Home ဆောင်းပါး လိင်မုဆိုးများ၏အွန်လိုင်းခြိမ်းခြောက်မှုကိုရင်ဆိုင်ခြင်း

လိင်မုဆိုးများ၏အွန်လိုင်းခြိမ်းခြောက်မှုကိုရင်ဆိုင်ခြင်း

မိုးမိုး။ ။
HD လို့အရပ်ထဲမှာခေါ်ကြတဲ့ သမီးရည်းစားနှစ်ယောက် ချစ်တင်းနှောနေတဲ့ ဗီဒီယိုဖိုင်တွေကို ကြည့်ဖူးပါသလား။

အင်တာနက်ပေါ်မှာဖြစ်ဖြစ်၊ Facebook group တွေကဖြစ်ဖြစ်၊ ဒါမှမဟုတ် Zapya နဲ့တယောက်ယောက်ဆီက ကူးပြီးကြည့်တာလဲဖြစ်ချင်ဖြစ်မှာပေါ့။

သင်ဟာ ချစ်သူရည်းစားတွေ ချစ်တင်းနှောတဲ့ ဗီဒီယိုဖိုင်တွေအကြောင်းကြားရင် စိတ်ဝင်တရား ဖြစ်နေတဲ့သူဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်းတွေဆက်မေးဖို့အကြံပြုပါရစေ။

ဒီဗီဒီယိုထဲမှာ ပါတဲ့သူတွေက သင့်သမီး၊ သင့်ညီမ ၊ အမ ဒါမှမဟုတ် သင့်မိသားစုဝင်တွေထဲက တယောက်ယောက် ဖြစ်နေခဲ့မယ်ဆိုရင်ရော ဆက်ကြည့်နေဦးမှာလား။ ဘာဆက်လုပ်မှာလဲ။

ကံဆိုးကြတဲ့ မြန်မာအမျိုးသမီးအချို့ဟာ အထက်ပါဖြစ်ရပ်တွေမှာသားကောင်တွေဖြစ်နေခဲ့ရပါတယ်။ သူတို့မသိအောင် (ဒါမှမဟုတ်) နှစ်ဦးသဘောတူ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွေကိုကိုင်ပြီး အကျပ်ကိုင်သူတွေကြောင့် လူတောမတိုးရဲရအောင် ဘဝပျက်ရတာ၊ မိသားစုအလိုက်ဘဝတလျှောက်လုံး လူမသိသူမသိနေကြရတာတွေ ဖြစ်နေကြရပါတယ်။

သူတို့ရဲ့ဘဝကိုနင်းခြေခဲ့ကြတဲ့ တချိန်က သူတို့ရဲ့ဘဝလက်တွဲဖော်အဖြစ်ယုံကြည်ကြတဲ့ ရည်းစားဟောင်းတွေ၊ အွန်လိုင်းမုဆိုးတွေကတော့ ကျူးလွန်ခဲ့တဲ့အပြစ်အတွက် ထိရောက်တဲ့အပြစ်ဒဏ်တွေမခံကြရဘဲ လွှတ်မြောက် နေခဲ့ကြပါတယ်။

အထက်ပါအဖြစ်အပျက်တွေဖြစ်လာခဲ့ရင် နစ်နာသူအမျိုးသမီးတွေဘက်က လိုက်ပါအကူအညီပေးနေတဲ့ ဦးစည်သူရဲ့ အဆိုအရ သူ့ထံလာအကူအညီတောင်းတဲ့ အမျိုးသမီးတွေဟာ တစ်ရက်ကို တစ်ယောက်နှုန်းခန့်ရှိနေတယ်လို့ ဆိုပါတယ်။

သူဟာ Facebook ပေါ်မှာ Group တစ်ခုတည်ထောင်ပြီး လိင်ပိုင်းဆိုင်ရာလျှို့ဝှက်ချက်တစ်ခုခုကိုအကြောင်းပြုပြီး ခြိမ်းခြောက်ခံနေရတဲ့ အမျိုးသမီးတွေကို အကူအညီပေးနေတာလည်းဖြစ်ပါတယ်။

“အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခံရခြင်းမှ ကင်းဝေးစေဖို့” လို့အမည်ပေးထားတဲ့ Facebook Group ဟာ ပြီးခဲ့တဲ့ လပိုင်းအတွင်း ၂၀၂၀ အောက်တိုဘာလကုန်ပိုင်းကမှ တည်ထောင်ခဲ့တာဖြစ်ပြီး အခုအချိန်မှာ အဖွဲ့ဝင် ၁၂,၀၀၀ ကျော်ရှိနေပါပြီ။

“အဓိက ကျနော့်ရဲ့ ရည်ရွယ်ချက်သည် (အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ) ခြိမ်းခြောက်ခံရမှုတွေကို တားဆီးချင်တာ” လို့ ဦးစည်သူကဆိုပါတယ်။

လာရောက်အကူအညီတောင်းခံကြတဲ့ အမျိုးသမီးတွေက အသက်အရွယ်၊ ပညာရေးအဆင့်အတန်းနဲ့ နေထိုင်ရာဒေသတွေ ကွဲပြားကြပေမယ့် သူတို့ကြုံတွေ့နေကြရတဲ့အဖြစ်အပျက်တွေကတော့ တူညီကြပါတယ်။

အခုနောက်ပိုင်းမှာ ဆိုရှယ်မီဒီယာကို အသုံးပြုသူ များလာတာနဲ့ အမျှ ချစ်သူရည်းစားဘဝမှာ အတူနေခဲ့တဲ့ ဗီဒီယိုဖိုင်တွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုကော ပြောစဉ်မှာ အဝတ်ဗလာနဲ့ ပြောဆိုကြတဲ့အခါ မှတ်တမ်းယူထားတဲ့ ဗီဒီယိုဖိုင်တွေကို ချစ်သူ ရည်းစားတွေ အဆင်မပြေတဲ့ အချိန်မှာ ဒါတွေပြပြီး လိင်အမြတ်ထုတ်ဖို့ကြိုးစားတာတွေ၊ ခြိမ်းခြောက်တာတွေနဲ့ ငွေညှစ်တောင်းတဲ့ ဖြစ်စဉ်တွေဖြစ်လာကြပါတယ်။

သူ့ရဲ့အမည်အရင်းကို မဖော်ပြဖို့တောင်းဆိုတဲ့ ရန်ကုန်မြို့က အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တစ်ခုက ကျောင်းသူ တစ်ယောက်ဟာလည်း လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်မှုတွေကြုံတွေ့ခဲ့ရပါတယ်။

ချစ်သူနှစ်ဦး ကြည်နူးနေစဉ် ရိုက်ကူးထားခဲ့တဲ့ ဗီဒီယိုဖိုင်ကို သူမရဲ့ရည်းစားဟောင်းက အွန်လိုင်းပေါ် လွှင့်တင်ခဲ့တဲ့ အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတဲ့ သူလည်းဖြစ်ပါတယ်။

“တကယ့် တကယ် ဖြစ်လာတော့ မရှုနိုင် မကယ်နိုင် ဘယ်သူ့မှလည်း ပြောလို့ မရ။ အိမ်က မိဘကိုလည်း ပြောမယ်ဆို တော့လည်း မိဘက စိတ်ဆင်းရဲမှာ ညီမ ကြောက်တယ်” လို့ သူမကဆိုပါတယ်။

နောက်ဆုံးမှာတော့ အဆိုပါအမျိုးသမီးငယ်က ဦးစည်သူနဲ့ချိတ်ဆက်မိခဲ့ပြီး လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခံတဲ့ အဖြစ်အပျက်ကို ငြိမ်ခံမနေဘဲ တုန့်ပြန်ဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။

