Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

မေလ ၁၃ ရက်မှ ၁၉ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။

KIC အယ်ဒီတာချုပ် သတင်းမီဒီယာအမျိုးသမီးဆု ချီးမြှင့်ခံရ

သတင်းလောကမှာ ဦးဆောင်ပါဝင်နေတဲ့ အမျိုးသမီးတွေကို နှစ်စဉ်ချီးမြှင့်တဲ့ ဆုတစ်ခုဖြစ်တဲ့ WAN-IFRA WIN ဆုကို ကရင်သတင်းဌာန(KIC) အယ်ဒီတာချုပ် နန်းဖော့ဂေဟာ ယခုနှစ်အတွက် ဆုချီးမြှင့်ခံခဲ့ရပါတယ်။

သတင်းမီဒီယာတွေ ဖိနှိပ်ခံနေရတဲ့ အာဖရိက၊ အာရပ်ဒေသနဲ့ အရှေ့တောင်အာရှက သတင်းသမားတွေကို အ  ဓိက ချီးမြှင့်တာဖြစ်ပြီး နန်းဖော့ဂေဟာ အရှေ့တောင်အာရှကိုယ်စားပြုအဖြစ် ဆုချီးမြှင့်ခံရတာပါ။

စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတဲ့သတင်းမီဒီယာလောကမှာ အမျိုးသားနဲ့ အမျိုးသမီးတန်းတူ ညီမျှမှုရှိဖို့၊ အမျိုး သမီးသတင်း သမားတွေကို စံနမူထားနိုင်ဖို့ ဒီဆုကိုချီးမြှင့်တာဖြစ်တယ်လို့ သိရပါတယ်။

ဒီနှစ်အတွက် နန်းဖော့ဂေနဲ့အတူ Al Jazeera ဒါရိုက်တာ Dima Khatib နဲ့ အာဖရိ The Guardian အယ်ဒီတာ Beatrice Bandawe တို့ကိုလည်း ဆုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

Source – RFA   

စစ်ကိုင်းနဲ့ မကွေး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေပါဝင်

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ စစ်တပ်က မေ ၉ ရက်နေ့ကနေ ၁၄ ရက်အထိ အစုလိုက်အပြုံလိုက် သတ် ဖြတ်မှုလေးကြိမ်ရှိခဲ့ပြီး အရပ်သား ၆၄ ဦးသေဆုံးကာ ၆၈ ဦးထက်မနည်း ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

မေလ ၁၄ ရက်က မကွေးတိုင်း ဆောမြို့နယ် တောမရွာကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ ကြောင့် ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် ၇ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် လက်ထုတ္တောရွာကို မေလ ၁၁ ရက်က စစ်တပ်မှ စီးနင်းပစ်ခတ်လို့ ဒေသခံ အမျိုး သမီးတစ်ဦး အပါအဝင် ၃၄ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၆ ဦးရှိခဲ့ပါတယ်။

မေ ၁၁ ရက်မှာလည်း ဒီပဲယင်းမြို့နယ် မကြီးအုပ်ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ နှစ်ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ဦး သေဆုံးပြီး ဒဏ်ရာရသူ ၂၃ ဦးရှိခဲ့ပါတယ်။ အဲဒီဒဏ်ရာရသူတွေထဲက တစ် ဦး နောက်ထပ် သေဆုံးခဲ့တာကြောင့် သေဆုံးသူ ခုနစ်ဦးအထိ ရှိသွားပါတယ်။ မေလ ၉ ရက်နေ့မှာတော့ ဆောမြို့ နယ်က အကြည်ပန်းပလွန်းရွာ လေကြောင်းတိုက်ခိုက်ခံရပြီး ၁၆ ဦးသေဆုံးကာ ၂၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

