ဆိုဖီ
“နင်တို့ အသက်တွေ သစ်ပင်မှာ ချိတ်ထားတယ်။ သွားယူကြ။” ဆိုတဲ့အတိုင်း လူအုပ်ကြီးဟာ ကိုယ်အသက်ရှင်သန်ဖို့ ရှေ့ကိုသာ ဦးတည်ပြီး အလုအယက် ပြေးလွှားနေကြပါတယ်။
အလုအယက် ပြေးလွှားသူတွေဟာ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်မှာ ကိုးကန့် တပ်ဖွဲ့ (MNDAA) နဲ့ စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ထွက်ပြေး တိမ်းရှောင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။
အဲ့လို အသက်လုပြီး ထွက်ပြေးလာတဲ့ထဲမှာ အသက် ၃၇ နှစ်အရွယ် နန်းထွေးလည်း အပါအဝင်ပါ။
သူဟာ ရှမ်းပြည် မြောက်ပိုင်း “၁၀၂၇ စစ်ဆင်ရေး” တစ်လပြည့်တဲ့ နိုဝင်ဘာ ၂၇ ရက် မနက် ၃ နာရီ လောက်မှာ လောက်ကိုင်မြို့ကနေ စစ်ဘေးရှောင် ထွက်လာခဲ့ပါတယ်။
နန်းထွေးဟာ နောင်ချိုမြို့သူ ဖြစ်ပြီး လောက်ကိုင်မြို့မှာ မိသားစုဝင်ငွေ ရအောင် ကုန်စိမ်းကုန်ခြောက် သွားရောင်းသူ တစ်ဦး ဖြစ်ပါတယ်။
တိုက်ပွဲတွေကြား လောက်ကိုင်မြို့က အပြန်
လောက်ကိုင်ကနေ ထွက်လာတော့ လမ်းတလျှောက် သေနတ်သံ၊ လက်နက်ကြီးသံတွေ အဆက်မပြတ် ကြားခဲ့ရပြီး လောက်ကိုင်မြို့နဲ့ ၁၀မိုင်အကွာ ပါစင်ကျော်ဂိတ် အရောက်မှာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် နန်းထွေး တစ်ယောက် ဘေးပတ်ဝန်းကျင်ကို စေ့စေ့ မကြည့်ရဲတော့ဘဲ ဘုရားစာကိုသာ စိတ်ထဲရွတ်ဆိုရင်း ထွက်ပြေးလာခဲ့ရပါတယ်။
နန်းထွေး မြင်ခဲ့ရတဲ့ မြင်ကွင်းကတော့ လက်နက်ကြီး ထိမှန်ပြီး ပျက်စီးတဲ့ အိမ်တွေ၊ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ စစ်ရှောင် ပြည်သူတွေ ပြေးလွှားရင်း ချန်ခဲ့တဲ့ အဝတ်ထုတ်တွေနဲ့ မြို့ပျက်ကြီးအလား မြင်ခဲ့ရတဲ့ မြင်ကွင်းပါပဲ။
အဲဒီလမ်းမှာပဲ လက်နက်ကြီးကျလို့ လူတွေ သေဆုံးထားတာကြောင့် ဘေးဘီဝဲယာကို ရဲရဲ မကြည့်ရဲခဲ့ဘူးလို့ နန်းထွေးက တုန်ရီစွာ ပြောပါတယ်။
“အဲ့အချိန်မှာ ကျမ ဘာဆိုဘာမှ မသိတော့ဘူး။ အဲ့ပါစင်ကျော်ဂိတ်မှာက လက်နက်ကြီးကြောင့် လူတွေ သေဖူးထားတော့ ကြောက်တာပဲ သိတယ်။ အဖော်တွေလည်း လှည့်မကြည့်နိုင်ဘူး။ မစောင့်အားတော့ဘူး။ လူတိုင်းက ကိုယ့်အသက် ရှင်သန်ရေးပဲ။” လို့ နန်းထွေးက လမ်းမှာကြုံခဲ့ရတဲ့ အကြောင်းကို ပြန်ပြောပြပါတယ်။
