Home ဆောင်းပါး အမျိုးသမီးများ နိုင်ငံရေး ဆုံးဖြတ်ချက်ချရာတွင် ပိုမိုပါဝင်ရန် လိုအပ်နေသေး

အမျိုးသမီးများ နိုင်ငံရေး ဆုံးဖြတ်ချက်ချရာတွင် ပိုမိုပါဝင်ရန် လိုအပ်နေသေး

Photo Credit: WLB

နန်းဆိုင်နွမ်။           ။

ငြိမ်းချမ်းရေး၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ ဆုံးဖြတ်ချက် ချမှတ်တဲ့နေရာမှာ ပါဝင်ဖို့ လို အပ်နေသေးကြောင်း အမျိုးသမီးအဖွဲ့အစည်းတွေက ပြောဆိုလိုက်ပါတယ်။

လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကိုပြန်ပြီး သုံးသပ်ကြည့်လိုက်ရင် အမျိုးသမီးတွေပါဝင်မှုက အရင်ကထက်ပိုပြီး များလာပေမယ့် အမျိုးသမီးကိုယ်စားပြုမယ့် အသံထွက်လာဖို့က အားနည်းနေသေးတယ်လို့ ဆိုကြပါ တယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေမှာရော၊ ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးသဘောတူညီချက်( NCA) စာချုပ်မှာရော အမျိုးသမီးပါဝင်ရေးဆိုတဲ့ “မူ” ရှိနေပေမယ့် အကောင်အထည်ဖော်တဲ့နေရာမှာ အမျိုးသမီးပါဝင်ရေးက မရှိသလောက်ပါလို့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB အထွေထွေ အတွင်းရေးမှူး (၁) နော်စဲစဲ က ပြောပါတယ်။

“အဓိကကျမတို့ ဖြစ်ချင်တာကတော့ အမျိုးသမီးတွေ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပါဝင်စေချင်တာပါ။ အမျိုးသမီးတွေပါဝင်မှု  အားနည်းနေချိန်မှာ အမျိုးသမီးတွေရဲ့အသံက  အားမရှိဘူး၊ ဒါကြောင့်  ပိုပြီးပါစေ ချင်တယ်” လို့ နော်စဲစဲ က ဆိုပါတယ်။

လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ၂၁ပင်လုံ ဒုတိယအကြိမ်အစည်းအဝေးနဲ့ ပတ်သက်ပြီး  WLB အဖွဲ့ဝင် (၁၃) ဖွဲ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဇူလိုင်လဆန်းက (၄) ရက်ကြာ  သုံးသပ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး WLB ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ကြ ပါတယ်။

လက်ရှိငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင်နေတဲ့ အမျိုးသမီးတွေကို WLB အနေဖြင့် ကူညီပံ့ပိုးမှု အား နည်းနေကြောင်း၊ ရှေ့ဆက်အမျိုးသမီးပါဝင်မှု များလာအောင် လုပ်ဆောင်သွားဖို့ လိုအပ်ကြောင်းနှင့် ပါ ဝင်နေတဲ့အမျိုးသမီးများကို ပံ့ပိုးကူညီမှုများ ပေးသွားမယ်လို့လည်း နော်စဲစဲက ထပ်မံပြောပါတယ်။

“ အမျိုးသမီးတွေ ဒီထက်ပါဝင်လာအောင် ကျမတို့ ဘယ်လို လုပ်ဆောင်ရမလဲ။ တဖက်မှာလည်း လက် နက်ကိုင်ဖက်  အစိုးရဖက်တွေကို ဘယ်လို Advocacy လုပ်မလဲဆိုတာတွေကို ကျမတို့ ဆွေးနွေးကြပါ တယ်” လို့ နော်စဲစဲက ဆိုပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ  အမျိုးသမီး ပါဝင်ရေးကို အများစုက နားမလည်ကြသလို အစိုးရဖက်မှာ အမျိုးသ မီးပါဝင်မှုက လူမှုရေးပိုင်းမှာသာ ရှိနေတယ်လို့ အမျိုးသမီး အဖွဲ့အစည်းတွေက ပြောပါတယ်။

