Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၅ ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်း ဖော်ပြပေးလိုက်ပါတယ်။

  • ကျောက်ဖြူကိုရောက်လာတဲ့ ရခိုင်အမျိုးသမီး ၃၀ ဦးအပါအဝင် လူငယ် ၁၀၀ နီးပါးကို စစ်တပ်မှဖမ်းဆီး

ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ လေကြောင်းနဲ့ ရောက်ရှိလာတဲ့ခရီးသည် ရခိုင်လူငယ်အမျိုးသမီး ၃၀ ဦး အပါ အဝင် လူ ၁၀၀ နီးပါးကို စစ်တပ်က နှစ်ရက်ဆက်ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်ညနေပိုင်းမှာ မြန်မာ့အမျိုးသားလေကြောင်းလိုင်းနဲ့ လိုက်ပါလာတဲ့ လူငယ်အမျိုးသမီး ၃၀ဦးအပါအဝင် ၆၆ ဦးကို အသင့်စောင့်ဆိုင်းနေတဲ့ စစ်သားတွေက ဖမ်းဆီးခဲ့ပြီး ၁၉ ရက် မနက်ပိုင်းမှာလည်း မင်္ဂလာလေကြောင်းလိုင်းနဲ့ လိုက်ပါ လာတဲ့ လူငယ် ၂၆ ဦးကိုထပ်မံဖမ်းဆီးခဲ့တာဖြစ်တယ်။

ဖမ်းဆီးထားတဲ့လူငယ် ၉၀ ကျော်ကို ကျောက်ဖြူမြို့ပေါ်ရှိ ‘ရမ္မာဝတီ’ ခန်းမမှာထားရှိကာ အမှတ်-၃ လှုပ်ရှားစစ်ဗျူဟာမှူး ကိုယ်တိုင်ဦးစီးပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

၂၃ ရက်အထိ ဖမ်းဆီးခံထားရသူ တစ်ဦးတစ်ယောက်မျှ ပြန်လွတ်လာခြင်းမရှိသေးဘဲ ခန်းမရှေ့မှာ မိဘ၊ဆွေမျိုးများ လာ ရောက် စောင့်ဆိုင်းနေသလို ခန်းမအနီးမှာလည်း ရဲနဲ့စစ်သား လုံခြုံရေးတင်းကျပ်စွာ ချထားပါတယ်။

Source – Myanmar Now

  • မံစီမြို့မှာ လေကြောင်းတိုက်ခိုက်မှု လေးရက်အတွင်း အမျိုးသမီးတွေအပါအဝင် အရပ်သား ၁၁ ဦး သေဆုံး

ကချင်ပြည်နယ်၊ မံစီမြို့နယ် ၊ စီခမ်းကြီးရွာကို စစ်တပ်က လေးရက်ဆက်တိုက်လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အမျိုး သမီးတွေ အပါအဝင်ဒေသခံ ၁၁ ဦး သေဆုံးပြီး ၃၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စီခမ်းကြီးရွာက စစ်တပ်ရဲ့ဗျူဟာကုန်းတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းအဖွဲ့က စတင်တိုက် ခိုက်ခဲ့ပြီး သုံးရက်အကြာမှာ တပ်စခန်းကို သိမ်းယူနိုင်ခဲ့တာဖြစ်တယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဒေသခံအယောက် သုံးဆယ်ကိုလည်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဗန်းမော်ဆေးရုံကြီးကို ပို့ဆောင်ထားပေးထားတာဖြစ်တယ်။

