Home ဆောင်းပါး မဏိပူရပြည်နယ် အမျိုးသမီးလှုပ်ရှားမှု သမိုင်း ( အပိုင်း – ၂ သို့မဟုတ် ) မေရာပိုက်ဘီး

မဏိပူရပြည်နယ် အမျိုးသမီးလှုပ်ရှားမှု သမိုင်း ( အပိုင်း – ၂ သို့မဟုတ် ) မေရာပိုက်ဘီး

မိုးဇော်။ ။

လွန်ခဲ့သောဆောင်းပါး ချိုးလင်ပြာ အမှတ် ( ၁၆ )၊ ၂၀၀၃ ခုနှစ် ဒီဇင်ဘာလထုတ်တွင် မဏိပူရီအမျိုးသမီးများ ကိုလိုနီခေတ်တွင် အင်္ဂလိပ်ကိုလိုနီအစိုးရကို ဆန့်ကျင်တော်လှန်ခဲ့သော နူပီး လန် ( အမျိုးသမီးစစ်ပွဲ ) ၂ ခု အကြောင်းကို တင်ပြခဲ့သည်။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရခဲ့ပြီးသည့် ၁၉၄၇ ခုနှစ်၊ နောက်ပိုင်းတွင်လည်း မဏိပူရပြည်နယ်မှ အမျိုးသမီးတို့၏ တိုက်ပွဲများသည် မဏိပူရီ အမျိုးသမီးများက သူတို့၏ လူ့အဖွဲ့အစည်းအား ကာကွယ်စောင့်ရှောက်ရန်အတွက် ရုန်းကန်လှုပ်ရှား ခဲ့ကြသည့် တိုက်ပွဲများဖြစ်ပြီး ယင်းအကြမ်းမဖက်လှုပ်ရှားမှု သမိုင်းအပိုင်း ( ၂ ) သို့မဟုတ် မေရာပိုက် ဘီး အမည်ဖြင့် တင်ပြပါမည်။

နောက်ခံအခြေအနေ
အိန္ဒိယနိုင်ငံသည် ၁၉၄၇ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် အင်္ဂလိပ်ထံမှ လွတ်လပ်ရေး ရယူခဲ့သည်။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ရယူခဲ့သည့် တချိန်တည်းတွင် မဏိပူရပြည်နယ်သည်လည်း လွတ်လပ်ရေးရရှိခဲ့သည်။ မဏိပူရပြည်နယ် လွတ်လပ်ရေးရယူသောအခမ်းအနားတွင် အင်္ဂလိပ်တို့၏ ယူနီယံဂျက် အလံကိုချ၍ မဏိပူရပြည်နယ်အလံနှင့်အတူ အိန္ဒိယအလံကို လွှင့်တင်ခဲ့သည်ဟု ဆိုသည်။ သို့သော် ထိုစဉ်က မဏိပူရပြည်နယ်သည် အိန္ဒိယပြည်မဒေသနှင့် ပူးပေါင်းရေးကို မဆုံးဖြတ်ရသေးပေ။ အင်္ဂလိပ် ကိုလိုနီအစိုးရ အုပ်စိုးစဉ်က မဏိပူရပြည်နယ်ကို အိန္ဒိယနိုင်ငံ အုပ်ချုပ်မှုအတွင်းတွင် ထည့် သွင်းအုပ်ချုပ်ခဲ့သဖြင့် အိန္ဒိယနှင့်အတူ လွတ်လပ်ရေး ပေးခဲ့ခြင်းသာဖြစ်သည်။ အင်္ဂလိပ်တို့ မသိမ်းယူမီ က မဏိပူနှင့် အိန္ဒိယနိုင်ငံတို့သည် နိုင်ငံရေးအရ သီးခြားစီတည်ရှိခဲ့သည်။

လွတ်လပ်ရေး ရယူပြီးသည့်နောက်တွင် မဏိပူရဘုရင် ( မဟာရာဂျာ )က မဏိပူပြည်နယ် ကို အင်္ဂလိပ်လက်ထက်မှ ဖွဲ့စည်းခဲ့သော လွှတ်တော်နှင့် ဆက်လက်အုပ်ချုပ်ခဲ့သည်။ သို့သော် ၁၉၄၉ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် မဏိပူရဘုရင်က မဏိပူရပြည်နယ်ကို အိန္ဒိယနှင့် ပူးပေါင်းရန် ရှီလောင်းမြို့တွင် လက်မှတ်ရေးထိုးခဲ့သည်။ မဏိပူရလူမျိုးအများစုသည် ၎င်းတို့၏ ဘုရင်ကို အိန္ဒိယ ဗဟို အစိုးရကိုယ်စားလှယ်က အတင်းအကြပ် လက်မှတ်ရေးထိုး၍ ပူးပေါင်းစေခဲ့သည်ဟု ယုံကြည်ကာ ယင်းသို့ ပူးပေါင်းရေးစာချုပ် ချုပ်ဆိုမှုကို ကျေနပ်မှု မရှိခဲ့ကြပေ။