အမျိုးသမီးတွေ ငြိမ်းချမ်းရေး၊ နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေက “မူ”အရ လက်ခံထားကြပေမယ့် တကယ့်လက်တွေ့မှာတော့ အမျိုးသမီးတွေကို နေရာမပေး၊ လမ်းမဖွင့် ပေးတာတွေကို တွေ့ရပါတယ်လို့လည်း  အမျိုးသမီးအဖွဲ့အစည်းတွေက ထောက်ပြပါတယ်။

“ အမျိုးသားတွေကလည်း အမျိုးသမီးတွေ ဆုံးဖြတ်ချက်ချတဲ့အဆင့်မှာ ပါဝင်လာအောင် လမ်းဖွင့်ပေး ရမှာ ဖြစ်သလို အမျိုးသမီးတွေကလည်း ကိုယ့်ဟာကိုယ် အဆင်သင့် ဖြစ်နိုင်တဲ့အနေအထားတော့ ပြင် ဆင်ထားသင့်တယ်” လို့  လက်ရှိငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်တဲ့ အမျိုးသမီးတစ်ဦးဖြစ်တဲ့ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ ဗဟိုကော်မတီဝင်စောမြရာဇာလင်းက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေ (၅၁)သန်းကျော်မှာ အမျိုးသမီးက သန်း(၃၀)ကျော် ရှိတဲ့အတွက် အမျိုးသမီး တွေရဲ့ အားထပ်ဖြည့်လိုက်ရင် နိုင်ငံတည်ဆောက်ရေးက ပိုမိုမြန်ဆန်သွားမယ်၊  အမျိုးသမီးတွေ  နိုင်ငံရေး ဆွေးနွေးပွဲမှာ ပါဝင်ခြင်းအားဖြင့် အကောင်အထည်ဖော်တဲ့နေရာမှာ  ပိုမိုအားကောင်းလာမှာပါလို့လည်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ ဥက္ကဌ ဒေါ်တင်တင်ညိုက ပြောဆိုလိုက်ပါတယ်။

“ အမျိုးသမီးပါဝင်ရေးက ကျမတို့ နေရာလိုချင်တာ မဟုတ်ဘူး။ နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် တဖက် တလမ်း အမျိုးသမီးအသိဉာဏ်တွေ၊ အရည်အချင်းတွေနဲ့ တွန်းပြီး ပြောဆို ဆွေးနွေးနိုင်ဖို့ပါ။ ဘယ်ကိစ္စ ရပ်မဆို အမျိုးသမီး ရှုထောင့်တွေကို ပါဝင်ဆွေးနွေးနိုင်အောင် ကျမတို့ တောင်းဆိုတာပါ” လို့ ဒေါ်တင် တင်ညို က ဆိုပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ ကဏ္ဍ(၅)ရပ်ဖြစ်တဲ့ မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ နိုင်ငံရေးကဏ္ဍနဲ့ လုံခြုံရေးကဏ္ဍတွေမှာ အမျိုးသမီးတွေ ကျွမ်းကျင်တာတွေ ရှိကြောင်း လည်း အမျိုးသမီးအဖွဲ့အစည်းတွေက ဆိုကြပါတယ်။

ဆက်လက်ပြီး ဒေါ်တင်တင်ညိုက “ အမျိုးသမီးအဖွဲ့တွေက နိုင်ငံရေး အဖွဲ့မဟုတ်ဘူး။  နိုင်ငံရေးအဖွဲ့တွေ ဆွေးနွေးနေတာမို့ မပါဝင်သင့်ဘူးဆိုတဲ့ အမြင်တွေက လက်ရှိ ဦးဆောင်နေသူတွေမှာ ရှိတယ်။ သူတို့က ကိုယ်တိုင်က  အမျိုးသမီးကဏ္ဍကို ကန့်သတ်လိုက်တာပဲ” လို့လည်း ဆိုပြန်ပါတယ်။