Source – RFA   

အမျိုးသမီး နိုင်/ကျဉ်းတွေကို မဲဆောက်မြို့မှထောက်ပံ့နေတဲ့အဖွဲ့

အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်အာဏာပိုင်တွေရဲ့ လူ့ အခွင့် အရေးချိုးဖောက်တာတွေကို အဆိုးဝါးဆုံး ခံနေရတယ်လို့ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူများ ကူညီ ထောက်ပံ့ရေးအဖွဲ့ဝင် တွေက ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံရေးအမှုတွေနဲ့ အကျဉ်းကျခံခဲ့ရပြီး ပြန်လွတ်လာတဲ့ နိုင် ငံရေး အကျဉ်းသူဟောင်းတွေက အကျဉ်းထောင်တွေထဲမှာ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို ကူညီ ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

အမျိုးသမီးတွေကို ထောင်ဝန်ထမ်းတွေက လိင်ပိုင်းဆိုင်ရာစော်ကားတာမျိုးတွေရှိနေပြီး ကိုယ့်ရဲ့အရှက်နဲ့ သိက္ခာ အတွက် ထုတ်ဖော်မပြောရဲကြတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ထောင်ဝန်ထမ်းတွေ နှုတ်ကနေ လိင်ပိုင်း ဆိုင်ရာ စော်ကား ပြောဆိုတာမျိုးတွေ ကိုယ်တိုင်ခံခဲ့ရတယ်လို့ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှမဇူးဇူး မေယွန်းက ဆိုပါတယ်။

မြန်မာတစ်ပြည်လုံးက အကျဉ်းထောင်ပေါင်း ၄၆ ထောင်မှာ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၅၀၀၀ ကျော်ရှိပြီး သူတို့ကို အဓိကထားကူညီထောက်ပံ့ပေးနေတာပါ။

၂၀၂၄ ခုနှစ် ဇန်နဝါရီလက မြန်မာ-ထိုင်းနယ်စပ်တစ်နေရာမှာ အဲဒီအဖွဲ့ကိုဖွဲ့စည်းလိုက်ပြီး လက်ရှိမှာ အဖွဲ့ဝင် ပေါင်း ၆၀ ကျော်တို့က နိုင်ငံရေးအကျဉ်းသူတွေရဲ့မိသားစုဝင်တွေနဲ့ချိတ်ဆက်ပြီး ကူညီထောက်ပံ့နေပါတယ်။

ခုလိုအခြေအနေဆိုးတွေကို တတ်နိုင်တဲ့ဘက်က ထောက်ပံ့နိုင်ဖို့အတွက် မြန်မာအစားအသောက်တွေ ရောင်း ချ ပြီး ရန်ပုံ ငွေရှာကာ ထောက်ပံ့ကူညီရေးတွေလုပ်ပေးနေတာဖြစ်ပါတယ်။

အဖွဲ့ကို စတင်ဖွဲ့စည်းပြီး လေးလကျော်အတွင်း အမျိုးသမီး နိုင်ငံရေးအကျဉ်းသူပေါင်း ၈၀ ကျော်ကို ပံ့ပိုးပေး နိုင် ခဲ့တယ်လို့ မဇူးဇူးမေယွန်း က ဆိုပါတယ်။

Source – RFA    

ရန်ကုန်မှာဖမ်းဆီးခံရတဲ့ ရေဘဝဲအဖွဲ့ဝင် အမျိုးသမီးနှစ်ဦး သတင်းအစအနမရ

ရန်ကုန်မြို့အခြေစိုက်ပြောက်ကျားသပိတ်လှုပ်ရှားမှုတွေ ပြုလုပ်လေ့ရှိတဲ့ ရေဘဝဲပြည်သူ့ အကျိုးပြု လူငယ်အဖွဲ့ အစည်းရဲ့ အဖွဲ့ဝင်အမျိုးသမီးနှစ်ဦးဟာ မေ ၉ ရက်က ဖမ်းဆီးသွားပြီး သတင်းအစအနမရဖြစ်နေတယ်လို့ ဒီအဖွဲ့ က ထုတ်ပြန်ထားပါတယ်။