ထိုအချိန်တွင် လက်ဝဲဝါဒီ အီရာပေါ့ ( Hijam Irabot Singh )က မဏိပူရကို ကုလသမဂ္ဂ အဖွဲ့ဝင် သီးခြားလွတ်လပ်သော နိုင်ငံထူထောင်ရန် လိုလားခဲ့သည်။ ယင်းသို့လွတ်လပ်သော နိုင်ငံ ထူထောင်ရန်အတွက် ဗမာပြည်ကွန်မြူနစ်ပါတီထံမှ အကူအညီ ရယူရန်ကြိုးပမ်းခဲ့သည်။ ၎င်းသည် အိန္ဒိယအစိုးရအား တော်လှန်တိုက်ခိုက်ရန် ကြိုးပမ်းခဲ့၍ နောင်တွင် အီရာပေါ့ကို မဏိပူရ လက်နက်ကိုင် တော်လှန်ရေး၏ ဖခင်အဖြစ် လူသိများခဲ့သည်။ တချိန်တည်းတွင် အိမ်နီးချင်း နာဂလန်းပြည်နယ်တွင် လည်း ပူဖီဇို ( Zapu Phizo ) ဦးဆောင်သော နာဂအမျိုးသားများ၏ သီးခြားလွတ်လပ်ရေး တောင်းဆို မှုများ အရှိန်မြင့်မားလာနေသည်။

အမဲရောင်ဥပဒေ ( Armed Forces Special Power Act )
၁၉၅၀ ပြည့်လွန်နှစ်များ၏ အနှောင်းပိုင်းတွင် အရှေ့မြောက်ဒေသ ပြည်နယ်များမှ လွတ် လပ်ရေးလှုပ်ရှားမှုများသည် အကြမ်းမဖက် လှုပ်ရှားမှုများအဖြစ်မှ လက်နက်ကိုင် လှုပ်ရှားမှုအသွင်သို့ ပြောင်းလဲလာခဲ့သဖြင့် အိန္ဒိယဗဟိုအစိုးရသည် ထိုလှုပ်ရှားမှုများကို နှိမ်နင်းရန်အတွက် ဥပဒေတရပ်ကို စီစဉ်ရေးဆွဲရန် ပြင်ဆင်ခဲ့သည်။

၁၉၅၈ ခုနှစ်တွင် အိန္ဒိယ ပါလီမန်က လက်နက်ကိုင် တပ်ဖွဲ့များ၏ အထူးလုပ်ပိုင်ခွင့်ဥပဒေ ( Armed Forces Special Power Act )ကို ပြဌာန်းခဲ့သည်။ ထိုဥပဒေအရ မငြိမ်သက်သေးသော ဒေသများကို အစိုးရက အမဲရောင်နယ်မြေ ( Disturbed area ) အဖြစ်သတ်မှတ် ကြေညာနိုင်သည်။ ယင်းသို့ ကြေညာပြီးလျှင် လက်နက်ကိုင်တပ်များက ၎င်းတို့အား အန္တရာယ်ပြုမည့်သူ ( သို့မဟုတ် ) ပြုမည်ဟု သံသယရှိသူများအား ပစ်ခတ်ပိုင်ခွင့်ရှိသည်။ ဖမ်းဆီးရှာဖွေမိန့် ဝရမ်း ( Warrant ) မပါပဲနှင့် ဖမ်းဆီး ချုပ်နှောင်ပိုင်ခွင့်ရှိသည်။ စစ်တပ်ကို တိုက်ခိုက်ရန် အတွက်အကာအကွယ် ဖြစ်စေနိုင်သည်ဟု ယူဆသောအရာများနှင့် သူပုန်များ ခိုအောင်းသည်ဟု ယူဆသော နေရာများကို ဖျက်ဆီးပိုင်ခွင့်ရှိသည်။

