ရှင်ငြိမ်း
“ အစိုးရက ရှေးဟောင်းသုတေသနပိုင်း သိပ်မလုပ်နိုင်တော့ ကျမတို့မှာရှေးဟောင်းဝင်သင့်ပါရဲ့နဲ့ မဝင်တဲ့အရာတွေ အများ ကြီး ရှိတယ်။ ထိုင်းသင်္ကြန်ဆိုလည်းအဲ့လိုပဲ။ ပုသိမ်ထီး၊ သနပ်ခါးတို့ကျန်သေးတယ်။”လို့ စိုးရိမ်တကြီး ထောက်ပြလာသူကတော့ အသက် ၂၄ သာရှိသေးတဲ့ မခင်ကြည်ဖြူသန့်ပါ။
သူက မြန်မာ့ယဉ်ကျေးမှုကို ကမ္ဘာကသိအောင် ထိန်းသိမ်းဖော်ထုတ်ပြသချင်တဲ့ ရှေးဟောင်းသုတေသနပညာရှင်အမျိုးသမီး တစ်ဦးဖြစ်ပါတယ်။
တကယ်လို့ မြန်မာနိုင်ငံမှာ ရှေးဟောင်းသုတေသနလုပ်တာမရှိရင် ထိန်းသိမ်းတဲ့သူလည်းမရှိရင် ရှေးဟောင်းအမွေအနှစ် ပစ္စည်းတွေ ပျောက်ပျက်သွားမှာဖြစ်သလို နိုင်ငံခြားဝင်ငွေလျော့နည်းသွားနိုင်တာကြောင့် အခုလိုထောက်ပြရတာဖြစ်တယ်။
ဥပမာအားဖြင့် မြန်မာနိုင်ငံရဲ့ရှေးအကျဆုံးနဲ့ ယဉ်ကျေးမှုထွန်းကားတဲ့ပုဂံဒေသဆိုရင် နှစ်စဉ်နိုင်ငံခြားဝင်ငွေရှာပေးနေတဲ့ ဒေသ ဖြစ်တယ်။ ပုဂံမှာ ဒီလိုရှေးဟောင်းအမွေအနှစ်တွေသာမရှိတော့ရင် နိုင်ငံခြားဝင်ငွေလည်း ဆုံးရှုံးရမှာပါ။
တပြိုင်ထဲ မြန်မာပြည်သူတွေကြားမှာလည်း ယဉ်ကျေးမှုအမွေအနှစ်ကို ဘာကြောင့်ထိန်းသိမ်းသင့်တယ်ဆိုတဲ့ အသိပညာ ဖြန့် ဝေဖို့ လိုအပ်နေသေးကြောင်း သူကအကြံပြုထားပါတယ်။
ဒါကလည်း ယဉ်ကျေးမှုအမွေအနှစ်ရဲ့တန်ဖိုးကိုမသိရှိတဲ့အတွက် မခင်ကြည်ဖြူသန့်နဲ့ မိသားစုဝင်တွေကိုယ်တိုင်တောင် ရောင်း ချ လိုက်ရတဲ့ရှေးဟောင်းအမွေအနှစ်ပစ္စည်းတချို့ ရှိခဲ့ဖူးတာဖြစ်တယ်။
မန္တလေးဒေသခံအသက် ၈၀ အရွယ်ဒေါ်သန်းကြည်ကလည်း “အဘွားတို့ငယ်ငယ်က ရေဖလားတို့၊ သောက်ရေခွက်တို့ဆို ကြေးခွက်တွေသုံးတာ။ နောက်ပိုင်းကြေးတွေဈေးကောင်းတော့ ရောင်းလိုက်ကြတာ။ ခုပိုက်ဆံရှိရင်တောင် ဝယ်လို့မရတော့ဘူး။ ပလစ်စတစ်တွေသုံးရတော့ ရောဂါများတယ်။”လို့ နှမြောတသစွာ ဆိုပါတယ်။
