သန့်ရှင်းထွန်း
ရခိုင်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ဒေါ်ရီရီချိုတို့နေထိုင်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ် တွေက ဒေသခံတွေ တဖြည်းဖြည်း ပိုခံစားလာရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ၊ နိုဝင်ဘာ ၁၃ က ရခိုင်ပြည်နယ်မှာ ပြန်လည်ဖြစ်ပွားခဲ့တဲ့ ရက္ခိုင့်တပ်တော်(AA)နဲ့ မြန်မာစစ်တပ်တို့ရဲ့ တိုက်ပွဲ တွေကြောင့် ဒေသခံအရပ်သားတွေ အသက်သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာ၊ အိုးအိမ်တွေ ပျက်စီးဆုံးရှုံးတာနဲ့ နေရပ် စွန့်ခွာ ထွက်ပြေးရတာတွေက နေရာတိုင်းမှာ ဖြစ်နေပါတယ်။
အဲဒါတွေအပြင် တိုက်ပွဲရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တဲ့ လျှပ်စစ်မီးပြတ်တောက်တာ၊ အင်တာနက်လိုင်း၊ ဖုန်းလိုင်း ပြတ် တောက်တာတွေပါ ကြုံတွေ့လာနေပြီလို့ ဒေါ်ရီရီချိုက ပြောပါတယ်။
“ မီးမရှိတဲ့ညဘက်မှာ လက်နက်ကြီးပစ်သံတွေကြားရင် မျက်လုံးကိုတင်းတင်းမှိတ်၊ အံကြိတ်ခံနေရတယ်။”လို့ ဒေါ်ရီရီချိုက ပြောပါတယ်။
အသက် ၃၈ နှစ်အရွယ် ဒေါ်ရီရီချိုဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်တောမြို့မှာ မိသားစုလေးဦးနဲ့အတူ နေထိုင်နေတာ ဖြစ်ပြီး သူ့ရဲ့ခင်ပွန်းကတော့ နိုင်ငံခြားမှာ အလုပ်လုပ်ကိုင်နေသူဖြစ်ပါတယ်။
ဒေါ်ရီရီချိုတို့နေထိုင်နေတဲ့ မောင်တောမြို့နယ်နဲ့ဘူးသီးတောင်မြို့နယ်ကို သွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်အားလိုင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ကစလို့ ဘူးသီးတောင်မြို့နယ်နဲ့ ရသေ့တောင်မြို့နယ်ကြားမှာ ပြတ်တောက်သွားခဲ့ပြီး အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေဟာလည်း ကျောက်တော်မြို့နယ်နဲ့ မြောက်ဦးမြို့နယ်ကြားမှာ ဖိုင်ဘာဆက်ကြောင်း ပြတ်တောက်သွား တာ ကြောင့် မီးအလင်းရော၊ လိုင်းအဆက်အသွယ်ရော ပြတ်တောက်သွားတာဖြစ်ပါတယ်။
“ ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေမရတော့ ဘာသတင်းမှမသိရဘဲ မျက်လုံးကန်း၊ နားပင်းဖြစ်သွားပါပြီ။” လို့ ဒေါ်ရီရီချိုက ပြောပါတယ်။
တိုက်ပွဲတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ တဟုန်ထိုးမြှင့်တက်တာ၊ ကုန်လမ်း၊ ရေ လမ်းအားလုံးကို ပိတ်ထားတဲ့အတွက် ခရီးသွားလာခွင့်မရတာတွေကို ဒေါ်ရီရီချိုတို့ ပထမဆုံးခံစားကြရပြီး အဲဒီနောက်မှာတော့ မီးပြတ်တာ၊ အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းပြတ်တာတွေကိုပါ ဆက်ပြီးခံစားလာရတာ ဖြစ်ပါတယ်။
