ အက်စတာက မိသားစုအကြောင်းကိုပြောပါတယ်။

ဒါ့အပြင်ကချင်ဖြစ်ခြင်း၊ ခရစ်ယာန်ဖြစ်ခြင်းကြောင့် အရည်အချင်းတူ ဒါမှမဟုတ်သာလွန်လျက်နဲ့ အခွင့်အရေး တန်းတူမရခဲ့ တာ၊ ခွဲခြားဆက်ဆံခံခဲ့ရတဲ့ အခြေအနေတွေအများကြီးကိုလည်းကြုံတွေ့ခဲ့ရပါတယ်။

“ ဒီလိုကြုံရတိုင်းမှာ အဖိုး၊အဖွားနဲ့ မိဘတွေကိုပြောပြဖြစ်တယ်။

စနစ်ရဲ့ပုံဖော်ထားတဲ့ဦးနှောက်ဆေးကြောခံထားရတဲ့ အခင်းအကျင်းနဲ့ ဒီဝါဒမှိုင်းမိနေတဲ့မျိုးဆက်တွေကို အမုန်းမထားဖို့ (သူတို့က) ရှင်းပြကြတယ်။ လူပေါ်မူတည်တဲ့ လက်တုံ့ ပြန်မှုထက် စနစ်ဆိုးကိုပြောင်းလဲပစ်ဖို့ အမြဲသွန်သင်ခဲ့ကြတယ်”လို့အက်စတာကပြောပါတယ်။

ငြိမ်းချမ်းရေးနဲ့ စစ်ဘေးရှောင်အရေးတက်ကြွသူ

ငယ်ဘဝအိပ်မက်က စာရေးဆရာမဖြစ်ချင်တာအပြင် အနုပညာကိုစိတ်ဝင်စားတာကြောင့် မနုဿဗေဒပညာရပ်နဲ့ အရောင် တွေကိုလေ့လာဖို့စိတ်ကူးခဲ့ပေမယ့် ၂၀၁၁ခုနှစ်မှာတော့ရည်ရွယ်ချက်တွေကိုပြောင်းလဲခဲ့ပါတယ်။

“ ၂၀၁၁ကချင်တစ်ကျော့ပြန်စစ်ပွဲက ကျွန်မရဲ့အိမ်မက်တွေကိုပြောင်းပြန်လှန်ပစ်လိုက်တယ်”လို့ အက်စတာဇေနောက ဖွင့်ဟတယ်။

ဒါကြောင့်လူမှုရေးဗေဒဘာသာရပ်ကိုမေဂျာပြောင်းတက် လူမှု့အဖွဲ့အစည်းတွေမှာအလုပ်တွေလုပ်ကာ စစ်ဘေးရှောင် အရေး တက်ကြွလှုပ်ရှားသူ ဘဝလမ်းကြောင်းပေါ်ရောက်လာခဲ့တယ်။

ဖက်ဆစ်စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊စစ်ရာဇဝတ်မှုကျူးလွန်ခြင်းတွေ ကိုယ်နဲ့အနီးဆုံးကို ရောက်လာတဲ့အခါ ထိုင်နေလို့မရတော့ဘဲ ဖိနှိပ်ခံပြည်သူတွေရဲ့ဘဝတွေက တက်ကြွလှုပ်ရှားသူဘဝလမ်းပေါ်လျှောက်ဖို့ အကြီးမားဆုံး တွန်း အားဖြစ်ခဲ့တယ်လို့ အက်စတာကပြောပါတယ်။

၂၀၁၁ခုနှစ်ကစပြီး ကချင်ငြိမ်းချမ်းရေးကွန်ယက်မှာ လူငယ်ရေးရာပေါင်းစပ်ညှိနှိုင်းသူအဖြစ် ပါဝင်ခဲ့တယ်။ ၂၀၁၂ခုနှစ်မှာ တော့ ဆီမီးတိုင်ရွေ့လျားစာကြည့်တိုက်ဖောင်ဒေးရှင်းကို ပူးတွဲတည်ထောင်ကာ စစ်ဘေးရှောင်စခန်းရှိကလေးတွေအတွက် ကျောင်းသုံးစာအုပ်ငှားရမ်းနိုင်အောင်စီစဉ်ဆောင်ရွက်ခဲ့ပြီး ရွေ့လျားစာကြည့်တိုက် ၁၅ ခုကို ထူထောင်နိုင်ခဲ့ပါတယ်။