ဒါကိုကြည့်ရင်ဖြင့် ပြည်သူတွေအနေနဲ့ ရှေးဟောင်းနဲ့ပတ်သက်ပြီး လုံလောက်တဲ့ဗဟုသုတမရှိတာ၊ ငွေကြေးအဆင်မပြေတာ တွေကြောင့် ရောင်းလိုက်ရတဲ့ရှေးဟောင်းပစ္စည်းတွေဟာ အမြောက်အများရှိခဲ့မယ်ဆိုတာ ခန့်မှန်းတွက်ဆနိုင်ပါတယ်။
ဒါ့ကြောင့် လူငယ်တွေအနေနဲ့ရှေးဟောင်းသုတေသနကို စိတ်ဝင်စားပြီးလုပ်မယ်ဆိုရင် ရှေးဟောင်းယဉ်ကျေးမှုကို ပိုထိန်းသိမ်း လာနိုင်မယ်လို့ ယူဆကြောင်း မခင်ကြည်ဖြူသန့်က ပြောပါတယ်။
ရှေးဟောင်းအမွေအနှစ်ပစ္စည်းဆိုတာက ၁၀ နှစ်၊ ၁၅ နှစ်လောက်နဲ့ ဖြစ်တည်လာတာမဟုတ်ပါ။ အနည်းဆုံးနှစ်ပေါင်း ၁၀၀ လောက်ထိန်းသိမ်းစောင့်ရှောက်ရတာဖြစ်တယ်။
ဒါ့ကြောင့် ရှေးဟောင်းပစ္စည်းတွေကို တစ်စုံတစ်ရာကြောင့် ပြိုကျတာဖြစ်ဖြစ် ပျက်စီးသွားတာဖြစ်ဖြစ် ဖျက်စီးပစ်လိုက်တာ ဖြစ် ဖြစ်မလုပ်ဖို့ အရေးကြီးပါတယ်။
ရှေးဟောင်းသုတေသနလုပ်တယ်ဆိုတာ မြို့ရိုးတွေ၊ ဘုရင်ခေတ်က သချိုင်းဂူတွေစတဲ့တူးဖော်ပိုင်း၊ ရှေးခေတ်ပန်းချီပညာ၊ အနု ပညာလက်ရာလေ့လာတာတို့၊ ပုဂံခေတ်က ဝတ်စားဆင်ယဉ်ပုံ၊ အက၊ အလှယဉ်ကျေးမှု၊ ရှေးခေတ်လက်ရေးစာ၊ တည် ဆောက်ပုံ မတူတဲ့ဘုရားတွေအကြောင်း၊ နောက်ရှေးဟောင်းအဆောက်အဦးတွေကို ထိန်းသိမ်းစောင့်ရှောက်ရတာဖြစ်တယ်။
နောက် မြန်မာပြည်မှာ ရှေးဟောင်းသုတေသနမေဂျာက တစ်နှစ်ကို ကျောင်းသား ၅၀ ဦးလက်ခံရင် တက်တဲ့သူက ၁၂ ဦး ထက် မပိုသလို ဒါနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ကျောင်းသားလည်း မရှိသလောက်နည်းလွန်းလှတယ်။
ဘာကြောင့်လဲဆိုတော့ ဒီဘာသာရပ်က သမိုင်းကိုအခြေခံသင်ရတာဖြစ်သလို အချိန်ခုနစ်နှစ်လောက်ရင်းနှီးသင်ကြားရပေ မယ့် အလုပ်အကိုင်ရှားကာ ဝင်ငွေမရတာကြောင့် တက်ရောက်သင်ကြားသူနည်းတာဖြစ်တယ်။
တကယ်ဒီဘာသာရပ်ကို ဝါသနာပါလို့ ဆက်လေ့လာသူတွေက နှစ်ဦး၊ သုံးဦးလောက်ထက်မပိုပေမယ့် သူတို့ကလည်း ဥရောပ လို နိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကိုင်သူများတယ်လို့ မခင်ကြည်ဖြူသန့်က ရှင်းပြပါတယ်။