Source – RFA

  • မန္တလေးမြို့ ပတ်စ်ပို့ရုံးရှေ့မှာ လူအုပ်ပိပြီး အမျိုးသမီး ၂ ဦးသေဆုံး

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၆၆လမ်းနဲ့ ၁၂လမ်းထောင့်မှာရှိတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ရုံးမှာ လူအုပ်ပြိုကျပြီး အမျိုးသမီး ၂ ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက် ဒီနေ့ မနက် ၂ နာရီခွဲမှာ နိုင်ငံကူးလက်မှတ်တိုကင်ယူဖို့ လူတိုးချိန်မှာ လူပိပြီး မန္တလေးမြို့၊ အောင်မြေသာ စံမြို့နယ်၊ ညောင်ကွဲရပ်မှ အသက် ၅၂ နှစ်အရွယ် မခင်မျိုးအေးနဲ့ အသက် ၃၉ နှစ်အရွယ်မခိုင်ဝေတို့သေဆုံးခဲ့ပြီး အသက် ၅၃ နှစ်အရွယ် မဌေးဌေးဝင်းမှာ ခြေကျိုးဒဏ်ရာရခဲ့တာဖြစ်တယ်။

မန္တလေးနိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ရုံးရှေ့မှာ ညစဉ်လူဦးရေ ၁၀၀ ဝန်းကျင်အထိ ညအိပ်စောင့်ကြပြီး ဒီလိုလူတိုးတာတွေ ကြောင့် ဒဏ်ရာရသူတွေရှိခဲ့တာပါ။

ဖေဖော်ဝါရီ ၁၀ ရက် စစ်တပ်က ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြီးတဲ့နောက်မှာ ဒီရုံးတွေမှာ လူပိုများလာပြီး နေရာတိုးပေးတဲ့ ပွဲစားတွေလည်းရှိလာကာ တစ်နေရာကို ၁၅၀,၀၀၀ ကျပ်အထိ ဈေးပေါက်တယ်လို့ သိရပါတယ်။

Source – မြေလတ်အသံ

  • KNU တပ်မဟာ(၃)မှာ လက်နက်ကြီးကျပြီး အမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးခရိုင်၊ မုန်းမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အရပ်သားတဦး သေဆုံး ပြီး အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

စစ်တပ်ရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် အသက် ၄၈ နှစ်အရွယ် ဦးစိန်လှသေဆုံးပြီး အသက် ၆၀ အရွယ် ဦးသိန်းလွင်၊ အသက် ၄၅ နှစ်အရွယ် ဒေါ်သန်းရွှေနဲ့ အသက်ငါးနှစ်အရွယ် မောင်အာကာတို့ ဒဏ်ရာရခဲ့တာဖြစ်တယ်။

စစ်တပ်က ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် အရပ်သားသေဆုံး၊ ထိခိုက်ဒဏ်ရာရတဲ့အပြင် နေအိမ်၊ စာသင် ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ ဘုရားကျောင်းတွေ ပျက်စီးခဲ့ရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။ 

Source – Mizzima 

  • မြိတ်မြို့မှာ ဗုံးပေါက်ကွဲမှုဖြစ်လို့ တဦးသေ၊ အမျိုးသမီးတဦးအပါအဝင် နှစ်ဦးဒဏ်ရာရ

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ဒီလ ၂၁ ရက်၊ ည ၇ နာရီခန့်က နေရာ သုံးနေရာ ဗုံးပေါက်ကွဲမှု ဆက်တိုက် ဖြစ်ပွားခဲ့လို့ အမျိုး သားတဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ပေါက်ကွဲမှုတွေဟာကမ်းနားလမ်း Seaview ကွန်ဒိုအနီး၊ ဘုံပျံရပ်ကွက်နဲ့လေယာဉ်ကွင်းအနီးမှာ  ဖြစ်ပွားခဲ့တာပါ။

ဘုံပျံရပ်ကွက်နဲ့ လေယာဉ်ကွင်းအနီးမှာ ထိခိုက်ဒဏ်ရာရတာမျိုး မရှိပေမဲ့ Seaview ကွန်ဒိုအနီးပေါက်ကွဲမှုမှာတော့ အနီးမှာ ရှိ နေတဲ့ ရေပုန်းရပ်ကွက်နေထိုင်သူ အသက် ၄၀ နှစ်အရွယ် အလှဖန်တီးရှင်ကိုသားကြီးသေဆုံးခဲ့တာပါ။