နန်းထွေး လိုက်ပါလာတဲ့ ၆ ဘီးကားပေါ်မှာ အမျိုးသမီး အယောက် ၃၀ ကျော်၊ အမျိုးသား ၁၇ ယောက်ပါလာပြီး၊ စုစုပေါင်း ၅၀ အယောက်ကျော်နဲ့ လောက်ကိုင်ကနေ နောင်ချိုမြို့အထိ ထွက်ခွာလာတာပါ။
အပြန်လမ်း တစ်ယောက်ကို ကားခ ကျပ်ငွေ ၅ သိန်း ပေးရကာ တိုက်ပွဲကြား ၄ ညအိပ် ၅ ရက် အသက်ကို ဖက်နဲ့ ထုတ်ပြီး ပြန်ခဲ့ရတာပါ။ အရင်က လောက်ကိုင်-နောင်ချိုကို နေ့တပိုင်း အချိန် ၅ နာရီခန့်သာ ကြာတဲ့လမ်း ဖြစ်ပါတယ်။
“လမ်းတွေက ကိုယ်ပြန်ချင်သလိုပြန်လို့မရဘူး။ သူတို့ (MNDAA) က သွားခိုင်းတဲ့ လမ်းအတိုင်းပဲ သွားရတာ။ တောလမ်းကနေ လာတော့ လမ်းကလည်းဆိုး၊ အချိန်ကလည်း ကြာပေါ့။” လို့ နန်းထွေးက လမ်းအခြေအနေကို ပြောပါတယ်။
သူတို့ လောက်ကိုင်ကနေ မထွက်လာခင်မှာ အစားအသောက်အတွက် ကိုယ်တိုင် ပြင်ဆင်ခဲ့ပေမယ့် လမ်းပေါ်မှာ လက်နက်ကြီး၊ သေနတ်သံတွေကြောင့် အပေါ့အလေးသွားမှာ စိုးရိမ်ရတာနဲ့ ရေတောင် မသောက်ရဲ၊ အစာ မစားရဲဘဲ လမ်းခရီး ၅ ရက်မှာ အသက်ရှင်သန်ဖို့ မစို့မပို့သာ စားသောက်ခဲ့ရကြောင်းလည်း စိတ်မကောင်းစွာ ရင်ဖွင့်လာပါတယ်။
“အစားကတော့ မစားရဲဘူး။ အသက်ရှင်ဖို့ပဲ စားရတာ။ ရှင်းရှင်းပြောရင် ကျမဆိုရင် စားဖို့တောင် မေ့တယ်။ အပေါ့အလေး သွားရမှာ ကြောက်လို့ တောလည်း မတိုးရဲဘူးလေ။” လို့ နန်းထွေးက လမ်းခရီးမှာ ကြုံရတဲ့ အဖြစ်အပျက်ကို ပြောပါတယ်။
နန်းထွေးဟာ အိမ်ပြန်လမ်းတလျှောက်မှာ လက်နက်ကြီးသံ၊ သေနတ်သံတွေ ကျောချမ်းချမ်းနဲ့ ထိတ်လန့် ရင်ဆိုင်ခဲ့ရပေမယ့် နမ့်လန်မြို့အရောက်မှာတော့ ပူပင်သောက အလုံးကြီး ကျခဲ့ကြောင်း ရင်ဖွင့်ပြောပါတယ်။
တချိန်က စည်ကားတဲ့ လောင်းကစားမြို့
လောက်ကိုင်မြို့ ဟာ စစ်ရေးပဋိပက္ခ မဖြစ်ခင်မှာတော့ အွန်လိုင်း လိမ်လည်မှု (ကျားဖြန့်)၊ ကာစီနို၊ ဖဲရှိုး၊ ဖဲဝေတဲ့ လုပ်ငန်းတွေ၊ ပန်းရံလုပ်သားတွေ၊ ဟိုတယ်ဝန်ထမ်းတွေ၊ သန့်ရှင်းရေး လုပ်သားတွေနဲ့ အသက်အရွယ်အစုံ ဝင်ငွေ ရှာကောင်းတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