ဒါ့အပြင် ဒီဘာသာရပ်ဟာ တစ်ယောက်ထဲ ခရီးတွေထွက်စာတမ်းပြုစု၊ လေ့လာရတာတွေများတော့ ဒီအလုပ်က အမျိုးသမီး တွေနဲ့ မသင့်တော်ဘူးဆိုတဲ့အမြင်တွေရှိနေကြတာဖြစ်တယ်။
အသက် ၂၄ အရွယ် မခင်ကြည်ဖြူသန့်ကတော့ ဒီအမြင်ကိုရိုက်ချိုးပြီး ဝင်ငွေလည်းမရ အများစုစိတ်မဝင်စားတဲ့ရှေးဟောင်း သုတေသနဘာသာရပ်ကို တစိုက်မတ်မတ်လေ့လာရင်း United Kingdom(UK)နိုင်ငံရဲ့ ပညာသင်ဆု(Scholarship)ကို ရခဲ့သူပါ။
မကွေးတိုင်း၊ ပခုက္ကူမြို့ဇာတိဖြစ်တဲ့ မခင်ကြည်ဖြူသန့်ဟာ သူတတ်ထားတဲ့ပညာရပ်တွေကို မျှဝေပေးနိုင်ဖို့ တက္ကသိုလ်မှာ ဆရာမ ပြန်လုပ်ချင်တာကြောင့် ပညာသင်ဆုကို ရယူခဲ့တဲ့အမျိုးသမီးတစ်ဦးဖြစ်တယ်။
“ အများစုကတော့ ရှေးဟောင်းနဲ့ပတ်သက်ပြီး ဆရာ၊ ဆရာမပြန်လုပ်တာနည်းတယ်။ နိုင်ငံခြားမှာထွက်တဲ့သူများတယ်။ ဒါမို့ ညီမက တက္ကသိုလ်မှာဆရာမ ပြန်လုပ်ချင်တယ်။” လို့ သူ့ရည်ရွယ်ချက်ကို ဖွင့်ဟပါတယ်။
မခင်ကြည်ဖြူသန့်ဟာ ငယ်စဉ်ကတည်းက သမိုင်းကိုစိတ်ဝင်စားပြီး သမိုင်းသင်ရတိုင်း ပျော်နေတတ်သူဖြစ်သလို စာမေးပွဲ တိုင်းမှာလည်း တခြားဘာသာထက် သမိုင်းအမှတ်က အများဆုံးရရှိတတ်သူဖြစ်တယ်။
တက္ကသိုလ်ဝင်တန်းအောင်တော့ မေဂျာရွေးတဲ့အခါ ဖခင်က ဝါသနာပါရာလျှောက်လမ်းမှ အောင်မြင်နိုင်မယ်ဆိုတဲ့အားပေး စကားကြောင့် ဝင်ငွေမရတဲ့ရှေးဟောင်းသုတေသနဘာသာရပ်ကို ရဲဝံ့စွာရွေးဖြစ်ခဲ့တာပါ။
ပထမဆုံးမန္တလေးတက္ကသိုလ်မှာ ရှေးဟောင်းသုတေသနမေဂျာကို လေးနှစ်တက်ရောက်ခဲ့ပါတယ်။ ကျောင်းမှာ သမိုင်းမှတ် တမ်းမတင်ခင်က အခြေအနေတွေ၊ သမိုင်းမှတ်တမ်းယူပြီးတဲ့ကာလအထိ သင်ရတယ်။ စာသင်တာနဲ့ လက်တွေ့ကွင်းဆင်း တာကို အတူတူတွဲလုပ်ရသလို နှစ်တိုင်းလည်း ရှေးဟောင်းဆိုဒ်တွေထဲ ကွင်းဆင်းလေ့လာခဲ့ရတယ်။
ဥပမာ ဟန်လင်းမြို့ဟောင်းကို သွားလေ့လာမယ်ဆိုပါစို့။ တူးဖော်ထားတဲ့နေရာတွေ၊ ပြတိုက်တွေမှာ ပြသထားတဲ့ပစ္စည်း တွေ ကို မခင်ကြည်ဖြူသန့်တို့က သွားရောက်လေ့လာရတာဖြစ်တယ်။
