Home ဆောင်းပါး စစ်ပဋိပက္ခကြား အနာဂတ်ပျောက်နေကြသူများ

စစ်ပဋိပက္ခကြား အနာဂတ်ပျောက်နေကြသူများ

နန်းဆိုင်နွမ်

လူနှစ်ဦးဟာ အိမ်ရှေ့ဧည့်ခန်းမှာ ကုတင်တစ်လုံးစီနဲ့ လဲလှောင်းနေကြတယ်။  သူတို့ရဲ့ခြေထောက်နဲ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာ တွေကြောင့် အပေါ့၊ အလေး ဒါမှမဟုတ် လှုပ်ရှားမှုတစ်ခုခုလုပ်ပါက ဘေးအဖော်ကိုလှမ်းခေါ်ပြီး အကူအညီတောင်းရပါတယ်။

ကုတင်ပေါ်လှဲလှောင်းနေတဲ့ သူနှစ်ဦးကတော့ လင်မယားတွေဖြစ်ကြတဲ့ ပါ့ခမ်းအောင်နဲ့လုံးဆာတို့ဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ နောင်မကျေးရွာမှာ နေထိုင်ကြတဲ့သူတွေ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၂ရက် နေ့လည် ၁၂နာရီဝန်းကျင်မှာ ပါ့ခမ်းအောင်တို့ မိသားစုသုံးယောက်ဟာ လယ်ယာလုပ်ပြီး နေ့လည် အိမ်ကို ထမင်းပြန်စားအပြီး ပန်းကန်ဆေးကြောကာ အနားယူဖို့ပြင်နေကြတာပါ။ ဒါပေမယ့် သူတို့အနားယူချိန်မရလိုက်ပါဘူး။ အနားမယူရတဲ့အပြင် ပါ့ခမ်းအောင်တို့ မိသားစုအတွက် ကံဆိုးမိုးမှောင်ကျတဲ့ နေ့ရက်ဖြစ်သွားပါတယ်။

“ ကျမတို့ထမင်းစားပြီး သားကအပြင်သွား မော်တာသွားသယ်ချိန်မှာ အိမ်မှာ ကျမကပန်းကန်ဆေး၊ အမျိုးသားက အိမ်ခန်းထဲ မှာနေချိန်ပေါ့ ။ ပန်းကန်ဆေးပြီး ထဖို့လုပ်နေချိန်မှာ လက်နက်ကြီးက အိမ်ခြံဝန်းထဲကျလာပါတယ်။  ကျမတို့သေပြီထင်ခဲ့တာ။” လို့ ပါ့ခမ်းအောင်က လက်နက်ကြီးကျတဲ့နေ့က အကြောင်းကို ပြန်ပြောပြပါတယ်။

ပါ့ခမ်းအောင်တို့နေထိုင်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ၊နမ့်ခမ်းမြို့နယ်၊ နောင်မကျေးရွာနဲ့ ငါးမိုင်ခန့်သာဝေးကွာတဲ့ ကချင်ပြည် နယ်၊ မံစီမြို့နယ်ထဲက မန့်ဝန်းကြီးကျေးရွာမှာ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီပစ်လိုက်တဲ့လက်နက်ကြီးက ပါ့ခမ်းအောင်တို့ မိသားစုနေအိမ်ကို ကျရောက်ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီးကြောင့် ပျက်စီးခဲ့ရသည့် နေအိမ်တစ်လုံး

အဲ့ဒီလက်နက်ကြီးကြောင့် အသက် ၄၃နှစ်အရွယ် ပါ့ခမ်းအောင်ရဲ့ ခန္ဓာကိုယ်အနှံ့လက်နက်ကြီးစထိမှန်ပြီး ဒူးလည်းဒဏ်ရာ ရသလို ခြေတစ်ဖက်လည်း စတီးချောင်းထည့်ထားရတဲ့ အဆင့် ဖြစ်ခဲ့ရပါတယ်။  သူ့ရဲ့အမျိုးသားအသက် ၅၀အရွယ် လုံးဆာ လည်း လက်ပြင်တွေ ခြေထောက်တွေ လက်နက်ကြီးစထိမှန်ကာ ခြေထောက်ဖြတ်လိုက်ရပါတယ်။

