Home ဆောင်းပါး ဝေးလံခေါင်ဖျားတဲ့အရပ်ဒေသမှာ အမျိုးသမီးတွေဘယ်လိုရှင်သန်နေထိုင်နေသလဲ

ဝေးလံခေါင်ဖျားတဲ့အရပ်ဒေသမှာ အမျိုးသမီးတွေဘယ်လိုရှင်သန်နေထိုင်နေသလဲ

ကြည်ဖြူ။ ။

“မိဘတွေမရှိတော့ သူများအထင်သေးတာနဲ့ သူများစော်ကားမှာ ကြောက်လို့ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ပြုလိုက်တာ”

ဒီစကားဆိုသူကတော့ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်ထဲက သစ်ပင်တွေထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အပြင် စာသင်ကျောင်း ကျန်းမာရေးဌာန ဘုန်းကြီးကျောင်းမရှိသည့် လိုင်းတနျွားကျေးရာရှိ တောင်ခြေတွင် နေထိုင်သော နန်းမူးက ဆိုပါသည်။

သူမ အသက် ၇ နှစ်အရွယ်ခန့်တွင် မိခင်ဖြစ်သူသည် သူမ၏မောင်လေးကို မွေးဖွားစဉ် သေဆုံးသွားခဲ့ရပြီး ကျန်ရှိခဲ့သော ဖခင်နဲ့ မောင်နှမသုံးယောက်ရှိပြီး ဖခင်က သူမကို ကျောင်းပညာရေး ၄ တန်းထိသာထားခဲ့ပါသည်။ ထို့နောက် ဖခင်အနေဖြင့် နောက်အိမ်ထောင်ပြုကာ သူတို့မောင်နှမသုံးယောက်ကို ထားခဲ့ပြီး လိုင်းတနျွားကျေးရွာမှာ ထွက်သွားခဲ့ပါသည်။

လိုင်းတနျွားကျေးရွာတွင် ကျန်ရှိခဲ့သော မောင်နှမသုံးယောက်သည် နေစရာအိမ်လည်းမရှိသလို စားစရာဆန်ပင်မရှိသောကြောင့် မတတ်နိုင်တဲ့ အဆုံး ဖခင်နေထိုင်သောကျေးရွာသို့လိုက်သွားခဲ့ပါသည်။

“အဖေတို့နဲ့ လိုက်နေတာ မိထွေးက မကြိုက်ဘူး” နန်းမူးက ဆိုပါသည်။

မိထွေးဖြစ်သူက မကြည်ဖြူသဖြင့် မောင်လေးဖြစ်သူကို ဖခင်ဆီမှာချန်ခဲ့ပြီး ညီအစ်မနှစ်ယောက် လိုင်းတနျွားရွာကို ပြန်လာခဲ့သည်ဟု ဆိုပါသည်။

နောက်ပိုင်းတွင် သူတို့ ညီအစ်မနှစ်ယောက် သူများခြံလိုက်ကာ တစ်နေ့ရှာ တစ်နေ့စားပြုလုပ်ပြီး စားရတစ်လှည့် ငတ်တစ်လှည့်ဖြင့် ဖြတ်သန်းလာသည်မှာ နန်းမူး အသက် ၁၅ နှစ်ထိပင်ဖြစ်သည်။ ထိုနှစ်မှာပဲ အစ်မဖြစ်သူကလည်း အိမ်ထောင်ပြုကာ တခြားတရွာကို ပြောင်းသွားပြန်သည်။ နန်းမူးသည် လိုင်းတနျွားကျေးရွာတွင် ဆွေးမျိုးမရှိ၊ မောင်နှမရှိ၊ မိဘမရှိဖြင့် ကျန်ရစ်ခဲ့ရသည်။

နန်းမူးသည် ထိုသို့တစ်ယောက်တည်းနေလာပြီး အသက် ၁၇ အရွယ်တွင် ခေါင်းထဲတွင် ပထမဆုံး ပေါ်လာသောအတွေးက “ကိုယ်ကမိန်းခလေးဖြစ်တယ် မိဘလည်းမရှိဘူး သူများအထင်သေးမှာလည်း ကြောက်တယ် သူများအထင်သေးရင် သူများမုဒိမ်းကျင့်တာတွေဘာတွေ ခံရမှာ”ဟု ဖြစ်သည်။

“အားကိုးစရာလူ ယုံကြည်စိတ်ချတဲ့ သူကိုရှာတော့မယ်” လို့ဆုံးဖြတ်ချက်ချကာ သူမ အသက် ၁၇ နှစ် မှာပင် အသက် ၃၀ ကျော်ရှိသော အမျိုးသားတစ်ဦးကို လက်ထပ်ခဲ့ပါသည်။