ယင်းဥပဒေကို မဏိပူပြည်နယ်၏ တမီလောင်းခရိုင် ( နာဂလူမျိုးများနေထိုင်ရာဒေသ )တွင် ၁၉၆၁ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့ပြီး ၁၉၈၀ ခုနှစ် မေလတွင် မဏိပူပြည်နယ်တခုလုံးကို အမဲရောင်နယ် မြေအဖြစ် ကြေညာသတ်မှတ်ခဲ့သည်။

ယင်း ဥပဒေသည် ဒီမိုကရေစီကို ဆန့်ကျင်သည်ဆို၍ အများစုက လက်မခံခဲ့ပေ။ အိန္ဒိယဗဟို အစိုးရက ထိုဥပဒေကို လွတ်လပ်ရေးတောင်းဆို၍ လက်နက်ကိုင်လှုပ်ရှားမှုများ မြင့်မားလာသော အရှ့မြောက်ဒေသမှ အာသံနှင့် မဏိပူပြည်နယ်ကို ရည်စူး၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယင်းကို အမဲရောင် ဥပဒေ ( Black Law ) အဖြစ် ပြည်သူများက သတ်မှတ်ခေါ်ဝေါ်ခဲ့ကြသည်။

မေရာပိုက်ဘီး ( The Meira Paibi )
မဏိပူရီ ဘာသာစကားအရ မေရာပိုက်ဘီး၏ အဓိပ္ပါယ်မှာ မီးတုတ်ကိုင်အမျိုးသမီး ( The To rchbearers ) ဖြစ်သည်။ မီးသည် မဏိပူရီလူမျိုးတို့၏ အထွဋ်အမြတ်ပြုရာ တခုဖြစ်သကဲ့သို့ ဘာသာ ရေး အယူအဆအရ မီးတုတ်သည် လူအများသုံးစွဲရန် မီးကိုယဉ်ပါးစေသူနှင့် စစ်ပွဲများ၏ အရှင်သခင်မ ဖြစ်သူ အီမွေနူး ( Imoinu )နတ်သမီး၏ အထိမ်းအမှတ် သင်္ကေတလည်းဖြစ်သည်။ ထို့အတူ မီးတုတ် သည် ပထမနူပီးလန်တွင် အင်္ဂလိပ်အစိုးရအား ဆန့်ကျင်ရာတွင် ဦးဆုံးအသုံးပြုခဲ့သော လက်နက်လည်း ဖြစ်သည်။ ယင်းသို့ မီးတုတ်ကိုင်စွဲ၍ အမျိုးသမီးများ ဆန္ဒပြခြင်းသည် အုပ်ချုပ်သူ အာဏာပိုင်များကို အတိအလင်း စစ်ကြေညာ၍ သတိပေးခြင်းဖြစ်သည်ဟု ယူဆကြသည်။

မေရာပိုက်ဘီး အမျိုးသမီးများ၏ ပထမဆုံးစုဖွဲ့ လှုပ်ရှားမှုကို ၁၉၇၀ ပြည့်လွန်နှစ်များတွင် စတင်ခဲ့သည်။ ထိုစဉ်က မဏိပူရပြည်နယ်တွင် လွတ်လပ်ရေးရရှိရန် တော်လှန်ကြသော လက်နက်ကိုင် လှုပ်ရှားမှုများအရှိန်အဟုန်နှင့် မြင့်တက်လာနေချိန် ဖြစ်သည်။ တဆက်တည်းတွင် မဏိပူပြည်နယ်တွင် အရက်သေစာသောက်စားမှုများ တိုးမြင့်လာခြင်းမှာ မျိုးချစ်စိတ်ပြင်းထန်သော မဏိပူရီလူမျိုးများကို အမျိုးသားရေးစိတ်ဝင်စားမှုနည်းလာစေရန် အစိုးရက ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ယူဆခဲ့ ကြသည်။