လူမှုအဖွဲ့အစည်းတွေ အမျိုးသမီးအဖွဲ့အစည်းတွေကို နေရာပေးထားတာကလည်း ငြိမ်းချမ်းရေးဖြစ်စဉ် အဆင့်ဆင့်တွေမှာ ပါဝင်ဖို့အာမခံမှု မရှိကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးဖြစ်စဉ် တခုလုံးကနေ ပယ်ထုတ် ခံနေရကြောင်းလည်း အမျိုးသမီးအဖွဲ့တွေက ထောက်ပြဝေဖန်လိုက်ပါတယ်။

အမျိုးသမီးတွေ ပါဝင်ခွင့်လိုသလို တဖက်မှာလည်း ပါဝင်တဲ့ အမျိုးသမီးတွေရဲ့ လုပ်ပိုင်ခွင့်တွေလည်း လိုအပ်သေးတယ်လို့ ဒေါ်တင်တင်ညိုက ထောက်ပြပါတယ်။

“လက်ရှိပါနေတဲ့အမျိုးသမီးတွေကို ပြောရေးဆိုခွင့်ရှိပြီး  အဓိပ္ပါယ်ရှိရှိ ပူးပေါင်းပါဝင်ခွင့် ကိုယ်စားပြုခွင့်၊ လုပ်ပိုင်ခွင့်ပေးထားရင် လူဦးရေနည်းလည်း ကျမတို့အတွက် ပြဿနာမရှိပါဘူး။ လူဦးရေများပြီး ဘာမှ ပြောဆိုခွင့်၊ ကိုယ်စားခွင့်မရှိရင်၊ ဒီအတိုင်း ပါးစပ်ပိတ်နားထောင်နေရရင်တော့ မပါတာက ပိုကောင်း ပါတယ်”

စီးပွားရေးကဏ္ဍမှာ အမျိုးသမီးတွေက အမျိုးသားတွေနဲ့တန်းတူ ပါဝင်နေကြသလို မြန်မာငြိမ်းချမ်းရေး ဖြစ် စဉ်ထဲမှာလည်း အမျိုးသမီးတွေရဲ့ ပါဝင်မှု (၅၀)ရာခိုင်နှုန်းရှိလာအောင် လုပ်ဆောင်ကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  မတ်(၈)ရက်နေ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ မှာ ပြောကြားခဲ့ပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အစည်းအဝေးခန်းထဲရောက်ပြီး ပါဝင်မှ ပါဝင်တယ်လို့ မယူဆဘဲ၊ စိတ်နှလုံးသား နဲ့ဦးနှောက်တွေ ငြိမ်းချမ်းရေးအတွက် စတင်အသုံးချကြပါလို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြော ဆိုခဲ့ပါတယ်။

တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေက အားလုံးနဲ့သက်ဆိုင်ကြောင်း၊ အစိုးရတရပ်တည်း ဆောင် ရွက်လို့ မရကြောင်း၊ ဒါကြောင့် အမျိုးသမီးတွေကလည်း တက်တက်ကြွကြွ ပါဝင်ပြီး မည်ကဲ့သို့ ပံ့ပိုးပေး နိုင်မည်ကို စဉ်းစားစေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မတ်(၈)ရက်နေ့ အပြည်ပြည်ဆိုင်ရာ အမျိုး သမီးများနေ့ မှာ ပြောဆိုခဲ့တာပါ။

(၂၁)ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ ပထမအကြိမ်မှာ အမျိုးသမီး ပါဝင်မှုနှုန်းက (၁၃)ရာခိုင်နှုန်း ရှိခဲ့ပါ တယ်။ ဒုတိယအကြိမ်မှာတော့ အမျိုးသမီးပါဝင်မှု ရာခိုင်နှုန်း ပိုများလာပြီး အစိုးရဘက်၊ တိုင်းရင်းသား လက်နက်ကိုင်ဘက်နဲ့ လူမှုအဖွဲ့အစည်းတွေက အမျိုးသမီးတွေ ပါလာသလို တပ်မတော်အရာရှိ အမျိုးသ မီး ကိုယ်စားလှယ်တွေ ပါလာတာလည်း တွေ့ရပါတယ်။