“ အိမ်ကတော့ ရစရာမရှိတော့ဘူး။ အခုကျမဘာမှမလုပ်နိုင်ဘူး။ အကူမပါရင်တောင်လမ်းမလျှောက်နိုင်တာ။ ကျမရဲ့ခန္ဓာ ကိုယ်တစ်ခုလုံးဘာမှရစရာမရှိ၊ ခြေထောက်လည်းစတီးထည့်ထားရတယ်။” ဆိုပြီး ပါ့ခမ်းအောင်က တိုးတိတ်တဲ့အသံနဲ့ ပြောပြ လာပါတယ်။

ပါ့ခမ်းအောင်တို့ လင်မယားဟာ ဒဏ်ရာတွေနဲ့ အိပ်ယာထဲလှဲလှောင်းနေရတဲ့အပြင် နေစရာအိမ်ပါ ပျက်စီးသွားတဲ့အတွက် ဆွေမျိုးတွေရဲ့ နေအိမ်မှာ ကပ်နေရတဲ့အခါ အားငယ်စိတ်တွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

သူတို့ လင်မယားအတွက် ဆေးကုသစားရိတ်ဟာ လက်ရှိမှာ သိန်းနှစ်ရာနီးပါးကုန်ကျထားပြီး ဆေးကုသမှု ဆက်လက်ခံယူ နေရတဲ့အတွက် ငွေကြေးအတွက်ကို စိုးရိမ်ပူပန်နေရကြောင်းလည်း ပါ့ခမ်းအောင်က တုန်ရီတဲ့လေသံနဲ့ ပြောပြလာပါတယ်။

“ အခုတော့ ကျမတို့လင်မယားနှစ်ယောက် ဆေးဆက်ကုဖို့က စိတ်ပူနေရတယ်။ ငွေလည်းမရှာနိုင် ဘယ်လိုဆက်ကုရမှာလဲဆိုတာ စိုးရိမ်နေတာပေါ့။ မောင်နှမတွေကကူညီပေမယ့် အားနာတယ်။”လို့ ပါ့ခမ်းအောင်က ဆိုပြန်ပါတယ်။

ပါ့ခမ်းအောင်တို့လိုပဲ လက်နက်ကြီးကြောင့် ဒဏ်ရာရခဲ့တဲ့ သားနှစ်ယောက်ရဲ့အနာဂတ်ကို တွေးပူနေရသူကတော့  ရှမ်းပြည် နယ်မြောက်ပိုင်း၊ သိန္နီမြို့က ဒေါ်ခေါင်နော်ပါ။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၃ မှာ “အုန်းကနဲ”ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးသံကြောင့် ဒေါ်ခေါင်နော်ရဲ့ အသက်လေးနှစ်အရွယ်နဲ့ အသက်ခုနစ်နှစ်အရွယ် သားနှစ်ယောက်ကို ထိမှန်ခဲ့ပါတယ်။  

“ သားအကြီးကတော့ ခြေထောက်ဖြတ်လိုက်ရတယ်။ အခုတွားသွားပြီးသွားနေရတယ်။ အငယ်တစ်ယောက်နဲ့ ကျမကတော့ ကျည်စမှန်တယ်။ သားကြီးကတော့ မွေးလာတုန်းကအကောင်း အခုတော့ ကျမလည်း သူ့အတွက်စိတ်မကောင်းဘူး။” လို့ ဒေါ် ခေါင်နော်က ပြောလာပါတယ်။  

ဒေါ်ခေါင်နော်တစ်ယောက် တွားသွားနေတဲ့သားကြီးကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေရကြောင်းနဲ့ သားကြီးဘဝဟာ ဒီလိုနဲ့ တစ်ဘဝလုံး ဖြတ်သန်းသွားရမှာကိုတွေးရင်း အလိုလိုဒေါသထွက်ပေမယ့် ဘယ်သူ့ကို အပြစ်တင်ရမှန်းမသိတော့ကြောင်း တိုး တိတ်စွာ ပြောပြပါတယ်။

“ ကျမရဲ့သား ဒီလိုဖြစ်ရတာ ကျမဘယ်သူ့ကိုသွားပြောရမှာလဲ။ ဘယ်သူကြောင့်လဲ။ ကျမကတော့ ဒီစစ်ပွဲကြောင့်ဖြစ်တာပဲ။ အခုကျမတို့ကို ဘယ်သူမှလာကြည့်တာမရှိဘူး။ ဆေးဖိုးလည်းကိုယ့်ဘာသာပဲကုန်ရတယ်။” လို့ ဒေါ်ခေါင်နော်က ဆိုပြန်ပါ တယ်။

