Home သတင်း ဗစ်တိုးရီးယားအမှု သေချာမလေ့လာရသေးကြောင်း သမ္မတရုံးပြော

ဗစ်တိုးရီးယားအမှု သေချာမလေ့လာရသေးကြောင်း သမ္မတရုံးပြော

မိုးမိုး။ ။


ဗစ်တိုးရီးယား အမှုတွင် တရားရုံး၏ ဆုံးဖြတ်ချက်များနှင့်ပတ်သက်ပြီး အသေးစိတ်မလေ့လာရသေးဘူးလို့ သမ္မတ အိမ်တော်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးမှ ပြောပါတယ်။

“တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေလည်း အသေးစိတ်တော့ မလေ့လာရသေးဘူးပေါ့နော်။ သို့သော် အဲ့ဒီမှာ ပစ္စည်းသက်သေ၊ လူသက်သေရှိမယ်။ နောက်ထပ် ဗွီဒီယိုတို့ဘာတို့ စသည်ဖြင့် ပေါ့ နော်။ ဒါမျိုးတွေ ဟာတွေလည်းရှိ တယ်” ဟု ယနေ့ ဇွန်လ ၁၉ ရက်နေ့ နိုင်ငံတော် သမ္မတရုံးမှာပြုလုပ်တဲ့ မီဒီယာများနဲ့တွေ့ဆုံပွဲမှာ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်လည်းဖြစ်သူ ဦးဇော်ဌေးက ဆိုပါတယ်။

အမှုနဲ့ပတ်သက်ပြီး တရားရုံးတွင် သက်သေတွေရဲ့ ထွက်ဆိုချက်တွေ၊ ပညာရှင်တွေရဲ့ ထွက်ဆိုချက်တွေအားလုံးဟာ တရားရုံးမှာ အမှုတွဲ ဖိုင်လိုက်ရှိနေသေးတဲ့အတွက် သမ္မတရုံးအနေနဲ့ လေ့လာပါက တရားစီရင်ရေး မဏ္ဍိုင်ရဲ့ အခြေအနေကို လွယ်လင့်တကူ သိနိုင်ကြောင်း ဗစ်တိုးရီးယား ဖခင်ဖြစ်သူက HI သတင်းစာမျက်နှာကိုပြောပါတယ်။

“အခုလို အချိန်ကာလရောက်တဲ့ အချိန်မှာတော့ မြန်မြန်လေး လေ့လာပါလို့ပဲ တောင်းဆိုချင်ပါတယ်” လို့ ဖခင်ဖြစ်သူက ပြောပါတယ်။

ယင်းအမှုနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ သက်သေရှိခြင်း မရှိခြင်းပေါ်မူတည်ပြီး သက်သေအထောက်အထားတွေဟာ ပြစ်မှု ကျူးလွန်ကြောင်း ခိုင်ခိုင်မာမာ ပြသနိုင်မယ်ဆိုရင်တော့ အမှုဆက်သွားနိုင်မယ်လို့မြင်ကြောင်း ဦးဇော်ဌေးက ဆက်ပြောပါတယ်။

ဗစ်တိုးရီးယားအမှုကို ကူညီဆောင်ရွက်ပေးနေသူ သက္ကမိုးညို(ခေါ်) ဒေါက်တာဝင်းကိုကိုသိန်းကတော့ အမှုအတွက် ခိုင်ခုံတဲ့သက်သေတွေနဲ့ပတ်သက်ပြီး ဖော်ထုတ်ရမယ့်တာဝန်ကတော့ မိသားစုရဲ့ တာဝန်မဖြစ်သင့်ဘူးလို့ ပြောပါတယ်။