ဒါကလည်း ရှေးဟောင်းသုတေသနမေဂျာမှာ စိတ်ကြိုက်ယူနိုင်တဲ့ခေါင်းစဉ်ခွဲတွေအများကြီးထဲကမှ ရှေးခေတ်က လူတွေရဲ့ လူမူဘဝအခြေအနေကို လေ့လာရမယ့်အပိုင်းကို ယူထားတာဖြစ်လို့ ပြတိုက်တွေမှာသွားလေ့လာရတာပါ။
မဟာတန်းစာတမ်းမှာ ပုဂံခေတ်က သာမာန်ပြည်သူတွေရဲ့လူမူဘဝကို ဖော်ပြမှာဖြစ်လို့ ပုဂံနဲ့နီးတဲ့ဇာတိပခုက္ကူကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လမှာ ပြန်သွားခဲ့တယ်။
ပုဂံနဲ့ပတ်သက်တာဆိုရင် သုတေသနလုပ်ထားတဲ့စာအုပ်အများစုက ဘုရားတွေ၊ နန်းတော်နဲ့ပတ်သက်တာ၊ ရှင်ဘုရင်တွေ၊ မင်းမှုထမ်းတွေအကြောင်းစတာတွေပဲ အများဆုံးဖော်ပြလေ့ရှိကြတယ်။
“ ညီမကျတော့ သာမာန်လူတန်းစားတွေ ဘယ်လိုနေထိုင်ခဲ့တဲ့ဆိုတာကို လေ့လာခဲ့တယ်။ ပုဂံခေတ်က အိမ်တိုင်တွေဆိုရင် အများဆုံးက သစ်သားသုံးတယ်။ အဲ့ဒါကြောင့် လက်ရာမကျန်ခဲ့ဘူး။ မီးလောင်ထားတဲ့မီးသွေးအပိုင်းအစတွေကို လေ့လာရ တယ်။ အိမ်တိုင်တွေကျန်ခဲ့တာတွေ့ရတယ်။”လို့ မခင်ကြည်ဖြူသန့်က ရှင်းပြပါတယ်။
အဲ့ဒါတွေက ၇ ရာစု၊ ၈ ရာစုလောက်ကဟာတွေကို တွေ့ခဲ့တယ်။ သူတို့သုံးခဲ့တဲ့ပစ္စည်းတွေ အိုးခြမ်းကွဲတွေ တွေ့တယ်။ ဘုရင် တွေသုံးတဲ့အိုးတွေက အရမ်းလှပြီး သာမာန်သူတွေသုံးတာနဲ့မတူဘူး။ အဲ့မှာဘာတွေ့ခဲ့လဲဆိုတော့ ပုဂံခေတ်အစောပိုင်း ကတည်းက လူတွေဟာ ဒီနေရာမှာအခြေချခဲ့တယ်ဆိုတာ သိရတယ်လို့ ဆိုပါတယ်။
စာတမ်းအတွက် သူတစ်ယောက်ထဲ ပုဂံကိုသွားတဲ့အချိန်မှာ ကိုဗစ်ကာလဖြစ်နေလို့ ပြတိုက်ကိုသွားတဲ့လမ်းမှာ လူပြတ်တဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတာဖြစ်တယ်။
ပုဂံမှာ လေ့လာပြီး ပခုက္ကူနေအိမ်မှာ စာတမ်းအတွက် ပြင်ဆင်ရင်း ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလမှာ အာရှအနုပညာနဲ့ ရှေးဟောင်းသုတေသနဘာသာရပ်ကို UK နိုင်ငံ SOAS University of London မှာ ပညာသင်ဆု Scholarship လျှောက်ခဲ့တယ်။
