ဆိုဖီ။ ။
မနက်မိုးလင်းလုဆဲဆဲအချိန် ကောင်းကင်ယံက လေယာဥ်ပျံဝဲသံတွေ ၊ ဗုံးကြဲသံတွေကြောင့် ဒေါ်မေစုတစ်ယောက် ကလေးနှစ် ယောက်လက်ကိုဆွဲကာ ရှမ်းပြည်နယ်တောင်ပိုင်းဘက်သို့ ဦးတည်ပြီး ပြေးလွှားလာခဲ့ရပါတယ်။
အဲဒီအချိန် သူရဲ့စိတ်ထဲမှာ ကြောက်စိတ်နဲ့ မိသားစုအသက်ရှင်သန်ဖို့သာရှိပြီး လိုအပ်တဲ့အရေးကြီး ပိုက်ဆံတွေကို လွယ်အိတ် ထဲထည့်ကာ အသက်ခုနစ်နှစ်အရွယ်နဲ့အသက်ငါးနှစ်အရွယ် ကလေးနှစ်ယောက်လက်ကိုဆွဲပြီး သူ့ရဲ့မိဘနှစ်ပါးနဲ့အတူ ကရင်နီ (ကယားပြည်) လွိုင်ကော်မြို့ကနေ ထွက်ခွာလာခဲ့ပါတယ် ။
သူဟာ နိုဝင်ဘာ ၁၁ရက်က ကရင်နီပြည်မှာ စတင်ခဲ့တဲ့ “၁၁.၁၁ စစ်ဆင်ရေး” မှာ စစ်တပ်ရဲ့တပ်စခန်းတွေကို ကရင်နီတပ်မ တော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) အပါအဝင် ဒေသကာကွယ်ရေးတပ်တွေက အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ရှမ်းပြည်နယ် တောင် ပိုင်းကို နိုဝင်ဘာ ၁၁ ရက်နေ့မှာပဲ ထွက်ပြေးလာရခြင်းဖြစ်ပါတယ်။
“ အဲ့နေ့က မိုးလင်းခါနီးမှာ လေယာဥ်ပျံ့ဝဲသံတွေ ဗုံးကြဲသံတွေကြောင့် သူများတွေလည်းပြေးတော့ ကိုယ်လည်းပြေးလိုက်လာ တာ။ သေမှာကြောက်တယ်လေ။ ထွက်လာတုန်းက အရေးကြီးတာပဲယူလာနိုင်တာ။ အဝတ်တွေတောင်မပါလာဘူး။” လို့ ဒေါ် မေစုတစ်ယောက် “၁၁.၁၁ စစ်ဆင်ရေး”နေ့က အကြောင်းကို ပြန်ပြောပြပါတယ်။
လက်နက်သံတွေကြား ငိုနေတဲ့ကလေးနှစ်ယောက်လက်ကိုဆွဲကာ ကြောက်စိတ်နဲ့ လမ်းလျှောက်လာရာမှာ တစ်နာရီအကြာ ကားကြုံတစ်စီးနဲ့ တွေ့တဲ့အတွက် လိုက်လာပြီး ညမှောင်ချိန်မှာတော့ ရှမ်းပြည်နယ်တောင်ကြီးမြို့သို့ ရောက်ရှိလာခဲ့ပါတယ်။
ရှမ်းပြည်နယ်တောင်ကြီးမြို့ကို တစ်ကြိမ်တစ်ခါမှမရောက်ဖူးတဲ့ ဒေါ်မေစုတစ်ယောက်ဟာ ကလေးနှစ်ယောက်အပြင် အသက် ကြီးတဲ့ မိဘနှစ်ပါးကိုပါ ဦးဆောင်လာရတဲ့အတွက် ကြောက်စိတ်ဖြစ်ပြီး ငိုချင်နေသော်လည်း ကြိတ်မှိတ်ပြီး စိတ်အားတင်းကာ လာခဲ့ရကြောင်း သူကြုံတွေ့ခဲ့တာတွေကို ပြန်ပြီး ရင်ဖွင့်ပါတယ်။