အရက်သေစာသောက်စားမှုကို ဆန့်ကျင်ရန်အတွက် ရပ်ကွက်၊ ကျေးရွာများမှ မဏိပူရီ အမျိုးသမီးများသည် မူးယစ်ဆေးဝါးနှင့် အရက်သေစာသောက်စားမှု ဆန့်ကျင်ရေးကင်းအဖွဲ့ ( Nisha band Patrol ) များကို ဖွဲ့စည်းကာ ညအချိန်တွင် မီးတုတ်များကိုင်ဆောင်၍ ကင်းလှည့်ခဲ့ကြသည်။ ထိုကင်းအဖွဲ့များက အရက်သေစာ သောက်စားသူများ၊ မူးယစ်ရမ်းကားသူများ၊ အရက်ချက်ရောင်း သူများ၊ အရက်ရောင်းချသူနှင့် ဝယ်ယူသူများကို ရှာဖွေဖမ်းဆီး၍ အပြစ်ပေးခဲ့ကြသည်။ ဖမ်းဆီးရမိသော အရက်နှင့် အရက်ချက်သည့် ပစ္စည်းများကိုလည်း ဖျက်ဆီးခဲ့ကြသည်။ ထိုသို့ မီးတုတ်ကိုင်ဆောင်၍ လှုပ်ရှားဆောင်ရွက်ကြသော အမျိုးသမီးများကို မေရာပိုက်ဘီးများဟုခေါ်ဆိုကြသည်။ မေရာပိုက်ဘီး ခေါ် မီးတုတ်ကိုင်အမျိုးသမီးများ၏ လှုပ်ရှားမှုသည် ကြီးမားကျယ်ပြန့်လာခဲ့သဖြင့် မဏိပူပြည်နယ် လွှတ်တော် ( State Assemble ) က နောက်ပိုင်းတွင် အရက်ရောင်းချမှုနှင့် သောက်သုံးမှုများကို ပိတ်ပင်တား မြစ်သော ဥပဒေများကို ပြဌာန်းခဲ့ရသည်။

အရက်ကို အလွန်အကျွံသောက်သုံးမှုသည် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် စိတ်ပိုင်း ဆိုင်ရာကို ထိခိုက်ပျက်ပြားစေသော်လည်း သေရည်သည် ရှေးအစဉ်အဆက်ကပင် ပွဲလမ်းသဘင်များ တွင် တည်ခင်းဧည့်ခံသော လူမှုအသုံးအဆောင်တခုဖြစ်သဖြင့် မေရာပိုက်ဘီး အမျိုးသမီးများ၏ အောင် မြင်မှုသည် လူထုအကြားတွင် လက်ခံရန် ဒွိဟဖြစ်စေခဲ့သည်ဟု ဆောင်းပါးရှင် အန်နာပင်တို ( Anna Pinto ) က ရေးသားခဲ့သည်။ ထို့အတူ အရက်သယ်ယူ ရောင်းချသူ အမျိုးသမီးများအား ဖမ်းဆီး အပြစ်ပေးမှုများကို သတင်းစာများ၊ မဂ္ဂဇင်းများတွင် ဓါတ်ပုံများနှင့်ဖော်ပြခဲ့သည်ကို လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူများက လူ့အခွင့်အရေး ချိုးဖောက်မှုတရပ်အဖြစ် ရှုမြင်ခဲ့ကြသည်။

၁၉၈၀ ပြည့်လွန်နှစ်များတွင် မြန်မာပြည်ဖက်မှ မူးယစ်ဆေးဝါးများ ပြန့်နှံ့ဝင်ရောက်လာ သဖြင့် မဏိပူရီ လူငယ်များကြားတွင် ဟီးရိုးအင်းနှင့်မူးယစ်ဆေးဝါး သုံးစွဲမှုများ မြင့်တက်လာသည်။ ထိုအချိန်တွင် မေရာပိုက်ဘီး အမျိုးသမီးများက ဦးဆောင်၍ မူးယစ်ဆေးဝါး တင်သွင်းမှုကို ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်။ ၎င်းတို့၏ လှုပ်ရှားမှုများ ပိုမိုမြင့်တက်လာသည်။ တဆက်တည်းတွင် မူးယစ် ဆေးဝါးစွဲနေသော လူငယ်များအတွက် ဆေးဖြတ်စခန်းများနှင့် ပြန်လည်ထူထောင်ရေး စခန်းများကို ဦးစီးတည်ထောင်ခဲ့ကြသည်။

ထိုစဉ်က မေရာပိုက်ဘီးအမျိုးသမီးများသည် အဖွဲ့အစည်းတရပ်အသွင်နှင့် ဖွဲ့စည်းတည် ထောင်၍ လှုပ်ရှားဆောင်ရွက်ခဲ့ကြခြင်း မဟုတ်ပေ။ လိုအပ်လာသောအခါမှသာ ကျေးရွာ၊ ရပ်ကွက်များ အတွင်းမှ အမျိုးသမီးများက မိမိတို့၏ စိတ်အလိုဆန္ဒအရ စုစည်းကာ လှုပ်ရှားဆောင်ရွက်ကြခြင်း ဖြစ်သည်။ အရက်သေစာ သောက်စားသူများ၊ မူးယစ်ရမ်းကားသူများ၊ အရက်ရောင်းချသူများသည် မေရာပိုက်ဘီး အမျိုးသမီးများ၏ အရေးယူမှုကို ပြန်လှန်ရန်မူခြင်းမရှိပဲ ပေးသည့်အပြစ်ဒဏ်ကို လက်ခံ ကြသည်။