လက်နက်ကြီးကြောင့် သားရဲ့ခြေထောက်တစ်ဖက်ပေးဆပ်လိုက်ရသလို နေစရာအိမ်လည်း ရစရာမရှိအောင် ပျက်စီးသွားခဲ့ တယ်လို့ သူကဆက်ပြောပါတယ်။

HI က ကိုယ်တိုင် စုစောင်းထားတဲ့ စာရင်းတွေအရ ရှမ်းပြည်နယ်မြောက်ပိုင်းညီနောင်မဟာမိတ်ဖြစ်တဲ့ TNLA ၊ ကိုးကန့် တပ် (MNDAA) နဲ့ ရက္ခိုင့်တပ်တော် AA တို့ ပူးပေါင်းဖော်ဆောင်တဲ့ “၁၀၂၇ စစ်ဆင်ရေး” လေးလတာကာလအတွင်း မြို့နယ်ပေါင်း ၁၄မြို့နယ်မှာ အမျိုးသမီးနဲ့ကလေးငယ်အပါအဝင် အရပ်သားသေဆုံးမှု ၂၅၀ နီးပါးရှိကာ ၃၅၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဲ့ထဲမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုနဲ့ မြေမြှုပ်မိုင်းကြောင့် အမျိုးသမီး ၆၀ကျော်သေဆုံးပြီး က လေးငယ် စုစုပေါင်း ၃၂ဦး သေဆုံးခဲ့ပါတယ်။

ဒီစာရင်းတွေဟာ လက်လှမ်းမီသလောက် စုစောင်းထားတာဖြစ်ပြီး လက်လှမ်းမမီတဲ့နေရာတွေနဲ့ မြေပြင်မှာတော့ ထိခိုက် သေဆုံးသူတွေ ဒီထက်မကပိုများနိုင်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှ ယနေ့အထိ HI က စုစောင်းကောက်ယူထားသောစာရင်းဖြစ်ပါသည်။

“၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲ ၇၇ ရက်မြောက်နေ့မှာ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ ညီနောင်မဟာ မိတ်သုံးဖွဲ့တို့ဟာ ယာယီအပစ်ခတ်ရပ်စဲရေး “ဟိုင်ဂင်သဘောတူညီချက်” ရရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရေးအရှိန် လျော့ကျသွားပါတယ်။

ညီနောင်မဟာမိတ်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ လက်ရှိစစ်ရေးငြိမ်သက်နေပေမယ့် စစ်ရေးနောက်ဆက်တွဲ မြေမြှုပ်မိုင်းတွေရဲ့ဒဏ်ကြောင့်လည်း ပြည်သူတွေမှာနေ့စဥ်နဲ့အမျှ ထိခိုက်ဒဏ်ရာတွေ ရရှိနေကြပါတယ်။

လက်နက်ကြီးကြောင့် ကိုယ်အင်္ဂါဆုံးရှုံးခဲ့ရသူတစ်ဦး

နမ့်ခမ်းမြို့နယ် သာယာကုန်းရပ်ကွက်မှာနေထိုင်တဲ့ အသက် ၄၇နှစ်အရွယ် ဒေါ်မာလုဆိုရင် မြေမြှပ်မိုင်းကြောင့် ဘယ်ခြေ ထောက်တစ်ဖက် ဖြတ်လိုက်ရတဲ့သူပါ။  

ဒေါ်မာလုဟာ  စစ်ကောင်စီနဲ့ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားတဲ့ စစ်ကောင်စီ စခန်းသစ်အနီး ကြံသွားခုတ်စဥ် မိုင်းနင်းမိခဲ့တာပါ။ မိုင်းကြောင့် ပြင်းထန်ဒဏ်ရာရရှိပြီး ဘယ်ခြေ ထောက်တစ်ဖက် ဖြတ်လိုက်ရပါတယ်။   