“ တောင်ကြီးရောက်တော့ ဘယ်သွားလို့သွားရမှန်းမသိဘူး။ စစ်ရှောင်တွေ ထားတဲ့နေရာလည်းမရှိဘူးလေ။ အာဏာပိုင်တွေက ကျမတို့ကိုဘယ်မှမသွားခိုင်းဘူး။ ပိုက်ဆံရှိရင်တောင် ဟိုတယ်/တည်းခို ခန်းဝင်အိပ်လို့မရဘူး။ ကျမအဲ့တုန်းကအရမ်းအော်ငို ချင်တာ။ ကိုယ်ကငိုရင် ကိုယ်နဲ့လိုက်လာတဲ့သူတွေက အားမရှိမှာကြောက်ရတယ်လေ။” လို့ ဒေါ်မေစုက ပြောပြပါတယ်။
နောက်ဆုံးမှာ တောင်ကြီးမြို့အာဏာပိုင်တွေက ကရင်နီဘက်ကလာတဲ့ စစ်ဘေးရှောင်တွေကို စျေးလို့ယူဆရတဲ့နေရာမှာ အခင်းမရှိ၊ အကာမရှိ ရာသီဥတုအေးစိမ့်စိမ့်နဲ့ ဖြစ်သလိုထားတဲ့နေရာမှာ ငါးညတာ ကျော်ဖြတ်ခဲ့ရပါသေးတယ်။
“ အဲ့ငါးညက ကျမတို့အတွက် အမှတ်ရစရာတွေပါပဲ။ တောင်ကြီးဆောင်းက သိတဲ့အတိုင်းပဲလေ။ အေးစိမ့်နေတာ။ အခင်းမရှိ တော့ ရှိတာနဲ့ခင်းအိပ်ပေါ့။ နေမကောင်းတဲ့သူတောင်ရှိသေးတယ်။ နောက်ဆုံးတော့ ဆီဆိုင်မှာ စစ်ရှောင်တွေအတွက် နေရာရှိ တယ်ဆိုပြီး ဒီကိုရောက်လာတာ။” လို့ သူကရှင်းပြပါတယ်။
အချို့လည်း ဆီဆိုင်စစ်ရှောင်စခန်းကို လိုက်မလာဘဲ တောင်ကြီးမြို့ပေါ်အိမ်ငှားနေကြသလို အချို့လည်း အခြားနေရာဒေသ သို့ ရွှေ့ပြောင်းသွားကြပါတယ်။
သူတို့မိသားစုနဲ့ အခြားစစ်ရှောင်တွေလည်း ခြောက်ရက်မြောက်နေ့ နိုဝင်ဘာ၁၇ရက်မှာ ဆီဆိုင်မြို့ဘက်သို့ ခြေကျင်ထပ် လျှောက်ရပြန်ပါတယ်။ ဒေါ်မေစုပြေးရတာဟာ ဒီတစ်ခါတည်းတော့ မဟုတ်ပါဘူး။
“၁၁.၁၁ စစ်ဆင်ရေး”မတိုင်ခင် လွန်ခဲ့တဲ့သုံးနှစ်ကလည်း စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေက ကရင်နီ(ကယားပြည်) ဖလူဆိုမြို့နယ်မှာ တိုက်ပွဲတွေဖြစ်တာကြောင့် လွိုင်ကော်ကို ပြေးလာရတာပါ။ လွိုင်ကော်မှာလည်း အထက်မှာဖော်ပြခဲ့သလို တိုက်ပွဲတွေဖြစ်လာတာကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ကို ထပ်မံစစ်ဘေးရှောင်လာခဲ့ရပြန်ပါတယ်။
“ ကျမတို့ သုံးနှစ်တာမှာ စစ်ရှောင်နှစ်နေရာပြောင်းနေရပြီ။ ဆီဆိုင်ကိုရောက်တာ တစ်လကျော်ပြီ။ စားဖို့နဲ့နေဖို့ကတော့ အရင် စစ်ရှောင်လာတဲ့သူတွေဆီကို မှီခိုနေရတာ။ ရောက်လာတုန်းကလည်း ဆီဆိုင်မြို့ထဲက ပြည်သူတွေက သူတို့ရှိတာလာပေး သွားတာ။ အလှူရှင်သီးသန့်ဆိုတာတော့ မလာဘူး။” လို့ ဒေါ်မေစုက ဆိုပါတယ်။