“ကိုစည်သူကို စတိုင်ပင်တော့ ဘာလုပ်သင့်လဲ တိုင်ပင်တာ။ ကိုစည်သူ ပြောပြတဲ့ အချက်က ဘာလဲဆိုတော့ မိဘကို ပြောပြပါ။ မိဘသည် ကိုယ့်ဘေးနားမှာ မားမားရပ်ရပ် ရပ်တည်ပေးမယ့်သူ ဖြစ်တယ်။ အဲ့လိုမျိုးကျတော့ ညီမ အမေကို ပြောပြလိုက်” လို့ဖြေရှင်းခဲ့ပုံကို အသေးစိတ်ပြောပြပါတယ်။

အလားတူပြဿနာမျိုးဖြေရှင်းပါက ဥပဒေနည်းလမ်းဖြင့်ဖြေရှင်းသလို အွန်လိုင်းပေါ်ရောက်နေသည့် ရုပ်သံဖိုင်များ ပျောက်သွားအောင်နည်းပညာအသုံးပြုဖြေရှင်းခြင်း၊ လွှင့်တင်သည့်ကာယကံရှင်ကို ပြန်ဖြုတ်ချရန် တိုက်ရိုက် တောင်းဆိုခြင်း စသည့်နည်းလမ်းများအသုံးပြုဖြေရှင်းကြပါတယ်။

ယင်းကိစ္စရပ်များကို ဖြေရှင်းပေးတဲ့အခါမှာ အတတ်နိုင်ဆုံး သိုသိုသိပ်သိပ်နည်းနဲ့ ဖြေရှင်းပေးခဲ့ပြီး မလိုအပ်ပါက ကာယကံရှင် နှစ်ဦးစလုံးရဲ့ အမည်ကို မဖော်ပဲ ကူညီဖြေရှင်းပေးလိုက်တဲ့ ဖြစ်စဉ်တွေရှိတယ်လို့ ဦးစည်သူက ဆိုပါတယ်။

အဆိုပါ တက္ကသိုလ်ကျောင်းသူရဲ့ရုပ်သံဖိုင်က နောက်ဆုံးမှာပြုတ်ကျသွားခဲ့ပြီး လွှင့်တင်သူဘက်ကလည်း သူ့လုပ်ရပ်တွေကို နောက်ဆုတ်သွားခဲ့ပါတယ်။ ဒါပေမယ့် နစ်နာခဲ့ရတဲ့ ကျောင်းသူကတော့ တက္ကသိုလ်ကနေထွက်သွားခဲ့ရပါတယ်။

အကူအညီတောင်းတဲ့အမျိုးသမီးတွေဟာ တခါတရံမှာ သူတို့မသိလိုက်ဘဲ ခိုးရိုက်ခံရတဲ့ ဓာတ်ပုံနဲ့ဗီဒီယိုတွေကြောင့် ခြိမ်းခြောက်ခံရသလို၊ တချို့ကတော့ သူတို့ကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့သူများလည်းရှိကြသည်။

“(တချို့ကတော့) သူတို့မှာ ဟာကွက်ရှိသွားလို့ တိုက်ခိုက်ခံရတာလေ။ အလကားနေရင်း ခြိမ်းခြောက်ခံရတာ မဟုတ်ဘူး။ ဝတ်လစ်စလစ် ဗီဒီယို ပို့ဖူးလို့၊ ဝတ်လစ်စလစ်ဓာတ်ပုံ ပို့ဖူးလို့၊ Sex Chat ဖူးလို့၊ ဘဲနဲ့ Sex Chat လုပ်တဲ့ ကာလမှာ Video ရိုက်မိလို့ သူတို့ ဒီလို ဖြစ်ကြတာများတယ်ဆိုတော့ သူတို့ကိုယ်တိုင်လည်း အမှားတွေ ရှိခဲ့ကြတာလေ” လို့ ဦးစည်သူက ဆိုပါတယ်။