ဒါ့အပြင် အဲဒီအနီးမှာရှိနေတဲ့ အသက်သုံးဆယ်ကျော်ဝန်းကျင်အရွယ် ကိုလင်းလင်းစံအပါအဝင် အမျိုးသမီးတဦး ခန္ဓာကိုယ်မှာ ဗုံးစထိမှန်ဒဏ်ရာတွေရရှိခဲ့ပြီး ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတာဖြစ်တယ်။

မြို့ခံတွေရဲ့ပြောဆိုချက်အရ မြိတ်မြို့ပေါ်မှာ ဗုံးပေါက်ကွဲမှု မကြာခဏဖြစ်ပွားလေ့ရှိပြီး ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အများစုက လက်သည်မပေါ်ဘူးလို့ သိရပါတယ်။

Source – Delta News Agency   

  • နေပြည်တော်လေတပ်မှ ပစ်ခတ်လို့ အမျိုးသမီး ၂ ဦးအပါအဝင် အရပ်သား ၇ ဦးသေဆုံး

နေပြည်တော်နဲ့ မိုင် ၅၀ ခန့်ဝေးတဲ့ ပဲခူးတိုင်း ရေတာရှည်မြို့နယ် ကျေးရွာတွေကို လေတပ်ကနေ ဖေဖော်ဝါရီ ၂၁ ရက် နေ့ လယ်ပိုင်းမှာ သွားရောက်ပစ်ခတ်ရာ ကလေးငယ် ၃ ဦးနဲ့ အမျိုးသမီး ၂ ဦးအပါအဝင် အရပ်သား ၇ ဦး သေဆုံးခဲ့ရတယ်။

သေဆုံးသူတွေထဲမှာ ၃ နှစ်အရွယ်ကလေး ၁ ဦး၊ ၁၀ နှစ်ကျော်အရွယ် ၂ ဦး၊ အသက် ၇၀ ကျော် အမျိုးသမီး ၁ ဦး၊ သက်လတ် ပိုင်း အမျိုးသမီး ၁ ဦးတို့ ပါဝင်ပါတယ်။

စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းရှိ ပိတောက်ကုန်း၊ ရှမ်းစု၊ စည်ပိုင်းစတဲ့ကျေးရွာတွေထဲ ရောက်လာတဲ့ရဟတ်ယာဉ်က ဗုံးကြဲ၊ စက်သေနတ်ဖြင့် ပစ်ခတ်သွားတာဖြစ်တယ်။

မှတ်တမ်းဓာတ်ပုံတွေထဲမှာ အသက် ၁၀ နှစ်ကျော် ကလေးတစ်ဦးရဲ့ရုပ်အလောင်းပုံ ပါဝင်ပြီး သူရဲ့လည်ပင်းနဲ့ ပါးပြင်ပေါ်မှာ ဒဏ်ရာတွေ တွေ့ရကြောင်း၊ ပျက်စီးနေတဲ့နေအိမ်တွေ၊ လမ်းပေါ်သေဆုံးနေတဲ့ နွားတချို့လည်း တွေ့ရပါတယ်။

Source – Myanmar Now

  • ဆီဆိုင်နဲ့ ဟိုပုံးမှာဖြစ်ခဲ့တဲ့ တစ်လတာတိုက်ပွဲအတွင်း အမျိုးသမီးလေးဦးအပါအဝင် အရပ်သား ၃၃ ဦးသေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်နဲ့ဟိုပုံးမြို့နယ်မှာ ဇန်နဝါရီ ၂၂ ရက်ကစတဲ့ တစ်လတာတိုက်ပွဲအတွင်း လေကြောင်းနဲ့ လက် နက်ကြီးကြောင့် အရပ်သား ၃၃ ဦး သေဆုံးပြီး ၅၀ ခန့်ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံးက ပြောပါတယ်။

NCA လက်မှတ်ထိုးထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)အပါအဝင် ပူးပေါင်းအဖွဲ့နဲ့စစ်တပ် အပါ အဝင် ပအိုဝ်းပြည်သူ့စစ် (PNO/PNA) ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်နေတာပါ။