Photo: WLB facebook

ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးနေတဲ့ စောမြရာဇာလင်းကတော့ “ဆုံးဖြတ်ချက်အဆင့်တိုင်းမှာ အမျိုးသမီးတွေက အမျိုးသားတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ အဆင်သင့်ပြုလုပ်ရမယ်။ အမျိုးသမီးတွေကလည်း နေရာရလာဖို့ ကြိုးစားရချင်တဲ့ဆန္ဒရှိရမယ်။ သူများပေးတာပဲ မျှော်နေလို့ မရဘူး” လို့ ဆိုပါတယ်။

လက်ရှိ နိုင်ငံတော် အစိုးရဘက်တွင် အမျိုးသမီးပါဝင်မှုနည်းနေသေးကြောင်း၊ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB အနေနဲ့  အောက်ခြေကအစ ပါဝင်နိုင်အောင် ဖြည့်ဆည်းပေးဖို့ရှိပေမယ့် အလှမ်းကွာ နေသေးကြောင်းကို စောမြရာဇာလင်းက ပြောပါတယ်။

နိုင်ငံရေးနယ်ပယ်မှာ အမျိုးသမီးတွေ ပါဝင်ဖို့ အဓိကစိန်ခေါ်မှုကတော့ “ အမျိုးသားတွေက နိုင်ငံတော်ကို ဦးဆောင်ရမယ်။ အဖွဲ့အစည်းတွေ လူအသိုင်အဝန်းတွေမှာ  ခေါင်းဆောင်ရမယ်ဆိုတဲ့အရာကို တိုက်ပွဲ ဝင်ရမယ်။ တချို့ပြောတယ်၊ အမျိုးသမီးခေါင်းဆောင်မှုလုပ်ရင် ထမီနားခိုတယ်ဆိုတာမျိုးပြောကြတယ်။ ထမီကို တကယ်အောက်ကျတဲ့အရာတခုလို့ သတ်မှတ်ကြတယ်။ ခွဲခြားတဲ့ အစဉ်အလာကို ပယ်ပျက်ဖို့ လိုပါတယ်” လို့ စောမြရာဇာလင်းက ဆိုပြန်ပါတယ်။

အမျိုးသမီးတွေက အိမ်ရဲ့စီမံခန့်ခွဲမှုတွေကို နေ့စဉ်နဲ့အမျှ လုပ်ရသလို အပြင်လုပ်ငန်းတွေကိုလည်း လုပ် နေရပါတယ်။ ဒါကြောင့် အမျိုးသမီးတွေက အိမ်မှုစီမံခန့်ခွဲမှုကို ကျွမ်းကျင်တဲ့အတွက်၊ နိုင်ငံတော် စီမံ ခန့်ခွဲမှုကိုလည်း ကျွမ်းကျင်မှာဖြစ်တဲ့အတွက် အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါလာရင် ပိုကောင်းပါတယ် လို့လည်း စောမြရာဇာလင်းက သုံးသပ်ပြောဆိုလိုက်ပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် အမျိုးသမီးကဏ္ဍအနေဖြင့် ပေါ်ပေါ်ထင်ထင်မရှိသေးကြောင်း အမျိုးသမီး အရေးကို ယနေ့ချိန်ထိ မဆွေးနွေးကြသေးကြောင်းလည်း တွေ့ရပါတယ်။

အမျိုးသမီးအဖွဲ့ချုပ်( မြန်မာနိုင်ငံ) WLB အနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေပါဝင်လာဖို့နဲ့ လူထုထောက်ခံလာဖို့အတွက် ရှေ့ဆက်ပြီး အမျိုးသမီးစွမ်းရည်မြှင့်တင်ပေးသွားမယ်လို့လည်း သိရပါ တယ်။

စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဘယ်ကိစ္စမဆို  အမျိုးသမီးရှုထောင့်တွေ ပါဝင်ဆွေးနွေးလာနိုင် အောင် လည်း WLB  က ဆက်လက် တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။

Related Articles