အသက် ၂၇ နှစ်အရွယ်ရေဘဝဲအဖွဲ့ရဲ့ စီမံရေးရာတာဝန်ခံနဲ့ အသက် ၂၁ နှစ်ဝန်းကျင် မြေပြင်သပိတ်ရဲဘော် S4 တို့ နှစ်ဦးဟာ အိမ်အပြန်လမ်းမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး ဘယ်နေရာရောက်နေ တယ်ဆိုတဲ့သတင်း အချက် အလက် မရရှိနေတာဖြစ်ပါတယ်။

ရေဘဝဲအဖွဲ့ဟာ ရန်ကုန်မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်တွေပြုလုပ်လေ့ရှိတဲ့အပြင် စစ် တပ်ရဲ့ စစ်သားစုဆောင်းမှုနဲ့ပတ်သက်တဲ့ ပညာပေးလက်ကမ်းစာဆောင်တွေဖြန့်ဝေတာ၊ အွန်လိုင်းပေါ်ကနေ လူ ငယ်တွေကို ဖွံ့ဖြိုးရေးသင်တန်းတွေ ပေးတာတွေလည်း လုပ်လေ့ရှိပါတယ်။

ရေဘဝဲအဖွဲ့ကတော့  ဖမ်းဆီးခံထားရတဲ့နေရာကို မသိရတာကြောင့် အဖမ်းခံထားရသူတွေရဲ့ အသက်အန္တရာယ် ကို စိုးရိမ်နေကြောင်း ထုတ်ပြန်ထားပါတယ်။

Source – Delta News Agency  

သထုံမှာ လက်နက်ကြီးကျလို့ သုံးရက်အတွင်း အမျိုးသမီး ၂ ဦးသေဆုံး

မွန်ပြည်နယ်၊ သထုံနဲ့ဘီးလင်းမြို့နယ်တို့တွင် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် သုံးရက်အတွင်း အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦးသေဆုံးခဲ့ရတယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။ 

သထုံနှင့် ဘီးလင်းကြားရှိ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရသည့် မေလ ၁၁ရက်မှ ၁၃ရက်အထိ စစ်ကောင် စီတပ်ရင်း၊ တပ်စခန်းတို့က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း KNU က ထုတ်ပြန်ထားသည်။

မေ ၁၁ မှ ၁၃ ရက်အတွင်း စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အဝန်းကြီး ရွာမှ အသက် ၄၈ နှစ်ရှိ ဦးဇော်မင်းထွန်း၊ အသက် ၄၆ နှစ်ရှိ ဒေါ်မြသိန်းနဲ့ ဒေါက်ရပ်ကျေးရွာမှ အသက် ၈၂ နှစ်ရှိ ဒေါ်ခင်မေတို့ ကျည်စထိမှန်သေဆုံးခဲ့ရတာဖြစ်ပါတယ်။

သထုံခရိုင် အခြေစိုက် အမြောက်တပ် အမတ ၃၁၄ ၊ ခြေမြန်တပ် ခမရ ၉ နှင့် ခြေလျင်တပ် ခလရ ၈ တပ်ရင်း၊ တပ်စခန်း တို့က တံတားအနီးရှိ ရွှေရောင်ပြ၊ ဝီယော်၊ ကဒီပု၊ ဒေါက်ရပ်၊ အဝန်းကြီးစတဲ့ကျေးရွာတွေထဲ ပစ်ခတ် နေတာပါ။

ဒါ့အပြင် ဒေါက်ရပ်နဲ့ အဝန်းကြီးကျေးရွာမှ အသက် ၄ နှစ်နှင့် ၅ နှစ်အရွယ် ကလေးငယ် ခြောက်ဦး၊ ကိုယ်ဝန် ဆောင် အမျိုး သမီးတစ်ဦးအပါအဝင် အရပ်သားပြည်သူ ၁၅ ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