သေဆုံးသူတွေထဲမှာ အမျိုးသား ၂၈ ဦး၊ အမျိုးသမီးလေးဦးနဲ့ ကျား၊ မ အတည်ပြုလို့ မရသေးသူတစ်ဦး ပါဝင်ပြီး ဒဏ်ရာရသူ ၄၈ ဦးထဲမှာတော့ ကလေးငယ်တစ်ဦး၊ အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၁၃ ဦးနဲ့ အတည်ပြုလို့ မရသေးသူ ၉ ဦးရှိတယ်လို့ ဆို ပါတယ်။

ရိက္ခာပြတ်လို့ပြန်ယူရင်း သေဆုံးတာရှိသလို စစ်ဘေးရှောင်ရင်း သေဆုံးရသူတွေလည်းရှိနေတာဖြစ်တယ်။

ဇန်နဝါရီ ၂၁ ရက်က ဟိုပုံးမြို့နယ်၊ နောင်စံဖူးရွာမှာ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA)ရဲ့ ကားတွေကို လက်နက်သယ်တယ်ဆိုပြီး ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO) စစ်ဆေးရာကနေ တိုက်ပွဲစဖြစ်ခဲ့တာပါ။

ဆီဆိုင်မြို့နယ်အတွင်းမှာ ဒီနေ့မနက်အထိ တိုက်ပွဲဆက်ဖြစ်နေသလို ဟိုပုံးနဲ့ လွိုင်မြို့နယ်ကြားက မိုင်းပွန်မြို့နယ်၊ ပွန်းချောင်း ဒေသအထိ တိုက်ပွဲကျယ်ပြန့်လာတာကြောင့် ဒေသခံအချို့ပါ ထွက်ပြေးနေရတာဖြစ်တယ်။

Source – RFA

  • အမျိုးသမီးတွေကို လတ်တလော စစ်မှုထမ်းဆင့်ခေါ်ဖို့ မရှိလို့ဆို

စစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စိုးရိမ်ပူပန်နေချိန်မှာ စစ်တပ်က လတ်တလောအမျိုးသမီးတွေ ကို စစ်မှုထမ်းဆင့်ခေါ်ဖို့ အစီအစဉ်မရှိပါလို့ ဖေဖော်ဝါရီ ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အရပ်သားတွေကို စစ်တပ်ထဲဆွဲသွင်းဖို့ စစ်တပ်က ယခုလ ၁၀ ရက်မှာ ပြည်သူ့စစ်မှုထမ်း ဥပဒေကို အသက်သွင်းလိုက်ပြီး နောက် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ ဆက်တိုက်ဖွဲ့စည်းလျှက်ရှိတယ်။ တချိန်ထဲ မြို့ကြီးတွေမှာလည်း လူငယ်တွေဖမ်းဆီး ခံနေရတာဖြစ်တယ်။

စစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့ ပြည်သူလူထု စိုးရိမ်ထိတ်လန့်ဖြစ်အောင် မီဒီယာတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေက လုပ်ဆောင်နေတယ်လို့ စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲပြောဆိုထားပါတယ်။

စစ်မှုထမ်းဥပဒေအရ အရပ်သားများ မဖြစ်မနေစစ်မှုထမ်းရမှာဖြစ်တယ်။ အသက် ၁၈ မှ ၃၅ နှစ်အတွင်း အမျိုးသားများ၊ ၁၈ မှ ၂၇ နှစ်အတွင်း အမျိုးသမီးတွေ စစ်ထဲဝင်ရမယ်လို့ဆိုထားပါတယ်။ ဘွဲ့ရပညာတတ်ဖြစ်ရင် ၄၅ နှစ်အောက် အမျိုး သား၊ ၃၅ နှစ်အောက် အမျိုးသမီးတွေ စစ်ထဲဝင်ရမှာဖြစ်တယ်။

လာမည့်ဧပြီလ သင်္ကြန်ရုံးပိတ်ရက်အပြီး စတင်မှာဖြစ်သလို အပတ်စဉ်တစ်ခုကို လူ ၅၀၀၀ နှုန်းနဲ့ခေါ်ယူမယ်လို့လည်း စစ် ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က ဆိုထားပါတယ်။