လူသန်းပေါင်းများစွာ အသုံးပြုနေတဲ့ လူမှုကွန်ရက်နဲ့ အင်တာနက်ပေါ်မှာ ပေါက်ကြားလာတဲ့ နှစ်ကိုယ်ကြားရုပ်သံတွေဟာ လူစိတ်ဝင်စားမှုများလေ့ရှိတာမှန်ပေမယ့် အဆိုပါရုပ်သံဖိုင်မျိုးက ကာယကံရှင်တွေအတွက် အရှက်ရစေတာကြောင့် လူ့ကျင့်ဝတ်အရ ထပ်ဆင့်မျှဝေတာမျိုးမလုပ်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ အိုင်တီကျွမ်းကျင်ပညာရှင် တစ်ဦးလည်းဖြစ်သည့် ဦးနေဘုန်းလတ်က ပြောပါတယ်။

“သာမန် မိန်းကလေးတစ်ယောက် ဒီလို ဖြန့်တာခံရတော့ အရမ်းနစ်နာတာပေါ့။ ပရော်ဖက်ရှင်နယ် ရိုက်တာကို ဟိုဖြန့် ဒီဖြန့်လုပ်တာ ပြဿနာ မရှိပေမယ့် ဒီလို ဟာမျိုးဆိုရင် တဖက်သားမှာ အများကြီး နစ်နာတယ်ဆိုတဲ့ အသိမျိုးလေးပေါ့နော်။ အဲ့လို အသိမျိုး လူတိုင်းမှာ ဝင်ဖို့ လိုတာပေါ့” လို့ ဦးနေဘုန်းလတ်က ဆိုပါတယ်။

ဖေ့ဘွတ်ခ် လူမှုကွန်ရက်ပေါ်တွင် ယင်းကဲ့သို့ ဗီဒီယိုဖိုင်များကို လက်မခံသော်လည်း အခြား ပြန်မျှဝေတဲ့ နည်းလမ်းမျိုးစုံ ရှိနေသည့်အတွက် အကုန်လိုက်ပိတ်နိုင်ဖို့ဆိုတာလည်း မဖြစ်နိုင်သေးကြောင်း ဦးနေဘုန်းလတ်က ဆိုပါတယ်။

“အပလီကေးရှင်း ပုံစံတော်တော်များများက ဒီလိုဟာမျိုးတွေကို ခွင့်မပြုသင့်ဘူးပေါ့နော်။ ဖိုင်တွေ Sharing လုပ်တဲ့ စနစ်တွေ မှာ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ ပေးမ Share တဲ့ဟာမျိုး လုပ်နိုင်ရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် တစ်ချို့ စီးပွားရေးအရ ခွင့်ပြုထားတာ ရှိတာပဲလေ။ နှစ်မျိုးတော့ စဉ်းစားရမှာပေါ့။ အွန်လိုင်းနဲ့ အော့ဖ်လိုင်းပေါ့။ အော့ဖ်လိုင်းမှာတော့ ရည်ရွယ်ချက်ရှိရှိလုပ်တယ်ဆိုတာ သိရင်တော့ ဒီဟာကို တရားဥပဒေအရထိထိရောက်ရောက် အရေးယူသင့်တယ်” လို့ ဦးနေဘုန်းလတ်က မှတ်ချက်ပြုပါတယ်။

ကာယကံရှင်အမျိုးသမီးဘက်က အမှားကျူးလွန်ခဲ့သည်ဖြစ်စေ၊ ခိုးဝှက်ရိုက်ကူးတာခံရသည်ဖြစ်စေ မည်သည့် အခြေအနေမျိုးမှာမဆို အဲ့ဒီပုံရိပ်တွေကိုအသုံးပြုပြီး ခြိမ်းခြောက်အကျပ်ကိုင်တာဟာ ရာဇဝတ်မှုမြောက်သလို၊ လူ့ကျင့်ဝတ်အရလည်း မလျှော်ကန်တဲ့ခြိမ်းခြောက်အနိုင်ကျင့်မှုတွေဖြစ်ပါတယ်။