လတ်တလော ဒေါ်မေစုတို့ရောက်ရှိနေတဲ့ ဆီဆိုင်မြို့ပေါ်ကစစ်ရှောင်စခန်းဟာ နှစ်နှစ်ကျော်သက်တမ်းရှိနေပြီး အရင်က ကရင်နီ (ကယားပြည်)က ထွက်တိမ်းရှောင်လာတဲ့ ပြည်သူ၁၀၀ကျော်ရှိနေတဲ့နေရာတစ်ခုဖြစ်ကာ “၁၁.၁၁စစ်ဆင်ရေး” ကြောင့် စစ်ရှောင်အသစ် ၂၀၀ကျော် ထပ်မံတိုးလာတာကြောင့် လက်ရှိမှာ စစ်ရှောင် ၃၀၀ကျော် ရှိတဲ့ နေရာတစ်ခုပါ။
“ ဒီကိုရောက်လာတဲ့သူတွေအားလုံးက အခက်အခဲကြားကနေ လာကြတာဆိုတော့ အချင်းချင်းရိုင်းပင်းကူညီကြတယ်။ အခု အသစ်လာတဲ့သူဆိုရင် ဘာမှမပါလာကြဘူး။ ကျမတို့ဆီကရှိတာတွေခွဲပေး။ စ ရောက်တုန်းက အချင်းချင်းချက်ကျွေးကြတယ်။ အလှူရှင်တွေက အရင်လိုမဟုတ်တော့ပိုခက်ခဲတာပေါ့။” လို့ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက စစ်ရှောင်စခန်းကို ရောက်ရှိနေတဲ့ မအဲနက်က ဆိုပါတယ်။
မအဲနက်နဲ့ဒေါ်မေစုတို့နေတဲ့ ဆီဆိုင်စစ်ရှောင်စခန်းဟာ အလှူရှင်တွေ လာရောက်လှူဒါန်းတာမရှိကြောင်းနဲ့ အရင်ရောက်ရှိနေ တဲ့ မအဲနက်တို့လိုစစ်ရှောင်တွေက ဆီဆိုင်မြို့ပေါ်နဲ့ အနီးအနားနေ့စားအငှားလိုက်ပြီး ရလာတဲ့ငွေကြေးနဲ့အချင်းချင်း ကူညီ ရိုင်းပင်းနေရတဲ့အနေအထားဖြစ်နေတယ်လို့ ပြောလာပါတယ်။
“ ကျမတို့ စရောက်တုန်းက အလှူရှင်တွေလာသေးတယ်။ အခုနောက်တော့မလာသလောက်ပဲ။ ကျမတို့က နေ့စားလိုက်တယ်။ ရတဲ့ဝင်ငွေနဲ့ အသစ်တွေကို ကူညီတယ်။ ချက်စားတယ်ပေါ့။” လို့ မအဲနက်က ဆိုပါတယ်။
“၁၁.၁၁ စစ်ဆင်ရေး” စတင်ပြီး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ် ၊ ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်စခန်းများတွင် စစ်ရှောင်ဦးရေ တစ်သောင်းကျော်တိုးလာပြီး အဲဒီထဲမှာ အမျိုးသမီးနဲ့ကလေး ထက်ဝက်ကျော်ရှိကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ရှိသူ အမျိုးသမီးတစ်ဦး က ပြောပါတယ်။
အဲ့ဒီဆီဆိုင်မြို့နယ်မှာ အရင်ကလည်း စစ်ရှောင်တစ်သောင်းနီးပါးရှိခဲ့ရာ လက်ရှိမှာ အသစ်ရောက်လာတဲ့ စစ်ရှောင်တွေနဲ့ဆိုရင် နှစ်သောင်းကျော်ရှိလာပါတယ်။
စစ်ဘေးရှောင်အများစုဟာ ဆီဆိုင်မြို့နယ်ထဲက ရေဖြူကျေးရွာ၊ လာဇရုကျေးရွာ၊ အောင်ကလပ်ကျေးရွာ၊ နောင်ထောဝ် ကျေး ရွာနဲ့ မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ဘုရားဖြူရပ်ကွက် ၊ ဟိုခဲရပ်ကွက်၊ အောင်သပြေရပ်ကွက်၊ သီရိရပ်ကွက်၊ မင်္ဂလာရပ်ကွက်၊ မြကန်သာ ရပ်ကွက်တွေမှာ နေထိုင်ကြကြောင်း စစ်ဘေးရှောင်တာဝန်ရှိသူက ရှင်းပြပါတယ်။