“ကိုယ်ထက်အသက်ကြီးတဲ့ သူဆို ကိုယ့်ကိုပိုချစ်မယ်ထင်လို့” ဟုနန်းမူးက ဆိုသည်။

သူမ၏ အမျိုးသားသည် သူများ၏ ကျွဲ၊ နွားတွေကို ကျောင်းပေးပြီး သူမကတော့ အိမ်အောက်က နွားချီးတွေကို ကျုံးသောအလုပ်ကို လုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်းပြုကြသည်။ သူမ အသက် ၂၁ နှစ်တွင် သူမ ကိုယ်ဝန်ရှိလာသည်။

ညနေစောင်းချိန် သစ်ပင်တွေကြားထဲက နေလုံးကြီးတဖြည်းဖြည်းဝင်သွားသည်မှာ အင်မတန်မှ လှပသော အချိန်ဖြစ်သည်။သို့ရာတွင် ထိုအချိန်သည် နန်းမူးအတွက် မလှပခဲ့ပေ။ အကြောင်းမှာ သူမရဲ့ အမျိုးသားက နွားအကောင်ရေ ၆၀ ကျော်ရှိသော နွားအုပ်ကြီးကို ကျောင်းရင်း အိမ်ပြန်လာချိန်ဖြစ်သောကြောင့်ဖြစ်သည်။

ထိုသို့ပြန်လာတိုင်း သူမအိမ်ရှေ့ထွက်စောင့်ကာ နွားများကိုခြံသွင်းကူလေ့ရှိသည်။ ကိုယ်ဝန်ကြီးရင့်လာသည့် နောက်ပိုင်းတွင် အရင်လို မပေါ့ပါး မသွက်လက်တော့။ ထိုရာတွင် သူ့အမျိုးသားသည် သူမကို အဲလောက် နှေးကွေးရကောင်းလားဆိုပြီးတော့ “မြန်မြန်မလုပ်လို့ဆိုပြီး ကျွန်မကို လေးခွနဲ့ ပစ်တယ်”ဟု ဆိုပါသည်။

နန်းမူးအနေဖြင့် ၎င်း အားကိုးအားထားရတဲ့ သူ ယုံကြည်ထားရတဲ့သူက ယခုလို နာကျင်အောင် လုပ်သောကြောင့် အရမ်းနာကျင်ရသည်ဟုဆိုသည်။

“အားကိုးစရာလူမရှိလို့ သူ့ကိုအားကိုးပါတယ်ဆို သူက အဲလိုလုပ်တော့ အရမ်းဝမ်းနည်းတယ်” ဟု ဆိုပါသည်။

တစ်နေ့တွင် ၉ လထဲရောက်နေသော ကိုယ်ဝန်နဲ့ အိမ်အောက်က နွားချီးကျုံးနေခဲ့ပြီး “နွားချီးကျုံးနေရင် ဗိုက်အောင့်ကာ နွားချီးပေကျံနေသော အဝတ်အစားနဲ့ ဒီတိုင်းဘဲသမီးလေးကို မွေးလိုက်တာ” ဟု ပအိုဝ်းဝတ်စုံ ခပ်နွမ်းနွမ်းဝတ်ထားပြီး ပအိုဝ်းခေါင်းပေါင်းအစိမ်းရောင်ကို ပေါင်းထားသော နန်းမူးက ဆိုပါသည်။

“နွားချီးတွေနဲ့ မီးနေနေရသလိုဘဲ” သူမကိုယ်တိုင် အဝတ်အစားထလဲဖို့ မလုပ်နိုင်သလို သူမရဲ့ အမျိုးသားကလည်း မလုပ်ခဲ့ဘူးလိုဆိုပါသည်။

နံစော်နေသောကြောင့် အိမ်နီးနားချင်း ပတ်ဝန်းကျင်ကလည်း လာမကြည့်ကြပေ။

နန်းမူးသည် စီးပွားရေးအခြေအနေကြောင့် ကလေးမွေးပြီး ၁၀ ရက်ကြာတွင် အလုပ်ခွင်သို့ပြန်ဝင်ရပြီး ကလေးကို နို့ပြေးတိုက်လိုက်၊ အလုပ်ပြန်လုပ်လိုက်နှင့် ဖြတ်သန်းခဲ့ရာ သမီးအကြီး ၄ နှစ်ရှိလာတဲ့အချိန်မှာ နောက်ထပ် ဒုတိယ သမီးကိုယ်ဝန်ထပ်ရပြန်သည်။ ဒုတိယသမီးကိုလည်း နွားချီးကျုံးနေရင်းပင် ခက်ခက်ခဲခဲနဲ့ ထပ်မွေးပြန်သည်။

လိုင်းတနျွားကျေးရွာသည် ကျန်းမာရေးဌာန ဆေးပေးခန်းလည်းမရှိသလို စာသင်ကျောင်းလည်း မရှိပေ။ နေမကောင်းလျှင် ကျန်းမာရေးဌာနရှိသော တခြားကျေးရွာကို သွားပြရန်အတွက် တစ်နာရီလောက် လမ်းလျောက်ရသောကြောင့် အများစုမှာ သားဆက်ခြားခြင်းနဲ့ ကျန်းမာရေးဆိုင်ရာ အသိပညာများမရှိခဲ့ပေ။