Source – Dawei Watch

လွိုင်ကော်မှာ နေအိမ်သန့်ရှင်းရေးပြန်လုပ်တဲ့ အမျိုးသမီး မိုင်းနင်းမိ

ပြီးခဲ့တဲ့ မေ ၁၃ ရက်မှာ ကရင်နီပြည် လွိုင်ကော်မြို့ပေါ် မင်းစုရပ်ကွက်မှာရှိနေတဲ့နေအိမ်ကို သန့်ရှင်း‌ရေး ပြန် လုပ်တဲ့ အမျိုးသမီး တစ်ဦးဟာ မိုင်းနင်းမိပြီး ညာခြေထောက် ဖြတ်ရတယ်လို့ သိရပါတယ်။

ဒီအမျိုးသမီးဟာ ရှမ်းပြည် ညောင်ရွှေကနေ လွိုင်ကော်မြို့နေအိမ်ကို ပြန်လာပြီး သန့်ရှင်းရေး လုပ်တာ ဖြစ်ပါ တယ်။ လွိုင်ကော်မှာ စစ်ဆင်ရေးစတင်ပြီးကတည်းက မြို့ခံအများစုဟာ နေရပ်ကို စွန့်ခွာထွက်ပြေးခဲ့ရတာပါ။ ၆လကျော်လာတာနဲ့အမျှ နေအိမ် ပြန်ချင်ကြတဲ့ပြည်သူတွေ တချို့ပြန်ဝင်ကြတာဖြစ်တယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲကြီးကြီးမားမား မဖြစ်တော့ပေမယ့် နင်းမိုင်းတွေ ကြောင့်နေအိမ် မပြန်ရဲကြ သေး ဘူးလို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

Source – ကန္တာရဝတီတိုင်း(မ်)

ကန်ပက်လက်မှ စစ်ဘေးဒုက္ခသည် အမျိုးသမီး ၂၇ ဦးအပါအဝင် အရပ်သား ၄၈ ဦးကို တောထဲထိ လိုက်လံ ဖမ်းဆီး

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် အုံရွာနဲ့အနီးတစ်ဝိုက် ကျေးရွာတွေမှ စစ်ဘေးဒုက္ခသည် ၃၈ ဦးကို စစ် တပ်က မေ ၁၄ ရက်မှာ တောတောင်တွေထဲအထိ လိုက်လံဖမ်းဆီးသွားခဲ့တယ်လို့ ရွာခံတချို့က ပြောပါတယ်။

ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာမသိရသေးပေမယ့် တောတောင်တွေထဲ စစ်ရှောင်နေကြတဲ့ဒေသခံ အမျိုး သမီး ၂၇ ဦးနဲ့ အမျိုးသား ၁၁ ဦးကိုဖမ်းဆီးသွားတာဖြစ်ပါတယ်။

စစ်တပ်က ပြီးခဲ့တဲ့ဧပြီလမှာ ကန်ပက်လက်မြို့နယ်ထဲက အုံရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အုံရွာအပါအဝင် ချိုင် လောင်း၊ လွီးစုံ၊ သိုးချောင်းစတဲ့ကျေးရွာတွေမှ နှစ်ရာဝန်းကျင်ရှိတဲ့ဒေသခံတွေဟာ တောထဲသွား စစ်ရှောင်နေ ကြသူတွေပါ။

Source – RFA  

ကျောက်ကြီးမှာ လက်နက်ကြီးထိလို့ အမျိုးသမီး နှစ်ဦးနဲ့ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးထိမှန်ပြီး အမျိုးသမီး ၂ ဦးနဲ့ အမျိုးသားတစ်ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ မေ ၁၆ ရက်မှာ KNU က သတင်းထုတ်ပြန်ပါတယ်။