သူက ဂုဏ်ထူးတန်း ပထမနှစ်တက်ကတည်းက ဒီပညာသင်ဆုကို စိတ်ဝင်စားနေခဲ့တာပါ။ ဒါကလည်း ပညာသင်ဆုရွေး ချယ် ခံရတဲ့ သူရဲ့ဆရာမကို အားကျရင်း ဒါကိုလျှောက်ဖို့လမ်းစဖြစ်ခဲ့တယ်။
“ ညီမ ပထမနှစ်ကတည်းက ဒီဆုနဲ့ပတ်သက်ပြီး လေ့လာခဲ့တယ်။ ဘာတွေလိုတယ်။ ဘယ်လိုလုပ်ရတယ်ဆိုတာ စပြီးပြင်ဆင်တယ်။”လို့ မခင်ကြည်ဖြူသန့်က ပြောပါတယ်။
ဒီပညာသင်ဆုအတွက် ပြင်ဆင်ရမှာတွေရှိတာကြောင့် ကျောင်းလေးနှစ်တက်ပြီးနောက် ဂုဏ်ထူးတန်း တစ်နှစ်နဲ့ မဟာတန်း (master) နှစ်နှစ်ကို ရန်ကုန်တက္ကသိုလ်မှာတက်ရင်း တဖက်မှာလည်း ပညာသင်ဆုအတွက် ပြင်ဆင်နေခဲ့တာဖြစ်တယ်။
လျှောက်ထားတဲ့ကာလမှာပဲ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က နိုင်ငံတော်အာဏာကို မတရားသိမ်းယူလိုက်တော့ မခင်ကြည်ဖြူသန့်နဲ့ သူ့မွေးချင်းမောင်လေးပါ အာဏာရှင်တော်လှန်ရေးမှာ တက်တက်ကြွကြွပါဝင်ခဲ့ကြတယ်။
“ဆန္ဒပြတဲ့အချိန်မှာ ညီမတို့အုပ်စုကို သေနတ်နဲ့လှမ်းပစ်လို့ပြေးရတယ်။ တွေ့တဲ့အိမ်တွေထဲဝင်ပြေးရတယ်။ အဲ့မှာမောင် လေးနဲ့ လူချင်းကွဲသွားတော့ အရမ်းစိုးရိမ်သွားတယ်။ အဲ့လိုတွေလည်းကြုံခဲ့ရတယ်။”လို့ ပြောပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၂၅ ရက်မှာတော့ သူလျှောက်ထားတဲ့ SOAS University of London မှာတက်ခွင့်ရကြောင်း အကြောင်း ကြားစာရောက်လာခဲ့တယ်။
အဲ့ဒီအချိန်က ပခုက္ကူမှာရှိနေသေးသလို စစ်တပ်ကလည်း ဆန္ဒပြပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေပြီး အင်တာနက်၊ ဖုန်း စတာတွေပါ ပိတ်ခံထားရတဲ့အချိန်ဖြစ်တာကြောင့် မခင်ကြည်ဖြူသန့်အနေနဲ့ ပြည်ပထွက်ခွာခွင့်ရဖို့ အခက်အခဲများစွာ ဖြတ် ကျော်ခဲ့ရတယ်။
သူပထမဆုံးတွေ့ရတဲ့အခက်အခဲကတော့ သူရဲ့ပတ်စ်ပို့က သက်တမ်းကုန်နေတာပါ။ နောက် အင်တာနက်လိုင်းမရတာကြောင့် ပညာသင်ဆုကပေးတဲ့အင်္ဂလိပ်စာ စစ်ဆေးမှုအကြိုသင်တန်းကို တက်ဖို့အခက်အခဲရှိခဲ့ပါတယ်။