အဲ့ဒီနေရာဟာ တရားမဝင် လုပ်ငန်းတွေ အများအပြား လုပ်ကိုင်ပြီး၊ အမျိုးသမီးတွေအတွက် အလုပ်အကိုင် အများအပြား ရှိတဲ့ နေရာတစ်ခုဆိုရင်လည်း မမှားပါဘူး။
မြန်မာနိုင်ငံဟာ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် စီးပွားရေးတွေ အရောင်းအဝယ်တွေ အများအပြား ရပ်ဆိုင်းသွားရသလို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ် စစ်အာဏာသိမ်းပြီးနောက် နာလန်မထူနိုင်တဲ့ စီးပွားရေးဟာ အောက်ဆုံးအထိ ထိုးကျ ဆင်းသွားခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံအနှံ့မှာလည်း စစ်အာဏာရှင်ကို အမြစ်ဖြုတ် ချေမှုန်းဖို့ တော်လှန်ရေး အင်းအားစုတွေနဲ့ စစ်ကောင်စီကြား စစ်ရေး ပဋိပက္ခဖြစ်လာပြီး၊ မြန်မာနိုင်ငံတဝှမ်းက ပြည်သူတွေဟာ အလုပ်အကိုင် ဝင်ငွေ နည်းတာကြောင့် မြန်မာ-တရုတ် နယ်စပ်အနီးက လောက်ကိုင်မြို့ ကို ခြေဦးလှည့်ပြီး ဝင်ငွေ ရှာဖွေလာကြပါတယ်။
အောက်တိုဘာ ၂၇ ရက်မှာတော့ ညီနောင်မဟာမိတ် တပ် ၃ ဖွဲ့ ဖြစ်တဲ့ ကိုးကန့် တပ်ဖွဲ့ (MNDAA)၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ရက္ခိုင်တပ်တော် (AA) တို့ ဦးဆောင်ပြီး စစ်ကောင်စီကို အမြစ်ဖြတ် ချေမှုန်းရေး “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့ကြပါတယ်။
ဒီစစ်ဆင်ရေးဟာ ရှမ်းမြောက်ဒေသမှာ စတင်ဖော်ဆောင်လာပြီး၊ လောင်ကိုင်မြို့တွင်း တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်စိတ်ကြောင့် ပြည်သူလူထုတွေဟာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။
စစ်ရှောင်ကြသူတွေထဲ နန်းထွေးလို လောက်ကိုင်မှာ အလုပ်လုပ်နေတဲ့ မပန်းနု တစ်ယောက်လည်း ပါဝင်ပါတယ်။
မပန်းနုကတော့ မြန်မာပြည်ရဲ့ အညာဒေသ မုံရွာမြို့ကနေ တက်လာပြီး လောက်ကိုင်မြို့က ကာစီနို လောင်းကစားဝိုင်း တစ်ခုမှာ ဖဲဝေတဲ့ အလုပ်ကို လုပ်ကိုင်ခဲ့သူပါ။
အသက်ဘေးက လွတ်မြောက်လာသူတွေ
“ကျမ အဲ့မှာ ဆက်နေရင် ငတ်ဖို့ပဲရှိတယ်လေ။ သေလည်း သေပါစေတော့ဆိုတဲ့ စိတ်နဲ့ အရဲစွန့် ထွက်လာတာ။ တလမ်းလုံး ထမင်းနပ် မှန်ခဲ့တယ်ဆိုတာ မရှိဘူး၊ မသေရုံစားရတာ။” လို့ မပန်းနုက စစ်ရှောင်ထွက်လာစဥ်အကြောင်း ပြန်ပြောပြပါ တယ်။