သင်္ကန်းကုန်းကျေးရွာထဲ စစ်တပ်ကပစ်လိုက်တဲ့လက်နက်ကြီးကျပြီး အသက် ၄၃ နှစ်အရွယ် မစုနဲ့ ၃၉ နှစ်အရွယ် ကိုသန်း စိုးတို့ ဒဏ်ရာရခဲ့ပါတယ်။ နောက်နေ့မှာ ကြိတ်ကွင်းရွာဘက်ကို လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ရာ ၁ လုံး က ရွာထဲကျပြီး အသက် ၃၅ နှစ်အရွယ် နော်အေးထွေး ခြေထောက်နဲ့ဗိုက်တွေကို ထိမှန်ဒဏ်ရာရခဲ့ပါတယ်လို့ ဆိုပါတယ်။

“စစ်တပ်ဘက်ကတော့ တိုက်ပွဲရှိတာဖြစ်ဖြစ် မရှိတာဖြစ်ဖြစ် သူတို့ပစ်ချင်ရင် လက်နက်ကြီးက ပစ်နေတာပဲ။ ဒီဘက်က ဒေသခံတွေကတော့ လက်နက်ကြီးသံကြားတာနဲ့ ဗုံးခိုကျင်းတွေထဲ ဝင်နေရတာက အလုပ်တခု လိုဖြစ် နေတယ်”လို့ ဒေသခံတဦးကပြောပါတယ်။

Source – မြေလတ်အသံ  

လေယာဉ်နဲ့လာပစ်လို့ စားနပ်ရိက္ခာခွဲဝေနေတဲ့အမျိုးသမီး ၃ ဦးနဲ့ လသားကလေးငယ်တွေ သေဆုံး

မကွေးတိုင်း၊ ဆောမြို့နယ်မှာ ထောက်ပံ့ရေးပစ္စည်းတွေဝေဖို့ လူအများစုဝေးနေချိန် စစ်တပ်မှ လေယာဉ်နဲ့ လာပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး၊ လသားကလေးတွေအပါအဝင် အရပ်သား ၇ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာ ရခဲ့ပါတယ်။

အသက် ၁၀ လသားအရွယ် ကလေးတစ်ဦး၊ အသက် ၁၁ နှစ်အရွယ် ကိုနူး၊ အသက် ၄၅ နှစ်အရွယ် ဦးအောင်ရွှေ၊ ၆၀ ကျော်အရွယ်တွေဖြစ်တဲ့ ဒေါ်ခင်စန်းအေးနဲ့ ဒေါ်ကြင်သန်း၊ ၃၅ နှစ်အရွယ် ကိုဖိုးသားနှင့် မိခင်ဖြစ်သူ ၆၇ နှစ် အရွယ် ဒေါ်မစန်းတို့ဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေဖြစ်ပါတယ်။

အခြေခံလိုအပ်ချက်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေစတဲ့ထောက်ပံ့ရေးပစ္စည်းတွေ ဝေငှ တော့မယ့် အချိန်မှ စစ်လေယာဉ်က ကျေးရွာအနောက်ပိုင်းနေအိမ်တွေကို ရုတ်တရက်တိုက်ခိုက်ခဲ့တာပါ။

Source – Myanmar Now    

ခင်ဦးမှာ လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ဦး သေဆုံး၊ ငါးဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သရက်ပင်စုရွာကို မေ ၁၆ ရက် မနက်ပိုင်းမှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ် တာကြောင့် အသက် ၄၆ နှစ်အရွယ် ဒေါ်စပ်မ နေရာမှာတင်သေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

သက်ရက်ပင်စုရွာနဲ့ တစ်မိုင်ကျော်ဝေးတဲ့ ရေဦးမြို့ပေါ် တိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့ စစ်တပ်ကနေ တိုက်ပွဲ ဖြစ်တာ မရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာပါ။