“ အဲ့အချိန်က အင်တာနက်တို့ဖုန်းလိုင်းတို့မရတော့ သူတို့နဲ့ဆက်သွယ်က မရတချက်ရတချက်ပဲ။ မနက်ပိုင်းဆန္ဒပြပြန်လာ တာ နဲ့ ညီမအဲ့မှာ လေးလလောက်က IS အတွက် နေ့မအား ညမအား အစွမ်းကုန်ပြင်ဆင်တယ်။”လို့ သူက ဆိုပါတယ်။
ဒီစစ်ဆေးမှုအကြိုသင်တန်းအောင်လက်မှတ်နဲ့ ပညာသင်ဆုကို တက်ခွင့်ရမှာဖြစ်တယ်။ ဖြစ်ချင်တော့ အဲ့ဒီကာလက ကိုဗစ်နဲ့ မြန်မာဆိုင်ရာ UK သံရုံးလည်းပိတ်ထားတဲ့အချိန်ပါ။
နောက်ဆုံး သင်တန်းပိတ်ခါနီး တစ်လလောက်လိုတော့တဲ့အထိ သင်တန်းတက်ဖို့ ဘယ်လိုမှအဆင်မပြေတော့တဲ့အဆုံး ကျောင်းကို အကူအညီတောင်းခံကြည့်တော့ တခြားရွေးချယ်စရာသင်တန်းတစ်ခုကို တက်ရောက်ခွင့်ရခဲ့ပါတယ်။
“အဲ့ဒီအတန်းကို အွန်လိုင်းကနေတက်ရတယ်။ လိုင်းမကောင်း၊ မရတဲ့ကြားက စာသင်ရတာဆိုတော့ ဘာမှမကြားရ၊ ဘာ သင်လို့သင်သွားမှန်းတောင်မသိဘူး။ ဘာအိမ်စာ ပေးလို့ပေးမှန်းလည်းမသိဘူး။ ဒါပေမဲ့ ညီမစာမေးပွဲအောင်သွားတယ်။ ထွက်ဖို့ အတွက် ဗီဇာတစ်ခုပဲလိုတော့တယ်။”လို့ ပြောပါတယ်။
ကိုဗစ်ကာလနဲ့ နိုင်ငံရေးအခြေအနေမကောင်းတာကြောင့် မခင်ကြည်ဖြူသန့်တို့အပါအဝင် ကျောင်းသားတော်တော်များ များ ဟာ UK ဗီဇာရဖို့ အခက်အခဲဖြစ်ကြတဲ့အချိန်ဖြစ်တယ်။
“တခြားကျောင်းသားတွေဆိုရင် အာမေးနီးယားထိသွားပြီး တခြားနိုင်ငံကူးတယ်။ ထိုင်းမှာတောင် UK ဗီဇာက လျှောက်မရဘူး။ ညီမကတော့ အဖေရှိတဲ့ဒူဘိုင်းကနေ လျှောက်ဖို့ပြင်လိုက်တယ်။ တော်တော်ခက်ခဲခဲ့တာ။”လို့ ရှင်းပြပါတယ်။
SOAS University of London မှ ပညာသင်ဆုရတာက သူတစ်ယောက်ထဲမဟုတ်ပါဘူး။ မခင်ကြည်ဖြူသန့်နဲ့အတူ ကျူတာ ဆရာမတစ်ဦးနဲ့ ကျောင်းသားတစ်ဦးတို့တက်ခွင့်ရခဲ့တာဖြစ်တယ်။
ကျူတာဆရာမတစ်ဦးကတော့ အကြမ်းမဖက်အာဏာရှင်ဆန့်ကျင်ရေး(CDM)လှုပ်ရှားမှုလုပ်ထားလို့ သွားခွင့်မရခဲ့ပါ။ UK ကို ထွက်နိုင်ဖို့ အကြောင်းကြားစာရောက်တဲ့နေ့ကစလို့ ဒူဘိုင်းမရောက်ခင်အထိ ရှစ်လကြာ ခက်ခက်ခဲခဲရုန်းကန်ခဲ့ရတယ်လို့ မခင်ကြည်ဖြူသန့်က ပြောပါတယ်။