၁၉၈၀ ခုနှစ်တွင် မဏိပူ၌ လက်နက်ကိုင်တပ်ဖွဲ့များ၏ အထူးလုပ်ပိုင်ခွင့်ဥပဒေကို စတင် ပြဌာန်းသောအခါ မဏိပူရီလူငယ်များသည် လက်နက်ကိုင်အဖွဲ့များနှင့် ဆက်သွယ်သည်ဟူသော သံသယဖြင့် ဖမ်းဆီးထိမ်းသိမ်းခြင်းခံရကာ ပျောက်ဆုံးသွားခဲ့ကြသည်။ ယင်းမှာ ညှဉ်းပမ်းနှိပ်စက်၍ စစ်ဆေးစဉ်တွင် သေဆုံးသွားကြရခြင်းဖြစ်သည်။ ထိုကြောင့် မဏိပူရီ အမျိုးသမီးများက ယင်းဥပဒေကို ဆန့်ကျင်ကန့်ကွက်၍ ဆန္ဒပြခဲ့ကြသည်။

၁၉၈၀ မေလ ၁၄ ရက်နေ့တွင် ပြည်နယ်၏မြို့တော် အင်ဖား ( Imphal ) ၌ အမျိုးသမီး ၅ ထောင်ခန့် ဆန္ဒပြပွဲသို့ တက်ရောက်ကာ လက်နက်ကိုင်တပ်ဖွဲ့များ၏ အထူးလုပ်ပိုင်ခွင့်ဥပဒေကို ရုတ်သိမ်းရန် ပြည်နယ်ဝန်ကြီးချုပ်ထံ တောင်းဆိုခဲ့ကြသည်။ မေလ ၁၉ ရက်နေ့တွင် ထပ်မံဆန္ဒပြ သောအခါ၌ အမျိုးသမီး တသောင်းကျော် ပါဝင်ခဲ့သည်။

လက်နက်ကိုင်တပ်ဖွဲ့များ၏ အထူးလုပ်ပိုင်ခွင့် ဥပဒေ( Armed Forces Special Power act )ကို အမဲရောင် ဥပဒေ ( Black Law ) အဖြစ် ခေါ်ဝေါ် သမုတ်ကာ ယင်းကို ရုတ်သိမ်းရန်အတွက် ပြည်နယ်ဝန်ကြီးချုပ်အား သဝဏ်လွှာပေးပို့ခဲ့သည်။ မည် သည့် တုန့်ပြန်မှုမှ မရရှိခဲ့သဖြင့် နောက်တရက်တွင် အမျိုးသမီး တစ်သောင်းကျော်ခန့် ပိုလိုအားက စားကွင်းတွင် စုဝေးကာ ပြည်နယ်ဝန်ကြီးချုပ်အိမ်ကို ဝိုင်းရံဆန္ဒပြခဲ့ကြသည်။ ယင်းကို ရဲတပ်ဖွဲ့က အကြမ်းဖက်နှိ်မ်နင်း၍ ဖမ်းဆီးခဲ့သဖြင့် အချုပ်ကားအတွင်းတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး သေဆုံးခဲ့ရကာ အမျိုးသမီးနှစ်ဦး ဆေးရုံသို့ပို့ခဲ့ရသည်ဟု သတင်းမှတ်တမ်းများအရ သိရသည်။

လက်နက်ကိုင်တပ်ဖွဲ့များ၏ အထူးလုပ်ပိုင်ခွင့်ဥပဒေကို ဆန့်ကျင်သော လှုပ်ရှားမှုများကို မေကာပိုက်ဘီး အမျိုးသမီးများက စတင်ဦးဆောင်၍ တော်လှန်ခဲ့ကြသည်။

အမဲရောင်ဥပဒေ၏ နောက်ဆက်တွဲ လူ့အခွင့်အရေးချိုးဖောက်မှုများ
လက်နက်ကိုင်တပ်ဖွဲ့များ၏ အထူးလုပ်ပိုင်ခွင့်ဥပဒေကို ပြဌာန်းပြီးနောက် မဏိပူပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ စဉ်ဆက်မပြတ်ဖြစ်ပွားလာခဲ့သည်။ ယင်း အခွင့်အရေးချိုးဖောက်မှု များတွင် ဒေသခံလူငယ်များအား သူပုန်အဖြစ် ဖမ်းဆီးစစ်ဆေးကာ သတ်ဖြတ်ပစ်ခဲ့သည့်အမှုများလည်း ပါဝင်ခဲ့သည်။