Source – RFA              

ရွာရှည်ရွာကို စစ်တပ်က မီးရှို့ပြီး  အမျိုးသမီး နှစ်ဦးအပါအဝင် ဒေသခံ ၅ ဦးကိုပါ မီးရှို့သတ် 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွာရှည်ရွာကို စစ်တပ်က မီးရှို့ပြီး အမျိုးသမီး နှစ်ဦးအပါအဝင် အရပ်သား ၅ ဦးကို မီးရှို့ သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

မေ ၁၃ ရက် မနက် ၈ နာရီလောက်မှာ ဆီမီးခုံဆိပ်ကမ်းကနေ အင်အား  ၁၀၀ ကျော်ပါ စစ်သားတွေက စစ်  ကြောင်း ၂ ကြောင်းခွဲပြီးထွက်လာချိန် ရွာရှည်ရွာအနီးမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်များနဲ့ ထိတွေ့ပစ် ခတ်မှု ဖြစ်ပြီးနောက် ရွာထဲကိုစီးနင်းဝင်ရောက်ခဲ့ပါတယ်။ 

အဲဒီနောက် အိမ်ခြေ ၄၀၀ ဝန်းကျင်ရှိတဲ့ နေအိမ်အားလုံးနီးပါးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ၄၅ နှစ်အရွယ် ကိုမင်းနိုင်၊ ၅၅ နှစ်အရွယ် ဦးမြင့်မောင်၊ ၆၅ နှစ်အရွယ် ဒေါ်ပေါကြည်၊ အသက် ၇၀ အရွယ် ဦးသန်းမြိုင်နှင့် ဒေါ်မြသွင်တို့ကိုပါ မီးရှို့သတ်ခဲ့တာဖြစ်ပါတယ်။

ရွာရှည်ရွာဟာ အခုလိုမီးရှို့ဖျက်ဆီးခံရတာ ပထမအကြိမ်ဖြစ်ပြီး အဲ့ဒီရွာက အိမ်ထောင်စု ၂၈၅ စု အပါအဝင် အ ခြားရွာနား နီးစပ်က ပြည်သူတွေဟာ မြောင်မြို့နယ်နဲ့ ရေစကြိုမြို့နယ်တွေမှာ တိမ်းရှောင်နေကြရတယ်လို့ သိရ ပါတယ်။

Source – မြေလတ်အသံ

လက်နက်ကြီးကြောင့် နောင်ချိုဒေသခံ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် သုံးဆယ်ရွာထဲ စစ်ကောင်စီလက်နက်ကြီး ကျည်တချို့ကျ ရောက် ပေါက် ကွဲလို့ ဒေသခံ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရတယ်လို့ တအာင်းတပ် TNLAသတင်းပြန်ကြားရေးက ဖော် ပြထားပါတယ်။

နောင်ချိုမြို့နယ် အုမ္မတီးရွာအခြေစိုက် တပ်မ၃၃လက်အောက်ခံ ခမရ -၁၁၁ကနေ မေလ ၁၀ရက် ညရှစ်နာရီ ဝန်းကျင်မှာ သုံးဆယ်ရွာဘက်ကို လက်နက်ကြီးလေးလုံးထက်မနည်းပစ်ခတ်ခဲ့တာပါ။ သေဆုံးသူတွေကတော့ အသက် ၆၂ နှစ်အရွယ် ဦးစံရွှေနဲ့ ၂၄နှစ်အရွယ် မဝင်းဝင်းပြုံးတို့ဖြစ်ပါတယ်။

ဦးစံရွှေရဲ့ သမီးဖြစ်သူ ဆွေဆွေဝင်း အသက် (၂၁) နှစ်၊ ညီဖြစ်သူ ဦးလွန်ကြည့် အသက် (၆၀)နှစ်နဲ့ သမက်ဖြစ်သူ မောင် အေးချမ်း၊မောင်မြင့်ဇော်ဦးတို့ကတော့ ဒဏ်ရာတွေရခဲ့တယ်လို့ TNLA က ဖော်ပြထားပါတယ်။

Source – Delta News Agency  

Author:

Related Articles