၂၀၁၄-၂၀၁၅ခုနှစ်မှာ နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ (Nationwide Ceasefire Coordin- ation Team)မှာ အချက်အလက်သွင်းသူအဖြစ်ပါဝင်ခဲ့တယ်။ ၂၀၀၇ခုနှစ်မှာ အာရှ-ပစိဖိတ်ဒေသလူငယ်၊ ငြိမ်းချမ်း ရေးနဲ့လုံခြုံရေးဆိုင်ရာ မြန်မာကိုယ်စားလှယ်၊မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်ညီလာခံ (National Ethnic Youth Alliance) မှာနည်းပညာဆိုင်ရာအဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့တယ်။

၂၀၁၇ခုနှစ်အောက်တိုဘာမှာ လူငယ်တို့ကမ္ဘာ (One Young World)အဖွဲ့ရဲ့ မြန်မာနိုင်ငံကိုယ်စားပြုကိုယ်စားလှယ် အဖြစ်ရွေးချယ်ခံခဲ့ရတယ်။

လူငယ်အမျိုးသမီးတက်ကြွလှုပ်ရှားသူအဖြစ် ဆောင်ရွက်တဲ့အခါမှာ အမျိုးသားတွေနဲ့မတူတဲ့ စိန်ခေါ်မှုတွေ အခက်အခဲ တွေနဲ့လည်းရင်ဆိုင်ခဲ့ရတယ်။

အမျိုးသားတွေအများစုနဲ့ အတူယှဉ်တွဲအလုပ်လုပ်ရတဲ့အတွက် အမျိုးသားများရဲ့ လိင်အရစမ်းသပ်လိုတဲ့၊ အထင်သေးတဲ့ အပြောအဆိုအပြုအမူတွေသာမက၊ အမျိုးသမီးတွေရဲ့စောင်းမြောင်းပြောဆိုမှု၊ အထင်မြင်လွဲမှုတွေကို ခံရတယ်လို့ အက်စတာက သူ့အတွေ့အကြုံကိုပြောပါတယ်။

 “ တိုးတက်တဲ့လူ့အသိုက်အဝန်းမှာ ဒီလိုခွဲခြားဆက်ဆံမှုတွေကို လုံးဝမရှိစေချင်တော့ဘူး။ ဒါတွေဟာမလိုအပ်ဘဲ အားထုတ် နေရတဲ့ စိန်ခေါ်ချက်တွေ၊ ယဉ်ကျေးမှုအဆိပ်အတောက်တွေပဲ”လို့သူကမှတ်ချက်ပြုပါတယ်။

ငြိမ်းချမ်းရေးလှုပ်ရှားရာကနေ သေနတ်ကိုင်ခဲ့ရ

စစ်ဘေးရှောင်အရေးတွေကိုဆောင်ရွက်ခဲ့ရာကနေ ၁၀ နှစ်အကြာမှာတော့ ကိုယ်တိုင်သေနတ်ကိုင်ဖို့ အကြောင်းဖန်လာ ပါတော့တယ်။

“ ရန်ကုန်လိုမြို့ပြမှာတော့ ကျွန်မမှမဟုတ်ဘဲ တခြားတက်ကြွလှုပ်ရှားသူတွေလည်း မြောက်မြားစွာရှိတယ်။ ဒါကြောင့် ကျွန်မရဲ့ဖြစ်တည်မှုနဲ့ပိုမိုနီးစပ်မှုရှိပြီး ပိုလိုအပ်မှုရှိနေတဲ့ လွတ်မြောက်နယ်မြေဘက်ကိုပြောင်းရွေ့ပြီး ဒီနွေဦးတော်လှန်ရေး အခင်းအကျင်းမှာ ဆက်လက်ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ”လို့ အက်စတာကပြောပါတယ်။

အက်စတာဟာ လက်ရှိမှာ Kachin Political Interim Coordination Team (KPICT) အဖွဲ့ရဲ့ အလုပ်အဖွဲ့တချို့ကို တာဝန်ယူဦးဆောင်နေတာလည်းဖြစ်ပါတယ်။