သူဟာ လောက်ကိုင်မြို့ကနေ ထွက်လာဖို့အတွက် ၃ ကြိမ်တိုင်တိုင် ကြိုးစားခဲ့ရသူဖြစ်ပြီး နောက်ဆုံးအကြိမ်ဖြစ်တဲ့ နိုဝင်ဘာ ၂၅ ရက်မှ အောင်မြင်ခဲ့သူလည်း ဖြစ်ပါတယ်။
ပထမအကြိမ် နိုဝင်ဘာလဆန်းပိုင်းမှာ လောက်ကိုင်ကနေ ထွက်ဖို့ ပြင်ဆင်နေချိန် တိုက်ပွဲပြင်းထန်ပြီး ထွက်ခွာဖို့ အဆင်မပြေခဲ့သလို၊ ဒုတိယအကြိမ် နိုဝင်ဘာလလယ်ပိုင်းမှာ သူဟာ လောက်ကိုင်မြို့ကနေ ထွက်လာပြီး မြို့အထွက်လမ်းမှာ MNDAA နဲ့ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေကြေမှုတွေ ဖြစ်ပွားလို့ နောက်ပြန်လှည့်ခဲ့ရပါတယ်။
“အိမ်ပြန်ဖို့ ၃ ခါ အထိ သွားတယ်။ ပထမတစ်ခါ အဆင်မပြေ ပြန်လှည့်၊ ဒုတိယတစ်ခါ နိုဝင်ဘာ ၂၃ ရက် ပြန်တုန်းက လက်နက်ကြီးကြောင့် သေတဲ့သူတွေ ရှိတယ်။ အဲ့တုန်းက ပြန်လှည့်ပြန်လာတာ။ နောက်ဆုံးတခါက ထွက်တဲ့နေ့ကျမှ သေချင်သေပါစေ နောက်ပြန်မဆုတ်တော့ဘူးဆိုပြီး ထွက်လာတာ။” လို့ မပန်းနုက လောက်ကိုင်ကနေ အရဲစွန့် ထွက်လာခဲ့တဲ့အကြောင်း ပြန်ပြောပါတယ်။
စစ်မြေပြင်အတွင်း ပြန်လာတဲ့ လမ်းကြောတလျှောက် ပါဆင်ကျော်ဂိတ် မကျော်မချင်း စိုးရိမ်ပူပန်မှုတွေ ရှိခဲ့သလို ရှမ်းပြည်နယ်ရဲ့ တောင်ပေါ် အအေးဒဏ်ကလည်း အလွန်အေးတဲ့အတွက် ညအချိန်ရောက်မှာလည်း အလွန် ကြောက်ခဲ့ရကြောင်း သူက ဆိုပါတယ်။
“ကျမတို့ ညနားရင် မီးကလည်း မွေးမရ၊ အနွေးထည်၊ စောင်ကလည်းမပါတော့ တော်တော်ချမ်းတယ်။ ညဆိုရင် ဟာလာ ဟင်းလင်းပြင်ကြီးမှာ နေရတော့ ပိုဆိုးတာပေါ့။ ဘဝမှာ ဒီလို ဖြစ်လာလိမ့်မယ်လို့ တခါမှ မတွေးမိဘူး။” လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ မပန်းနုဟာ စစ်ပွဲကနေ လွတ်မြောက်လာပေမယ့် သူရဲ့ နေရပ်ဖြစ်တဲ့ မုံရွာမြို့ဘက်မှာလည်း စစ်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့အတွက် လမ်းပျောက်နေဆဲဖြစ်နေကြောင်း ရင်ဖွင့်ပြောဆိုလာပါတယ်။
“ကျမတို့ မုံရွာပြန်အုပ်စုတွေ အိမ်ပြန်လို့လည်း မရဘူး။ မိဘတွေကလည်း စစ်ရှောင်နေရတော့ မန္တလေးဖြစ်ဖြစ်၊ ပြင်ဦးလွင်မှာပဲဖြစ်ဖြစ် အလုပ်ရှာလုပ်မယ်။ လောလောဆယ်တော့ ဘာလုပ်ရမှန်း မသိသေးဘူး။” လို့ မပန်းနု စိတ်မကောင်းစွာ ပြောပါတယ်။