“ စစ်ရှောင်စခန်းတွေမှာ အခုကအမျိုးသမီးနဲ့ကလေးတွေပိုများတယ်။ မွေးခါနီးကိုယ်ဝန်သည်လည်းပါတယ်။ သူတို့ထွက်လာ တုန်းက အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပဲလာတော့ အကူအညီအရမ်းလိုအပ်နေတယ်။ ကလေးမွေးမယ့်သူဆိုရင် အနှီးတောင် မရှိဘူး။”လို့ စစ်ရှောင်စခန်းတာဝန်ရှိသူတစ်ဦးက လက်ရှိစစ်ရှောင်စခန်းအခြေအနေကို ပြောလာပါတယ်။
လွိုင်ကော်မြို့က စစ်ဘေးရှောင်လာကြတဲ့ ပြည်သူတွေဟာ ရှမ်းပြည်နယ်တောင်ကြီးမြို့၊ အေးသာယာမြို့သစ်၊ ရွှေညောင်မြို့ ၊ အောင်ပန်း၊ အင်းလေးဒေသ၊ ပင်လောင်းမြို့၊ ဆီဆိုင်မြို့ ၊ ဟိုပုံးမြို့နဲ့နောင်တရားမြို့တွေမှာ စစ်ရှောင်နေကြရပါတယ်။
လက်ရှိမှာတော့ စစ်ဘေးရှောင်များအတွက် အလှူရှင်တွေရောက်မလာတဲ့အခါ ရွာခံတွေက ကိုယ်ထူကိုယ်ထနဲ့ ရှာဖွေကျွေး မွေးနေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။
ဒါ့ကြောင့် စစ်ဘေးရှောင်တွေရဲ့ စားနပ်ရိက္ခာရရှိရေးသာ အဓိကဖြစ်နေတဲ့အတွက် အမျိုးသမီးလစဥ်ဓမ္မတာကိစ္စ၊ အမျိုးသမီး ကိုယ်ဝန်သည် အဟာရ၊ အားဆေး၊ မွေးကင်းစမိခင်လောင်းနဲ့ ကလေးငယ်တွေကို ဦးစားပေးမကြည့်ရှုနိုင်ကြောင်းလည်း ဆီ ဆိုင်မြို့နယ်မှာ စစ်ဘေးရှောင်အရေးကူညီနေတဲ့ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
ပင်လောင်း-ဖယ်ခုံ တစ်ကြောတွင်ရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေအတွက်လည်း စားနပ်ရိက္ခာသွားရောက်ပို့ ဆောင်တဲ့အခါ စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့က ဂိတ်မပေးဖြတ်တာ၊ ပါလာတဲ့စားနပ်ရိက္ခာ ဆန်အိတ်တွေကို ဓားဖြင့်ထိုးပြီး ဖြတ်တောက် လုယူတာတွေပြုလုပ်နေကြောင်းလည်း ၎င်းက ထပ်လောင်းပြောပါတယ်။
“ ကျမတို့ စစ်ရှောင်ကူညီနေတဲ့သူတွေကိုလည်း စစ်ကောင်စီက လာပြီးမေးမြန်းတာလုပ်တယ်။ အချို့ ကျမတို့အဖွဲ့တွေ ပင် လောင်း၊ ဖယ်ခုံဘက်သွားကူရင်လည်း စစ်ကောင်စီနဲ့ PNOက နည်းမျိုးစုံအကျင့်ယုတ်တာ။ ဆန်အိတ်ကိုဓားနဲ့ထိုးတာ နောက် ယူသွားတာတွေရှိတယ်။ တခါတလေ အရက်သောက်ပြီးရစ်တာတွေရှိတယ်။” လို့ သူက စစ်ရှောင်သွားကူညီချိန် ကြုံတွေ့ရ တာကို ပြောပြပါတယ်။