ကောင်မလေးဘက်မှ အလိုတူသည်ဖြစ်စေ၊ အလိုမတူသည် ဖြစ်စေ ရည်ရွယ်ချက်ရှိရှိ ဗီဒီယိုဖိုင် ရိုက်ကူးပြီး အွန်လိုင်းပေါ် လွှင့်တင်သူများအား ထိရောက်သည့်ပြစ်ဒဏ်များ ချမှတ်နိုင်ရန် ကြိုးစားနေကြောင်း ပြည်သူ့လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာ ကော်မတီ ဥက္ကဌ ဒေါက်တာခင်စိုးစိုးကြည်က ပြောပါတယ်။

လွှတ်တော်တွင်း ဆွေးနွေးရန် ကျန်ရှိနေတဲ့ အမျိုးသမီးများအကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေက အဆိုပါပြဿနာမျိုးကို ကာကွယ်ပေးနိုင်မည် ဖြစ်ကြောင်းလည်း ဒေါက်တာခင်စိုးစိုးကြည်က ပြောပါတယ်။

“ဆရာမတောင် ကြုံတွေ့ခဲ့ဖူးတယ်။ ဆရာမတို့ရဲ့ ဆရာဝန် အသိုင်းအဝိုင်းထဲက ကလေး တစ်ယောက်ဆိုရင် မနည်းကို လိုက်ပြီးတော့ လုပ်ခဲ့ရတာ။ လွန်ခဲ့တဲ့ ၄၊၅ နှစ်က ပေါ့။ ဒါတွေ ပြုတ်ကျသွားဖို့ အရေးကို အားလုံးဝိုင်းပြီး လုပ်ကြရတယ်” လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဒေါက်တာ ခင်စိုးစိုးကြည်က ပြောပါတယ်။

နိုင်ငံတကာမှာတော့ အလားတူဖြစ်ရပ်မျိုးတွေကြုံလာခဲ့ရင် အမျိုးသမီးတွေဘက်က ရပ်တည်ပြီး အပြည့်အဝ အကာအကွယ်ပေးတာတွေ လုပ်နေကြပြီး လိင်မုဆိုးတွေကို ထောင်ဒဏ်နှစ်ရှည်ချမှတ်ပြီးအပြစ်ပေးတာတွေရှိပါတယ်။

လတ်တလောမှာဆိုရင် လိင်ပိုင်းဆိုင်ရာပုံရိပ်တွေအသုံးပြုပြီး အမျိုးသမီးတွေကိုငွေညှစ်တောင်းခံတဲ့ တောင်ကိုရီးယားက ဂိုဏ်းတစ်ခုရဲ့ခေါင်းဆောင် ချိုဂျူဘင် ဆိုသူကို ထောင်ဒဏ်အနှစ် ၄၀ အပြစ်ပေးခဲ့ပါတယ်။ အမှုနဲ့ပတ်သက်နေတဲ့ နောက်ထပ် လူ ၁၀၀ ကျော်ကိုလည်းရဲကဖမ်းဆီးထားပါသေးတယ်။

တောင်ကိုရီးယားမှာတော့ ချိုဂျူဘင် လိုအမျိုးသမီးတွေကို လိင်အမြတ်ထုတ်ငွေညှစ်တဲ့သူတွေအပြင် လိင်မုဆိုးတွေဆီက ရုပ်သံတွေကို ဝယ်ယူကြည့်ရှုကြတဲ့သူတွေကိုပါ အရေးယူဖို့အတွက်တောင်းဆိုမှုတွေရှိနေပါတယ်။

မြန်မာနိုင်ငံမှာတော့ နစ်နာသူအမျိုးသမီးတွေဟာ သူတို့ရဲ့အဖြစ်အပျက်ကို ပိုပြီးလူသိမခံချင်တာ၊ ဒါမှမဟုတ် ဥပဒေကြောင်းအရ လုံလောက်ထိရောက်တဲ့အကာအကွယ်မရတာတွေကြောင့် ခြိမ်းခြောက်အကျပ်ကိုင်သူတွေဘက်က အသာစီးရနေသလို ဖြစ်နေတာတွေလည်းရှိတယ်လို့ အမျိုးသမီးအရေး လိုက်ပါဆောင်ရွက်ပေးနေသူတွေကဆိုပါတယ်။