လွတ်မြောက်ပေမယ့် လမ်းပျောက်ကြသူတွေ
လောက်ကိုင်မြို့ကနေ ထွက်ခွာလာတဲ့အမျိုးသမီးတွေဟာ အခက်အခဲမျိုးစုံရှိကြောင်း၊ တချို့ဟာ နေရပ်ပြန်စရာ မရှိတဲ့ အတွက် လမ်းပျောက်နေသလို တချို့ကလည်း ခက်ခဲကြမ်းတမ်းတဲ့ လမ်းကို ထွက်ခွာလာရတဲ့အတွက် ကိုယ်စီ စိတ်ဒဏ်ရာ ရှိနိုင်ကြောင်း လားရှိုးမြို့ခံ စစ်ဘေးရှောင် ကူညီပေးနေတဲ့ အမျိုးသမီးတစ်ဦးက ရှင်းပြပါတယ်။
“သူတို့ကို ကျမတို့ စတွေ့တုန်းက အရမ်းစိတ်မကောင်း စိတ်ထိခိုက်သွားတယ်။ အမျိုးသမီးငယ်တွေ တော်တော်များတယ်။ ဒီလို ခက်ခဲတဲ့လမ်း သူတို့တွေ ဘယ်လိုထွက်လာလဲ။ တချို့ဆိုရင် ပြန်စရာမရှိလို့ ဘာလုပ်ရမှန်းမသိ ရှိတယ်။” လို့စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ အမျိုးသမီးက ဆိုပါတယ်။
လောက်ကိုင်မြို့ကနေ အဝတ်တထည် ကိုယ်တခုနဲ့ အသက်ဘေးက လွတ်အောင် ထွက်ပြေးလာကြသူတွေထဲ အမျိုးသမီးငယ်တွေ အများစု ပါဝင်နေတာကို တွေ့ရကြောင်း၊ ထွက်ပြေးလာသူတွေကို အဓိကအားဖြင့်တော့ အစားအသောက်ကိုသာ ဝေငှပေးနိုင်ခဲ့ကြောင်း စစ်ရှောင် ကူညီပေးသူ အမျိုးသမီးက ပြောပါတယ်။
“စစ်ရှောင်လာတဲ့သူတွေအတွက် ကျမတို့ လက်ရှိမှာ အစားအသောက်ပဲ ကူညီနိုင်သေးတယ်။ သူတို့ လိုအပ်နေတဲ့ အမျိုးသမီးဆိုရင် လစဥ်သုံးပစ္စည်းတွေ ဝေတာ မရှိဘူး။ အမျိုးသမီး ကိုယ်ဝန်သည်တွေ အတွက်ကျတော့ အမျိုးသမီး အဖွဲ့အစည်းတွေက လာလှူပေးတာ ရှိတယ်။”လို့ သူက ထပ်လောင်း ပြောပါတယ်။
“၁၀၂၇” စစ်ဆင်ရေး စတင်ခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်က စပြီး ဒီကနေ့အထိ ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း စစ်ရေး ပဋိပက္ခဟာ ရပ်တန့်သွားတာ မရှိပါဘူး။ ဒါ့အပြင် “၁၀၂၇” စစ်ဆင်ရေးကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ဘေးရှောင် ပြည်သူ တစ်သိန်းနှစ်သောင်း ရှိကြောင်း ကုလသမဂ္ဂ လူသာချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှုးရုံး (UNOCHA)ရဲ့ ဒီဇင်ဘာ ၁၈ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။