လက်ရှိမှာတော့ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေသလို ဆောင်းရာသီဖြစ်တဲ့အတွက် အနွေးထည်၊ စောင်နဲ့ အခင်းတွေလည်း လိုအပ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းက စစ်ဘေးရှောင်ကူညီသူများက ပြောပါတယ်။
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်းရဲ့ “၁၁.၁၁ စစ်ဆင်ရေး” ဟာ နှစ်လဝန်းကျင်ရှိနေပြီဖြစ်ပြီး တိုက်ပွဲတွေလည်း ဆက်လက် ဖြစ်ပွားနေသေးတဲ့အတွက် စစ်ရှောင်တွေ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးပါဘူး။
ကရင်နီပြည်မှာ “၁၁၁၁”စစ်ဆင်ရေး စတင်တဲ့ နိုဝင်ဘာ ၁၁ ကနေ ဒီဇင်ဘာ ၂၀ရက်အထိ စစ်တပ်ရဲ့လက်ချက်နဲ့ အမျိုးသမီး ၃၆ဦး၊ အသက်မပြည့်သေးတဲ့ ကလေးငယ်၂၄ ဦးအပါအဝင် အရပ်သား ၁၅၈ ဦးသေဆုံးခဲ့ကြောင်း ကရင်နီလူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့(KHAI)က ထုတ်ပြန်ထားပါတယ်။
သေဆုံးသူတွေဟာ လွိုင်ကော်၊ ဒီးမော့ဆို၊ဖယ်ခုံနဲ့မိုးဗြဲမြို့နယ်မှ အရပ်သားပြည်သူတွေဖြစ်ပြီး သေဆုံးတဲ့သူတွေထဲမှာ အသက် ၁၈နှစ်အောက် အမျိုးသမီးခုနစ်ဦးပါဝင်ကာ အသက် ၅၀ကျော်၊ ၆၀အရွယ်အမျိုးသမီးတွေနဲ့ ကိုယ်ဝန်သည် အမျိုးသမီးတွေ လည်းပါဝင်ကြောင်း KHAI မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
စစ်ဘေးရှောင်တွေဟာ မိမိနေရပ်မှာ ကျန်ရှိတဲ့တောင်ယာကို မိသားစုဝမ်းရေးအတွက် ပြန်လည်လုပ်ကိုင်ချင်နေကြပြီး အလှူ ရှင်တွေ လာရောက်ပေးဝေမှစားရမယ့်ဘဝမှ လွတ်မြောက်ချင်ပြီဖြစ်ကြောင်းနဲ့ ကလေးတွေကို စိတ်အေးချမ်းစွာ ပညာသင် ကြားခွင့်ရစေချင်ကြောင်း ဒေါ်မေစုက သူ့ဆန္ဒကို အခုလို ပြောပြလာပါတယ်။
“ ကျမကလေးတွေ စိတ်ဒဏ်ရာနဲ့စာမသင်စေချင်တော့ဘူး။ လေယာဥ်ပျံသံကြားတိုင်း ငိုနေတာတွေမမြင်ချင်ဘူး။ ကလေးတွေ ကလည်း ဒီလိုပြေးရင်းလွှားရင်းနဲ့ကြီးလာမယ်။ စာလည်းသင်လိုက်ရ နားလိုက်ရ ကလေးတွေအနာဂတ်ကို တွေးပြီးစိတ်ပူတယ် ။”