ယင်းတို့အနက်မှ ထင်ရှားသော အဖြစ်အပျက်များမှာ ( ၁ ) အူခရူးခရိုင်၊ ဟလန်းကျေးရွာမှ စီပေါလ် ( ၃၃ နှစ် )နှင့် စီဒနီရယ် ( ၄၀ နှစ် )အား ဖမ်းဆီးမှု ( ၁၉၈၃ မတ်လ ၁၁ ရက် ) ( ၂ )အင်ဖားမြို့ ထာမွေဘမ်းရပ်မှ အယ်လ်ဘီဂျွင်းကူးမားအား ဖမ်းဆီးမှု( ၁၉၉၆ ဇွန်လ ၄ ရက် ) ( ၃ )အင်ဖားခရိုင် အင်သာမရမ်လေကိုင်းရွာမှ ဝိုင်ဆနာမကျားအား ဖမ်းးဆီးမှု ( ၁၉၉၈ ဖေဖော်ဝါရီလ ၁၂ ရက် ) ( ၄ ) မူဆလင်ကျေးရွာမှ အမ်ဒီတာရပ်အလီအား ဖမ်းဆီးမှု ( ၁၉၉၉၊ ဇူလိုင် ၂၅ )တို့ ပါဝင်ခဲ့သည်။ ယင်းတို့ အားလုံးသည် စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီးသည့်နောက်တွင် သေဆုံး ( သို့မဟုတ် ) ပျောက်ဆုံး သွားခဲ့ကြသည်။

ဆနားမကျား၏ ရုပ်အလောင်းကို ဖမ်းဆီးခံရပြီးနောက် ရက်အနည်းအငယ်တွင် တောတွင်း တနေရာ၌ တွေ့ရှိခဲ့သော်လည်း ဘီဂျွင်းကူးမား၏ အလောင်းကို ယနေ့အချိန်ထိ ပြန်လည်မရရှိခဲ့ပေ။ ယင်းတို့ နှစ်ဦးပျောက်ဆုံးခဲ့ရမှုများအတွက် မေရာပိုက်ဘီးအမျိုးသမီးများသည် အင်ဖားမြို့သို့ စုရုံးကာ ရက်ပေါင်းများစွာ သပိတ်မှောက် ဆန္ဒပြမှုများပြုလုပ်ခဲ့သည်။

အထက်ပါ ပျောက်ဆုံးသွားသူ ( ၅ )ဦးနှင့် ပါတ်သက်၍ ပြည်နယ်အစိုးက ၂၀၀၃ ခုနှစ်၊ ဩ ဂုတ်လတွင် ကျန်ရစ်သူမိသားစုအား လျှော်ကြေးငွေများပေးခဲ့ရသည်။

ဤပျောက်ဆုံးမှုများအပြင် အခြားထင်ရှားသော အဖြစ်အပျက်များမှာ ၁၉၉၅ ခုနှစ်၊ အင်ဖား ဆေးရုံရှေ့ပစ်ခတ်မှုနှင့် ၂၀၀၀ ခုနှစ် အင်ဖားလေယာဉ်ကွင်းအနီး ပစ်ခတ်မှုများဖြစ်သည်။

၁၉၉၅ ခုနှစ် ပစ်ခတ်မှုမှာ အိန္ဒိယ အရံစစ်ရဲတပ် ( Central Reserve Police Force, CRPF ) သည် အင်ဖားဆေးရုံအနီး ကင်းလှည့်နေစဉ် လက်နက်ကိုင်သူပုန်တဦးမှ သေနတ်နှင့် ပစ်ခတ်၍ ထွက်ပြေး ပျောက်ကွယ်သွားသည်။ အစိုးရတပ်ဖက်မှ ထိခိုက်ဒဏ်ရာရခြင်းမရှိခဲ့သော်လည်း ယင်းတို့ အထဲမှ တပ်ဖွဲ့ဝင်တဦးက အနီးတွင်ရပ်ကြည့်နေသော လူအုပ်အတွင်းသို့ ပစ်ခတ်ခဲ့သဖြင့် အရပ်သား ၉ ဦး သေဆုံးခဲ့ရသည်။ ယင်းသေဆုံးမှုတွင် ဆေးကျောင်းသားတစ်ဦးပါဝင်ခဲ့သည်။