လက်ရှိ စစ်ရှောင် တစ်သိန်းနှစ်သောင်းကျော်အတွက် ရိက္ခာကူညီမှု ခက်ခဲနေကြောင်း၊ စစ်ရေးပဋိပက္ခ အရှိန်မြင့်နေပြီး လမ်းပိုင်း သွားလာရ ခက်ခဲနေတဲ့အတွက် စစ်ရှောင်တွေ ရိက္ခာ ပြတ်လပ်သွားမှာကို စိုးရိမ်နေရကြောင်း UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အရပ်သား သေဆုံးမှု ၁၅၀ ကျော် ရှိပြီး၊ အဲဒီ သေဆုံးသူထဲမှာ အမျိုးသမီးနဲ့ ကလေးငယ် အများစုဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ ၃၀၀ နီးပါး ရှိကြောင်း UNOCHA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီလို ထိခိုက် သေဆုံးမှုတွေများတဲ့ကြားထဲ နန်းထွေးတို့၊ မပန်းနုတို့လို အမျိုးသမီးတွေဟာ အရဲစွန့်ပြီး အသက်ရှင်ဖို့အရေး ထွက်ပြေးလာကြရတာပါ။
နန်းထွေး တစ်ယောက် အသက်ရှင်လျက်နဲ့ သူ့ရဲ့ သားသမီးတွေ ပြန်တွေ့နိုင်ဖို့ လောက်ကိုင်ကနေ အသက်လုပြီး သေနတ်သံ၊ လက်နက်သံတွေကြား ရုန်းထွက်ပြေးလာခဲ့တာပါ။ “ကိုယ့်စိတ်မှာက အသက်ရှင်ဖို့ အိမ်ပြန်ရောက်ဖို့ အကောင်းတိုင်း ပြန်ရောက်ဖို့ပဲ။ သားနဲ့ သမီး မျက်နှာကိုပဲ တမ်းတနေတာ။” လို့ နန်းထွေးက ဆိုပါတယ်။
စစ်ပွဲတွေ ရပ်တန့်မသွားသေးသရွေ့ ပြည်သူတွေရဲ့ အသက်အိုးအိမ် စိုးရိမ်ပူပန်မှုတွေ ဆက်ရှိနေမှာဖြစ်ပြီး၊ စစ်ပွဲ ပဋိပက္ခထဲ ပြည်သူတွေလည်း နှစ်ဖက် တိုက်ပွဲတွေကြား အသက်ဘေးအန္တရာယ်တွေ ကြုံနေရပါတယ်။
“အခုတိုက်ပွဲက ဘယ်ချိန်ပြန်ဖြစ်မယ်၊ ဘယ်နေရာဖြစ်မယ် မသိ။ ရှမ်းပြည်မြောက်ပိုင်း တကြောက တိုက်ပွဲ ထိတွေ့မှု ထပ်ဖြစ်နိုင်တဲ့အတွက် ပြည်သူတွေလည်း အသက်ဘေးက လွတ်မြောက်ကြဖို့ အမြဲ ဆုတောင်းနေပါတယ်။” လို့ နန်းထွေးက စိုးရိမ်သံနဲ့ ဆုတောင်း ပေးပါတယ်။
ရှမ်းမြောက် စစ်ပွဲတွေကြောင့် အသက်လု ပြေးလာရတဲ့ မပန်းနုကတော့ မုံရွာဘက်မှာလည်း စစ်ရေး ပဋိပက္ခတွေ ဆက်ရှိနေသေးတာကြောင့် အိမ်ကို မပြန်ရဲသေးဘဲ လေသံ ခပ်တိုးတိုးနဲ့ “ ကျမတို့ ဆက်ပြေးဖို့ မြေရှာရဦးမယ်။” လို့ ကြောက်ရွံ့စွာ ပြောဆိုလိုက်ပါတယ်။ ။
- ရှေ့တန်းစစ်မျက်နှာပြင်က အမျိုးသမီးဒရုန်းစစ်သည် - 24/12/2024
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 23/12/2024
- သစ်ပင်တက်ရင်းမိသားစုကိုစောင့်ရှောက်နေသူ မိန်းကလေး - 19/12/2024