“မီးပြတ်တော့ ထင်းနဲ့ မီးသွေးရှာရတယ်။ ထင်း၊ မီးသွေးဈေးကလည်း ဆန်ဈေးလောက်ကြီးနေတယ်။”လို့ သူက ညည်းပါတယ်။
ထင်းနှင့် မီးသွေးဟာလည်း ဒေါ်ရီရီချိုတို့လို အိမ်ရှင်မတွေအတွက် ဆန်လိုပဲ နေ့တိုင်းလိုအပ်နေတဲ့ အရာတစ်ခုဖြစ်တာကြောင့် အိမ်ခြံထဲမှာရှိတဲ့ အပင်တွေကိုလှဲပြီး ထင်းအဖြစ် သုံးနေရတယ်လို့ ဆိုပါတယ်။
ရခိုင်မှာ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ တခြားအထွေအထွေသတင်းတွေကို ဖတ်ကြည့်ဖို့ကလည်း အင်တာနက်လိုင်း မရတာကြောင့် ဘယ်နေရာမှာ ဘာဖြစ်နေမှန်းကို မသိတော့ဘူးလို့ ဘူးသီးတောင်မြို့က အသက် ၂၀ ကျော်အရွယ် မနှင်းမြတ် ခိုင်က ပြောပါတယ်။
“ တိုက်ပွဲတွေ ထပ်ပြီးပြင်းလာလား၊ ဗုံးခိုကျင်းတူးရမလား။ တခြားဘေးလွတ်ရာကို ပြေးရတော့မလားဆိုတာကို ဘယ်လိုမှ ချင့်ချိန်လို့မရတော့ဘူး။”လို့ မနှင်းမြတ်ခိုင်က ပြောပါတယ်။
အခုလို သတင်းသိပိုင်ခွင့်တွေကို ကန့်သတ်ပိတ်ပင်ခံထားရတာဟာ အခြေခံလူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာဖြစ်သလို လူတွေရဲ့ ကောလဟာလ စကားတွေက စိုးရိမ်စိတ် ပိုဖြစ်စေတယ်လို့ သူကပြောပါတယ်။
ရခိုင်မှာ အင်တာနက်လိုင်းတွေ၊ ဖုန်းလိုင်းတွေပိတ်တာဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၉ ၊ ဇွန် ကနေ ၂၀၂၁ ဇန်နဝါရီထိ လပေါင်းသုံးဆယ်ကြာအောင် ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်ရှစ်မြို့နယ်ကို အင်တာနက်လိုင်းတွေ ပိတ် ထားခဲ့ဖူးပါတယ်။
အဲဒီအချိန်တုန်းကလည်း ရခိုင်မြောက်ပိုင်းမြို့နယ်တွေက ဒေသခံတစ်သန်းခွဲလောက်ဟာ သတင်းသိပိုင်ခွင့်၊ အွန်လိုင်းပညာ ရေးစတာတွေကို ဆုံးရှုံးခဲ့ရပါတယ်။
လက်ရှိမှာတော့ အင်တာနက်လိုင်းမဟုတ်ဘဲ ဖုန်းလိုင်းတွေပါပြတ်နေတာကြောင့် စစ်တွေမြို့မှာ ကျောင်းသွားတက်နေတဲ့ သား ကြီးနဲ့တောင် အဆက်အသွယ်မရဖြစ်နေတယ်လို့ မောင်တောမြို့က ဒေါ်မြင့်မြင့်ကြည်က ပြောပါတယ်။
“ သားကြီးကစာမေးပွဲစစ်နေပြီ။ ကျန်းမာလား၊ နေကောင်းလား မေးဖို့တောင် ဖုန်းဆက်လို့မရဘူး။ ရှိသမျှဖုန်းလိုင်း အကုန်ပိတ် ထားတယ်။” လို့ ဒေါ်မြင့်မြင့်ကြည်က ပြောပါတယ်။
ဒေါ်မြင့်မြင့်ကြည်လိုပဲ တခြားမိဘတွေမှာလည်း သားသမီး၊ ညီအစ်ကိုမောင်နှမတွေဟာ အကြောင်းအမျိုးမျိုးကြောင့် တခြား မြို့နယ်တွေကို ရောက်နေတာတွေရှိတာကြောင့် အဝေးရောက်နေသူတွေအတွက် စိုးရိမ်ပူပင်ကြတယ်လို့ ဆိုကြပါတယ်။