Source – Myanmar Now

  • ရွှေကုက္ကိုမြို့သစ်က ကျားဖျန့်အမျိုးသမီးအလုပ်သမားတွေ ထိုင်းနိုင်ငံကို တိမ်းရှောင်လာနေရ

မြဝတီမြို့ ရွှေကုက္ကိုမြို့သစ်က ကျားဖျန့် (ခေါ်) အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသူတွေကို ဖမ်းဆီးနှိမ်နင်းမယ်ဆိုတဲ့ သတင်းတွေကြောင့် အမျိုးသမီးအလုပ်သမားတွေမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့တစ်ဝိုက်ကို တိမ်းရှာင်လာနေကြတယ်လို့ သိရ ပါတယ်။

လတ်တလော ထွက်ပြေးတိမ်းရှောင်လာသူတစ်ဦးက သူတို့ ကျားဖျန့်လုပ်ငန်း အလုပ်သမားတွေအနေနဲ့ အခက်အခဲမျိုး စုံကို ရင်ဆိုင်နေရတာပါ။

ကရင်နယ်ခြားစောင့်တပ်(BGF)နဲ့ ပူးပါင်းလုပ်ကိုင်နေတဲ့တရုတ်ကုမ္ပဏီက ဒေသဖွံဖြိုးရေး စရိတ်အကြောင်းပြပြီး တစ်ဦးကို ထိုင်းဘတ်ငွေ ကိုးထောင်နီးပါးကောက်ခံနေသလို ငွေမပေးနိုင်ရင် BGF စစ်သားအဖြစ်စုဆောင်းခံရမဲ့ အန္တရာယ်နဲ့လည်း သူတို့ တွေ ရင်ဆိုင်နေရတာဖြစ်တယ်။

လက်ရှိမှာ BGF တပ်တွေအနေနဲ့ စစ်ကောင်စီထံက ရိက္ခာနဲ့ လစာငွေတွေ မယူတော့တဲ့အတွက် သူတို့ ထိန်းချုပ်နယ်မြေ ဖြစ်တဲ့ ရွှေကုက္ကိုဒေသက အိမ်ငှားလုပ်ငန်းရှင်တွေ ကျားဖျန့်လုပ်ငန်းလုပ်ကိုင်သူတွေထံကနေ စစ်သားတွေရဲ့လစာငွေအဖြစ် ငွေ ကောက်ခံနေတာ ဖြစ်တယ်လို့ ရွှေကုက္ကိုလ် ဒေသခံတွေက ပြောပါတယ်။

Source – RFA

  • ကလေးမြို့မှာ လက်နက်ကြီးကျလို့ အမျိုးသမီး ၅ ဦးအပါအဝင် အရပ်သား ၁၅ ဦးထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့တော်လှန်ရေးတပ်တွေ နှစ်ရက်ဆက်တိုက်ပွဲဖြစ်နေပြီး စစ်တပ်မှ ပစ် လိုက်တဲ့လက်နက်ကြီးကြောင့် အရပ်သားလေးဦးသေဆုံးကာ အမျိုးသမီး ၅ ဦးအပါအဝင် အရပ်သား ၁၅ ဦးဒဏ်ရာရခဲ့ပါ တယ်။

လက်နက်ကြီးကြောင့် သေဆုံးသူတွေထဲမှာ ကလေးမြို့တွင်း မွန်လိုင်ရပ်ကွက်မှာနေထိုင်သူသုံးဦးပါဝင်ကာ ဒဏ်ရာရသူတွေ ထဲမှာလည်း အဲ့ဒီရပ်ကွက်က လေးဦးပါဝင်ပါတယ်။

ကလေးမြို့မြောက်ပိုင်းလက်ပံချောင်းရွာမှ အမျိုးသမီးသုံးဦးနဲ့ မျောက်ချောတောရွာမှ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးနှစ်ဦး အပါအဝင် အရပ်သား ၁၅ ဦး ဒဏ်ရာရခဲ့တာဖြစ်တယ်။