လွတ်မြောက်နယ်မြေကို စစ်တပ်ကကျူးကျော်လာခဲ့ရင် လိုအပ်တဲ့အချိန်မှာ အသုံးချနိုင်ဖို့အတွက် သေနတ်ပစ်တာကို သင်ယူထားရပါတယ်။ လေ့ကျင့်ရေးတွေလုပ်တဲ့အခါမှာ ပင်ပန်းတဲ့ဒဏ်တွေကို အစပိုင်းမှာခက်ခက်ခဲခဲ ကြိုးစားလုပ်ခဲ့ရ ပေမယ့် နောက်ပိုင်းမှာတော့ ကျင့်သားရသွားခဲ့ပါတယ်။

“ ကျွန်မတို့ကရှေ့တန်းသွားမယ့်သူတွေမဟုတ်ဘဲ လိုအပ်တဲ့အခါအသုံးချနိုင်အောင် သင်ကြားပေးတာမို့လို့ လက်နက်ငယ် အသုံးချမှုပိုင်းနဲ့ ကိုယ်စီ၁၈ပုဒ်နဲ့ ကိုယ်စီတိုက်နည်းနာတွေကို အဓိကထားလေ့ကျင့်ခဲ့ရတယ်” လို့ အက်စတာက ပြောပြ ပါတယ်။

စစ်ဘေးရှောင်အရေးဆောင်ရွက်ရင်း လွတ်မြောက်နယ်မြေနဲ့ ယဉ်ပါးနေခဲ့သူဖြစ်တဲ့အတွက် အသားကျအောင်နေဖို့နဲ့ လုံခြုံရေးပိုင်း၊လူမှုဆက်ဆံရေးဖိအားတွေက အက်စတာအတွက် အရင်ကတည်းကတည်ဆောက်ပြီးသားတွေဖြစ်ခဲ့တယ်။

လွတ်မြောက်နယ်မြေထဲကို ဝင်ထွက်သွားလာနေသူတစ်ဦးဖြစ်တဲ့အတွက် လက်နက်တွေနဲ့ရင်းနှီးမှုရှိခဲ့ပေမယ့် ကိုယ်တိုင် စစ်သင်တန်းတက်ပြီး သေနတ်ပစ်ဖို့တော့ အက်စတာတစ်ယောက်တခါမှမတွေးမိခဲ့ပါဘူး။

အက်စတာက မျက်လုံးက အနီးရော အဝေးပါမှုန်သူဖြစ်ပြီး မျက်မှန်ပါဝါအများကြီးတပ်ရပေမယ့် သေနတ်ပစ်တဲ့အခါမှာ တော့ ပစ်တိုင်းထိနေတယ်လို့ သူကဆိုတယ်။

“ သေနတ်ပစ်ရတဲ့အခါ ပစ်မှတ်ကိုပဲအာရုံစိုက်ပြီး ချိန်ရတဲ့အခိုက်အတံ့က စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေတယ်လို့ ခံစားရတယ်။ ဒါပေမယ့်လူတစ်ယောက်ကို ပစ်ဖို့ဆိုတာတော့ အခုချိန်ထိစိတ်ကိုပြင်ဆင်နေရတုန်းပဲ။ တကယ်လုပ်ရမယ့် အချိန်တော့ လုပ်နိုင်လိမ့်မယ်လို့ ထင်တယ်”လို့အက်စတာက သေနတ်ကိုင်ရတဲ့ ခံစားချက်ကိုပြောပါတယ်။

လေ့ကျင့်ရေးတွေလုပ်ရတဲ့အခါမှာတော့ အမျိုးသမီးတိုင်းကြုံတွေ့ရတဲ့ ကျန်းမာရေးအခက်အခဲကို သူလည်းရင်ဆိုင်ရပါ တယ်။

ဓမ္မတာလာခြင်းဟာ လူသားမျိုးဆက်ပြန့်ပွားနိုင်ဖို့မရှိမဖြစ် လိုအပ်တဲ့ခန္ဓာကိုယ်အတွင်းလုပ်ငန်းစဉ်ဖြစ်တဲ့အတွက် ဒါဟာ အားနည်းခြင်းမဟုတ်ဘဲ ပုံမှန်လူသားဖြစ်စဉ်တစ်ရပ်ဖြစ်ပြီး အမျိုးသားတွေအနေနဲ့လည်း ဒီအရာကိုအားနည်းချက်လို့ မမြင်ဘဲ နားလည်ပေးဖို့နဲ့ အမျိုးသမီးတွေကိုယ်တိုင်ကလည်း အားနည်းချက်အနေနဲ့ အခွင့်ကောင်းမယူဖို့ အက်စတာက တိုက်တွန်း ပါတယ်။ ကိုယ်တိုင်လည်း ဓမ္မတာလာချိန်ပထမနေ့ကိုခွင့်ယူကာ အနားယူပြီး နောက်ရက်တွေမှာ ပုံမှန်အတိုင်း လေ့ကျင့် ခဲ့ပါတယ်။