၂၀၀၀ ခုနှစ်တွင်လည်း အလားတူ ဖြစ်ပွားခဲ့သည်။ ၂၀၀၀ ခုနှစ် နိုဝင်ဘာလတွင် အာသံ သေနတ်ကိုင်တပ်မှတပ်ဖွဲ့တဖွဲ့သည် အင်ဖားလေယာဉ်ကွင်း အနီးရှိကျေးရွာတရွာတွင် ကင်းလှည့်နေစဉ် ဗုံးခွဲတိုက်ခိုက်ခံရသည်။ ယင်းဗုံးသည် အစိုးရတပ်ဖွဲ့များ မရောက်မီ ပေါက်ကွဲသွားခဲ့သည်။ သို့သော် အစိုးရတပ်ဖွဲ့ဝင်များက ကားဂိတ်တွင် ကားစောင့်နေသော လူအုပ်အတွင်းသို့ သေနတ်နှင့် ပစ်ခတ်ခဲ့ သဖြင့် အရပ်သား ( ၁၀ )ဦး သေဆုံးခဲ့ရသည်။

ယင်းသို့ဖြစ်ပျက်မှုကြောင့် မဏိပူပြည်နယ်တခုလုံး အမျိုးသမီးများ၊ ကျောင်းသားများ၊ ဝန်ထမ်း များနှင့် လူထုအဖွဲ့အစည်းများက လက်နက်ကိုင်တပ်ဖွဲ့များ၏ အထူးလုပ်ပိုင်ခွင့်ဥပဒေကို ရုတ်သိမ်းရန် ဆန္ဒပြဆူပူအုံကြွလာခဲ့သည်။ ရှာမီးလာ ( sharmila ) ဆိုသူ အမျိုးသမီးက ယင်းဥပဒေကို ရုတ်သိမ်း ရန်တောင်းဆို၍ တဦးတည်း အစာငတ်ခံ တိုက်ပွဲဝင်ခဲ့သည်။

မေရာပိုက်ဘီးအမျိုးသမီးများ၏ လတ်တလော လှုပ်ရှားမှုများ
ပြီးခဲ့သော လများအတွင်း ကျူးလွန်ခဲ့သော အိန္ဒိယတပ်ဖွဲ့များ၏ လူ့အခွင့်ရေးချိူးဖောက်မှုများ က မေရာပိုက်ဘီးအမျိူးသမီးများ၏ လှုပ်ရှားမှုကို အမြင့်မားဆုံးအထိ ဖြစ်စေခဲ့သည်။

လွန်ခဲ့သော ဇူလိုင်လ ( ၁၁ )ရက်နေ့ညတွင် အသက် ( ၃၂ )နှစ် အရွယ်ရှိ ထမ်ဂျင်းမိုင်နိုရာမား ( Thang jam Manorama ) အား သူပုန်နှင့် ဆက်သွယ်သည်ဟု သံသယရှိကာ ၎င်းနေထိုင်ရာ ကျေးရွာ မှ အမှတ် ၁၇ အာသံရိုင်ဖယ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ နောက်ရက်တွင် သေနတ်ဒဏ်ရာ နှင့် သေဆုံးနေသော သူမ၏အလောင်းကို ၎င်းနေထိုင်ရာ ကျေးရွာအနီး လမ်းဘေးတွင် တွေ့ခဲ့ကြသည်။

ဤဖမ်းဆီးစစ်ဆေးသတ်ဖြတ်မှုကို မကျေနပ်၍ အင်ဖားမြို့မှ လူထုအဖွဲ့အစည်း ( ၂၆ )ဖွဲ့က ဈေးများ၊ ဆိုင်များ၊ ကျောင်းများ၊ ရုံးများနှင့် လမ်းများပိတ်၍ ( ၄၈ )နာရီကြာ ဆန္ဒပြကန့်ကွက်ခဲ့ကြ သည်။ ထိုဆန္ဒပြပွဲတွင် မေရာပိုက်ဘီး အမျိုးသမီး ( ၁၂ )ဦးခန့်က အမှတ် (၁၇ )အာသံရိုင်ဖယ် ဂိတ် ရှေ့သို့ သွားရောက်ကာ အဝတ်အစားများချွတ်၍ ဆန့်ကျင်ဆန္ဒပြမှုသည် အမြင့်မားဆုံးအခြေအနေ သို့ရောက်ရှိခဲ့သည်။ ၎င်းတို့က “Indian Army Rape Us” “ Indian Army Take Our Flash” ဟူသော စာတမ်းများကိုင်ဆောင်၍ ဆန္ဒပြခဲ့သည်။