ရခိုင်ပြည်နယ်ကမဟုတ်ဘဲ တခြားတိုင်းဒေသကြီးတွေက မောင်တောမြို့မှာ တာဝန်ကျနေတဲ့ ရဲအရာရှိတစ်ဦးကတော့ တိုက်ပွဲ ဖြစ်တာနဲ့ ဖုန်းလိုင်းတွေ ဖြတ်တာ ဘာမှမသက်ဆိုင်ဘူးလို့ မှတ်ချက်ပေးပါတယ်။
“ ကျနော်တို့မှာလည်း မိသားစုတွေ အဝေးမှာကျန်ခဲ့တာ သတင်းလေးဘာလေးမေးဖို့လိုတယ်။ အခုဟာက အင်တာနက်မဟုတ် ဖုန်းလိုင်းပါ ဖြတ်ထားတော့ အဆက်အသွယ်အကုန်ပြတ်ကုန်တယ်။” လို့ ရဲအရာရှိက ပြောပါတယ်။
လျှပ်စစ်မီး ပျက်ချိန်မှာ ကလေးမွေးဖွားခဲ့တဲ့ မောင်တောမြို့က မဖြူဖြူလှိုင်ကတော့ ညဘက်မှာ မီးအလင်းရောင်ရ အောင် ဆိုလာပြားအသေးတစ်ချပ်နှင့် ဘက်ထရီအိုးအသေးတစ်လုံးကို ဝယ်ယူခဲ့ရတယ်လို့ ပြောပါတယ်။
“ ကလေးမွေးခါစဆိုတော့ မီးကလိုတယ်။ ဖယောင်းတိုင်၊ ဆီးမီးခွက်နဲ့က ကလေးနဲ့အဆင်မပြေဘူး။ အဲဒါကြောင့် ဆိုလာမီးဆင် လိုက်ရတယ်။”လို့ မဖြူဖြူလှိုင်က ပြောပါတယ်။
ဆိုလာမီးအပြင် ကလေးအမေဖြစ်တာကြောင့် တစ်နေ့တစ်နေ့ လျှော်ဖွတ်ဖို့အတွက် ဆပ်ပြာကအစ ပူပင်နေရပြီး အရင်က ၅၀၀ ကျပ်သာရှိတဲ့ ရွှေဝါဆပ်ပြာတစ်တောင့်ကို အခု ၁,၅၀၀ ကျပ်ထိ ဈေးတက်နေတယ်လို့ သူက ဆိုပါတယ်။
အင်တာနက်လိုင်းတွေ မရလို့ ဘဏ်တွေပိတ်ထားတာကြောင့် နိုင်ငံခြားရောက်နေတဲ့ ခင်ပွန်းဆီက ငွေလွှဲကိုတောင် ထုတ်မရ ဖြစ်နေတယ်လို့ ဒေါ်ရီရီချိုက ပြောပါတယ်။
“ ရှိတဲ့ရွှေကို ပေါင်ပြီး စားသောက်ရေးကို ဖြေရှင်းနေရတယ်။”လို့ ဒေါ်ရီရီချိုက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်မြို့တွေမှာ ပုဂ္ဂလိကဘဏ်တွေကို ပိတ်ထား ကြပြီး အင်တာနက်လိုင်းမရလို့ စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့က ဘဏ်တွေကို ပိတ်ထားပါတယ်။
အခုလို အရပ်သားတွေ အထွေထွေအကျပ်အတည်းဖြစ်လာချိန်မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ခဏရပ်ပေးစေချင်တဲ့ စိတ်တွေ ဖြစ်လာတယ်လို့ ဒေါ်ရီရီချိုက ပြောပါတယ်။
“ စစ်အာဏာရှင်စနစ် မကျရှုံးသမျှ တိုက်ပွဲတွေရှိနေမှာကို ကျမတို့နားလည်ပါတယ်။ ဒါပေမယ့် တိုက်ပွဲကြောင့် အရပ်သားတွေ ထိခိုက်နစ်နာမှုများလာရင်တော့ နှစ်ဘက်လုံး(မြန်မာစစ်တပ်နဲ့ရက္ခိုင့်တပ်တော်)က ပြည်သူကို ပြန်ကြည့်ဖို့လိုတယ်။” လို့ ပြော ပါတယ်။
နေ့ဘက်မှာ သတင်းအမှောင်ကျပြီး ညဘက်မှာ မီးအမှောင်ကျနေတဲ့ ဒေါ်ရီရီချိုကတော့ အမှောင်တွေကင်းပြီး အလင်းရောင်ကို ခဏတဖြုတ်ဖြစ်ဖြစ် မြင်ချင်တယ်လို့ သူ့ဆန္ဒကို ဖွင့်ဟပါတော့တယ်။