“ တန်းတူအခွင့်အရေးဆိုတာ အခွင့်အရေးပိုမိုရယူခြင်း မဟုတ်ဘူး”လို့အက်စတာကပြောပါတယ်။

တော်လှန်ရေးခရီးမှာ စိတ်ဓာတ်ကျတဲ့အချိန်တွေရှိခဲ့ပေမယ့်လည်း စစ်အာဏာရှင်ကိုဖယ်ရှားဖို့ဆိုတဲ့ ခွန်အားနဲ့ ရှေ့ဆက် ခဲ့ပါတယ်။

တောင်တန်းဒေသက စစ်ဘေးရှောင်ပြည်သူတွေနဲ့ အရှေ့မျိုးဆက်တွေရဲ့ ဘဝတွေကို ပြန်ဆင်ခြင်ကြည့်တဲ့အခါ မြန်မာ ပြည်သူတွေဟာ ဖက်ဆစ်အာဏာရှင်စနစ်လက်အောက်မှာ ဘယ်အရာကမှ ပြည်သူတွေရဲ့ လက်ထဲတကယ်မရှိခဲ့ဘူးဆို တာကို ပြန်တွေးမိပြီးကိုယ်တိုင်ကလည်းကိုယ့်ဘဝကိုယ်ဖန်တီးနိုင် သယောင်ထင်ခဲ့ဘူးတယ်လို့ အက်စတာကဆိုပါတယ်။

ကိုယ်တိုင်က စစ်ဘေးရှောင်အရေးကို ၉ နှစ်ကျော် ၁၀ နှစ်နီးပါးတစိုက်မတ်မတ်လုပ်ခဲ့သူ၊ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်ခဲ့သူဖြစ်ပေမယ့် ကိုယ့်ဘဝနဲ့ရင်းပြီးကြုံရချိန်မှ ပိုလေးလေးနက်နက်သဘောပေါက်ရတယ်လို့ သူကဆက်ပြော ပါတယ်။

“ ဒီလိုဆင်ခြင်မှုက ကျွန်မကို ရှေ့ဆက်ဖို့ တကယ့်ခွန်အားကိုဖြစ်စေတယ်။ စစ်ပွဲတွေကို လက်ဆင့်မကမ်းချင်တော့ဘူး။ ဒီဖက်ဆစ်အာဏာရှင်စနစ်ကို အမြစ်ဖျက်ချေမှုန်းနိုင်မှသာ ကျွန်မတို့နောက်မျိုးဆက်က တကယ့်ကိုယ့်ကြမ္မာကိုယ် ဖန်တီး ခွင့်ရမယ်။ လက်ရှိအချိန်ဟာ အင်အားအကောင်းဆုံးပဲ ဒီအင်အားနဲ့ နှစ်ချို့နေတဲ့ အမှောင်ထုကိုဖြိုခွင်းပစ်ရမှာပဲ”လို့ သူက တက်ကြွစွာဆိုပါတယ်။

ဒါ့အပြင် မိသားစုတွေ တကွဲတပြားဖြစ်ရသလို တစ်ဦးချင်းစီရဲ့လုံခြုံရေးအတွက် စိုးရိမ်မှုတွေနဲ့ဖြတ်သန်းခဲ့ရတယ်။ ဖခင် ဖြစ်သူ ကိုဗစ်ရောဂါဖြစ်ချိန်မှာ အဝေးရောက်နေတာကြောင့် နေ့ရောညပါစိတ်ပူကာ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ တစ်ဖက် မှာလည်း အလုပ်အရ ကိုယ်ကိုယုံကြည်လို့ အလုပ်လုပ်ဖို့လိုက်ခဲ့တဲ့လူငယ်တွေကို စိတ်ဓါတ်မကျဆင်းရစေဖို့ ဘာမှမဖြစ် သလို တောင့်ခံခဲ့ရပါတယ်။