ပထမပိုင်းတွင် ရဲတပ်ဖွဲများ အံ့အားသင့်ကာ မည်သို့မျှ တားဆီးအရေးယူနိုင်ခြင်းမရှိခဲ့ပေ။ နောက်ပိုင်း တနာရီခန့်အကြာတွင် အမျိုးသမီးရဲမေများရောက်ရှိလာကာ တားဆီးခဲ့ရသည်။ တဆက် တည်းတွင် အင်ဖားမြို့အား ပုဒ်မ ၁၄၄ ထုတ်ပြန်၍ ဆန္ဒပြပွဲကို ရပ်ဆိုင်းစေခဲ့သည်။ သို့သော် အမျိုးသမီး အဖွဲ့ဝင်များ မနာခံပဲ ထိုင်သပိတ်မှောက်ကာ ဆက်လက် ဆန္ဒပြခဲ့ကြသည်။

ထိုသို့ အဝတ်အစားများချွတ်ကာ ဆန္ဒပြမှုသည် ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ စနစ်များတင်း ကြပ်သော မဏိပူရီ လူ့အဖွဲ့အစည်းမှ မေရာပိုက်ဘီးအမျိုးသမီးများ၏ အမြင့်မားဆုံး ဆန့်ကျင်တုံ့ပြန်မှု ဖြစ်ခဲ့သည်။ သတင်းမီးဒီယာများက ယင်းသို့ ဆန္ဒပြမှုသည် မဏိပူပြည်နယ်တွင် သာမက အိန္ဒိယနိုင်ငံ တွင်ပါ ပထမဆုံးအကြိမ်ဖြစ်သည်ဟု သုံးသပ်ခဲ့ကြသည်။ ( ယင်းဆန္ဒပြမှု ဓါတ်ပုံကို ဘန်ကောက်ပိုစ် တွင် ဇူလိုင်လ ၁၇ ရက်နေ့က ဖော်ပြခဲ့သည်။) ယင်းသို့ ဆန္ဒပြခဲ့သည့်နောက်တွင် မိုင်နိုရာမားသေဆုံးမှု ကို စစ်ဆေးအရေးယူမှုများပြုလုပ်ကာ အစိုးရက လက်နက်ကိုင်တပ်ဖွဲ့များ၏ အထူးအလုပ်ပိုင်ခွင့် ဥပဒေ ( Arms Forces Special Power Act, 1958 ) ကို အင်ဖားခရိုင်မှ အချို့ဒေသများတွင် ရုတ်သိမ်းခဲ့သည်။ သို့သော် ဤသို့ ရုတ်သိမ်းမှုသည် တပြည်နယ်လုံးတွင် ရုတ်သိမ်းခြင်းမဟုတ်၍ အမျိုးသမီးများက ဆက် လက် ဆန္ဒပြတိုက်ပွဲဝင်နေကြသည်။

၁၉၈၀ ပြည့်လွန်နှစ် နောက်ပိုင်းလှုပ်ရှားမှုများကို အချို့သော လေ့လာသူများက တတိယ နူပီးလန် ( အမျိုးသမီးစစ်ပွဲ ) အဖြစ် ခေါ်ဝေါ်ခဲ့ကြသည်။ အချို့ကတော့ လက်မခံခဲပေ။

သို့သော် မဏိပူအမျိုးသမီးများသည် စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် နိုင်ငံရေးကဏ္ဍများ တွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သဖြင့် မဏိပူလူမျိုးတို့က အမျိုးသမီးအဖွဲ့အစည်းများကို မဏိပူရီ လူ့အဖွဲ့အစည်းအား ကာကွယ်စောင့်ရှောက်သူများအဖြစ် အသိအမှတ်ပြုလာခဲ့သည်ကိုမူ ငြင်းပယ်၍ မရနိုင်ပါ။

မှတ်ချက်။ ။ မြန်မာ့အမျိုးသမီး သမဂ (BWU) မှ စီစဉ်ထုတ်ဝေသည့် ချိုးလင်းပြာ အမျိုးသမီးစာစောင် အမှတ် ၄ / ၂၀၀၅ ခုနှစ် ဇန်နဝါရီ လထုတ် (
Volume (32) January 2005) တွင် ဖော်ပြခဲ့သော မိုးဇော်၏ ဘာသာပြန်ဆောင်းပါးအား ပြန်လည်ဖော်ပြပါသည်။

Author:

Related Articles