“သမီးအကြီးဆုံး သမီးကို မွေးပြီး သားဆက်ခြားဆေးသွားထိုးခဲ့တယ်။ ထိုးပြီး အိမ်ပြန်ရောက်တာနဲ့ နေမကောင်းဘူး အဖျားတက်တယ် နေလို့ထိုင်လို့မကောင်းဘူး” ဟုဆိုပြီး ထို့နေ့ကစပြီး ယခုအချိန်အထိ သူမ သားဆက်ခြားဆေးမထိုးတော့ပေ။

သားဆက်ခြားဆေးမထိုးသောကြောင့် ဒုတိယသမီး ၂ နှစ် ကျော်လောက်မှာ သားလေးတစ်ယောက် ထပ်မွေးပြန်သည်။ လက်ရှိတွင် နန်းမူး၏ သားလေးသည် လေးလ သားအရွယ်ပင်ရှိသေးသည်။

“အစ်မရွာဘက်က အသက် ၁၈ နှစ်ပြည့်မှ အိမ်ထောင်ပြုရမယ် စည်းကမ်းတွေ သတ်မှတ်ထားတာတွေ မရှိဘူး” ဟုအိမ်ထောင်ပြုတာနဲ့ ပက်သက်ပြီး စည်းကမ်းချမှတ်ထားခြင်းမရှိသည့်အပြင် ထိုရွာတွင် ရွာသူကြီးတောင် မရှိဘူးလို့ ဒေသခံအမျိုးသမီးတစ်ဦးကဆိုပါသည်။

“ကျန်းမာရေးဌာနနဲ့ ဝေးကွာတာကတစ်ကြောင်း ပညာရေးအားနည်းတာကတစ်ကြောင်း မြို့နဲ့ ဝေးတော့ အခွင့်အလမ်းတွေက သူတို့အတွက် ရွေးချယ်စရာဆိုတာ မရှိသလောက် ရှားတယ်” ဟု ပအိုဝ်းအမျိုးသမီးသမဂ္ဂက လူထုစွမ်းရည်မြင့်တင်ရေး တွဲဖက်တာဝန်ခံ နန်းယဉ်က ဆိုပါသည်။

နန်းမူးဖြစ်ချင်သော ဆန္ဒတစ်ခုသည် “စိတ်ချမ်းချမ်းသာသာနဲ့ နေချင်တယ် အရမ်းကြီး မခမ်းနားရင်နေပါ။ လုံခြုံတယ် စားအသောက် အလုံအလောက် ရှိရင် ကျေနပ်တယ်။ အခု ကျမ ကလေးက အင်္ကျီရှိရင် ဘောင်းဘီမရှိဘူး။ ကလေးတွေလည်း သူများကလေးတွေနဲ့သူအောင်ထားချင်တယ်” ဟု ဆိုပါသည်။

“ကျွန်မတို့ငယ်ငယ်တုန်း ကျောင်းထားပေးတဲ့သူမရှိတော့ ကျောင်းမတက်ရဘူး။ ကျွန်မရဲ့ သားသမီးတွေကိုတော့ ကျောင်းပညာပြီးဆုံးထိတိုင်ထားချင်တယ်။ သူတို့ကို နေပူထဲမှာ အလုပ်လုပ်ရတာတွေ မဖြစ်ချင်ဘူး သူတို့ အရိပ်အောက်မှာ အေးဆေးလေးနဲ့ပဲ အလုပ်လုပ်စေချင်တယ်” သားသမီးအပေါ် မျှော်လင့်ထားသော မိခင်တစ်ယောက်ရဲ့ မျှော်လင့်ချက်ဖြစ်သည်။

“ ရွာမှာ ကျန်းမာရေးဌာန နဲ့ စာသင်ကျောင်း ရှိရင်ပိုကောင်းတယ်၊ဆေးခန်းမရှိတော့ မသေသင့်တဲ့ သူတွေ သေသွားတာလည်းမနည်းဘူးလေ။ လမ်းကောင်းတာလည်းလိုချင်တယ်။ ပြီးရင် ရေကန်လိုချင်တယ်။ ဒီရွာမှာ နွေရာသီကျရင် ရေမရှိဘူး။ သူများလှူတာဘဲ သူများလာမလှူရင် ရေငတ်တယ်လေ”

ကျေးရွာတွင် ဖွံဖြိုးမူနောက်ကျသောကြောင်း လိုအပ်အများကြီးရှိသော လိုင်းတနျွားရွာအတွက် ဒေသခံများက လိုအပ်ချက်လည်းဖြစ်သလို ထိုဒေသရှိ ဒေသခံများရဲ့ သူတို့ရဲ့ လိုအပ်ချက်ကို လုပ်ပေးနိုင်သော သူကိုလည်း မျှော်လင့်နေကြောင်းကိုလည်း ပြောပါသည်။

Related Articles