“မိသားစုရဲ့တာဝန်က သူ့သမီးအနေနဲ့ နစ်နာမှု ဖြစ်သွားတယ်။ ဒီနစ်နာမှုကို ဖော်ထုတ်ပေးဖို့ ဒီပြည်ထဲရေး အပါအဝင် နိုင်ငံ အစိုးရကိုရော တရားဝင်တောင်းဆိုပြီးသားပဲလေ။ ဒီဟာနဲ့ ပတ်သက်ပြီးတော့မှ ခိုင်လုံတယ်၊ မခိုင်လုံဘူးက ခိုင်လုံ အောင်လုပ်ဖို့က အစိုးရရဲ့တာဝန်ပဲလေ” လို့ သက္ကမိုးညိုက ထောက်ပြပါတယ်။

ဗစ်တိုးရီးယားမိသားစုဝင်အားလုံးရဲ့ ကိုယ်ရေးအချက်အလက်ကို ရဲတပ်ဖွဲ့သတင်းစာရှင်းလင်းပွဲအတွင်း လူသိရှင်ကြား ထုတ်ဖော်ပြောလိုက်တဲ့ ရဲအရာရှိကြီး ၃ ဦးကိုလည်း ရာထူးတိုးမြှင့်ပြစ်ဒဏ်နဲ့ အရေးယူထားကြောင်းကိုလည်း ယနေ့ မီဒီယာနဲ့တွေ့ဆုံပွဲမှာ ဦးဇော်ဌေးက ထပ်မံပြောကြားခဲ့ပါတယ်။


သံသယ တရားခံကိုအောင်ကြီးကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ အမှုကနေ ပလက်လိုက်ပြီးနောက်ပိုင်းမှာ သမ္မတရုံးအနေနဲ့ အမှုကို ဆက်လက်စောင့်ကြည့်နေဆဲဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောကြားခဲ့ပါတယ်။

ယင်းအမှုနဲ့ပတ်သက်ပြီး တရားစွဲအဖွဲ့အစည်းဘက်က အထောက်အထားခိုင်လုံမှုမရှိတဲ့အတွက် သံသယတရားခံ အောင်ကြီးကို တရားရုံးက လွှတ်ပေးလိုက်ခြင်းသာဖြစ်ကြောင်း၊ အမှုကို ပလပ်ခြင်းမဟုတ်ကြောင်းနဲ့ အမှုကို ပလပ်မည်ဆိုပါက အမှုကြီး တခုလုံးကို ပယ်ပြစ်လိုက်ခြင်းဖြစ်ကြောင်း ဗစ်တိုးရီးယား၏ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခဲ့သည့် တရားလွတ်တော် ရှေ့နေ ဒေါ် ရွက်နုအောင် ကပြောပါတယ်။

“အမှုကြီးက သူက ပြစ်မှုလည်း ဖြစ်တဲ့အတွက်ရှိနေဦးမှာပဲ။ တရားခံ မပေါ်သေးသရွေ့ နစ်နာမှုက ရှိနေတယ်ဆိုရင် အမှုကြီးက ရှိနေဦးမှာပဲ။ အမှုတစ်ခုလုံးကို ပလပ်တာ မဟုတ်ပါဘူး” ဟု ဒေါ်ရွက်နုအောင်က ပြောပါတယ်။

နေပြည်တော် သပြေကုန်းမှာ ဖွင့်လှစ်ထားတဲ့ Wisdom Hill အမည်ရှိ ပုဂ္ဂလိကမူကြိုကျောင်းမှာ တက်နေတဲ့ ကလေးငယ် ဗစ်တိုးရီးယားဟာ ပြီးခဲ့တဲ့နှစ် မေလ ၁၇ ရက်က လိင်အကြမ်းဖက်ခံရမှုနဲ့ ကလေးငယ်ရဲ့ မိခင်ကိုယ်တိုင် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ပါတယ်။

အမှုကို ဇွန်လ ၃ ရက်နေ့မှာ မှုခင်းတပ်ဖွဲ့(CID) က လွှဲပြောင်းရယူခဲ့ပြီး အမှုနဲ့ပတ်သက်ပြီး ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ နဲ့ အမှုဖွင့် စစ်ဆေးခဲ့ပြီး ယနေ့အချိန်ထိ တရားခံကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။

Author: Moe Moe

Related Articles