“ အခုဆို ကျမမှာ ပြန်စရာအိမ်မရှိတော့ဘူး။ အားလုံးက ဝေးရာကိုရောက်သွားကြပြီ။ သို့ပေမယ့် လုံခြုံရာကို ရောက်သွား ကြတဲ့အတွက်၊ အလုပ်ကိုလည်း မပြတ်အောင် ထိန်းကြောင်းလုပ်နိုင်ခဲ့တဲ့အတွက် စိတ်အေးရ၊ ကျေနပ်ရပါတယ်” လို့အက် စတာက တိုးညှင်းစွာဖွင့်ဟပါတယ်။

ခေတ်ဝန်ကိုထမ်းနေ

လူငယ်တက်ကြွလှုပ်ရှားသူအဖြစ် ၁၀ နှစ်နီးပါးရပ်တည်ခဲ့ပေမယ့် ၂၀၀၈ အခြေခံဥပဒေကို အယုံအကြည်မရှိတာရယ်၊ နိုင်ငံ ရေးခံယူရပ်တည်ချက်နဲ့ ထပ်တူကျတဲ့ပါတီမရှိတာကြောင့် ပါတီနိုင်ငံရေးလမ်းကြောင်းပေါ်လျှောက်ဖို့တော့ အက်စတာတစ် ယောက်စိတ်ကူးမရှိခဲ့ပါဘူး။

“ ကျွန်မကပညာရှင်ဖြစ်ချင်တာပါ။ အနာဂတ်ဖက်ဒရယ်ဒီမိုကရက်တစ် နိုင်ငံတော်သစ်မှာတော့ ကျရာနိုင်ငံရေး အခန်း ကဏ္ဍမှာ ဆက်လက်ပါဝင်သွားဖို့စဉ်းစားထားပါတယ်။ လက်တွေ့ဘယ်လိုဖြစ်လာမလဲတော့ မသိဘူးပေါ့လေ” လို့အက်စ တာ က ပြောပါတယ်။

အရင်ကလွတ်မြောက်နယ်မြေက စစ်ရှောင်စခန်းတွေလာလိုက်၊ အစည်းအဝေးတက်လိုက်၊စာသင်လိုက် ဒီအလုပ်တွေပြီး ရင် အိမ်ပြန်လိုက် ကူးချည်သန်းချည်သွားလာခဲ့ပေမယ့် အခုအခါမှာတော့ ပြန်စရာအိမ်မရှိတော့ဘူးလို့ အက်စတာက ဖွင့်ဟပါတယ်။

“ ဘာပဲပြောပြော ဖေဖော်ဝါရီ ၆ ရက်နေ့ကတည်းက သေလူအဖြစ်သတ်မှတ်ထားပြီမို့၊ ရောက်ရာအရပ်မှာ အိမ်ကဲ့သို့ နေပျော်စရာဖန်တီးပြီး လုပ်နိုင်တာတွေ အစွမ်းကုန်လုပ်ပြီး ဒီနွေဦးတော်လှန်ရေးမှာ ဆက်လက်ပါဝင်သွားဖို့ စိတ်ပိုင်းဖြတ် ထားတယ်”လို့အက်စတာကသူ့ဆုံးဖြတ်ချက်ကိုပြောပါတယ်။

ငယ်ဘဝအိပ်မက်ကစာရေးဆရာမဖြစ်ချင်ခဲ့ကာ ဘဝကိုအနုပညာခံစားမှုတွေနဲ့ ဖြတ်သန်းချင်ခဲ့ပေမယ့် အက်စတာဟာ လက်ရှိမှာတော့ ခေတ်ဝန်ကိုထမ်းကာ ခေတ်လမ်းပေါ်လျှောက်နေပါတယ်။

“ ပြည်သူတစ်ရပ်လုံးအဖော်အပေါင်းနဲ့ စစ်ခွေးတွေကို တော်လှန်ရတာ ဘယ်လောက်စိတ်ခွန်အား တက်စရာ ကောင်း လိုက်သလဲ။ ပြည်သူတစ်ရပ်လုံးပါတဲ့တိုက်ပွဲမို့နိုင်မှာ ကျွန်မယုံကြည်တယ်။ အားလုံးကိုလည်းယုံကြည်စေချင်တယ်” လို့ အက်စတာဇေနောကဆိုပါတော့တယ်။

Author:

Related Articles