“ အုန်းကနဲပဲ။ တိုက်ပွဲတွေကငြိမ်သွားပြီဆိုတော့ ကျမလည်းဝမ်းရေးအတွက် လုပ်စရာရှိတာလုပ်ရမှာပဲလေ။ ကျမတို့တွေကို ဘယ်သူမှလာပြီးမကျွေးဘူးလေ။ ကျမလည်း လွင့်သွားတာပေါ့။ သေပြီပဲထင်တာ။ အခုတော့ ခြေတစ်ဖက်မရှိတော့ဘူး။” လို့ ဒေါ်မာလုက ဆိုပါတယ် ။

လက်ရှိ ဒေါ်မာလုဟာ ခြေထောက်ဖြတ်ခံရပြီးနောက် အရင်လိုလှုပ်ရှားသွားလာဖို့ အဆင်မပြေတော့ဘဲ အိမ်ထဲတွင်သာ နေရ ကာ အလုပ်လက်မဲ့ဘဝကို ရောက်ရှိသွားပါတယ်။

“ ကျမ အရင်လိုသွားချင်သလို လုပ်ချင်သလိုလုပ်လို့မရတော့ဘူး။ ဝမ်းရေးလည်း ရှာလို့မရ။ မိုင်းကြောင့် ဘဝလည်း သေသွား သလိုပဲ။” လို့ ဒေါ်မာလုက ဝမ်းနည်းစွာနဲ့ပြောပါတယ်။

တအာင်း(ပလောင်)အမျိုးသမီးအဖွဲ့အစည်း(TWO)က တာဝန်ရှိသူအမျိုးသမီးတစ်ဦးကတော့ “၁၀၂၇စစ်ဆင်ရေး” ကြောင့် လက်နက်ကြီးထိမှန်တာနဲ့ မြေမြှုပ်မိုင်းထိမှန်ထားတဲ့သူတွေကို လက်လှမ်းမီသလောက်သာ ကူညီပေးနိုင်ပြီး အားလုံးကိုတော့ မလွှမ်းခြုံနိုင်ဘူးလို့ဆိုပါတယ်။

TWO အနေနဲ့ လက်လှမ်းမီ ကူညီနိုင်တဲ့ဒေသတွေကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဆန် မြို့နယ်၊ နမ္မတူမြို့နယ်နဲ့ ကျောက်မဲမြို့နယ်က ဒေသခံအမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ သူက ပြောပြပါတယ်။

တအာင်းအမျိုးသမီးအဖွဲ့အစည်း ကောက်ယူထားတဲ့စာရင်းအရ လက်နက်ကြီးထိမှန်၊ မြေမြှုပ်မိုင်းထိမှန်တဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ အသက်ငါးနှစ်အရွယ်ကနေ အသက် ၁၅အရွယ်ရှိပြီး အမျိုးသမီးတွေကတော့ အသက် ၄၅နှစ်အောက် ဝန်းကျင်အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

“လက်ရှိတော့ကျမတို့ အရေးပေါ်ခွဲစိတ်ဖို့အတွက်တောင် လက်လှမ်းမီသလောက်ပဲ အကူအညီပေးနိုင်တယ်။ ရေရှည်အတွက် မကူညီနိုင်သေးဘူး။ ပြီးတော့အားလုံးကိုမလွှမ်းခြုံနိုင်ဘူး။ ” လို့ TWOက တာဝန်ရှိသူအမျိုးသမီးက သူတို့ရဲ့အခက်အခဲကို ရှင်း ပြပါတယ်။

လက်နက်ကြီးစ၊ မြေမြှုပ်မိုင်းထိမှန်တဲ့အမျိုးသမီးအချို့ဟာ လက်ရှိမှာ အလုပ်မလုပ်နိုင်သေးသလို ထိခိုက်ဒဏ်ရာ ရရှိတဲ့ အမျိုး သမီးအများစုအတွက် ရေရှည်ရပ်တည်နိုင်ဖို့လည်း စိုးရိမ်မှုများရှိနေကြောင်း သူက ဖြည့်စွက်ပြောပါတယ်။

“ တိုက်ပွဲအကြား ပါဝင်တဲ့လက်နက်ကိုင်အားလုံးအနေနဲ့  ပြည်သူတွေအထိခိုက်နည်းအောင် အသိပေးတာတွေ လုပ်သင့်တယ်။ ပြည်သူတွေဆီရောက်အောင်လည်း လုပ်ဆောင်ဖို့လိုပါတယ်။” လို့ TWO မှ တာဝန်ရှိသူ အမျိုးသမီးက ပြောပါတယ်။

“၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း စစ်ရေးနယ်မြေတွေမှာအသုံးပြုတဲ့ မြေမြှုပ်မိုင်းတွေကြောင့် နေ့စဥ်နဲ့အမျှ ထိခိုက်ဒဏ်ရာ ရနေတာကြောင့် လတ်တလောစစ်ရေးငြိမ်သက်နေချိန်မှာ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင် သင့်ပြီး စစ်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေကို အရပ်သားပြည်သူတွေမသွားဖို့ တားမြစ်ဖို့လိုအပ်ကြောင်းလည်း TWO က တိုက်တွန်း ပြောဆိုပါတယ်။

“ ကျမကတော့ ကိုယ့်အသက်အန္တရာယ်ထက် ဘာမှအရေးကြီးစရာမရှိဘူးလို့ပြောချင်တယ်။ တိုက်ပွဲဖြစ်ပြီးတဲ့နေရာတွေကို မသွားစေချင်ဘူး။ အဲ့နေရာတွေမှာ အနည်းနဲ့အများတော့ မိုင်းထောင်ကြမှာပဲ။ လက်နက်ကိုင်တွေအနေနဲ့လည်း သတိပေးတာ ဆိုင်းဘုတ်ထောင်တာ လုပ်သင့်တယ်။” လို့ TWO က ထောက်ပြပြောဆိုပါတယ်။

လက်နက်ကြီးကြောင့် အိပ်ယာထဲလဲနေရတဲ့ ပါ့ခမ်းအောင်ကတော့ လက်ရှိမှာ ဘဝသေနေသလိုဖြစ်နေပြီး အနာဂတ်အတွက် ဘာဆက်လုပ်ရမှာလဲဆိုတာကို တွေးပူနေရတယ်လို့ ဆိုပါတယ်။  

ဒါ့အပြင် လက်နက်ကိုင်တပ်ဖွဲ့တိုင်းဟာ ကိုယ့်ဆွေမျိုး၊ ကိုယ့်မိသားစု မထိသရွေ့ နားလည်မယ်မထင်ကြောင်းနဲ့ ဒဏ်ရာတွေ က နာကျင်မှုဖြစ်လာတိုင်း အရင်လို အလုပ်တွေ မလုပ်နိုင်တော့တဲ့အတွေးတွေ တွေးမိကာ ဒေါသအလိုလို ထွက်နေရတယ်လို့ ပါ့ခမ်းအောင်က ဆိုပြန်ပါတယ်။

“ ကျမ ခြေထောက်တွေ ဒဏ်ရာတွေနာကျင်ရင် အလုပ်တွေပြန်လုပ်လို့မရဘူးတွေးရင် ဒေါသထွက်တာပေါ့။ ဘယ်သူ့ကို ထွက်ရမှန်း ပြောရမှန်းမသိဘူး။” လို့ သူက လက်ရှိခံစားနေရတာကို ပြောပါတယ်။

စစ်ရေး၊နိုင်ငံရေးနားမလည်တဲ့ ပါ့ခမ်းအောင်တို့ကတော့ စစ်ပွဲတွေဘယ်တော့ပြီးဆုံးမယ်ဆိုတာတော့မသိဘဲ သူ့အနေနဲ့ ကတော့ နိုင်ငံရေး ၊စစ်ရေး ပဋိပက္ခတွေ အမြန်ချုပ်ငြိမ်းပြီး အိမ်တစ်လုံးအမြန်ဆုံး ပြန်ဆောက်နိုင်ရန်နဲ့ အရင်လိုမိသားစု အေး အေး ဆေးဆေး လယ်ယာလုပ်ပြီး နေထိုင်ချင်တယ်လို့ ဆိုပါတယ်။

“ စစ်ပွဲတွေမဖြစ်ချင်ဘူး။ ကျမတို့လို တခြားလူတွေမဖြစ်စေချင်ဘူး။ ကျမတို့ နေအိမ်ပြန်တည်ဆောက်ပြီး လယ်ယာကို ပြန် လုပ် အသက်ဆက်ရှင်သန်ချင်တယ်။” လို့ ပါ့ခမ်းအောင်က ရှိုက်သံနဲ့ ပြောဆိုလိုက်ပါတော့တယ်။

Author:

Related Articles