အသက် ၂၄ နှစ်အရွယ်မှာ မခင်ကြည်ဖြူသန့်ဟာ UK နိုင်ငံကို ရောက်လာခဲ့တယ်။ ဒီရောက်တော့ အစားအစာကအစ အင်္ဂ လိပ်စာနဲ့ သင်ယူရေးအပိုင်းတွေမှာလည်း အခက်အခဲတွေရှိခဲ့ပြန်ပါတယ်။
“ စာသင်နှစ် တနှစ်ကျော်မှာ အများကြီးသင်ခဲ့ရတယ်။ မြန်မာမှာသင်ခဲ့ရတာနဲ့ တခြားစီပါ။ ကိုယ်တိုင်တွေးခေါ်တတ်အောင် သင်ပေးတယ်။ ဆရာနဲ့ပြန်ငြင်းဖို့အခွင့်အရေးပေးတယ်။ နောက် Assignment တွေ Presentation တွေလုပ်တဲ့အခါ Copy right လုံးဝထိလို့မရဘူး။ ဒါကထူးခြားမှုပဲ။”လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံက ရှေးဟောင်းနဲ့ပတ်သက်ရင် ထိန်းသိမ်းမှုအပိုင်းနဲ့ သုတေသနပိုင်းမှာပါ လွန်စွာအားနည်းခဲ့ကြောင်း မခင်ကြည် ဖြူသန့်က သူ့အတွေ့အကြုံနဲ့ ယှဉ်ပြောပါတယ်။
သူအမှတ်ရတာတစ်ခုက မြန်မာပြည်မှာရှိစဉ်က ဆရာတွေနဲ့အတူ ကနေဒါက ပရော့ဂျက်တစ်ခုလုပ်ကြရင်း ကနေဒါကျောင်း သားသုံးယောက်နဲ့ မြန်မာက မခင်ကြည်ဖြူသန့်အပါအဝင် ကျောင်းသားသုံးယောက်ကို တွေ့ဆုံအမြင်ဖလှယ်ကြပါတယ်။
ကနေဒါကျောင်းသားတွေက သူတို့ထက်မြန်မာနိုင်ငံအကြောင်းကို အသေးစိတ်ပြောဆိုဆွေးနွေးနိုင်တာကြောင့် မခင် ကြည်ဖြူ သန့်တို့မှာ ပါးစပ်အဟောင်းသားနဲ့ ပြန်သင်ယူခဲ့ရတာဖြစ်တယ်။
UK မှာတော့ အဲ့လိုမဟုတ်ဘဲ လွတ်လွတ်လပ်လပ်တွေးခေါ်ဆွေးနွေးနိုင်ဖို့ လုပ်ပေးထားပြီး မြန်မာပြည်ရဲ့ ဒါသင်၊ ဒါကျက် ပညာရေးအပေါ် သူက စိတ်ပျက်နေပါတယ်။
လက်ရှိမှာတော့ မခင်ကြည်ဖြူသန့်ဟာ UK မှာနေထိုင်ရင်း ရှေးဟောင်းသုတေသနနဲ့ဆိုင်တဲ့လေ့လာမှုဆက်လုပ်နေသလို စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာလည်း ပါဝင်နေခဲ့ပါတယ်။