Source – Delta News Agency

  • စစ်ကြောင်းနဲ့တိုးပြီး CNDF မှ ဒုစစ်ဦးစီးချုပ်နဲ့ ရဲမေတစ်ဦး အပါအဝင် ၃ ဦးသတ်ဖြတ်ခံရ

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF တပ်ရင်းက ဒုစစ်ဦးစီးချုပ်အပါအဝင် ရဲဘော် ၃ ဦးကို စစ်သားတွေနဲ့ ပျူစော ထီး တပ်ဖွဲ့တွေက ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ CNO / CNDF အဖွဲ့မှ အထွေထွေအတွင်းရေးမှူးထံမှ သိရပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၉ နာရီကျော်လောက် တပ်ရင်းတစ်ခုကနေပြန်လာတဲ့ ဒုစစ်ဦးစီးချုပ် ဆလိုင်းဒေးဗစ်နယူး (ခ) Joshua ၊ ရဲမေရွေနွန်ကိမ် (ခ) A Ngeနဲ့ ရဲဘော် အာမောစ်ဗန်နိုက်လျန် (ခ) Amos တို့ ၃ ဦးဟာ ကလေးမြို့၊ အောင်သာ ယာ ကျေးရွာနားအရောက်မှာ စစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတာဖြစ်တယ်။

ယနေ့ထိ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတဲ့ ဒုစစ်ဦးချုပ်နဲ့ တပ်သား ၂ ဦးရဲ့ရုပ်အလောင်းကို ပြန်လည်မရသေးပါဘူး။ ချင်းပြည် မှာ တော့ CNDF တပ်ရင်းထဲမှာ ခေါင်းဆောင်ပိုင်းတွေအသတ်ခံရတာ ပထမဦးဆုံးဖြစ်တယ်။

Source – မြေလတ်အသံ

  • နွားထိုးကြီးမှာ ကားတစီး ပစ်ခတ်ခံရပြီး သံဃာ ၁ ပါးနဲ့ အမျိုးသမီး ၂ ဦးသေဆုံး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရွာကြီးကျေးရွာအနီး မြင်းခြံ-ရေဝန်း ကားလမ်းပေါ်မှာ သံဃာတော်နဲ့ ပြည်သူတွေ လိုက် ပါလာတဲ့ကားတစ်စီး ပစ်ခတ်ခံရပြီး သံဃာ ၁ ပါးနဲ့ အမျိုးသမီး ၂ ဦးသေဆုံးခဲ့ရပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက် ညနေ ၃ နာရီခန့်မှာ မြင်းခြံဘက်ကနေနွားထိုးကြီးဘက်ကိုမောင်းလာတဲ့ မတ်တူးကားကို လက်နက် ကိုင်အဖွဲ့တစ်ခုက ပစ်ခတ်ခဲ့တာဖြစ်တယ်။

ပစ်ခတ်ခံရလို့ ကားပေါ်ပါ သံဃာ ၁ ပါး၊ လူ ၆ ဦးအနက် ကျောက်ဆည်မြို့နယ်၊ ကတဲကျေးရွာ ကျောင်းတိုက်ဆရာတော် ဦး အဂ္ဂဉာဏ သက်တော် ၇၆ နှစ်၊ ဒေါ်သန်းမိ ၇၀ နှစ်၊ မခိုင်ဌေး ၃၈ နှစ်တို့မှာ ရင်ဘတ်၊ ကျောနဲ့လက်တွေမှာ ကျည်ဝင်ဒဏ်ရာ တွေရပြီး နေရာတင်သေဆုံးခဲ့ပြီး မအိအိဖြိုး ၂၃ နှစ်မှာ မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပါတယ်။

ဒီပစ်ခတ်မှုကို ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။  ထိခိုက်သေဆုံးသူတွေကိုတော့ ဒေသခံတွေက နွားထိုးကြီးပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

Source – မြေလတ်အသံ

Author:

Related Articles