နစ်နာသူအမျိုးသမီးက အသက်မပြည့်သေးတဲ့ဆယ်ကျော်သက်ဖြစ်ပါ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) အပြင် သက်ငယ်မုဒိန်းမှုလိုမျိုး နောက်ဆက်တွဲအမှုတွေနဲ့တရားစွဲနိုင်ပေမယ့် နစ်နာသူကအသက်ပြည့်ပြီး အမျိုးသမီးဖြစ်ပါက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) နဲ့သာ တရားစွဲဆိုနိုင်တာကြောင့် ယင်းပြစ်ဒဏ်မှာ နည်းသည့်အတွက် ကာယကံရှင် အမျိုးသမီးများမှာ များစွာ နစ်နာရကြောင်းလည်း အမျိုးသမီးအရေးလှုပ်ရှားသူတွေကထောက်ပြကြပါတယ်။

အနာဂတ် အလင်းတန်းများ စုံမှတ်အဖွဲ့ ဒါရိုက်တာလည်း တစ်ဦးလည်းဖြစ်သူ ဒေါ်သက်သက်အောင်က “ ဒီဘက်ခေတ်မှာဆို ရင် ဒီလို ရင်ဆိုင်ရတာတွေ၊ ခြိမ်းခြောက်ခံရတာတွေ များလာတယ်။ ဒါတွေက ကျင့်ဝတ်မလိုက် နာတာလည်း ပါတယ်။ နှစ်ဦးနှစ်ဖက် ပြေလည်တဲ့ အချိန်မှာ ပြေလည်တာလေ။ မပြေလည်တဲ့ အချိန်မှာ မပြေလည်တော့တာကိုဒီအပေါ်မှာ ရှင်း ရှင်းလင်းလင်းနားလည်စေချင်တယ်” လို့ ဆိုပါတယ်။

အခုလို ကိစ္စမျိုးတွေ ဖြစ်လာပြီဆိုပါက ကာယကံရှင် မိသားစု အသိုင်းအဝိုင်းက မိန်းကလေးငယ်ကို ပြစ်တင်ဝေဖန်နေ တာထက်စာရင် ဖေးမမှုတွေ အများကြီး လိုအပ်ကြောင်း၊ လူတိုင်းက အမှားမကင်းဘူးဆို မိသားစုဝင်တွေကိုယ်တိုင် နားလည်ပြီး မိန်းကလေးငယ်၏ စိတ်ပိုင်းဆိုင်ရာ ပြန်လည်တည်ငြိမ်ဖို့ဆိုတာ မိသားစုဝင်များနဲ့ အများကြီး သက်ဆိုင်နေပါ တယ်လို့လည်း ဒေါ်သက်သက်အောင်က ဆိုပါတယ်။

အရွယ်ရောက်တဲ့သူတိုင်း ချစ်သူရည်းစားထားတာ၊ လိင်မှုကိစ္စရှိကြတာတွေဟာ လူ့သဘာဝဖြစ်ပေမယ့် ဒီဖြစ်ရပ်တစ်ခုကို မှတ်တမ်းတင်ထားပြီး လူပုံလယ်မှာအရှက်ခွဲခံရတာကိုတော့ မည်သူမှလိုလားမှာတော့မဟုတ်ပါဘူး။ ဒါပေမယ့် အမျိုးသမီး တချို့ဟာ ကံမကောင်းအကြောင်းမလှဘဲ အရှက်တကွဲအကျိုးနည်းဖြစ်ခဲ့ကြရပါတယ်။ သူတို့ထဲကတချို့ကတော့ ခြိမ်းခြောက်အကျပ်ကိုင်မှုတွေကို ငြိမ်မခံကြတော့ဘဲ ရင်ဆိုင်ဖြေရှင်းပြီး အွန်လိုင်းပေါ်ကလိင်မုဆိုးတွေကို နည်းလမ်းပေါင်းစုံသုံးပြီး တွန်းလှန်နေကြပါတယ်။

Related Articles