“ မြန်မာအသိုင်းအဝိုင်းမှာဆိုရင် ဆန္ဒပြပွဲတွေ၊ ရန်ပုံငွေရှာဖွေတဲ့ပွဲတွေမှာပါဖြစ်တယ်။ မှတ်မှတ်ရရ အဖြစ်ဆုံးကတော့ ၂၆ မိုင် လမ်းလျှောက်ပွဲ။ အဲ့မှာတလမ်းလုံး တော်တော်များများလှူကြတယ်။ ၁၉၈ မီလီယံရတယ်။ ဒေါက်တာဇော်ဝေစိုးနဲ့ ဒေါက်တာ ဝင်းမြတ်အေးကို တဝက်စီလှူတယ်။”လို့ ပြောပါတယ်။
နောက် သူက သမိုင်းပညာရှင်တို့ ရှေးဟောင်းပညာရှင်တို့ မြန်မာနိုင်ငံကို မသိကြတဲ့သူတွေနဲ့ စကားပြောရတိုင်း မြန်မာနိုင်ငံ အကြောင်းနဲ့ ဒီမိုကရေစီအကြောင်း အချိန်ရရင် ရသလိုပြောပြနေခဲ့တာဖြစ်တယ်။
မခင်ကြည်ဖြူသန့်က UK မှာစာသင်တာတစ်ခုထဲမဟုတ်ဘဲ British Library မှာ intern ဆင်းရပါတယ်။ အဲ့ဒီမှာ အချိန်ပိုင်း ဆင်းရင်း ရှေးမြန်မာမင်းတွေ ပို့ထားတဲ့လက်ဆောင်ပစ္စည်းတွေနဲ့ ရှေးဟောင်းပစ္စည်းတွေစုဆောင်းထားတဲ့မြေတိုက်ခန်းထဲကို ဝင်ရောက်လေ့လာကိုင်တွယ်ခွင့်ရခဲ့တဲ့သူ ဖြစ်တယ်။
“အဲ့မှာ မြန်မာနိုင်ငံက ပစ္စည်းတွေအများကြီးပဲ။ သူတို့ကိုယ်တိုင်တောင် ခုထိမလေ့လာရသေးတဲ့ပစ္စည်းတွေလည်း အများကြီး။ ထူးထူးခြားခြားပစ္စည်းတစ်ခုဆိုရင် ထားဝယ်ကရလာတယ်ထင်တယ်။ သစ်ရွက်ပေါ်စာရေးထားတဲ့အရွက်တွေကို ကမာကောင် ထဲ ထည့်ထားတာ။”လို့ သူက ပြောပါတယ်။
တချိန်မှာတော့ မြန်မာပြည်ကိုပြန်ပြီး ဒီပညာတွေကို ကျောင်းသူတွေထံမျှဝေပေးချင်သလို မြန်မာ့ရှေးဟောင်းအမွေအနှစ် စောင့်ရှောက်ရေးမှာလည်း ပြန်အသုံးချဖို့ သူက ဆန္ဒရှိနေတာဖြစ်တယ်။
လောဆယ် မနှစ်က မခင်ကြည်ဖြူသန့် ဘွဲ့ရသွားပြီဆိုပေမယ့် မြန်မာပြည်ပြန်လို့မရသေးတာကြောင့် UK မှာပဲ စားဝတ်နေ ရေးအတွက် အချိန်ပိုင်းအလုပ်တွေဝင်လုပ်ရင်း ဝါသနာပါရာ သုတေသနအလုပ်တွေကို ဆက်လေ့လာနေပါတယ်။
လူငယ်တွေအနေနဲ့ ဒီရှေးဟောင်းသုတေသနပညာကို လေ့လာလိုက်စားမယ်ဆိုရင် တိုင်းပြည်အတွက်အကျိုးရှိနိုင်တာ ကြောင့် ဆက်လုပ်ကြဖို့ကို မခင်ကြည်ဖြူသန့်က အခုလိုတိုက်တွန်းစကားဆိုနေပါတော့တယ်။
“ရှေးဟောင်းသုတေသနကို စိတ်ဝင်စားတဲ့လူငယ်တွေကို ဇွဲမလျော့ဘဲနဲ့ ဆက်လုပ်ကြပါ။”